"ဒါတော့ ကျွန်တော်လည်း မသိဘူး..."
ကျန်းဖိန်က ခေါင်းခါပြလိုက်၏။ သူ့ ခြေထောက်များတွင် ခံစားချက် အနည်းငယ် ပြန်လည် ရရှိလာသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် သူ အံ့အားသင့် ဝမ်းသာသွားပြီး တစ်ချိန်တည်းမှာပင် လီချင်းချိုးအပေါ် ပို၍ လေးစားသွားမိသည်။
ဂိုဏ်းချုပ်ဆိုတဲ့အတိုင်းပဲ!
"မုရုံအိမ်တော်ကို စုံစမ်းဖို့ လူလွှတ်လိုက်မယ်... မင်းရဲ့ ခန္ဓာကိုယ် ပြောင်းလဲသွားတာကို ငါ ခံစားမိတယ်... အခုကစပြီး ဂိုဏ်းထဲမှာပဲ နေပြီး ကျင့်ကြံပါ... တောင်အောက် မဆင်းနဲ့တော့..."
ကျန်းဖိန်၏ ခန္ဓာကိုယ်အတွင်းရှိ ငှက်နီသွေးက ပါရမီကို ပြောင်းလဲစေရုံသာမက အခြားအရာများလည်း ရှိနေဦးမည်ဟု မျှော်လင့်ကြောင်း လီချင်းချိုးက ညွှန်ကြားလိုက်သေးသည်။
ကျန်းဖိန်က ခေါင်းညိတ်လိုက်ပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေကာ ထပ်မေးလိုက်သည်။
"ဂိုဏ်းချုပ်က ကျွန်တော် ဒုက္ခရောက်နေတာကို ဘယ်လို သိတာလဲ... ပြီးတော့ ကျွန်တော့်ကို ဘာလို့ ကူညီပေးချင်ရတာလဲ..."
ဤကိစ္စ၏ အရင်းအမြစ်ကို မသိရမချင်း သူ့အဖို့ စိတ်အေးချမ်းမှု ရရှိရန် ခက်ခဲပေလိမ့်မည်။
လီချင်းချိုးက သူ့ကို ပြုံး၍ ကြည့်ကာ…
"ဘာလို့လဲဆိုတော့ မင်းကို ပထမဆုံး မြင်လိုက်ရကတည်းက မင်းနဲ့ ရေစက်ရှိတယ်လို့ ငါ ခံစားမိလို့ပဲ... နောက်တော့ ထိန်းချုပ်ရေးခန်းမမှာ မင်းရဲ့ ကြိုးစားမှုက ငါ့ကို ပိုပြီး သဘောကျသွားစေတယ်... အရင်က ထျန်းရွှမ်တောင်ကို ရှန်ယွဲ့ သွားတုန်းက ထျန်းရွှမ်တောင်က အန္တရာယ် ရှိတယ်လို့ မင်း သတိပေးခဲ့တယ်လေ... ပြီးတော့ အဲဒါ မှန်တယ်... ထျန်းရွှမ်တောင်မှာ မူလအားဖြည့်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်နေတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက် ပုန်းအောင်းနေခဲ့တယ်... သူက ကျောက်ကျိန်းကို ဝင်ပူးဖို့တောင် ကြိုးစားခဲ့သေးတယ်... ကံကောင်းလို့ ကျန်းကျောက်ရှားက ကယ်တင်နိုင်ခဲ့လို့ပေါ့... အကြီးအကဲက သူ့ကို တားဆီးနိုင်ခဲ့တယ်..."
ထိုစကားကို ကြားသောအခါ ကျန်းဖိန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချွေးအေးများ စီးကျလာတော့သည်။
ထျန်းရွှမ်တောင်သို့ သူ သွားရောက်ခဲ့ပြီးနောက် သတင်းစကား အမှား ပေးပို့မိမည်ကို စိုးရိမ်သဖြင့် ချီတုံချတုံ ဖြစ်ခဲ့ရပြီး အချိန်ကြာမြင့်စွာ အစားမစားနိုင်၊ အိပ်မပျော်နိုင်အောင် စိုးရိမ်ပူပန်ခဲ့ရကာ ဂိုဏ်း၏ ကိစ္စရပ်များကို နှောင့်နှေးသွားစေမည်ကိုပင် စိုးရိမ်ခဲ့ရသည်။ သို့သော်လည်း မည်သူကမျှ သူ့ကို မဆက်သွယ်ခဲ့ကြသဖြင့် ထိုကိစ္စကို သူ တဖြည်းဖြည်း မေ့သွားခဲ့သည်။
ယခု လီချင်းချိုးက ထိုအကြောင်းကို ပြောပြလာသောအခါ သူ အနည်းငယ် ကြောက်ရွံ့မိနေသည်။
မူလအားဖြည့်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်နေသော မိစ္ဆာကျင့်ကြံသူ တစ်ယောက်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ…
ဒီလောကကြီးက တကယ် အန္တရာယ်များတာပဲ!
