ကျန်းချန်က တည်ငြိမ်စွာဖြင့် "ကျန်းနန်" ဟု ပြန်လည်ဖြေကြားလိုက်သည်။
လျိုလင်းက မျက်ခုံးတစ်ချက်ပင့်ကာ ကျန်းချန်ကို စပ်စုသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကျန်းနန် ... သူ ဤနာမည်ကို တစ်ခါမျှ မကြားဖူးချေ။ ကျားမာနိုင်ငံတော်အတွင်းရှိ ထင်ရှားကျော်ကြားသော မှော်ဆေးဆရာများသာမက ဆရာကြီးအော်တိုနှင့် ဖရန့်တို့၏ တပည့်များအကြောင်းကိုပင် သူ အကုန်သိထားသည်။
ဤနာမည်မှာ သူနှင့် လုံးဝအစိမ်းသက်သက်ဖြစ်နေသည်။
လျိုလင်းက လျှာတစ်ချက်သပ်လိုက်ပြီး ဤလူမှာ အမည်မသိ လူတစ်ဦးသာ ဖြစ်နိုင်ကာ ကြောက်လန့်နေစရာ မလိုကြောင်း စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
မင်းသမီးယောင်ယွဲ့က ပြုံးလျက် "အားလုံး ဘေးဖယ်ပေးကြပါ၊ ဒီမင်းသမီးအတွက် လမ်းဖွင့်ပေးကြစမ်း" ဟု ဆိုလိုက်သည်။
သူမနောက်မှ အစောင့်များသည် လမ်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်စီတွင် တန်းစီရပ်လိုက်ကြပြီး မင်းသမီးယောင်ယွဲ့၏ အမိန့်အရ ထိုနေရာတွင်ပင် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ယောင်ယွဲ့သည် ကျန်းချန်နားက ဖြတ်သွားစဉ် ချစ်စဖွယ်လျှာလေးထုတ်ကာ နောက်ပြောင်ပြောင်လုပ်သွားပြီးနောက် လျိုလင်းကို ဦးဆောင်ခေါ်ယူကာ မှော်ဆေးဆရာအသင်းချုပ်အတွင်းသို့ ဝင်သွားတော့သည်။
ဆရာကြီးအော်တိုက သက်ပြင်းတစ်ချက်ချကာ "သူမကတော့ အဖိုးကြီးကျ ရဲ့ မြစ်၊ မင်းသမီးယောင်ယွဲ့ပဲ၊ မှော်ဆေးဆရာအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဆရာကြီးချီမီယာရဲ့ တပည့်လည်း ဖြစ်တယ်၊ ဒီလောက်အရွယ်ငယ်ငယ်နဲ့ အဆင့်သုံးမှော်ဆေးဆရာ အဆင့်ကို ရောက်နေပြီဆိုတော့ သူမရဲ့ပါရမီက တကယ်ကို မဆိုးလှဘူးလို့ ပြောရမယ်" ဟု ရှင်းပြသည်။
ကျန်းချန်ကလည်း ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။ မင်းသမီးယောင်ယွဲ့သည် ငယ်စဉ်ကတည်းက မှော်ဆေးပညာကို လေ့လာလိုက်စားခဲ့သော်လည်း ယခုအချိန်အထိ အဆင့်သုံးမှော်ဆေးဆရာအဆင့်သာ ရှိသေးသည်။ အခြားသူများအတွက်မူ ဤသည်မှာ ပါရမီရှင်တစ်ဦး၏ အရှိန်အဟုန်ဖြစ်သော်လည်း ရှောင်ရီရှန်နှင့်နှိုင်းယှဉ်ပါလျှင် များစွာကွာခြားနေဆဲပင် ဖြစ်သည်။
