ကျန်းဖိန် မည်မျှပင် ဖိအားပေးစေကာမူ မုရုံရှီးက ရတနာက ဘာလဲဆိုတာကို ဖွင့်ပြောဖို့ ငြင်းဆန်ခဲ့သည်။ နောက်ရက်များတွင် ကျန်းဖိန်က ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးဘဲ ကျင့်ကြံမှု တိုးတက်လာခြင်းက သူ့ကိုယ်သူ ကုသနိုင်စေရန် မျှော်လင့်ချက်ဖြင့် ရေကန်ဘေးတွင် သိုင်းပညာကို လေ့ကျင့်နေခဲ့သည်။
ထို့နောက် မုရုံရှီးကတော့ တောင်စောင်းတွင် နတ်ဘုရားစွမ်းပကားကို လေ့ကျင့်ရန် သွားခဲ့သည်။
ရက်တွေ ကုန်ဆုံးသွားခဲ့ပြီ….
ကျန်းဖိန်၏ ခြေထောက်များမှာ ထုံကျင်နေဆဲဖြစ်သဖြင့် မျှော်လင့်ချက် ကင်းမဲ့စေခဲ့သည်။
ရံဖန်ရံခါ အထက်မှ ကျောက်ခဲများ ပစ်ချခံရပြီး လူများက အော်ဟစ်လေ့ ရှိကြသော်လည်း ကျန်းဖိန်က ထိုလူများ၏ အသံများကို မုရုံရှီးကို လိုက်လံ ဖမ်းဆီးနေသူများအဖြစ် မှတ်မိသဖြင့် သူ ပြန်မထူးခဲ့ပေ။
သူရှိနေသော ရေကန်ဘေးမှာ ဆင်ခြေလျှော နံရံတစ်ခုဖြင့် ကာကွယ်ထားသဖြင့် တွင်းအထက်ရှိ လူများက သူ့ကို မမြင်နိုင်ကြချေ။
ထိုလူများက အသက်ရှင်နေသေးသည်ဟု သံသယရှိနေသည်မှာ ရှင်းလင်းလှသဖြင့် ထိုနေရာတွင် တဝဲလည်လည် လုပ်နေကြသည်။
ကျန်းဖိန်က ၎င်းတို့ အောက်ဆင်းလာမည်ကို စိုးရိမ်သဖြင့် နေ့စဉ်နေ့တိုင်း သတိထားမှုကို မလျှော့ရဲပေ။
ခြေထောက် ကျိုးနေသော်လည်း တိုက်ခိုက်လာသူများကို သတ်နိုင်မည်ဟု သူ ယုံကြည်ချက် ရှိနေဆဲပင်။
အကယ်၍ သူ သေသွားရင်တောင် လူအနည်းငယ်ကို သူနဲ့အတူ ခေါ်သွားဦးမှာပင်….
…….
ယနေ့တွင် ကောင်းကင်မှ နှင်းပွင့်များ ကျဆင်းလာခဲ့သဖြင့် ကျန်းဖိန် မျက်လုံးဖွင့်ကြည့်လိုက်တော့ နေရောင်အောက်တွင် နှင်းပွင့်များ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရသဖြင့် မိန်းမောသွားလေသည်။
သူ ဒီမှာ ပိတ်မိနေတာ တစ်လကျော်ပြီ….