"ဒီအဖြစ်အပျက်က မင်းရဲ့ အလားအလာကို သက်သေပြဖို့ လုံလောက်တယ်... ဒါကြောင့် မင်းကို ငါ ပိုဂရုစိုက်ခဲ့တာ... မင်း တောင်အောက်ကို ဆင်းသွားတာ နှစ်လရှိပြီဆိုတာ သိလိုက်ရတော့ တစ်ခုခု မှားနေပြီလို့ ငါ အမြဲတမ်း ခံစားနေရတယ်... ဒါကြောင့် မင်းကို လိုက်ရှာဖို့ လူတွေကို တောင်အောက် လွှတ်လိုက်တာ... မင်းမှာ မင်းရဲ့ အလိုအလျောက် သိစိတ် ရှိသလို ငါ့မှာလည်း ငါ့ရဲ့ ကြိုတင် ခံစားချက် ရှိတယ်လေ..."
သူက ကျန်းဖိန်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ကျန်းဖိန်၏ တင်းမာမှုကို သူ ခံစားမိသဖြင့် စိုးရိမ်ပူပန်မှုများကို ပြေလျော့စေရန် တမင်တကာ ကြိုးစားလိုက်ခြင်း ဖြစ်သည်။
ထိုအခါမှသာ ကျန်းဖိန် အသိပြန်ဝင်လာပြီး မိစ္ဆာကျင့်ကြံသူ ကိစ္စကို ဘေးဖယ်ထားလိုက်ကာ ဂိုဏ်းချုပ်က သူ့ကို အစကတည်းက အာရုံစိုက်နေခဲ့ကြောင်း သဘောပေါက်သွားတော့သည်။
သေချာ စဉ်းစားကြည့်မည်ဆိုလျှင် ထိန်းချုပ်ရေးခန်းမသို့ ဝင်ရောက်ရန် သူ့အတွက် လွယ်ကူလွန်းနေခဲ့သည်။ ခန်းမသခင် ကျန်းယွီချွန်းကလည်း သူ့ကို အလွန်အကျွံ ဂရုစိုက်ပေးခဲ့ပြီး ကောင်းသောအရာများ ရှိလျှင် သူ့ကို အမြဲတမ်း သတိရနေခဲ့သည်။
သူ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်ခြင်းက သူ အရင်းအမြစ်များစွာကို ရရှိခဲ့ကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်၏။
ထို့နောက် အရှင်ကျင်းက သူ့ကို ဟူရှန်းအစောင့်အရှောက်သို့ သိမ်းသွင်းခဲ့သည်ကို တွေးလိုက်မိသည်။ အရှင်ကျင်းက တကယ်တော့ ဘယ်သူလဲ။ သူ ဘယ်လိုလုပ် ဒီလောက် မိုက်မဲခဲ့တာလဲ…အကယ်၍ အရှင်ကျင်း သူ့ထံ လာခဲ့သည်ဆိုလျှင် ဂိုဏ်းချုပ်က သူ့ကို လာရှာခြင်းသာ မဟုတ်ဘူးလား။
အတိတ်က ရှုပ်ထွေးမှုများ အားလုံး ရှင်းလင်းသွားပြီး ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့သော စိုးရိမ်မှုများ ဤအခိုက်အတန့်တွင် လုံးဝ ပျောက်ကွယ်သွားချေပြီ။
အခြားသူများက အကြောင်းပြချက် မရှိဘဲ သူ့အပေါ် ကောင်းမွန်လိမ့်မည်ဟု သူ ဘယ်သောအခါမှ မယုံကြည်ခဲ့သော်လည်း ဂိုဏ်းချုပ်က သူ့ကို နှစ်ပေါင်းများစွာ တိတ်တဆိတ် ဂရုစိုက်ပေးခဲ့သည့် အချက်ကြောင့် သူ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရသည်။
"ဂိုဏ်းချုပ်... ကျွန်တော်..."
