"ဓားကို လေ့ကျင့်သူတစ်ယောက်အနေနဲ့ 'ဓားရဲ့နှလုံးသား' ကို ပိုင်ဆိုင်ထားရမယ်၊ အကယ်၍ နှလုံးသားထဲမှာ အာရုံပျံ့လွင့်စရာ အတွေးတွေနဲ့ ပြည့်နေမယ်ဆိုရင်တော့ နှလုံးသားဓားဆိုတာ အသုံးမဝင်တော့တဲ့ အရာတစ်ခုပဲ ဖြစ်သွားလိမ့်မယ်"
ကျန်းချန်ကိုင်ဆောင်ထားသော ဓားသည် သပ်ရပ်ပြီး မြင့်မြတ်သည့် အငွေ့တွေကို ဆောင်ကျဉ်းပေးနေသလိုပါပဲ။
သတ်ဖြတ်လိုစိတ် ဒါမှမဟုတ် အသက်ကို နှုတ်ယူလိုသည့် ခံစားချက်မျိုး လုံးဝ ကင်းမဲ့နေသည်။
ဓားသွားက လျှောခနဲ ကျဆင်းသွားသည်။
ကြည်လင်အေးမြသည့် လေညင်းတစ်ချက်က ဘေးနားကနေ တိုက်ခတ်သွားလေသည်။ ကျန်းချန်က ကြွေကျနေသည့် သစ်ရွက်တစ်ရွက်ကို နင်းကာ အာကာသဟင်းလင်းပြင်ထဲကို တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး သူ၏ဘယ်ဘက်လက်ကို နောက်ပစ်ထားလိုက်ပါသည်။ ညာဘက်လက်ကို အပေါ်သို့ အသာအယာ ခါယမ်းလိုက်သည့်အခါ သူ့လက်ထဲရှိ ဓားရှည်သည် ရှေ့တွင် တစ်ပတ်လည်သွားပြီး နာ့လန်ရန်ယန်၏ ခါးမှာရှိသည့်ဓားအိမ်ထဲကို အသာအယာ ပြန်ဝင်သွားသည်။
"ထားလိုက်ပါတော့၊ တကယ့်တိုက်ပွဲကနေတစ်ဆင့် မင်းရဲ့ အားနည်းချက်တွေကို မင်းသိလာမှာပါ၊ မင်းမှာရှိတဲ့ ခွန်အားတွေ အကုန်သုံးပြီး ငါ့ကို တိုက်ခိုက်စမ်း"
နာ့လန်ရန်ယန်က ခဏလောက် ကြောင်ကြည့်နေပြီးမှ အသာအယာ မေးလိုက်တယ် "သခင်လေး... ဓားမယူတော့ဘူးလားဟင်"
"ဓား လား" ကျန်းချန်က သစ်ပင်ပေါ်က ခြောက်သွေ့နေတဲ့ သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်ပြီး ပွင့်လင်းစွာ ပြုံးပြလိုက်သည်။ "ဒါက ငါ့ရဲ့ ဓားပဲ၊ ဓားဆိုတာ တခြားသူတွေဆီကနေ မွေးဖွားလာတာ မဟုတ်ဘူး၊ အဲ့တာက မင်းဆီကနေပဲ မွေးဖွားလာရမှာ"
"လူတစ်ဦးတစ်ယောက်၏ နှလုံးသားထဲတွင် ကိုယ်စီအတွေးများ ရှိကြလေသည်"
ကျန်းချန်က ခြောက်သွေ့နေသည့် သစ်ကိုင်းကို ညာဘက်လက်နှင့် ကိုင်ထားရင်း မြေပြင်ပေါ်ကို တည်ငြိမ်စွာ ဆင်းသက်လိုက်ပါသည်။
"သခင်လေး... ရန်ယန် ရိုင်းပျမိတာကို ခွင့်လွှတ်ပါ" ပြောပြောဆိုဆိုနှင့်ပင် နာ့လန်ရန်ယန်သည် သူမ၏ခါးမှ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ကျန်းချန်ဆီကို အရှိန်အဟုန်ဖြင့် ထိုးနှက်လိုက်သည်။
ကျန်းချန်က ပြင်းထန်လှသည့် တိုက်ခိုက်မှုကို ကြည့်ရင်း တောက်ပစွာ ပြုံးလိုက်သည်။ နာ့လန်ရန်ယန်၏ ကျင့်ကြံခြင်းက တကယ်ပဲ ယွင်ယွင်နဲ့ တစ်ထပ်တည်းပါပဲ။ ဆရာတပည့်ပီပီ တိုက်ခိုက်ပုံ ခြေလှမ်းတွေကအစ တကယ့်ကို ဆင်တူလွန်းလှသည်။