သူ ဓားပျံစီး၍ ပျံသန်းထွက်သွားရန် စဉ်းစားခဲ့ဖူးပေသည်။ ဤကာလအတွင်း မူလချီ အများစု ပြန်လည် ရရှိနေပြီ ဖြစ်သော်လည်း ဟန်ချက်ကို ထိန်းသိမ်းရန် ခက်ခဲကြောင်း သူ တွေ့ရှိခဲ့ရသည်။ ဤပေနှစ်ရာ နက်သော တွင်းကြီးထဲမှ ပျံသန်းထွက်သွားခြင်းက အလွန် အန္တရာယ် များပေလိမ့်မည်။
နောက်ဆုံးတွင်မူ ကျွမ်းကျင်မှု နည်းပါးခြင်းနှင့် ခြေထောက်များ ဆုံးရှုံးသွားခြင်းကြောင့် ဓားပျံစီးနင်းပျံသန်းခြင်းပညာကို ကျွမ်းကျင်ပိုင်နိုင်ရန် ခက်ခဲနေပေသည်။
လွတ်မြောက်သွားရင်တောင် မုရုံအိမ်တော်က အရှင်သခင်တွေနဲ့ ဆုံတွေ့ရင် အန္တရာယ် ရှိနိုင်တယ်။
"ဒီမုရုံအိမ်တော်ရဲ့ ဇာစ်မြစ်က ဘာလဲ... ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ အရှင်သခင်တွေ အများကြီး ရှိနေရတာလဲ..."
ကျန်းဖိန်၏စိတ်ထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
မုရုံအိမ်တော်အကြောင်း သူ ယခင်က တစ်ခါမှ မကြားဖူးခဲ့ပေ။ သူသည် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်တွင် ရှိနေသော်လည်း ထိုအရှင်သခင် အုပ်စုကို ယှဉ်ပြိုင်ရန် ခက်ခဲနေခဲ့သည်။
ထိုအရှင်သခင်များက ယန်တောက်ကျုံးထက် များစွာ နိမ့်ကျသော်လည်း သူ့ကို အံ့အားသင့်စေရန် လုံလောက်နေဆဲပင်။
အမှန်တကယ်ပင် လောကရှိ လူများကို အထင်မသေးသင့်ပေ။
လောကကြီးက အရမ်း ကျယ်ပြောလွန်းတယ်... သူက မသေမျိုး မဖြစ်သေးလို့ မာနမကြီးသင့်ဘူး...
သူ အတွေးထဲ နစ်မြုပ်နေစဉ်မှာပင် မုရုံရှီးက လက်ထဲတွင် အနီရောင် သစ်သီးတစ်လုံး ကိုင်လျက် အမှောင်ထဲမှ ထွက်ပေါ်လာပြန်သည်။
"ဒါက နောက်ဆုံး တစ်လုံးပဲ... ဒါကို စားပြီးရင် ရေကန်ထဲ လမ်းလျှောက်ပြီး ငါးတွေ ရှိမရှိ ကြည့်ရုံပဲ ရှိတော့တယ်..."
မုရုံရှီးက ကျန်းဖိန်၏ ဘေးသို့ ရောက်လာပြီး အနီရောင် သစ်သီးကို သူ့ထံ ကမ်းပေးကာ သက်ပြင်းချ၍ ပြောလိုက်ခြင်းပင်။
ကျန်းဖိန်က သူမကို တစ်ချက် ကြည့်လိုက်ပြီး ….
"အဲဒီလိုဆိုရင် မင်းပဲ စားလိုက်ပါ..."
သူသည် သိုလှောင်အိတ်ထဲတွင် အစာ အခြောက်အချို့နှင့် ကျင့်ကြံရေးခန်းမမှ အထူးပြုလုပ်ထားသော ဝိညာဉ်အစားအစာ အများအပြားကို သိမ်းဆည်းထားသော်လည်း ၎င်းကို မုရုံရှီးအား ဘယ်သောအခါမှ ထုတ်မပြခဲ့ချေ။
မုရုံရှီးက ပြန်မဖြေဘဲ ရေကန်အထက်တွင် ပျံဝဲနေသော နှင်းပွင့်များကို ကြည့်နေသည်။ သူမ၏အကြည့်များက ဗလာကျင်းနေပြီး သူမ ဘာတွေးနေသည်ကို မသေချာပေ။
အချိန်အတန်ကြာပြီးနောက်…
"ဒါနဲ့... ဒီသစ်သီးတွေက ထူးခြားတယ်လို့ မင်း မထင်ဘူးလား..."