ကျန်းဖိန်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သော်လည်း လီချင်းချိုးက သူ့ကို ဖိထားလိုက်သည်။
"မင်း သတိကြီးတယ်ဆိုတာ ငါ သိပါတယ်... ဒါကြောင့် ငါ အရမ်းကာရော မလုပ်ရဲဘူး... မင်းကို တိတ်တဆိတ်ပဲ ပြုစုပျိုးထောင်ပေးရတာ... မင်းအပေါ် ငါ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ မင်း ထင်သွားမှာကို စိုးရိမ်လို့ပါ... မင်း စိတ်ချလို့ ရပါတယ်... မင်းမှာ ထူးခြားတဲ့ နောက်ခံ ဒါမှမဟုတ် ထူးခြားတဲ့ ပါရမီတွေ မရှိပါဘူး... ဒါကြောင့် ငါ မင်းကို ကြံစည်နေစရာ အကြောင်းမရှိဘူး... ငါ့မျက်လုံးထဲမှာတော့ မင်းက အလားအလာရှိတဲ့ တပည့်တစ်ယောက်ပါပဲ... ဂိုဏ်းထဲက မင်းလို တပည့်တွေ ပိုကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရနိုင်ဖို့ ငါ မျှော်လင့်တယ်..."
လီချင်းချိုးက ကျန်းဖိန်ကို ကြည့်၍ လေးနက်စွာ ပြောလိုက်တော့ ကျန်းဖိန်၏ မျက်လုံးများ နီရဲလာပြီး….
"ဂိုဏ်းချုပ်ကို ကျွန်တော် ယုံကြည်ပါတယ်... အမြဲတမ်း ယုံကြည်ခဲ့တာပါ... အရင်က ဂိုဏ်းချုပ်ကို ဆက်သွယ်လို့ မရခဲ့လို့ ကျွန်တော် အတွေးလွန်သွားတာပါ... တကယ်တော့ ကျွန်တော် အသက်ရှင်ပြီး ချင်းရှောင်ဂိုဏ်းထဲ ဝင်ရောက်နိုင်ခဲ့တာက ဂိုဏ်းချုပိကြောင့်ပါ... အဲဒီတုန်းက ကျွန်တော့် မိသားစု တစ်ခုလုံး ငတ်သေလုနီးပါး ဖြစ်နေချိန်မှာ ချင်းရှောင်ဂိုဏ်းရဲ့ ကယ်ဆယ်ရေးတွေက ကျွန်တော်တို့ကို ကယ်တင်ခဲ့တာပါ..."
အတိတ်က အခက်အခဲများကို စစ်မှန်သော ခံစားချက်များဖြင့် သူ ပြောပြလိုက်တော့ ကျန်းဖိန်တွင် ဤကဲ့သို့သော အတိတ်တစ်ခု ရှိခဲ့လိမ့်မည်ဟု လီချင်းချိုး မထင်မှတ်ထားခဲ့ပေ။
ပါရမီရှင်များစွာတွင် အလားတူ အတွေ့အကြုံများ ရှိကြကြောင်း သူ တွေ့ရှိခဲ့ရပြီး နှစ်ပေါင်းများစွာ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သော ချင်းရှောင်ဂိုဏ်းမှာ အကျိုးကျေးဇူးများကို ရိတ်သိမ်းနေရပြီ ဖြစ်သည်။
ကောင်းမှုကုသိုလ် လုပ်ခြင်းက ကောင်းကျိုးတွေ ယူဆောင်လာပေးတယ်ဆိုတာ သေချာပုံရတယ်…..
ကျန်းဖိန်၏ ကျိုးနေသော ခြေထောက်မှာ အမှန်တကယ်ပင် ပြင်းထန်သော်လည်း ငှက်နီသွေးက ကျိုးနေသော ခြေထောက်ကို တိတ်တဆိတ် ပြုပြင်ပေးနေကြောင်း တွေ့ရှိခဲ့ရပြီး လီချင်းချိုး ဝင်ရောက် စွက်ဖက်ခြင်း မရှိလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ သူ ကိုယ်တိုင် ပြန်လည် ကောင်းမွန်လာနိုင်ပေသည်။
သူတို့ နှစ်ဦး နာရီဝက်ခန့် စကားပြောခဲ့ကြပြီးနောက် လီချင်းချိုးက ကျန်းဖိန်ကို ဆေးကုသဆောင်သို့ပို့ပေးရန် ယွမ်ချီကို ညွှန်ကြားလိုက်သည်။
"ပထမဆုံးအကြိမ် ကံကြမ္မာကို ပြောင်းလဲလိုက်တာနဲ့တင် ထူးချွန်တဲ့ ပါရမီကို ပြောင်းလဲနိုင်တယ်ဆိုရင် နောက်ထပ် နှစ်ကြိမ် ထပ်လုပ်ရင် ဘာဖြစ်လာမလဲ..."
