ရှောင်ညီနောင်သုံးဖော် ဆင်းသက်လာပြီးနောက် ရှောင်ဝူချင်းက ကျန်းဖိန်၏ ဒဏ်ရာများကို ကိုယ်တိုင် ကုသပေးလိုက်သည်။ သူသည် တိုက်ခိုက်ရေးပိုင်းတွင် အစ်ကိုကြီးနှင့် တတိယညီလေးလောက် ပါရမီမကောင်းသည်ကို သိသဖြင့် စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်စိုက်ပညာကို လေ့ကျင့်ခဲ့ပြီး နောင်တွင် ပိုမိုကောင်းမွန်သော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် အခြားတစ်ခုခုကို သင်ယူလိုခဲ့ခြင်း ဖြစ်သည်။
မုရုံရှီး၏ တတိယဦးလေးကို ရှောင်ဝူတိက မြေပြင်ပေါ်သို့ ပစ်ချလိုက်တော့ ထိုသူမှာ ခြေလက်များမှာ ကျိုးနေပြီး လုံးဝ မထနိုင်တော့ချေ။
“မင်းတို့ကောင်တွေက ဘယ်သူတွေလဲ…”
သူက တုန်ယင်နေသော အသံဖြင့် မေးလိုက်ရာ စကားသံတွင် အကြောက်တရားများ ပြည့်နှက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော ရှောင်ဝူတိနှင့် ရှောင်ဝူမင်တို့နှင့် ရင်ဆိုင်ရသောအခါ ကိုယ်ပိုင်ဇာစ်မြစ်ကိုပင် သူ မထုတ်ဖော်ရဲချေ။ အကယ်၍ မုရုံအိမ်တော်ကသာ ဤသုံးဦးကို စော်ကားမိမည်ဆိုပါက သူ ဖျက်ဆီးခံရနိုင်ချေ ရှိသည်ဟု ခံစားလိုက်ရသည်။
ရှောင်ဝူတိက ကျန်းဖိန်ကို ကြည့်ပြီး "သူတို့ကို သတ်လို့ ရမလား..."ဟု မေးလိုက်၏။
မင်းတို့က လူတွေကို ဒီလောက် အများကြီး သတ်ပြီးသွားပြီကို နှစ်ယောက်ချန်ထားပြီး ငါ့ကို မေးနေတာလား….
ကျန်းဖိန်မှာ ရှောင်ဝူတိ၏ အတွေးများကို အနည်းငယ် မသေချာဖြစ်နေသော်လည်း …
"နောက်နောင်ဖြစ်လာမယ့် ပြဿနာတွေကို ရှောင်ရှားဖို့ သူ့ကို သတ်လိုက်ပါ... အကယ်၍ ခင်ဗျားရဲ့ လက်တွေ ညစ်ပတ်သွားမှာ စိုးရိမ်ရင် ကျွန်တော် လုပ်နိုင်ပါတယ်..."
သူသည် မုရုံအိမ်တော်ကို စော်ကားရန် မကြောက်ရွံ့သလို ဤလူများမှာ အလွန် ယုတ်မာပြီး တူမအရင်းခေါက်ခေါက်ကိုပင် လိုက်လံ သတ်ဖြတ်နေကြရာ ၎င်းတို့မှာ လုံးဝ လူမဆန်ကြချေ။
ထိုစကားကို ကြားသောအခါ ရှောင်ဝူတိက မုရုံရှီး၏ တတိယဦးလေး၏ ရင်ဘတ်ကို ဆောင့်နင်းလိုက်သဖြင့် အရိုးများ ကျိုးပဲ့သွားသံ ထွက်ပေါ်လာသည်။ ရှောင်ဝူမင်ကလည်း သူ့ဘေးတွင် ရပ်နေသော မုရုံ သိုင်းပညာရှင်ကို ဆောင့်နင်း၍ သတ်လိုက်သည်။
ထိုအမျိုးသား နှစ်ဦး၏ လှုပ်ရှားမှုများမှာ အလွန် ပေါ့ပေါ့ပါးပါး ဖြစ်နေပြီး အင်းဆက် နှစ်ကောင်ကို နင်းလိုက်သကဲ့သို့ ဖြစ်နေသဖြင့် မုရုံရှီးသာမက ကျန်းဖိန်၏ မျက်ခွံများပင် ဤမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်သွားတော့သည်။
အပ်စိုက်ကုသပေးနေစဉ် ရှောင်ဝူချင်းက ကျန်းဖိန်ကို မေးခွန်းအချိူ့ မေးလိုက်သည်။
"မင်းရဲ့ တာဝန် ပြီးပြီလား..."