ထိုအခါနှသာ မုရုံရှီးက အသိပြန်ဝင်လာပြီး သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ဘာထူးခြားလို့လဲ..."
"မကြာသေးခင်က ငါ့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေထဲမှာ ပြောင်းလဲမှု တစ်ခုကို ငါ ခံစားရတယ်... ငါ့ဆီကို စီးဆင်းလာတဲ့ နွေးထွေးတဲ့ စီးကြောင်း တစ်ခုပေါ့... ဒီသစ်သီးတွေကိုပဲ ငါ စဉ်းစားမိတယ်... ဒါပေမဲ့ ထူးဆန်းတာက..."
ကျန်းဖိန်က ပြန်ဖြေလိုက်သော်လည်း အဆုံးတွင် ချီတုံချတုံ ဖြစ်သွားသည်။
ဤသစ်သီးများထံမှ ဝိညာဉ်ချီကို သူ မခံစားရသလို ယုတ္တိတန်စွာ တွေးကြည့်မည်ဆိုလျှင်လည်း ဤသစ်သီးများတွင် မည်သည့် ထူးခြားသော အာနိသင်မျှ ရှိမနေသင့်ပေ။
မုရုံရှီးက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက်….
"ဒီသစ်သီးတွေနဲ့ ဘာမှ မဆိုင်ပါဘူး... အဲဒါက အလုပ်ဖြစ်နေတဲ့ ငှက်နီသွေးကျောက်စိမ်းကြောင့် ဖြစ်ရမယ်..."
"ငှက်နီသွေးကျောက်စိမ်း... အဲဒါက ဘာလဲ..."
ကျန်းဖိန်က အံ့အားသင့်စွာ မေးလိုက်တော့ မုရုံရှီးက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး….
"ရှင် အရင်က အဆိပ်မိခဲ့ပြီး ကုသဖို့ နည်းလမ်း မရှိခဲ့ဘူး... ရှင့်ကို ကုသဖို့ ကျွန်မ အမြဲတမ်း ယူဆောင်သွားလေ့ရှိတဲ့ ငှက်နီသွေးကျောက်စိမ်းကိုပဲ သုံးနိုင်ခဲ့တယ်..."
ထိုအဆိပ်မိခဲ့သည့် ဖြစ်ရပ်ကို တွေးမိသောအခါ ကျန်းဖိန် ရှက်ရွံ့သွားသည်။ ဂုဏ်သိက္ခာရှိသော ကျင့်ကြံသူ တစ်ဦးက သိုင်းလောကမှ လူများ၏ အဆိပ်ခတ်ခြင်းကို ခံရသည်မှာ ယုတ္တိမရှိလှပေ။ အကယ်၍ ဤအကြောင်းသာ ထိန်းချုပ်ရေးခန်းမတွင် ပြန်ကြားသွားမည်ဆိုလျှင် သူ သေချာပေါက် လှောင်ပြောင်ခံရပေလိမ့်မည်။
ထိုအဆိပ်မိခြင်းကြောင့်ပင် သူ့ရဲ့မူလချီကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့ပြီး နောက်ပိုင်းတွင် ဤနေရာအထိ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း သိုင်းလောကသားများ၏ အဆိပ်ခတ်ခြင်းကို ခံခဲ့ရသော ပိုင်နင်းအာကို တွေးမိသောအခါ သူ စိတ်သက်သာရာ ရသွားခဲ့သည်။
လူ့စိတ်နှလုံးက လောကမှာ ကြောက်စရာ အကောင်းဆုံးပဲ... မှော်ပညာရပ်တွေထက်ကို ပိုကြောက်စရာ ကောင်းတယ်!
"တကယ်တော့ သူတို့ ရှာနေတဲ့ ရတနာက ငှက်နီသွေးကျောက်စိမ်းပဲ... အခုတော့ ပြီးသွားပါပြီ... ရှင် အဲဒါကို စုပ်ယူပြီးပြီလေ... သူတို့ အောက်ဆင်းလာရင် သူတို့ကို အမှန်တရား ပြောပြလိုက်မယ်... ပြီးရင် ရှင်ကို အရှင်လတ်လတ် အရေခွံခွာပြီး ရှင့်ရဲ့ သွေးတွေကို ယူသွားလိမ့်မယ်..."