လီချင်းချိုးက ကုလားထိုင်ပေါ်တွင် ထိုင်လျက် တိတ်ဆိတ်စွာ စဉ်းစားနေမိသည
ကျန်းဖိန်၏ အနာဂတ်မှာ အတိုင်းအဆ မရှိနိုင်တော့ကြောင်း သူ ရုတ်တရက် ခံစားလိုက်ရသည်။ ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေး ရှိနေသရွေ့ ကျန်းဖိန်၏ အနာဂတ် အမြင့်ကို သတ်မှတ်ရန် ခက်ခဲပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ ကျန်းဖိန်သည် ချင်းရှောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး တပည့်ပင် ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့် ကျန်းဖိန်ကို အာရုံစိုက် ပြုစုပျိုးထောင်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းဖိန်၏ ထူးချွန်သော ပါရမီက အနည်းဆုံးတော့ သူ့အပေါ် အရင်းအမြစ်များ ပိုမို ရင်းနှီးမြှုပ်နှံရန် ထိုက်တန်ကြောင်း ပြသနေသည်။
...
နှစ်ကုန်ဆုံးသွားပြီးနောက် နှစ်သစ်တစ်ခု စတင်လာခဲ့ပြန်ပြီ……
အားလပ်ရက်အပြီးတွင် လီချင်းချိုးသည် လွန်ခဲ့သော တစ်နှစ်တာအတွင်း အောင်မြင်မှုများကို အကျဉ်းချုံးရန် အစည်းအဝေးတစ်ခုကို ခေါ်ယူခဲ့သည်။
ကျောက်ကျိန်းနှင့် ကျန်းဖိန်တို့ ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဘေးဖယ်ထားမည်ဆိုလျှင် ချင်းရှောင်ဂိုဏ်းသည် လွန်ခဲ့သော တစ်နှစ်တာအတွင်း ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ခန်းမတစ်ခုစီတိုင်းက ထူးခြားသော ရလဒ်များ ရရှိခဲ့ကာ ဂိုဏ်း၏ အရင်းအမြစ်များမှာလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။
ဆောင်းရာသီ နှင်းများ အရည်ပျော်သွားပြီး နွေဦးရာသီ ရောက်ရှိလာချေပြီ….
နွေဦးရာသီ စတင်ပြီး မကြာမီမှာပင် ချင်းရှောင်ဘိုးဘေးက ဝိညာဉ်ကြေးနီတောင်တန်းကို ချင်းရှောင်ဂိုဏ်းက အပြည့်အဝ သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်းနှင့် အာဏာ ဖွဲ့စည်းပုံကို အပြည့်အဝ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သဖြင့် သူ ပြန်လာလိုကြောင်း စာတစ်စောင် ပေးပို့ခဲ့သည်။
သေချာ စဉ်းစားပြီးနောက် လီချင်းချိုးက အလုံးစုံ အခြေအနေကို တာဝန်ယူရန် ဝိညာဉ်ပစ္စည်းခန်းမမှ ယန်ရွှမ်ကို စေလွှတ်လိုက်သည်။
လူသား တာအိုဘိုးဘေး ဟူသော ကံကြမ္မာနှင့်အတူ ယန်ရွှမ်သည် ထူးချွန်သော ပါရမီ နှစ်ခုကြောင့် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကိုယ်တိုင် ရပ်တည်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ ယန်ရွှမ်၏ ဆရာဖြစ်သော လီတုန်းယွဲ့က မည်သည့် ကန့်ကွက်မှုမျှ မရှိခဲ့ပေ။ ဝိညာဉ်ပစ္စည်းခန်းမ၏ ကျင့်ကြံမှုအဆင့်ကို သူမ ဂရုမစိုက်သလို သူမ၏ အမြင်တွင် ၎င်းမှာ ယန်ရွှမ်အတွက် ကုသိုလ်များနှင့် လုပ်သက်များကို စုဆောင်းရန် ကူညီပေးမည် ဖြစ်သဖြင့် ကောင်းသောအရာ တစ်ခုလည်း ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ယန်ရွှမ်က လီချင်းချိုး၏ ခန့်အပ်မှုဖြင့် ဝိညာဉ်ကြေးနီတောင်တန်းသို့ သွားရောက်ခဲ့သည်။