ရှောင်ရီရှန်မှာ တစ်နှစ်ပင်မပြည့်သေးသော အချိန်အတွင်း အဆင့်နှစ်မှော်ဆေးဆရာအဆင့်၏ လက်တစ်လှမ်းအလိုသို့ လှမ်းနိုင်ခဲ့သူဖြစ်ရာ သူမ၏အဆင့်ကိုသာလျှင် ပါရမီရှင်၊ ထူးချွန်သူဟု အမှန်တကယ် ခေါ်ဆိုထိုက်ပေသည်။
မှော်ဆေးဆရာအသင်းချုပ်အတွင်းသို့ ဝင်လိုက်သည်နှင့် ရှေးဟောင်းလက်ရာများဖြင့် ခန့်ညားထည်ဝါစွာ ပြင်ဆင်ထားသော အတွင်းခန်းမကြီးကို တွေ့လိုက်ရသည်။ ခန်းမအတွင်း၌ လူအများက အုပ်စုဖွဲ့ကာ စကားပြောဆိုနေကြသည်။
အများစုမှာ အဆင့်သုံးမှော်ဆေးဆရာများ ဖြစ်ကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မှော်ဆေးဆရာများညီလာခံက မည်မျှအထိ ထူးခြားထက်မြက်သောပါရမီရှင်များကို ဆွဲဆောင်နိုင်သည်မှာ ထင်ရှားလှသည်။
အလယ်ဗဟိုတည့်တည့်တွင် ဆံပင်ဖြူဖြူနှင့် အဖိုးအိုတစ်ဦး ရပ်နေသည်။ ထိုအဖိုးအိုမှာ အရှိန်အဝါကြီးမားပြီး ပြုမူပြောဆိုပုံမှာ မြင့်မြတ်သောအသွင်ကို ဆောင်နေသည်။ မှော်ဆေးဆရာအချို့ကလည်း သူ့ကို ရိုသေစွာ ဂါရဝပြုနေကြသည်။
ဤမှော်ဆရာအသင်းချုပ်တွင် သူ၏ရာထူး အလွန်ကြီးကြောင်း သိသာလှသည်။
အော်တိုက ရိုသေစွာဖြင့် "သခင်လေး၊ ဟိုပုဂ္ဂိုလ်ကတော့ ကျားမာနိုင်ငံတော် မှော်ဆေးဆရာအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဆရာကြီးချီမီယာပဲ ဖြစ်ပါတယ်၊ ဒီနေရာမှာ အရင်ကြည့်နေပါဦး၊ ကျွန်တော် သွားပြီး နှုတ်ဆက်လိုက်ပါဦးမယ်" ဟု ဆိုသည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး များပြားလှသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ လူအများစုမှာ မှော်ဆေးဖော်စပ်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးနေကြသော်လည်း အဆင့်နိမ့်မှော်ဆေးဆရာများနှင့်မူ စကားပြောဆိုခြင်း မရှိကြချေ။
သူတို့အမြင်တွင် အဆင့်နိမ့်မှော်ဆေးဆရာများသည် သူတို့နှင့် တစ်စားပွဲတည်းထိုင်ကာ စကားပြောရန် အရည်အချင်းမပြည့်မီသေးဟု ယူဆထားကြပြီး အချို့ဆိုလျှင် အဆင့်နိမ့်သူများကို ကပ်ရောဂါတစ်ခုကဲ့သို့ပင် ရှောင်ဖယ်နေကြသည်။
ကျန်းချန်ကမူ သူတို့၏အမြင်များကို ဂရုမစိုက်ဘဲ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ကာ ခါးကြားမှ ဝိုင်ဘူးကိုဖြုတ်၍ မော့သောက်လိုက်သည်။
ထို့နောက် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်ရင်း မိမိဘာသာ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်လွန်စေတော့သည်။