"ပန်းပေါင်းတစ်ရာ ကြွေလွင့်၍၊ ပွင့်ဖတ်များ ပြာအဖြစ်ကျန်ရစ်၏" ကျန်းချန်က သူ့ရဲ့ ညာဘက်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ သူ့လက်ထဲရှိ ခြောက်သွေ့နေသည့် သစ်ကိုင်းသည် အံ့သြစရာကောင်းလောက်အောင် မာကျောနေခဲ့သည်။ နာ့လန်ရန်ယန်သည် သူမ၏ ညာဘက်လက်ကို ကိုင်လှုပ်လိုက်သလိုခံစားလိုက်ရပြီး လက်မနှင့် လက်ညှိုးကြားက အသားဆိုင်လေးသည် နာကျင်မှုကို ခံစားလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်သည် နောက်ကို ခြေလှမ်းတစ်ဝက်လောက် ဆုတ်သွားခဲ့ပြီး လက်ထဲရှိ ဓားသည်လည်း လွတ်ကျသွားသည်။
ကျန်းချန်က ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ နာ့လန်ရန်ယန်၏ ရှေ့တည့်တည့်ကို ရောက်ရှိသွားသည်။ နှစ်ယောက်သား တစ်လက်မအကွာမှာ မျက်လုံးချင်း ဆုံမိသွားကြသည်။ ကျန်းချန်က ဘာမှမတွေဝေနေဘဲ သူမကို ရိုက်ချလိုက်သည်။
ဖြောင်း... "အား... သခင်လေး နာတယ်" နာ့လန်ရန်ယန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး "သခင်လေး... နာလိုက်တာ" ဟု အမြန်ပြောလိုက်သည်။
"ငါက မင်းကို နာအောင် မရိုက်ရင် မင်း မလုပ်သင့်တဲ့အရာကို ဘယ်လိုလုပ် သိမှာလဲ" ကျန်းချန်သည် ခွန်အားကို ထိန်းချုပ်ပြီး သူမကို ထပ် ရိုက်လိုက်သည်။
နာ့လန်ရန်ယန်ဟာ ရှောင်တိမ်းဖို့ ကြိုးစားရင်း ငိုမဲ့မဲ့နှင့် ပြောလိုက်သည်။ "သခင်လေး... ရန်ယန် တကယ်မသိလို့ပါ... ကျေးဇူးပြုပြီး ထပ်မရိုက်ပါနဲ့တော့၊ တကယ် နာလွန်းလို့ပါ"
ဤသည်ကို မြင်သောအခါ ကျန်းချန်က ရိုက်ဖို့ ပြင်နေသည့်လက်ကို ရပ်လိုက်သည်။ သူသည် ဘယ်ဘက်လက်ကို နောက်ပစ်ပြီး ညာဘက်လက်က ယပ်တောင်ကို ခါလိုက်ရင်း "မင်းရဲ့ ဆရာမလည်း အဲဒီတုန်းက ဒီအမှားမျိုးပဲ လုပ်ခဲ့ဖူးတယ်၊ တိမ်တိုက်ဂိုဏ်းရဲ့ ကျင့်စဉ်က မြန်ဆန်မှု၊ တိကျမှုနဲ့ ပြတ်သားမှုကို အလေးထားတာ၊ ဝေခွဲမရဖြစ်နေတာ ဒါမှမဟုတ် အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တွေကို အလေးမထားဘူး"
သူသည် ယပ်တောင်ကို ဓားအဖြစ် အသုံးပြုပြီး အသာအယာ ဝှေ့ယမ်းလိုက်သည်။
နာ့လန်မိသားစု၏ အထက်ကောင်းကင်တွင် ဓားချီလှိုင်းလုံးကြီး တစ်ခု ဖြတ်သန်းသွားသည်။