"ပြီးပါပြီ..."
"ကောင်းပြီ... ဒါဆို ငါတို့နဲ့ ပြန်လိုက်ခဲ့..."
ထိုစကားကို ကြားသောအခါ ကျန်းဖိန် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွား၏။ သူက မုရုံရှီးကို တစ်ချက် ကြည့်လိုက်ပြီး သတိထား၍ မေးလိုက်သည်။
"သူ့ကို အရင် ပြန်ပို့ပေးဖို့ ကူညီပေးလို့ ရမလား..."
ထိုစကားကို ကြားသောအခါ ရှောင်ဝူတိမှာ ချက်ချင်း စိတ်မရှည် ဖြစ်သွားသည်။အကြောင်းမှာ ကျန်းဖိန်ကို ရှာဖွေဖို့ ကျင့်ကြံချိန် အများအပြားကို ဖြုန်းတီးခဲ့ရသောကြောင့်ပင်။
သူ စကားမပြောနိုင်မီမှာပင် ရှောင်ဝူချင်းက …
"သေချာတာပေါ့..."ဟု ဝင်ပြောလိုက်သည်။
ကျန်းဖိန်က ချက်ချင်းပင် ရှောင်ဝူချင်းနှင့် အခြားနှစ်ဦးကို ကျေးဇူးတင်သည့် အနေဖြင့် အရိုအသေပေးလိုက်လေသည်။
ရှောင်ဝူတိမှာ နားမလည်ဖြစ်သွားသော်လည်း ဒုတိယညီလေးကို ယုံကြည်ရန်သာ ရွေးချယ်လိုက်သည်။
မုရုံရှီးက ဘေးတွင် ရပ်နေပြီး ထိုလေးဦး၏ ဇာစ်မြစ်နှင့် ပတ်သက်၍ ပို၍ပင် စူးစမ်းချင်စိတ် ဖြစ်နေမိသည်။
...
ဆောင်းရာသီ နှင်းများ ကျဆင်းလာစဉ် လီချင်းချိုးက တောင်စောင်းတွင် ရပ်လျက် ကျောက်ကျိန်း၊ ယွမ်လီ၊ လီရန်၊ ယွင်ချိုင်နှင့် ကျိယာတို့ တောင်များထဲတွင် သိုင်းပညာ လေ့ကျင့်နေကြသည်ကို စောင့်ကြည့်နေသည်။
ဤနေရာမှာ ချင်းရှောင်တောင် မဟုတ်ပေ။ ၎င်းသည် ချင်းရှောင်တောင်၏ မြောက်ဘက်တွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင်မှာ မမတ်စောက်ဘဲ မြင်ကွင်းကျယ်သည်။
ယွမ်လီနှင့် အခြားလေးဦးတို့ အားလုံး တရားထိုင်သည့် အခြေအနေသို့ ဝင်ရောက်သွားသည်ကို မြင်သောအခါ လီချင်းချိုးက ကျန်းဖိန်ကို တွေးလိုက်မိပြီး သူ ဘယ်လိုနေသလဲဟု စဉ်းစားလိုက်မိသည်။
သူက တာအိုမျိုးဆက်စနစ်ကို ချက်ချင်း ခေါ်ယူလိုက်ပြီး ကျန်းဖိန်၏ ပုံကို ရှာဖွေလိုက်သည်။
ကိုယ်ပွားလေး ရှိနေသေးခြင်းက သူ အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။ သို့သော်လည်း လီချင်းချိုးသည် ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို အံတုခြင်း ကံကြမ္မာကို အလွန် စိတ်ဝင်စားနေသည်။