အော်တိုနှင့် စကားပြောနေသော ချီမီယာသည်လည်း ကျန်းချန်ထံသို့ အကြည့်ရောက်သွားသည်။ ထိုသူမှာ ဘလက်ရော့ခ်မြို့မှ ခေါ်ဆောင်လာသော မှော်ဆေးဆရာဖြစ်ကြောင်း သိလိုက်ရသောအခါ သူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့သလို ဖြစ်သွားသည်။
အခြားသူများမှာ အဆင့်မြင့်မှော်ဆေးဆရာများနှင့် ဆွေးနွေးနေကြသော်လည်း ဤလူငယ်ကမူ ထိုင်ခုံတွင်ထိုင်ကာ အေးအေးဆေးဆေး စာဖတ်၊ ဝိုင်သောက်နေသည်မှာ မည်သူမဆို ထူးဆန်းသည်ဟု ထင်မြင်မိပေလိမ့်မည်။ သူသည် ညီလာခံသို့ လာရောက်ယှဉ်ပြိုင်သည့်သူထက် ခရီးထွက်လာသည့်သူနှင့် ပိုတူနေသည်။
ချီမီယာက ခေါင်းကို အသာခါလိုက်ကာ "အဖိုးကြီးအော်တို၊ ဘလက်ရော့ခ်မြို့ဆိုတာ ဘယ်လိုပဲကြည့်ကြည့် မြို့ကြီးတစ်မြို့ပဲ၊ မင်းတို့ဆီမှာ အဆင့်သုံးမှော်ဆေးဆရာတစ်ယောက်တောင် မထွက်နိုင်တော့ဘူးလား၊ ပြီးတော့ ဒီလူငယ်က အကဲဖြတ်စစ်ဆေးမှုကိုတောင် မခံယူရသေးဘူး မဟုတ်လား" ဟု ဆိုလိုက်သည်။
သို့သော် အော်တိုကမူ သခင်လေး၏ စွမ်းရည်ကို ယုံကြည်မှုအပြည့်ရှိသော အကြည့်မျိုးဖြင့် ပြန်ကြည့်လိုက်သည်။ သခင်လေးနှင့် ယှဉ်လျှင် ဤနေရာမှလူများသည် ပြောပလောက်စရာ မရှိချေ။ ဆေးဖက်ဝင်ပစ္စည်းများကို သန့်စင်ခြင်းကဲ့သို့သော ကိစ္စအသေးအမွှားလေးမှာ သခင်လေး၏ မျက်စိထဲပင် ဝင်မည်မဟုတ်ချေ။
ချီမီယာက ပုခုံးတစ်ချက်တွန့်ကာ အေးစက်စက် လှည့်ထွက်သွားပြီး "အားလုံးပဲ အချိန်စေ့တော့မယ်၊ စစ်ဆေးမှုကို စလိုက်ကြရအောင်" ဟု ကြေညာလိုက်သည်။
ထိုစကားကို ကြားသောအခါ လူအများသည် မိမိတို့လုပ်လက်စများကို ရပ်လိုက်ကာ သတ်မှတ်ထားသော အခန်းများအတွင်းသို့ ဆေးဖက်ဝင်ပစ္စည်းများ သန့်စင်ရန် ဝင်ရောက်သွားကြသည်။
ချီမီယာက လက်ကို နောက်ပစ်ကာ "ဒီမှာရှိတဲ့သူတွေအားလုံးက နယ်မြေအသီးသီးက ဥက္ကဋ္ဌတွေရဲ့ ထောက်ခံချက်နဲ့ လာကြတာဆိုတာ အားလုံးသိကြမှာပါ။ ပြင်ပလူတွေအတွက် ဒီစစ်ဆေးမှု မရှိပေမယ့် မင်းတို့အတွက်တော့ ဒီစစ်ဆေးမှုက အနည်းငယ် ခက်ခဲပါလိမ့်မယ်"
"ဒါဟာ နယ်မြေအသီးသီးရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းကို စမ်းသပ်တာလည်း ဖြစ်တယ်၊ ဒီအဆင့်ကို မကျော်ဖြတ်နိုင်ရင် ဥက္ကဋ္ဌတွေရဲ့ ထောက်ခံချက်တွေဟာ အလိုလို ပျက်ပြယ်သွားပါလိမ့်မယ်"