နာ့လန်ရန်ယန်သည် မှင်သေသေနှင့် ရပ်ကြည့်နေမိသည်။ သခင်လေး အခု ပြသွားသည့် ကျင့်စဉ်က သူမတို့ တိမ်တိုက်ဂိုဏ်း၏ ပညာရပ်ပဲ ဖြစ်သော်လည်း သူမ အရင်က သိထားသည့် လှုပ်ရှားမှုနှင့် လုံးဝ ကွဲပြားနေသည်။ သခင်လေး၏ လှုပ်ရှားမှုက ပိုပြီး ရိုးရှင်းကာ ချောမွေ့လွန်းလှသည်။
ရန်သူက မတုံ့ပြန်ခင်မှာပဲ သူက အစွမ်းကို ထုတ်လွှတ်ပြီးသား ဖြစ်နေပြီဖြစ်သည်။
ယပ်တောင်ကို ပြန်သိမ်းလိုက်သည်။
ကြည်လင်လတ်ဆတ်သော လေပြေညင်းလေးတစ်ချက်က ဝေ့ဝဲတိုက်ခတ်သွားသည်။
နာ့လန်ရန်ယန်သည် သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာကို ခပ်ဖွဖွလေး ဖိကိုက်ထားမိသည်။ သူမ၏ ဆရာဖြစ်သူက ဤကိစ္စနှင့် ပတ်သက်၍ ယခင်ကတည်းက သတိပေးပြောကြားဖူးသော်လည်း လူတစ်ယောက်၏ စရိုက်ဆိုသည်မှာ ပြောရုံမျှဖြင့် မည်သို့လျှင် ချက်ချင်း ပြောင်းလဲနိုင်ပါမည်နည်း။
ကျန်းချန်က တည်ငြိမ်အေးဆေးသော လေသံဖြင့် "ဒီတစ်ခါတော့ ငါ့ရဲ့ စေတနာကို မင်းနားလည်လောက်ပြီ မဟုတ်လား" ဟု မေးလိုက်သည်။
နာ့လန်ရန်ယန်က ခေါင်းညိတ်ပြကာ လက်အုပ်ချီ ဂါရဝပြုရင်း "ဒီတပည့် နားလည်ပါပြီ ဆရာ... ဒါပေမဲ့... သမီး အဝတ်အစား သွားလဲဖို့ ခွင့်ပြုပါဦး... ပြီးတော့... တော်တော်လေးလည်း နာနေလို့ပါ..." ဟု ဆိုသည်။
ထိုသို့ပြောနေစဉ် နာ့လန်ရန်ယန်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းလာသည်။
ကျန်းချန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း "ထားလိုက်ပါတော့၊ အရင်သွားနားလိုက်ဦး၊ မနက်ဖြန်ကျမှ ကျင့်ကြံခြင်းကို ဆက်လုပ်ကြတာပေါ့၊ သုံးနှစ်ကတိကဝတ် အတွက်က လဝက်ပဲ လိုတော့တယ်၊ ငါ မင်းရဲ့ ဆရာနဲ့အတူ မင်းကို စနစ်တကျ လေ့ကျင့်ပေးသွားမယ်" ဟု ဆိုသည်။
"ဟုတ်ကဲ့"
...နောက်တစ်နေ့ နံနက်ခင်းတွင်။
ကျန်းချန်သည် အကြီးအကဲဟောင်း နာ့လန်ကျဲ၏ အခန်းသို့ ရောက်ရှိလာပြီး ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော သံပူတံဆိပ်ခတ် အဆိပ်မြွေဟောက်များကို ဖယ်ရှားပေးရန် ပြင်ဆင်လိုက်သည်။
အဘိုးအို နာ့လန်ကျဲသည် ခုတင်ပေါ်တွင် တဆတ်ဆတ်တုန်ကာ အလူးအလဲ ခံစားနေရသည်။ ယနေ့ ခံစားရသော ဝေဒနာမှာ မနေ့ကထက် နှစ်ဆမျှ ပိုမိုပြင်းထန်လှပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးများမှာလည်း ကြေမွတော့မတတ် တဂျောက်ဂျောက် အသံများ ထွက်ပေါ်နေသည်။
"သခင်လေး... မပြီးသေးဘူးလား၊ ကျွန်တော် တော်တော်လေး နာကျင်ရလို့ သေတော့မယ်လို့ ခံစားနေရတယ်..."