မုရုံရှီးက ထိုသို့ပြောရင်း ဝမ်းသာအားရ ရယ်မောလိုက်တော့ ကျန်းဖိန်က သူမကို မျက်စောင်းခဲလိုက်ပြီး…
"ဒီငှက်နီသွေးကျောက်စိမ်းက ငါ့ခြေထောက်တွေကိုတောင် မကုသပေးနိုင်တာဆိုတော့ သိပ်တော့လည်း အသုံးဝင်ပုံ မပေါ်ဘူး..."
ထိုစကားကို ကြားသောအခါ မုရုံရှီးက ချက်ချင်း စိုးရိမ်တကြီးဖြင့် …
"ဒါက မျိုးဆက်တွေ အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ကျွန်မတို့ မုရုံအိမ်တော်ရဲ့ အဖိုးတန်ဆုံး အမွေအနှစ်ပါ... ပြီးတော့ ဒီငှက်နီသွေးကျောက်စိမ်း တစ်ခုတည်းပဲ ကျန်တော့တာ... ကျွန်မရဲ့ အဘိုးက နောင်ကျရင် သူ့ကို ပေးဖို့ မျှော်လင့်ပြီး ကျွန်မကို အပ်နှံခဲ့တာ..."
"ဘယ်သူ့ကို ပေးဖို့လဲ..."
"ဘာမှမဟုတ်ပါဘူး!"
မုရုံရှီးက ခေါင်းလွှဲသွားရာ သူမ၏ ပါးပြင်များ အနည်းငယ် နီရဲသွားတော့သည်။
ငှက်နီသွေးကျောက်စိမ်းမှာ သဘာဝအားဖြင့် ယန်ဓာတ် အလွန် လွန်ကဲပြီး အမျိုးသမီးများ စားသုံး၍ မရပေ၊ အမျိုးသားများသာ စားသုံးနိုင်သည်။ သို့သော်လည်း ဤအကြောင်းကို ကျန်းဖိန်အား သူမ မပြောပြလိုပေ။
ကျန်းဖိန်မှာ ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အလင်းရောင် မှိန်နေသော်လည်း မုရုံရှီး၏ ပြောင်းလဲနေသော အမူအရာများကို သူ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
သူ ဝမ်းမသာဘဲ စိုးရိမ်ပူပန်သွားသည်။
ဒုက္ခပါပဲ... လောကီရေးရာ ပြဿနာတွေ ရောက်လာပြီ!
ကျန်းဖိန်သည် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရန် စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ရာ ဤအမျိုးသမီး၏ လက်ချက်ဖြင့် သူ အဆုံးသတ်၍ မရနိုင်ချေ။
သူက ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်ပြီး …..
"နံရံပေါ်က နတ်ဘုရားစွမ်းပကား ဘယ်လိုနေလဲ... မင်း လေ့လာပြီးပြီလား..."
ထိုစကားကို ကြားသောအခါ မုရုံရှီးက ချက်ချင်း စိတ်လှုပ်ရှားလာပြီး ကျန်းဖိန်ကို ကြည့်၍ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“အဲဒီနတ်ဘုရားစွမ်းပကားက မယုံနိုင်လောက်အောင် ထူးခြားတယ်... ဒီတစ်ခါတော့ ရှင် တကယ်ပဲ ကံဆိုးတာကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲလိုက်နိုင်ပြီ... အကယ်၍ ရှင် မလေ့လာဘူးဆိုရင် နောင်ကျရင် ရှင် နောင်တရလိမ့်မယ်... အဲဒီအချိန်ကျရင် ရှင့်ကို သင်ပေးဖို့ ကျွန်မကို လာမတောင်းဆိုနဲ့!"