"ကဲ၊ အားလုံးပဲ သတ်မှတ်ထားတဲ့ အခန်းတွေထဲကို သွားကြပါ၊ အားလုံးသိတဲ့အတိုင်း ဆေးဖက်ဝင်ပစ္စည်းတွေကို သန့်စင်တာဟာ ဆေးလုံးဖော်စပ်ရာမှာ အလွန်အရေးကြီးတဲ့ အဆင့်ဖြစ်တာကြောင့် ဒီတစ်ကြိမ်မှာတော့ မင်းတို့ရဲ့ သန့်စင်နိုင်စွမ်းကို အကဲဖြတ်သွားမှာ ဖြစ်ပါတယ်"
"ငါတို့က ဆေးဖက်ဝင်ပစ္စည်းတွေကို အဆင်သင့်ပြင်ထားပေးပြီးပါပြီ၊ မင်းတို့လုပ်ရမှာက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမြင့်ဆုံးသော သန့်စင်မှုအဆင့် ရောက်အောင် သန့်စင်ဖို့ပါပဲ"
"ပြိုင်ပွဲကို သဲနာရီနဲ့ တိုင်းတာမှာဖြစ်ပါတယ်၊ သဲကုန်တဲ့အထိ မအောင်မြင်သေးရင် ကျရှုံးတယ်လို့ သတ်မှတ်မှာဖြစ်ပါတယ်၊ ငါတို့ရဲ့ အထူးနည်းလမ်းနဲ့ စစ်ဆေးလို့ သတ်မှတ်ချက်မပြည့်မီရင်လည်း ကျရှုံးမှာပဲ ဖြစ်ပါတယ်" ဟု ရှင်းပြလိုက်သည်။
ဒုဥက္ကဋ္ဌက ဆက်လက်ပြီးတော့ "လိုအပ်ချက်နဲ့ မကိုက်ညီတဲ့သူတွေကိုလည်း ကျရှုံးတယ်လို့ သတ်မှတ်ပါတယ်၊ ဒါဖြင့်ရင် စာမေးပွဲ စလိုက်ပါမယ်"
သဲနာရီမှ သဲများ တဖြည်းဖြည်း စီးကျလာသည်နှင့်အမျှ အားလုံးက မိမိတို့၏ ဆေးအိုး(ဖို)များအတွင်းသို့ ဆေးဖက်ဝင်ပစ္စည်းများ ထည့်ကာ အားတက်သရော သန့်စင်ကြတော့သည်။ အခြားသူများမှာ ရအောင်လုပ်မည်ဟူ၍ စိတ်ပိုင်းဖြတ်ထားသော်လည်း မင်းသမီးယောင်ယွဲ့နှင့် လျိုလင်းတို့အတွက်မူ ဤသန့်စင်ခြင်းကိစ္စမှာ အလွန်လွယ်ကူလှသည်။
ကျန်းချန်သည်လည်း သတ်မှတ်ထားသော အခန်းသို့ ဝင်ကာ စားပွဲပေါ်ရှိ ဆေးဖက်ဝင်ပစ္စည်းများကို ကြည့်လိုက်သည်။ ဤပစ္စည်းများသည် အဆင့်နှစ် သို့မဟုတ် အဆင့်သုံး မှော်ဆေးဆရာများအတွက်ပင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသည်။
ဆရာကြီးအော်တိုသည်လည်း စိုးရိမ်စိတ် အနည်းငယ် ဖြစ်မိသည်။ သူသည် သခင်လေး၏ စွမ်းအားကို ယုံကြည်သော်လည်း သခင်လေးမှာ မည်သည့်အဆင့်တွင်ရှိသော မှော်ဆေးဆရာဖြစ်ကြောင်းကိုမူ မသိရှိချေ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သခင်လေးမှာ အနည်းဆုံး အဆင့်နှစ် သို့မဟုတ် အဆင့်သုံး ဖြစ်နေလောက်ပြီဟု သူ ခန့်မှန်းထားသည်။