တစ်လမပြည့်မီမှာပင် ချင်းရှောင်ဘိုးဘေး ပြန်ရောက်လာခဲ့သည်။
ဒီအဘိုးကြီး ပြန်ရောက်လာကတည်းက ချင်းရှောင်ဂိုဏ်းမှာ အများကြီး ပိုပြီး စည်ကားလာတယ်လို့ လီချင်းချိုး ခံစားလိုက်ရသည်။ ချင်းရှောင်ဘိုးဘေးက ခန်းမအသီးသီးကို လှည့်လည်သွားလာနေပြီး လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို မကြာခဏ ခေါ်သွားကာ ကစားလေ့ ရှိသည်။ သူ ဘယ်ခန်းမ ဒါမှမဟုတ် ခြံဝင်းကိုပဲ သွားသွား၊ အမြဲတမ်း စည်ကားပြီး ဆူညံနေအောင် လုပ်နိုင်စွမ်း ရှိသည်။
သူအဲဒီလောက် အသံကျယ်နေတာကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ…..
ထိုနေ့တွင် ကျန်းကျောက်ရှားက လီချင်းချိုးကို လာရှာပြီး နတ်ဘုရားစွမ်းပကားကို လီချင်းချိုးထံ လက်ဆင့်ကမ်းပေးလိုကြောင်း ပြောလာခဲ့သည်။လီချင်းချိုးကလည်း အလွန် စိတ်ဝင်စားသဖြင့် စီနီယာ ညီအစ်ကို နှစ်ဦးသား ချင်းရှောင်တောင်နှင့် ဝေးကွာသော ခြောက်ကပ်နေသည့် တောင်တန်းဒေသတစ်ခုသို့ သွားရောက်ခဲ့ကြသည်။
ကျန်းကျောက်ရှား အမွေရရှိခဲ့သော နတ်ဘုရားစွမ်းပကားကို ရှန်းကျယ် ဓားသုံးလက်ဟု ခေါ်ဆိုပြီး ၎င်းတွင် ဓားသုံးလက် ပါဝင်ကာ လီချင်းချိုးကို တစ်ခုပြီးတစ်ခု သရုပ်ပြသခဲ့သည်။
ရှန်းကျယ် ဓားသုံးလက်မှာ လီချင်းချိုး ထင်မှတ်ထားသည်ထက်ပင် ပိုမို အစွမ်းထက်လှသည်။
ပထမဓားချက်က ဓားကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်ပြီး အစီအရင် ပညာရပ်များနှင့် အတော်လေး ဆင်တူသည်။
ဒုတိယဓားချက်က လှုပ်ရှားမှုနှင့် ရှောင်တိမ်းမှုများ၏ သိမ်မွေ့မှုများကို ပေါင်းစပ်ထားပြီး အလွန် ကြမ်းတမ်းလှသည်။
တတိယဓားချက်မှာ အစွမ်းထက်ပြီး လွှမ်းမိုးနိုင်သော တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။
ဤနတ်ဘုရားစွမ်းပကားအပေါ် အခြေခံ၍ လီချင်းချိုးသည် ကျန်းကျောက်ရှားမှာ ဂိုဏ်းတွင် အငြင်းပွားဖွယ်မရှိ ဒုတိယ အစွမ်းအထက်ဆုံးသူ ဖြစ်နေပြီဟု ကောက်ချက်ချလိုက်သည်။
နတ်ဘုရားစွမ်းပကားမှာ သင်ယူရန် အဲဒီလောက် မလွယ်ကူပေ။ ရှန်ယွဲ့နှင့် ရွှီနင်းတို့သည်လည်း ရှန်းကျယ် ဓားသုံးလက်၏ လေ့ကျင့်ရေး နည်းလမ်းများကို အလွတ်ကျက်မှတ်ထားကြသော်လည်း မကျွမ်းကျင်သေးပေ။
ကျန်းကျောက်ရှား၏ အမွေအနှစ် လုပ်ငန်းစဉ်နှင့် လီချင်းချိုး၏ နတ်ဘုရားစွမ်းပကား အမွေအနှစ်တို့က ဆင်တူသည်။ ၎င်းမှာ ဝိညာဉ်အပေါ် တိုက်ရိုက် ထွင်းထုထားသဖြင့် ကျင့်ကြံရေး လုပ်ငန်းစဉ် တစ်ခုခု မလိုအပ်ဘဲ အလျင်အမြန် နားလည်သဘောပေါက်နိုင်စေခြင်း ဖြစ်သည်။
"မင်းက အရမ်းတော်နေပြီဆိုတော့ ပိုင်နင်းအာနဲ့ ရှန်ယွဲ့တို့နဲ့ သိုင်းပြိုင်ပါလား..."