ကျန်းဖိန် ကံကြမ္မာကို ပြောင်းလဲလိုက်သည်ကို မြင်ပြီးကတည်းက လီချင်းချိုးက အားလပ်ချိန်ရတိုင်း စနစ်ကို ဝင်ကြည့်လေ့ ရှိသည်။
ဤတစ်ကြိမ်တွင် ကျန်းဖိန်၏ မျက်နှာပြင် ထပ်မံ ပြောင်းလဲသွားသည်ကို လီချင်းချိုး သတိပြုမိသွားသည်။
ကျန်းဖိန်၏ ကျင့်ကြံမှု ပါရမီမှာ "ကောင်းမွန်" မှ "ထူးချွန်" သို့ တကယ်ပဲ တိုးတက်လာခဲ့သည်။
အရေးအကြီးဆုံးမှာ သူ့တွင် ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို အံတုခြင်းအတွက် အခွင့်အရေး နှစ်ကြိမ် ကျန်ရှိနေသေးခြင်း ဖြစ်ရာ ပါရမီပိုင်း အသွင်ပြောင်းလဲမှုမှာ ယခင်က ကံကြမ္မာကို ပြောင်းလဲခြင်းနှင့် ဆက်စပ်နေကြောင်း ပြသနေသည်။
ဘယ်လို အခွင့်အရေးမျိုးက ကျန်းဖိန်ရဲ့ ပါရမီကို သာမန်ကနေ ထူးချွန်အထိ အဆင့်နှစ်ဆင့် ခုန်တက်သွားစေတာလဲ။
လီချင်းချိုး ကျန်းဖိန်ကို ပို၍ပို၍ တွေ့ချင်လာပြီ…..
ယခုအခါ လီချင်းချိုးသည် ဂိုဏ်း၏ စီမံခန့်ခွဲမှုများကို တာဝန်လွှဲပြောင်းပေးထားပြီ ဖြစ်ရာ အချိန်အများစုကို ကျင့်ကြံခြင်းတွင် ပေးအပ်နိုင်ပြီ ဖြစ်သဖြင့် တပည့်များ၏ ကြီးထွားမှုကို အာရုံစိုက်ရန် စွမ်းအင်များလည်း ရရှိနေပြီ ဖြစ်သည်။
ကျန်းဖိန်သည် ကျင့်ကြံမှု ပါရမီ တိုးတက်လာရုံသာမက လီချင်းချိုးအပေါ် သစ္စာရှိမှုလည်း တိုးလာခဲ့ပြီး တစ်ဟုန်ထိုး ၉၅ သို့ပင် ရောက်ရှိသွားရာ ၎င်းမှာ သူ့အတွက် အံ့သြစရာ အကောင်းဆုံး ဖြစ်သည်။
ဤသည်က ရှောင်ညီနောင်သုံးဖော်က ကျန်းဖိန်ကို ရှာတွေ့ခဲ့ကြောင်းကိုလည်း ပြသနေပြီး ထိုအချိန်က ကျန်းဖိန် ဒုက္ခရောက်နေလောက်သည်ဟု ခန့်မှန်းရကာ ရှောင်ညီနောင်သုံးဖော်က အချိန်ကိုက် ပေါ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လီချင်းချိုးက ကျန်းဖိန်အကြောင်း စဉ်းစားနေစဉ်မှာပင် အဝေးရှိ ကျောက်တုံးပေါ်တွင် ထိုင်နေသော ယွမ်လီက မတ်တပ်ရပ်လိုက်ပြီး မလှုပ်ရှားဘဲ ကျောက်တုံးပေါ်တွင် ရပ်လျက် သူ၏ လက်သီးသိုင်းကို စတင် လေ့ကျင့်တော့သည်။
ယွမ်လီသည် မျက်လုံးများ မှိတ်ထားလျက် အဆက်မပြတ် လက်သီးထိုးနေပြီး အင်္ကျီလက်များက ကျယ်လောင်စွာ တဖျပ်ဖျပ် မြည်နေသည်။ လက်သီးထိုးချက်များမှာ ဖရိုဖရဲ ဖြစ်နေသော်လည်း လက်သီးအားများ ပိုမို အားကောင်းလာပြီး အသံမှာလည်း ပိုမို ကျယ်လောင်လာသည်။