ကျန်းချန်က အမဲရောင်သံရွက်စိမ်းဝိညာဉ်ရွက်ကို ကောက်ယူကာ ဆေးအိုး(ဖို)အတွင်းသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။ ဤဆေးအိုး(ဖို)၏ အရည်အသွေးမှာ အလွန်ညံ့ဖျင်းလှရာ ရွှေဧကရာဇ် ကောင်းကင်မီးတောက် သို့မဟုတ် နှလုံးသည်းကြွေမီးတောက်ကို အသုံးပြုပါက ဆေးအိုး ပေါက်ကွဲသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကိုသာ အသုံးပြုကာ အညစ်အကြေးများကို သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။
ကြာပန်းစိမ်း၀င်ရိုးမီးတောက် ပေါ်ထွက်လာသည်နှင့် ခန်းမအတွင်းရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်သွားသည်။ အားကောင်းသော စွမ်းအင်လှိုင်းများကြောင့် ခန်းမအတွင်းရှိ ပညာရှင်များအားလုံး တစ်ပြိုင်နက်တည်း မတ်တပ်ရပ်မိသွားကြပြီး "ဒါက တကယ့်ကိုထူးခြားဆန်းကြယ်မီးတောက်ပဲ" ဟု အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
အော်တိုပင်လျှင် သူ၏မျက်လုံးများကို ပွတ်ကာ မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ "ဒါ တကယ်ပဲ ထူးခြားဆန်းကြယ်မီးတောက်ပဲ၊ ဘုရားရေ ... သခင်လေးမှာ ထူးခြားဆန်းကြယ်မီးတောက် ရှိနေတာပဲ" ဟု သူ၏နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။
ချီမီယာ၏ မျက်နှာမှာလည်း လေးနက်သွားပြီး "မီးတောက် ကြာပန်းပုံစံနဲ့ မီးတောင်တစ်ခုလို အရှိန်အဝါမျိုး ... ဒါဟာ ထူးခြားဆန်းကြယ်မီးတောက် အဆင့် ၁၉ မှာရှိတဲ့ ကြာပန်းစိမ်း၀င်ရိုးမီးတောက်များလား" ဟု ရေရွတ်လိုက်မိသည်။
အော်တိုက တုန်လှုပ်ချောက်ခြားမှုများကြားမှ ပြန်လည်သတိဝင်လာခဲ့သည်။ သခင်လေးသည် သူတို့အား အံ့အားသင့်စေခဲ့ပြီးဖြစ်သောကြောင့် အလိုလိုပင် သခင်လေး၏ အစွမ်းကို ယုံကြည်သွားတော့သည်။
သူသည် ရယ်မောရင်း "ဒုဥက္ကဋ္ဌချီမီယာ၊ ဘယ်လိုလဲ၊ ကျွန်တော် ထောက်ခံထားတဲ့သူက တကယ့်ကို မဆိုးဘူး မဟုတ်လား" ဟု မေးလိုက်သည်။
ချီမီယာကမူ စိတ်တည်ငြိမ်မှု အားကောင်းလှသည်။ သူသည် လှည့်ကြည့်လိုက်ပြီး လျှာသပ်ကာ "အော်တို၊ ဒီညီလေးက ဘယ်သူလဲ၊ ကြည့်ရတာ အသက် ၂၀ ဝန်းကျင်လောက်ပဲ ရှိဦးမယ်၊ ဒါပေမဲ့ အဆင့် ၁၉ ရှိတဲ့ ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကိုတောင် ပိုင်ဆိုင်ထားတယ်" ဟု ဆိုလိုက်သည်။
ဆရာကြီးအော်တို၏ နှုတ်ခမ်း အနည်းငယ် ပြုံးလိုက်ပြီး ရယ်လိုက်သည်။ "ဟဲ ဟဲ ... ကျွန်တော်တို့ ဘလက်ရော့ခ်မြို့ဆိုတာ ပါရမီရှင်တွေ ပေါတဲ့နေရာပါ၊ မင်း မသိတာ မဆန်းပါဘူး" ဟု ဂုဏ်ယူစွာဖြင့် ပြန်လည်ပြောကြားလိုက်တော့သည်။
***