ကျန်းဖိန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သော်လည်း သူမ၏ ကံဆိုးခြင်းကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲလိုက်သည်ဟူသော စကားများက သူ့ကို သတိပေးလိုက်သလိုပင်။
သူ ငှက်နီသွေးကျောက်စိမ်းကို စားသုံးလိုက်ခြင်းက ကံဆိုးရာမှ ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားသည်ဟု သတ်မှတ်နိုင်မလား။
ကျန်းဖိန်၏ အတွေးများက လွင့်မျောသွားတော့၏။
နှင်းများ နေ့ရောညပါ ပိုမို ပြင်းထန်စွာ ကျဆင်းလာပြီး နောက်ရက်များတွင် မြေအောက်ရေကန်၏ မျက်နှာပြင်မှာ တဖြည်းဖြည်း ရေခဲလာပြီး ရေမျက်နှာပြင်ပေါ်တွင် အေးစက်သော လေများ တိုက်ခတ်နေသည်။
မွန်းတည့်ချိန် နီးကပ်လာသောအခါ ကျန်းဖိန်မှာ ကျင့်ကြံနေဆဲ ဖြစ်ပြီး ရုတ်တရက် ကောင်းကင်မှ ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရသည်။
"ထိန်းချုပ်ရေးခန်းမက ကျန်းဖိန် ရှိလား..."
အသံက တွင်းကြီးထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး အဝေးတွင် သိုင်းပညာ လေ့ကျင့်နေသော မုရုံရှီးကိုပင် လန့်ဖျပ်သွားစေသည်။
"ထိန်းချုပ်ရေးခန်းမလား..."
မုရုံရှီးက ကျန်းဖိန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
သူမက ကျန်းဖိန်ဟူသော နာမည်ကိုသာ သိရှိပြီး ကျန်းဖိန်၏ နောက်ခံကို မသိရှိချေ။ ထိန်းချုပ်ရေးခန်းမဟု ခေါ်သော ဤအင်အားစုမှာ မည်သို့သော အင်အားစုမျိုး ဖြစ်သနည်းဟု သူမ မအံ့သြဘဲ မနေနိုင်တော့ပေ။
အသံကို ကြားသောသော်လည်း ကျန်းဖိန် ဝမ်းသာအားရ ပြန်မထူးခဲ့ပေ။ မျက်မှောင်ကြုတ်ကာ ချီတုံချတုံ ဖြစ်နေပြီး ပြန်ထူးသင့်၊ မထူးသင့် မသေချာမရေရာဖြစ်နေသည်။
မုရုံအိမ်တော်က လူတွေ သူ့ရဲ့ ဇာစ်မြစ်ကို သိသွားတာများလား….
ဒါပေမဲ့ ချင်းရှောင်ဂိုဏ်းက ဘာလို့ သူ့ကို လာရှာရတာလဲ…..
သူ ပျောက်ဆုံးသွားမှုအတွက် သူ သတ်မှတ်ထားသော နောက်ဆုံးရက်မတိုင်မီ အချိန်အနည်းငယ် ကျန်သေးသဖြင့် ဓားဂိုဏ်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက်!