မကြာမီမှာပင် ကျောက်ကျိန်း၊ ကျိယာ၊ လီရန်နှင့် ယွင်ချိုင်တို့ အားလုံး မျက်လုံးဖွင့်လာကြပြီး သူ့ကို ကြည့်လိုက်ကြသည်။
ခန္ဓာကိုယ်ကျင့်ကြံသူ လမ်းစဉ်ကို ဖန်တီးပြီးကတည်းက ယွမ်လီကို မည်သူမျှ အထင်မသေးရဲကြတော့ပေ။ သို့သော်လည်း ယွမ်လီ၏ ကျင့်ကြံမှုအဆင့်မှာ အလွန် နှေးကွေးစွာ တိုးတက်နေဆဲ ဖြစ်ရာ ဂိုဏ်းရှိ တပည့်များကို သူ့ကို အလျင်အမြန် ပြန်လည် လျစ်လျူရှုသွားစေခဲ့သည်။
အသက် ဆယ့်ငါးနှစ်အရွယ် ယွမ်လီသည် ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း အတော်လေး ပိန်ပါးနေဆဲပင်။ သို့သော်လည်း လက်သီးထိုးချက်များ ပိုမို မြန်ဆန်လာသည်နှင့်အမျှ လူတိုင်းက သူ့ရဲ့ အရှိန်အဝါကို ခံစားလာရသည်။
"ဒါက..."
လီရန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နှလုံးသားထဲမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
ယခင်က လီချင်းချိုး၏ တပည့်များအနက် ကျောက်ကျိန်း တစ်ဦးတည်းသာ သူ့ကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင်မည်ဟု သူ ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ရှောင်ညီနောင်သုံးဖော်နှင့် ယွင်ချိုင်တို့ ပေါ်ထွက်လာခြင်းက သူ့ကို ခြိမ်းခြောက်မှု ခံစားရစေခဲ့သည်။ ထို့နောက်တွင် ကျိယာကလည်း ငြိမ်သက်သွားပြီး အသည်းအသန် စတင် ကျင့်ကြံတော့သည်။ သူ့ရဲ့ အရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် သူနှင့် ကျိယာကြားရှိ ကွာဟချက်ကို သူ ဝန်ခံခဲ့ရသည်။
ယွမ်လီလည်း ရှေ့ထွက်လာတော့မှာလား။
ယွမ်လီသည် အကြွင်းမဲ့ အာရုံစိုက်မှု အခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ လက်သီးထိုးချက်များမှာ ပိုမို အားကောင်းလာပြီး ရှေ့သို့ တိုက်ခတ်သွားသော လှိုင်းများအဖြစ် ဖွဲ့စည်းသွားသည်။ သူသည် အရှိန်အဝါကိုပင် အသုံးမပြုခဲ့ချေ။
လီချင်းချိုးကလည်း ယွမ်လီ၏ လက်သီးထိုးသံကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ စူးစူးရဲရဲ ကြည့်လိုက်ရင်း အမူအရာသိသိသာသာ ပြောင်းလဲသွားသည်။
"ဒီကောင်လေးက..."