လီချင်းချိုးက ကျေနပ်နေသော ကျန်းကျောက်ရှားကို ကြည့်ရင်း ပြုံးကာ မေးလိုက်တော့ ကျန်းကျောက်ရှားက တည်ငြိမ်စွာဖြင့်…
"ဒီအမွေအနှစ်က အရမ်း လွယ်လွယ်ကူကူ ရလာတာလေ... သူတို့နဲ့ နှိုင်းယှဉ်တာက တရားမျှတမှု မရှိဘူး... ပြီးတော့ ကျွန်တော်က ဒုဂိုဏ်းချုပ်ပဲ... ကျွန်တော့်မှာ ပိုကျယ်ပြန့်တဲ့ အမြင်ရှိဖို့ လိုတယ်..."
ဟန်ဆောင်တာ အရမ်းကောင်းတာပဲ... မင်း ဒါတွေကို ရှန်ယွဲ့ဆီက သင်လာတာလား
သူ အမှန်တကယ် ပြောနေသလား၊ သို့မဟုတ် လိမ်နေသလားဆိုသည်ကို လီချင်းချိုး မခွဲခြားနိုင်သော်လည်း ၎င်းတို့ သုံးဦး တိုက်ခိုက်နေခြင်းကို ရပ်တန့်နိုင်ခဲ့သည်မှာ ကောင်းသောအရာ တစ်ခုပင်။
တကယ်တော့ လီချင်းချိုးက သူတို့ သုံးဦးကို အဆင့်သတ်မှတ်ခြင်း မပြုလိုပေ၊ သို့မှသာ ဂိုဏ်းတွင် ဒုတိယ အစွမ်းအထက်ဆုံး အဖွဲ့ဝင် သုံးဦး ရှိနေမည် ဖြစ်ပြီး တပည့်များအပေါ် ကွဲပြားခြားနားသော ယုံကြည်မှုများ ပေးစွမ်းနိုင်မည် ဖြစ်သည်။
"ဒါဆို မင်း မြန်မြန်လုပ်ပြီး ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်တဲ့ ဒုတိယမြောက်လူ ဖြစ်အောင် ကြိုးစားပါတော့... အတိဒုက္ခရင်ဆိုင်ဖို့ စင်မြင့်ကို တည်ဆောက်ပြီးပြီဆိုတော့ ဘယ်သူ အရင်ရောက်မလဲဆိုတဲ့ ကိစ္စပဲ ကျန်တော့တာ..."
အတိဒုက္ခရင်ဆိုင်ခြင်း စင်မြင့်ကို အသစ်တည်ဆောက်ထားပြီး စင်မြင့် ကြေမွမသွားစေရန် ဝိညာဉ်ကြေးနီများကို အသုံးပြုထားသည်။ ထို့အပြင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများကို စင်မြင့်အတွင်းသို့ လမ်းညွှန်ရန် စင်မြင့်ပေါ်တွင် တားမြစ်ချက်တစ်ခု ချမှတ်ထားသည်။
ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှား မျက်မှောင်ကြုတ်သွားသည်။ သူသည် ရွှီနင်း၏ တိုးတက်မှုအခြေအနေအကြောင်း မေးချင်သော်လည်း ထိုသို့မေးခြင်းက သူ့ကို ယုံကြည်ချက် ကင်းမဲ့နေသည်ဟု ထင်ရစေမည်ကိုလည်းစိုးရိမ်နေသည်။
ရွှီနင်းက သူ့ထက်စောပြီး အတိဒုက္ခရင်ဆိုင်ရလိမ့်မည်ဟု အလိုအလျောက် သိစိတ်က ပြောနေသည်။
အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်သည်။
မတ်လလယ်တွင် ရွှီနင်း လီချင်းချိုးထံ လာရောက်ပြီး အဆင့်တက်မည့် ခံစားချက် ရနေကြောင်း ပြောလာသဖြင့်လီချင်းချိုးက သူမကို အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်သို့ ချက်ချင်း ခေါ်သွားတော့သည်။
အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်သည် အနောက်ဘက်ရှိ လီရွှယ်တောင်ထွတ်ပေါ်တွင် တည်ရှိသည်။ ၎င်းမှာ ပေထောင်ချီ မြင့်မားပြီး ဓားတစ်လက်ကဲ့သို့ ဖြောင့်တန်းသော တောင်ထိပ်တစ်ခု ရှိကာ တောင်ထိပ်သို့ လမ်းလျှောက်တက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ရွှီနင်း အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်သို့ ဝင်ရောက်သွားပြီးနောက် လီချင်းချိုးက တပည့်များကို လီရွှယ်တောင်ထွတ်ကို ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်ပြီး မည်သည့် တပည့်ကိုမျှ လီရွှယ်တောင်ထွတ်အနီးသို့ ချဉ်းကပ်ခွင့်၊ သို့မဟုတ် အထက်မှ ပျံသန်းခွင့်ပင် မပြုရန် တားမြစ်လိုက်သည်။
သူကတော့ အနီးအနားရှိ တောင်ထိပ်ပေါ်တွင် ရပ်လျက် ရွှီနင်းကို အဝေးမှနေ၍ စောင့်ကြည့်နေသည်။
ရွှီနင်းသည် စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လျက် အတွင်းအားကို လည်ပတ်ရန် အာရုံစိုက်နေသော်လည်း မိုးကြိုးအတိဒုက္ခကတော့ ချက်ချင်း မဖြစ်ပေါ်လာသေးပေ။
ရွှီနင်း အတိဒုက္ခရင်ဆိုင်တော့မည့် သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားသဖြင့် ကျန်းကျောက်ရှားနှင့် ရှန်ယွဲ့တို့မှာ ဆက်ပြီး ငြိမ်မနေနိုင်တော့ပေ။
၎င်းတို့သည် ရွှီနင်း အတိဒုက္ခရင်ဆိုင်နေသည်ကို သွားရောက် မကြည့်ရှုကြသော်လည်း တပည့်များကို သူမ၏ အတိဒုက္ခရင်ဆိုင်မှု အခြေအနေများကို အနီးကပ် စောင့်ကြည့်နေစေမည် ဖြစ်သည်။
ခုနစ်ရက် အကြာတွင် လီရွှယ်တောင်ထွတ်အပေါ်တွင် မိုးကြိုးတိမ်တိုက်များ စုရုံးလာပြီး မိုးခြိမ်းသံများ ကောင်းကင်နှင့် မြေကြီး တစ်ခွင် ပဲ့တင်ထပ်သွားကာ တပည့်များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ကောင်းကင်မိုးကြိုး ဝိညာဉ်အမြစ်၏ အကူအညီဖြင့် ရွှီနင်းအဖို့ အတိဒုက္ခရင်ဆိုင်ရသည်မှာ လွယ်ကူလှသည်။
သို့သော်လည်း ရွှီနင်းသည် ကောင်းကင်အတိဒုက္ခ နှစ်ဆယ့်ခုနစ်ချက်ကိုသာ ခံစားခဲ့ရကြောင်း လီချင်းချိုး တွေ့ရှိခဲ့ရပြီး သူ့ရဲ့ ကိုးဆယ့်ကိုးချက်နှင့် အလှမ်းဝေးနေသဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
ကံကြမ္မာက သူ့ကို ဆန့်ကျင်နေတာလား။
ဒါမှမဟုတ် နောက်ကြောင်းဇစ်မြစ်နဲ့များပတ်သက်နေမလား။
လီချင်းချိုး၏ အခြေခံအုတ်မြစ်မှာ ရွှီနင်းထက် များစွာ ပိုမို အစွမ်းထက်ကြောင်း သေချာသည်။ သူသည် မွေးရာပါ ဓားရူးသွပ်သူ ၊ ကောင်းကင်မိုးကြိုး ဝိညာဉ်အမြစ်၊ အကြိမ်တစ်ရာသန့်စင်ခြင်း နတ်ဆိုးခန္ဓ ၊ လူ၊ တစ္ဆေ၊ နတ်ဘုရား နှင့် အကြိမ်တစ်ထောင် သန့်စင်ခြင်း ဟူသော အစွမ်းထက်သည့် ကံကြမ္မာ ငါးခုကို ပိုင်ဆိုင်ထားသည်။ အကယ်၍ ကောင်းကင်အတိဒုက္ခကို လူတစ်ဦး၏ ခွန်အားအပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်း ဖြစ်မည်ဆိုပါက ၎င်းမှာ နားလည်နိုင်စရာ ဖြစ်လာပေလိမ့်မည်။