နာ့လန်ကျဲသည် စိတ်ဓာတ်များ ကျဆင်းကာ လက်လျှော့ချင်စိတ်များ ပေါ်ပေါက်လာသည်။ ချွေးများမှာလည်း အလိုလို စီးကျနေကာ သူ၏ မျက်နှာပေးမှာလည်း နာကျင်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်။
"နောက်ထပ် မိနစ်အနည်းငယ်လောက်ပဲ အောင့်ထားလိုက်ပါ၊ မကြာခင် ပြီးသွားပါလိမ့်မယ်"
ကျန်းချန်က အချိန်ဆွဲ၍ မရကြောင်း သတိပေးလိုက်သည်။ အကယ်၍ ယခုရပ်တန့်လိုက်ပါလျှင် နောက်တစ်နေ့ ထပ်၍ အချိန်ကုန်ရမည်ဖြစ်ပြီး သူ၏ အချိန်များကို ဤနေရာတွင် အလဟဿ မဖြုန်းတီးလိုပေ။
ခဏအကြာတွင် နာ့လန်ကျဲသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရာ ထိုမြင်ကွင်းကြောင့် နာ့လန်ဆုနှင့် နာ့လန်ရန်ယန်တို့မှာ အလွန်စိုးရိမ်သွားကြသည်။ သို့သော် သူတို့နှစ်ဦးစလုံး ကြားဝင်နှောင့်ယှက်၍ မရမှန်း သိကြသည်။
ထိုသို့မဟုတ်ပါလျှင် အားထုတ်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ကျန်းချန်၏ လက်ချောင်းလေးမှာ အနည်းငယ် လှုပ်ရှားသွားပြီးနောက် အထူးမှော်ဆေးပုလင်း တစ်လုံး ပေါ်ထွက်လာကာ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည့် သံပူတံဆိပ်ခတ် အဆိပ်မြွေဟောက် အားလုံးကို စုပ်ယူလိုက်သည်။ ယနေ့မှစ၍ နာ့လန်ကျဲသည် သံပူတံဆိပ်ခတ် အဆိပ်မြွေဟောက်၏ နှိပ်စက်မှုကို ခံစားရတော့မည် မဟုတ်ပေ။
နာ့လန်ကျဲသည် တစ်ကိုယ်လုံး နေရထိုင်ရ အလွန်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူသည် အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဟား ဟား ဟား... ငါ နာ့လန်ကျဲတော့ ဒီသံပူတံဆိပ်ခတ် အဆိပ်ဆိုးကြီးကနေ လွတ်မြောက်ခဲ့ပြီဟေ့၊ ဟား ဟား ဟား"
နာ့လန်ရန်ယန်က ဝမ်းသာအားရ ပြေးလာကာ "အဘိုး... အဘိုး ပြန်ကောင်းသွားပြီနော်" ဟု ဆိုသည်။
နာ့လန်ကျဲက ခေါင်းငြိမ့်ပြပြီးနောက် ချက်ချင်းပင် ငေါက်ငမ်းလိုက်သည်။ "ဒီကောင်မလေး၊ နင်သာ ငါ့ကို အသိမပေးဘဲ ရှောင်မိသားစုကို သွားပြီး စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့လို့သာ ငါ ဒီလို ဒုက္ခရောက်ရတာ၊ နင်ကတော့ ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာပဲ"
"အဘိုး..." နာ့လန်ရန်ယန်၏ မျက်လုံးများမှာ ဝမ်းနည်းမှုကြောင့် နီမြန်းလာသည်။ "သမီး ပြောပြီးသားလေ၊ သမီး ရှောင်မိသားစုက ရှောင်ယန်ကို မချစ်ဘူး၊ နောက်တစ်ခါ အခွင့်အရေး ထပ်ပေးရင်တောင် သမီးကတော့ ဒီစေ့စပ်မှုကို ဖျက်သိမ်းမှာပဲ၊ သမီးနဲ့ ထိုက်တန်တဲ့ အမျိုးသားဟာ ဒီကမ္ဘာမှာ အင်အားအကြီးဆုံးသူပဲ ဖြစ်ရမယ်"