စကြဝဠာထဲရှိ ဝိညာဉ်ချီများ ယွမ်လီထံသို့ စုရုံးလာနေသည်ကို လီချင်းချိုး ရှင်းလင်းစွာ အာရုံခံလိုက်မိသည်။
သူက ကျန်းဖိန်ကို အာရုံစိုက်နေခဲ့သော်လည်း ယွမ်လီက သူ့ကို ပိုကြီးမားသော အံ့အားသင့်စရာ တစ်ခု ပေးလိုက်သလား။
ယွမ်လီ၏ ကျင့်ကြံမှု ပါရမီမှာ အလွန် နိမ့်ကျသော်လည်း နားလည်သဘောပေါက်နိုင်စွမ်းကတော့ ထူးခြားလှသည်။ ယနေ့တိုင် အခြား မည်သူ၏ မျက်နှာပြင်တွင်မျှ "ထူးခြားသော" ဟူသော စကားလုံးကို မပြသဖူးသေးချေ။
အချိန်ကြာလာသည်နှင့်အမျှ ယွမ်လီ၏ လက်သီးထိုးချက်များ ပိုမို ပြင်းထန်လာပြီး လွင့်ဝဲနေသော နှင်းများကို မြူတိမ်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားစေကာ ရှေ့ရှိ တောင်များဆီသို့ ဆုတ်ခွာသွားစေခဲ့သည်။
တစ်ချက်ကြည့်လိုက်လျှင် ယွမ်လီက ကျယ်ပြန့်သော နေရာတစ်ခုကို လက်သီးဖြင့် ထိုးလိုက်ပြီး ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ထင်ရသည်။
ကျောက်ကျိန်းနှင့် အခြားသူများက ယွမ်လီသာ ဤကဲ့သို့ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူသည် မျက်နှာချင်းဆိုင်ရှိ တောင်ကို အဝေးမှနေ၍ ကြေမွသွားစေနိုင်သည်ဟု ခံစားလိုက်ရသည်။ ဤအကြံအစည်မှာ ယုတ္တိမရှိသော်လည်း ဤအရှိန်အဝါကို ၎င်းတို့ ခံစားနေရဆဲပင်။
ယွင်ချိုင်က ယွမ်လီက သာမန်လူ မဟုတ်ကြောင်း ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း ယွမ်လီ၏ ကျင့်ကြံမှု တိုးတက်မှု နှေးကွေးလွန်းသဖြင့် သူ့ကို မလွဲမသွေ လျစ်လျူရှုမိစေခဲ့သည်။
ဤအခိုက်အတန့်တွင် ယွင်ချိုင်သည်လည်း ယွမ်လီ ဘာလုပ်နေသနည်း ဆိုသည်ကို နားမလည်နိုင်တော့ပေ။ သူသည် လမ်းစဉ်ကို လက်သီးဖြင့် ထိုးနေခြင်းပင်။
ဤလက်သီးသိုင်းများမှာ လုံးဝ ရှုပ်ထွေးမှု မရှိပေ၊ ၎င်းမှာ အလွန် ရိုးရှင်းပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ ယွမ်လီသည် အိပ်မက်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေပြီး ကျပန်း လက်သီးထိုးနေသော်လည်း ဤကျပန်း လက်သီးထိုးခြင်းကြောင့်ပင် လက်သီးအားများ ပိုမို အားကောင်းလာနေသည်။
မူလအားဖြည့်နယ်ပယ် တတိယအဆင့်တွင်ရှိနေသော ယွမ်လီသည် ယခုချိန်တွင် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်၊ အဋ္ဌမအဆင့် အရှိန်အဝါကိုပင် ထုတ်လွှတ်နိုင်ခဲ့သည်။
ကျောက်ကျိန်းသည် ယွမ်လီ၏ နားလည်သဘောပေါက်နိုင်စွမ်းကို ယခင်က အံ့သြခဲ့ဖူးသော်လည်း ယခုအခါ ယွမ်လီတွင် ထူးခြားသော ပါရမီ ရှိနေနိုင်ပြီး ၎င်းကို ဖွင့်ရန် နည်းလမ်း မရှိခြင်းသာ ဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။
ဆရာက ယွမ်လီကို အမြဲတမ်း အားပေးနေတာ အံ့သြစရာ မဟုတ်တော့ဘူး….
အကယ်၍ ယွမ်လီသာ နယ်ပယ်ထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် သူ သူ့ကို အနိုင်ယူနိုင်ပါ့မလား…
ကျောက်ကျိန်းမှာ အမှန်တကယ်ပင် ကိုယ့်ကိုယ်ကိုယ် မသေချာဖြစ်နေ၏။
ထိုစဉ် အဝေးရှိ သိုင်းဘိုးဘေးခန်းမမှ ယန်တောက်ကျုံးလည်း မျက်လုံးများ ဖွင့်လိုက်ပြီး ထူးဆန်းသော စိုးရိမ်မှု တစ်ခုကို ခံစားလိုက်ရသည်။
"တစ်ယောက်ယောက်က လမ်းစဉ်သို့ ဝင်ရောက်ဖို့ သိုင်းပညာကို သုံးနေတာလား..."