ရွှီနင်း အဆင့်တက်သွားပြီးနောက် သူမ၏ ကျင့်ကြံမှုကို ခိုင်မာစေရန် ငါးရက် အချိန်ယူခဲ့ပြီး လီချင်းချိုးကမူ သူမကို စောင့်ရှောက်ရန် ဘေးရှိ တောင်ထိပ်ပေါ်တွင် နေနေခဲ့သည်။
သူမ၏ ကျင့်ကြံမှုကို ခိုင်မာစေပြီးနောက် သူမက လီချင်းချိုးအနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။ "ဆရာသခင်... ဒီမိုးကြိုးအတိဒုက္ခက ကျွန်မအတွက် နည်းနည်း လွယ်ကူနေသလိုပဲ... ပြီးတော့ ကျွန်မရဲ့ မူလချီထဲက မိုးကြိုးဓာတ်ကလည်း ပိုပြီး အားကောင်းလာတယ်... ဒါက လူတိုင်းအတွက် အဲဒီလိုပဲလား... ဒါမှမဟုတ် ကျွန်မကပဲ ထူးခြားနေလို့လား..."
"သေချာတာပေါ့... မင်းက ထူးခြားတဲ့ ပါရမီ ရှိလို့ပေါ့... စောင့်သာ ကြည့်နေ... မင်းရဲ့ တတိယဦးလေး၊ ရှန်ယွဲ့နဲ့ ကျောက်ကျိန်းတို့ အတိဒုက္ခရင်ဆိုင်ရရင် သေချာပေါက် သေရေးရှင်ရေး အတွေ့အကြုံ ဖြစ်လာမှာပဲ..."
ထိုစကားကို ကြားသောအခါ ရွှီနင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။သူမက အေးစက်စက် နေတတ်သော်လည်း သူမ၏ ယှဉ်ပြိုင်လိုစိတ်က ဆရာသခင်မှလွဲ၍ မည်သူ့ကိုမျှ အရှုံးမပေးလိုချေ။ ဆရာသခင်၏ ချီးကျူးစကားကို ကြားရခြင်းက သူမကို အပျော်ရွှင်ဆုံး ဖြစ်စေပြီး သူမ၏ ကြိုးပမ်းအားထုတ်မှုများ အရာထင်သည်ဟု ခံစားရစေသည်။
သူမက ငယ်စဉ်ကလိုပင် ဆရာသခင်၏ လက်မောင်းကို ဖက်ထားလိုက်ပြီး…
"ဆရာ.. ဆရာ့တုန်းက ကျွန်မထက် ကောင်းကင်မိုးကြိုးတွေ ပိုများတယ်ဆိုတော့ ကျွန်မထက် ပိုအစွမ်းထက်တယ်ဆိုတဲ့ သဘောပဲ... အခုကစပြီး ဆရာ့ကို ကျွန်မရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီ..."
အကယ်၍ အခြား တပည့်များသာ သူမကို ဤကဲ့သို့ မြင်တွေ့ရပါက သရဲ ဝင်ပူးခံထားရသည်ဟု သေချာပေါက် ထင်ကြပေလိမ့်မည်။
"မင်းကို ငါ မသိဘူးလို့ မထင်နဲ့... မင်းက ငါ့ကို မင်းရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ကြာပြီလေ... မင်းရဲ့ တိုးတက်မှုနှုန်းက မင်းဆရာအပေါ် ဖိအားတွေ အများကြီး ပေးနေတယ်နော်..."
"တကယ်လား... ဆရာနဲ့ ကျွန်မကြားက ကွာဟချက်က ပိုပိုပြီး ကျယ်လာတယ်လို့ ကျွန်မ ခံစားနေရတာ..."
"အဲဒါက ငါ ပေါ့ပေါ့ပါးပါး ဟန်ဆောင်နေလို့ပါ... နောက်နှစ်အနည်းငယ် ကြာရင် မင်းက ငါ့ထက်တောင် ပိုအံ့သြစရာ ကောင်းလာနိုင်တယ်..."
***