ကြီးမားသော လူရိပ်တစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး မြေအောက်ရေကန်ထဲသို့ ကျရောက်လာကာ ပါးလွှာသော ရေခဲများကို ခွဲထွက်သွားပြီး ရေများ လွင့်စင်သွားသဖြင့် ကျန်းဖိန်နှင့်မုရုံရှီးတို့ လန့်ဖျပ်သွားပြီး ချက်ချင်း သတိထားလိုက်ကြသည်။
မုရုံရှီးက ကျန်းဖိန်အနားသို့ ချဉ်းကပ်လာပြီး ရေကန်ကို စိုးရိမ်တကြီး ကြည့်နေသည်။
ရေများ ငြိမ်သက်သွားသောအခါ ပြတ်တောက်နေသော ခြေလက်များနှင့် ရောနှောနေသည့် သွေးများ ပန်းထွက်လာရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေလေ၏။
ကျန်းဖိန်က တစ်စုံတစ်ခုကို အာရုံခံလိုက်မိသကဲ့သို့ ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်တော့ ဓားပျံစီးကာ ကောင်းကင်မှ ဆင်းသက်လာပြီး ရေကန်ပေါ်သို့ ကျရောက်လာသော လူရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
နေရောင်ခြည်က ဓားပျံပေါ်တွင် ခြေတစ်ဖက်ချကာ ရပ်နေသော အမျိုးသားအပေါ်သို့ ဖြာကျနေပြီး ထိုသူ၏ အပြာရောင် ဝတ်ရုံများ လွင့်ဝဲနေကာ မသေမျိုး တစ်ပါး အသက်ဝင်လာသကဲ့သို့ ဖြစ်နေသဖြင့် မုရုံရှီးကို မျက်လုံးပြူးသွားစေသည်။
ဒီလူက တကယ်ပဲ လေထဲမှာ ပျံသန်းနေတာပဲ!
ရှောင်ဝူချင်းက လေထဲတွင် ပေါလောပေါ်နေပြီး သူ့ အကြည့်များက ကျန်းဖိန်ထံတွင် စူးစိုက်နေသည်။ကျန်းဖိန်၏ ခြေထောက်များ ကျိုးနေသည်ကို သတိပြုမိသွားပြီး…
"မင်းက ကျန်းဖိန်လား..."
ကျန်းဖိန်က ရှောင်ဝူချင်းကို ကြည့်လိုက်ပြီး ရင်းနှီးနေသည်ဟု ခံစားလိုက်ရကာ မကြာမီမှာပင် သူ့ကို မှတ်မိသွားတော့သည်။
ဒါက ရှောင်ညီနောင်သုံးဖော်ထဲက ရှောင်ဝူချင်း မဟုတ်ဘူးလား။
ရှောင်ညီနောင်သုံးဖော်မှာ ဂိုဏ်းတွင် တောက်ပနေသော ပါရမီရှင်များ ဖြစ်ကြပြီး ကျန်းဖိန် သူတို့ကို ယခင်က မြင်ဖူးသည်မှာ သဘာဝကျလှသည်။ သို့သော်လည်း ရှောင်ညီနောင်သုံးဖော်က သူ့ကို လာရှာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့သဖြင့် သူ့ကို မြှောက်ပင့်ခံရသကဲ့သို့ ခံစားရစေသည်။
"ဟုတ်ပါတယ်... ဘာကိစ္စများ ရှိလို့ပါလဲ..." ဟု ကျန်းဖိန်က အသိပြန်ဝင်လာပြီး သတိထား၍ မေးလိုက်သည်။
သူ အရှင်ကျင်းကို စော်ကားခဲ့မိလို့ အရှင်ကျင်းက သူ့ကို ပြဿနာရှာဖို့ ရှောင်ဝူချင်းကို လွှတ်လိုက်တာများလား…
ဒါက အရမ်း ရက်စက်လွန်းတယ်!