သူ တစ်ယောက်တည်း မဟုတ်ဘဲ ဓားဂိုဏ်းမှ ရှန်ယွဲ့နှင့် ကောင်းကင်လက်မှုပညာခန်းမမှ စုရှီးလင်တို့သည်လည်း ၎င်းကို ခံစားလိုက်ရသည်။
ညအချိန် ရောက်လာသည်နှင့်အမျှ နှင်းပွင့်များ ဆက်လက် ကျဆင်းနေ၏….
လင်းရှောင်ခြံဝင်းအတွင်း လီချင်းချိုးနှင့် ယွမ်လီတို့ ရှည်လျားသော စားပွဲတွင် ထိုင်နေကြပြီး ယွမ်ချီက သူတို့အတွက် လ္ဘက်ရည်ကို စိတ်လှုပ်ရှားစွာ ငှဲ့ပေးနေသည်။
ယွမ်လီက လမ်းစဉ်သို့ ဝင်ရောက်သည့် အတွေ့အကြုံကို ပြန်လည် ပြောပြနေသည်ကို နားထောင်ရင်း ယွမ်ချီမှာ နားမလည်နိုင်သော်လည်း တစ်ခုကိုတော့ နားလည်နိုင်၏။ သူ့ညီလေးမှာ ပို၍ပင် အထင်ကြီးစရာ ကောင်းလာပြီ ဖြစ်သည်။
ယွမ်ချီသည် ကိုယ်ပိုင် ပါရမီများကို ကောင်းစွာ သိရှိထားသည်။ သူ လုပ်နိုင်သမျှ အရာအားလုံးကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ အကယ်၍ နောင်တွင် ပိုမို မြင့်မားသော နေရာသို့ တက်လှမ်းချင်ပါက ဂိုဏ်းချုပ်ကို အထင်ကြီးစေရန် သူ့ညီလေး၏ ပါရမီများကိုသာ အားကိုးရမည် ဖြစ်သည်။
"ဆရာ... ကျွန်တော် ခံစားရတယ်..."
ယွမ်လီက မျက်မှောင်ကြုတ်၍ ပြောလိုက်သော်လည်း စကားတစ်ဝက်တွင် ချီတုံချတုံ ဖြစ်သွားသဖြင့် လီချင်းချိုးက သူ့ကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။
"မင်း ဘာခံစားရလဲ..."
ယွမ်လီက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး….
"ကျွန်တော် တစ်ခါလောက် သေဖို့ လိုကောင်း လိုလိမ့်မယ်..."
တစ်ခါလောက် သေဖို့လား….
လီချင်းချိုး၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ စိတ်ထဲတွင် အံ့အားသင့်သွားသည်။ ယွမ်လီက ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ၏ တည်ရှိမှုကို အာရုံခံမိနေပြီလား။
"ဘယ်လို သေရမှာလဲ..."
"ထင်ယောင်ထင်မှား ဒါမှမဟုတ် မှော်ပညာလိုမျိုး မဟုတ်ဘဲ တကယ့် သေတွင်းထဲ ရောက်သွားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်..."
ဂိုဏ်းအတွင်းရှိ တပည့်များသည် ပုံရိပ်ယောင် မှော်ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်ပြီး သိုင်းပညာစင်မြင့်ပေါ်တွင် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။
သူ ဆိုလိုသည်မှာ လမ်းစဉ် ပြီးမြောက်ရန် သူ့ကိုယ်သူသာ အားကိုးနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လီချင်းချိုးက သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်ပြီး….
"မင်း ငယ်ပါသေးတယ်... အဲဒီလောက် အဝေးကြီးကို တွေးနေစရာ မလိုပါဘူး... မင်းမှာ ပိုကြီးမားတဲ့ ပါရမီတွေ ဖုံးကွယ်ထားတယ်ဆိုတာကို ငါ တကယ်ပဲ ခံစားနေရတယ်..... ဒါပေမဲ့ မင်းရဲ့ အောင်မြင်မှုတွေထက် အခုလောလောဆယ်မှာ မင်း ကျန်းကျန်းမာမာ အသက်ရှင်နိုင်ဖို့ပဲ ငါ မျှော်လင့်တယ်..."