သူမ၏ မြေးမလေး စကားကို ကြားရသောအခါ အဘိုးအို နာ့လန်ကျဲမှာ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သို့သော်လည်း အလွန်တရာ ခန့်ညားထည်ဝါလှသော သခင်လေး ကျန်းချန်နှင့် သူ၏ မြေးမလေး နာ့လန်ရန်ယန်တို့ကို ယှဉ်ကြည့်ရင်း ထူးဆန်းသော အတွေးတစ်ခု ခေါင်းထဲ ဝင်လာသည်။
ဤနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အလှနှင့် အတတ် ပေါင်းစပ်ထားသကဲ့သို့ အလွန်ပင် စုံဖက်ညီလှသည်။ အကယ်၍သာ သူတို့နှစ်ဦး ပေါင်းဖက်နိုင်ပါက နာ့လန်မိသားစုသည် ကျားမာနိုင်ငံတော်တွင်သာမက အနောက်မြောက်တိုက်ကြီး တစ်ခုလုံးတွင်ပါ အင်အားအကြီးဆုံး မိသားစု ဖြစ်လာပေလိမ့်မည်။
သိုင်းသူတော်စင်အဆင့်ရှိ ပညာရှင်တစ်ဦးသည် မည်သည့်နေရာတွင်မဆို ထူးချွန်ပြောင်မြောက်သူ ဖြစ်သည်။ အထူးသဖြင့် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးပြီး ရန်ယန်ထက် အသက်အနည်းငယ်သာ ကြီးသည့် ကွန်ဖြူးရှပ်ပညာရှိ ကျန်းချန်ကဲ့သို့ ပါရမီရှင်မျိုးမှာ အသင့်တော်ဆုံးပင် ဖြစ်သည်။
သို့သော် အဘိုးအို နာ့လန်ကျဲသည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ကျော်လွန်၍ မပြောဝံ့ပေ။ ထိုသို့သော အတွေးရှိသော်လည်း ကံကို စမ်းကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။
အကယ်၍ သခင်လေး ကျန်းချန်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိပါက လက်ထပ်ထိမ်းမြားရန် ဝေးစွ၊ နာ့လန်မိသားစုပင်လျှင် နောင်တွင် စွန့်ပစ်ခံရနိုင်ပေသည်။
အဘိုးအို နာ့လန်ကျဲက လက်အုပ်ချီကာ "သခင်လေး... ဒီနေ့ လုပ်ပေးခဲ့တဲ့ ကျေးဇူးကို ဒီဂျူနီယာက အမြဲ အောက်မေ့နေမှာပါ၊ တစ်ချိန်ချိန်မှာ ကျွန်ုပ်ရဲ့ အကူအညီ လိုအပ်လာခဲ့ရင်လည်း ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
ကျန်းချန်က ပြုံးလျက် "ဒါက ဘာမှ မဟုတ်ပါဘူး၊ သေးငယ်တဲ့ ကိစ္စလေးပါ၊ ပြီးတော့ ငါ ဒီကို လာတာကလည်း ခုနစ်ထွေ ပုံရိပ်ယောင် မိုးပြာဝိညာဉ်ရည် အတွက်ပဲ၊ အကယ်၍သာ အဲတာသာ မရှိခဲ့ရင် ငါ ဒီကို ရောက်လာချင်မှ ရောက်လာမှာပါ" ဟု ပြန်ပြောလိုက်သည်။
အဘိုးအို နာ့လန်ကျဲမှာ ကျန်းချန်၏ ပွင့်လင်းသော စကားကြောင့် စိတ်အနှောင့်အယှက် မဖြစ်ဘဲ ရယ်မောနေလေသည်။
***