ကျန်းဖိန် တွေးကြည့်လိုက်ပြီး ယုတ္တိမရှိလွန်းသည်ဟု ထင်လိုက်မိသည်။
ရှောင်ဝူချင်း သူ့ထံ လာရမည့် အခြား အကြောင်းပြချက်ကို သူ မစဉ်းစားနိုင်ပေ။
ထိန်းချုပ်ရေးခန်းမ၏ အကြီးအကဲ ကျန်းယွီချွန်းပင်လျှင် ရှောင်ညီနောင်သုံးဖော်ကို လှုပ်ရှားခိုင်း၍ မရနိုင်ကြောင်း သိထားသင့်သည်။
ကျန်းဖိန် ဤမျှလောက် စိုးရိမ်နေသည်ကို မြင်ရသဖြင့် မုရုံရှီး အတော်လေး အံ့အားသင့်သွားသည်။ ကျန်းဖိန်က အဆိပ်မိပြီး သေလုနီးပါး လိုက်လံ ဖမ်းဆီးခံရစဉ်ကပင် ဤမျှလောက် ပြာပြာသလဲ မဖြစ်ခဲ့ဖူးပေ။
အတူတကွ အချိန်ဖြုန်းပြီးနောက် သူမ ကျန်းဖိန်အပေါ် လေးစားမှုတစ်ခု ဖြစ်ပေါ်လာခဲ့သော်လည်း သူမ ထုတ်မပြောခဲ့ချေ။
ထို့ကြောင့် ကျန်းဖိန် ဤမျှလောက် စိုးရိမ်နေသည်ကို မြင်သောအခါ သူမ အတော်လေး ထူးဆန်းသည်ဟု ခံစားလိုက်ရခြင်းပင်။
ကျန်းဖိန်၏ မေးခွန်းကို ကြားသောအခါ ရှောင်ဝူချင်းက ပို၍ မျက်မှောင်ကြုတ်သွားသဖြင့် ကျန်းဖိန်၏ နှလုံးသားကို တစ်ချက် ခုန်သွားစေသည်။
"မင်းကို ကယ်ဖို့ ငါတို့ လာတာပေါ့... အပေါ်က လူတွေက မင်းရဲ့ ရန်သူတွေ မဟုတ်ဘူးလား..."
ဒီလူက အတော်လေး မိုက်မဲတာပဲ။ ဒီလောက် သနားစရာ အခြေအနေရောက်နေပြီကို ဒီလိုနေရာမျိုးမှာ သူနဲ့ တွေ့တဲ့အခါ တစ်ဖက်လူက ပြဿနာရှာမှာကို စိုးရိမ်နေသေးတယ်။
သို့သော်လည်း သူသည် ကျန်းဖိန်နှင့် ပတ်သက်၍ အလွန် စူးစမ်းချင်စိတ် ဖြစ်နေသည်။ ဂိုဏ်းချုပ်က ထိုသူ့ကို ရှာဖွေရန် ညီအစ်ကို သုံးဦးကို စေလွှတ်လိုက်ခြင်းမှာ ကျန်းဖိန်တွင် ထူးခြားချက် တစ်ခုခု ရှိနေရမည် ဖြစ်သည်။
ကျန်းဖိန်က တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။ သူ နားမလည်သော်လည်း ရှောင်ဝူချင်း၏ စကားများကို ကြားလိုက်ရခြင်းက ဖိအားများစွာကို သက်သာသွားစေသည်။
"ဟုတ်ပါတယ်... သူတို့က ကျွန်တော့်ကို ဒီအခြေအနေ ရောက်အောင် တွန်းပို့ခဲ့တာပါ..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် အနက်ရောင် ဝတ်စုံနှင့် အမျိုးသားများ ကောင်းကင်မှ ကျဆင်းလာကာ ရှောင်ဝူချင်း၏ အနောက်ဘက်ရေကန်ထဲသို့ ပြုတ်ကျသွားတော့သည်။
ဖြစ်ရပ်တစ်ခုလုံး အစမှအဆုံးအထိ ရှောင်ဝူချင်းက တစ်ခါမျှ လှည့်မကြည့်ခဲ့ပေ။
"ငါတို့ ရှိနေမှတော့ မင်း ကြောက်ရွံ့နေစရာ မလိုတော့ဘူး... မင်းကို ဂိုဏ်းကို ပြန်ပို့ပေးမယ်..."
"သင်တို့ သုံးယောက်က ကျွန်တော့်ကို ဘာလို့ လာကယ်တာလဲဆိုတာ မေးလို့ ရမလား..."