ဤသည်မှာ လီချင်းချိုး၏ စစ်မှန်သော ရင်တွင်းစကားများ ဖြစ်သည်။
သူသည် ယွမ်လီ၏ ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်ကို မျှော်လင့်နေသလို ယွမ်လီ အန္တရာယ် ရှိနေမည်ကိုလည်း အလိုမရှိချေ။
မည်သို့ပင်ဆိုစေ ယွမ်လီ ကြီးပြင်းလာသည်ကို သူကိုယ်တိုင် စောင့်ကြည့်ခဲ့ရပြီး သူ့နှလုံးသားထဲတွင် ယွမ်လီသည် သူ့ရဲ့ ဒုတိယအဆင့် တပည့်ဖြစ်ကြောင်း ပြောခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ကျောက်ကျိန်းနှင့် ကျိယာတို့ပင် ယှဉ်၍ မရနိုင်သလို ယွင်ချိုင်နှင့် ရှောင်ညီနောင်သုံးဖော်တို့မှာ ပို၍ပင် ယှဉ်၍ မရနိုင်ချေ။
ယွမ်လီက ခေါင်းညိတ်လိုက်ပြီး …
"ဆရာ.. စိတ်မပူပါနဲ့... ကျွန်တော် ဘာလုပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်..."
သူသည် ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်သာမက ဇွဲလုံ့လနှင့် ဆရာသခင်နှလုံးသား ကိုပါ ပိုင်ဆိုင်ထားသည်။ လီချင်းချိုး သူ့ကို အမှန်တကယ် ယုံကြည်ပြီး ကျောက်ကျိန်းလို ကွယ်ရာတွင် လုပ်ဆောင်မည် မဟုတ်ကြောင်း ယုံကြည်ထားသည်။
နောက်ရက်များတွင် ယွမ်လီ "လမ်းစဉ်သို့ ဝင်ရောက်ခြင်း" သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့သွားတော့သည်။
သတင်းများမှာ ပိုပိုပြီး ချဲ့ကား ပျံ့နှံ့လာပြီး နှစ်ကုန်ပိုင်းသို့ ရောက်သောအခါ ယွမ်လီက တောင်တစ်လုံးကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်အထိ ဖြစ်လာတော့သည်။
တနေ့သ၌…..
ကျန်းဖိန် ပြန်ရောက်လာပြီး ရှောင်ဝူတိက သူ့ကို ကျောပိုး၍ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
"ဂိုဏ်းချုပ်... သူ့ခြေထောက်က ကျိုးနေတာ ကြာပြီဖြစ်လို့ ကျွန်တော့်ရဲ့ ဆေးပညာ စွမ်းရည်နဲ့ သူ့ကို မကုသနိုင်တော့ပါဘူး..."ဟု ရှောင်ဝူချင်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ရှောင်ဝူတိ၏ ကျောပေါ်တွင် ပါလာသော ကျန်းဖိန်က လီချင်းချိုးကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးချင်း မဆုံရဲဘဲ အလျင်အမြန် အကြည့်လွှဲသွားတော့သည်။
လီချင်းချိုးက …
"သူ့ကို စားပွဲပေါ် တင်ထားလိုက်... မင်းတို့ အားလုံး ပြန်ပြီး နားကြတော့..."
"ဟုတ်ကဲ့ပါ!"
ရှောင်ဝူတိက ကျန်းဖိန်ကို ချပေးပြီးနောက် ညီအစ်ကို သုံးဦး လီချင်းချိုးကို ဦးညွှတ်ကာ ထွက်ခွာသွားကြတော့သည်။
လီချင်းချိုးက လက်လှမ်း၍ ကျန်းဖိန်၏ ကျိုးနေသော ခြေထောက်ကို ထိလိုက်တော့ ကျန်းဖိန်မှာ အလွန် နေရခက်နေပြီး ဂိုဏ်းချုပ်နှင့် တစ်ယောက်တည်း ရင်ဆိုင်ရချိန်တွင် ဘာပြောရမှန်း မသိဖြစ်နေသည်။
"ပြောပါဦး... မင်း ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ..."