"သေချာတာပေါ့... ဂိုဏ်းချုပ်က စီစဉ်ပေးတာလေ... ငါတို့ မင်းကို မသိပါဘူး... ဂိုဏ်းချုပ်က မင်း ဒုက္ခရောက်နေနိုင်တယ်လို့ ကြိုမြင်ပြီး မင်းကို ရှာဖို့ ငါတို့ကို ချက်ချင်း လွှတ်လိုက်တာ... ငါလည်း အရမ်း စူးစမ်းချင်နေတာ... မင်းနဲ့ ဂိုဏ်းချုပ်ရဲ့ ဆက်ဆံရေးက ဘာလဲ... မင်းက သူ့ရဲ့ တပည့်လိုမျိုး ဆက်ဆံခံနေရတယ်..."
ထိုအခါ ကျန်းဖိန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ အကြားမှားလေသလားဟု တွေးလိုက်မိသည်။
ဂိုဏ်းချုပ်က သူ့ကို ကယ်တင်ဖို့ ဒီလူတွေကို ကိုယ်တိုင် စေလွှတ်လိုက်တာလား…..
ဂိုဏ်းသို့ သူ ဝင်ရောက်ကတည်းက သူသည် ဂိုဏ်းချုပ်နှင့် စကားသုံးခွန်းပင် ပြည့်အောင်မပြောဖူးပေ။ ဂိုဏ်းအတွင်း အမှတ်မထင် ဆုံတွေ့သောအခါမှသာ သူက ဂိုဏ်းချုပ်ကို ဦးညွှတ်နှုတ်ဆက်ပြီး ဂိုဏ်းချုပ်က သူ့ကို ပြုံး၍ နှုတ်ဆက်လေ့ ရှိသည်။
သူ့အမြင်တွင် ဂိုဏ်းချုပ်မှာ ကောင်းကင်ယံရှိ နေမင်းကြီးကဲ့သို့ အလွန် မြင့်မားပြီး သူ့ထံမှ အလွန် ဝေးကွာနေကာ ဂိုဏ်းချုပ်၏ မျက်နှာသာပေးမှုကို ရရှိရန် သူ ဘယ်သောအခါမှ မအိပ်မက်ရဲခဲ့ချေ။
ဤအခိုက်အတန့်တွင် ရှောင်ဝူတိနှင့် ရှောင်ဝူမင်တို့ ဓားပျံများဖြင့် ဆင်းသက်လာကြပြီး ၎င်းတို့၏ လက်ထဲတွင် လူတစ်ယောက်စီကို ကိုင်ထားကြသည်။
သူမ အမုန်းဆုံး တတိယဦးလေးကို ရှောင်ဝူတိက ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ သယ်ဆောင်လာသည်ကို မြင်သောအခါ မုရုံရှီးမှာ စိတ်သက်သာရာ ရသွားသလို အံ့အားလည်း သင့်သွားမိသည်။
တတိယဦးလေး၏ သိုင်းပညာစွမ်းရည်ကို သူမ ကောင်းစွာ သိရှိထားသည်။ မုရုံအိမ်တော်အတွင်းတွင် သူသည် ထိပ်တန်း ငါးယောက်ထဲတွင် သေချာပေါက် ပါဝင်သည်။ သူ ဘယ်လိုလုပ် ဒီလို သနားစရာ အခြေအနေမျိုး ရောက်သွားရတာလဲ….
ရှောင်ဝူတိက ….
"ဒီလူတွေက တကယ်ကို ရက်စက်တာပဲ... အဲဒီ လျှို့ဝှက်လက်နက်တွေက သေစေနိုင်တဲ့ အဆိပ်တွေနဲ့ သုတ်လိမ်းထားတာ... ဒါပေမဲ့ သူတို့က ငါတို့ကို အဆိပ်သုံးဖို့ ကြိုးစားတာ ရယ်စရာပဲ... ငါတို့လို လူတွေက သာမန်လူတွေရဲ့ အဆိပ်ခတ်တာကို ဘယ်လိုလုပ် ခံရမှာလဲ..."
ထိုစကားကို ကြားသောအခါ မုရုံရှီးက ကျန်းဖိန်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ကျန်းဖိန်က သူမ၏ အကြည့်ကို ခံစားလိုက်ရပြီး ချက်ချင်း မျက်နှာနီရဲသွားတော့သည်။
***