လီချင်းချိုး မေးလိုက်တော့ ကျန်းဖိန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး အတွေ့အကြုံများကို အသေးစိတ် ပြန်လည် ပြောပြလိုက်လေသည်။
သူသည် တာဝန် ပြီးဆုံးသွားပြီးနောက် အပြန်လမ်းတွင် မုရုံရှီးနှင့် ဆုံတွေ့ခဲ့သည်။ ချင်းရှောင်ဂိုဏ်း၏ အခြေခံမူများကို လိုက်နာကာ ဒုက္ခရောက်နေသူများကို ကူညီခဲ့ပြီး မုရုံရှီး၏ ရန်သူများကို မောင်းထုတ်ပေးခဲ့သည်။ သို့သော်လည်း ထိုလူများက သူ့ကို အညှာအတာမဲ့စွာ လိုက်လံ ဖမ်းဆီးခဲ့ပြီး အဆိပ်ပင် ခတ်ခဲ့ကြသည်။ ပေါ့ဆမှုကြောင့် သူ အဆိပ်မိသွားပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့ဘဲ နောက်ဆုံးတွင် ကြေကွဲဖွယ် အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်။
ဤသို့ ပြောပြီးနောက် သူက စိတ်လှုပ်ရှားစွာဖြင့်…..
"ဂိုဏ်းချုပ်... ကျွန်တော့်ကို ကယ်ဖို့ လူတွေ လွှတ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်... ဂိုဏ်းရဲ့ ပြုစုပျိုးထောင်ပေးမှုအတွက် ကျွန်တော် တကယ်ပဲ ရှက်မိပါတယ်..."
ထိုအခါ လီချင်းချိုးက ရယ်မောလိုက်ပြီး…
"ငါ့အမြင်ကတော့ ရှောင်ညီနောင်သုံးဖော် မရှိရင်တောင် မင်း အရှင်လတ်လတ် ပြန်လာနိုင်ဦးမှာပါပဲ..."
"ပြောရခက်ပါတယ်... ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် ယုံကြည်ချက် မရှိပါဘူး..." ဟု ကျန်းဖိန်က ခါးသက်သော အပြုံးဖြင့် ပြန်ဖြေလိုက်ရင်း သူ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး….
"ဒါနဲ့ ဂိုဏ်းချုပ်... မုရုံရှီးကို မုရုံအိမ်တော်ဆီ ပြန်ပို့ပေးရင်းနဲ့ ကျွန်တော် တစ်ခု သိလိုက်ရတယ်... မုရုံအိမ်တော်က ဆင်တစ်ကောင်လောက် ကြီးတဲ့ ကျားဖြူတစ်ကောင်ကို ဖမ်းမိထားတယ်တဲ့... မုရုံအိမ်တော်မှာ လျှို့ဝှက်ကြံစည်မှု တစ်ခု ရှိနေမယ်လို့ ကျွန်တော် သံသယရှိတယ်..."
လီချင်းချိုးက စိတ်ဝင်စားသွားပြီး….
"မင်းက ငှက်နီသွေးကို စားသုံးခဲ့တယ်ဆိုတော့ မုရုံအိမ်တော်က တစ်ယောက်ယောက်ကလည်း ငှက်နီသွေးကို စားသုံးခဲ့တယ်ဆိုတဲ့ သဘောပဲ... အခု သူတို့က ကျားဖြူကို ဖမ်းထားပြီဆိုတော့ နဂါးပြာနဲ့ လိပ်နက်ကိုပါ ဖမ်းဖို့ စီစဉ်နေတာလား..."
ကိုးပြည်ထောင်နယ်မြေတွင် နတ်သားရဲ လေးကောင်၏ ဒဏ္ဍာရီများလည်း ရှိနေပြီး ချင်းရှောင်ဂိုဏ်း မထွန်းကားမီက ထိုနေရာတွင် သိုင်းလောကများစွာ တည်ရှိခဲ့ဖူးသည်။
ဒီကောင်းမြတ်သော နိမိတ်လက္ခဏာနဲ့ နတ်သားရဲဆိုတာတွေက လီချင်းချိုး ထင်ထားသလောက် မစွမ်းကြပေ။ သေချာတာကတော့ သူက ကောင်းမြတ်သော နိမိတ်လက္ခဏာသားရဲတွေ လုံလုံလောက်လောက် မတွေ့ဖူးသေးလို့လည်း ဖြစ်နိုင်ပါတယ်။
***