ထျန်းရှန်းဝိညာဉ်ရေကန်ကို စောင့်ကြပ်ရခြင်းမှာ အလုပ်မရှုပ်လှပေ။ ရေကန်ဘေးတွင် ရပ်နေရန်သာ လိုအပ်သည်။
ထျန်းရှန်းဝိညာဉ်ရေကန်၏ ကြွယ်ဝသော ဝိညာဉ်ချီကြောင့် ဤအလုပ်ကို လူအများက လိုချင်ကြသည်။ ကိစ္စမပြီးပြတ်မီကပင် ကောလာဟလများ စတင် ပျံ့နှံ့လာခဲ့ပြီး တပည့်များစွာကို အကောင်းဆုံး ကြိုးစားရန် တွန်းအားပေးခဲ့သည်။
ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ အရာရာတိုင်းမှာ ဤသို့ ဖြစ်လာစမြဲပင်။ လီချင်းချိုး တိုက်ရိုက် ဆုံးဖြတ်လိုက်သည့် ကိစ္စမဟုတ်ပါက တခဏတာ ငြိမ်သက်သွားပြီးနောက် ဤအခြေအနေမျိုး မလွဲမသွေ ပေါ်ပေါက်လာမည် ဖြစ်သည်။
နွေဦးရာသီမှ နွေရာသီသို့ ကူးပြောင်းလာသည်နှင့်အမျှ ချင်းရှောင်တောင်မှာ အသွင်သစ် တစ်ခု ရရှိလာသည်။
ချင်းရှောင်ဂိုဏ်း၏ အဓိက တောင်ကြီးအနေဖြင့် ချင်းရှောင်တောင်ကို ပြုပြင်မွမ်းမံနေ၏။ အဓိက လမ်းမကြီးမှာ ကျယ်ဝန်းပြီး ခမ်းနားထည်ဝါသော အသွင်အပြင် ရှိသည်။ တောင်ပေါ်ရှိ အဆောက်အအုံများစွာကို နန်းတော်များနှင့် ခြံဝင်းများအဖြစ် ပြောင်းလဲထားပြီး အထူးသဖြင့် စည်းမျဉ်းခန်းမမှာ ပိုမို ကြီးမားပြီး မြင့်မားလာသည်။ တောင်ခါးပန်းမှနေ၍ စည်းမျဉ်းခန်းမ၏ ပုံသဏ္ဌာန်ကိုပင် မြင်တွေ့နိုင်ပေသည်။
ဘုရားဖူးလာရောက်သူများလည်း ပိုမို များပြားလာသည်။ လီချင်းချိုး ဖန်တီးခဲ့သော မူလအနှစ်သာရ ငါးပါးမှာ လူထုအကြား ပိုမို ရေပန်းစားလာခဲ့ရာ ကိုးပြည်ထောင်နယ်မြေ အရပ်ရပ်မှ လူများ လာရောက် ဘုရားဖူးကြသဖြင့်အလှူငွေများကလည်း ချင်းရှောင်ဂိုဏ်း၏ အဓိက ဝင်ငွေရင်းမြစ် တစ်ခု ဖြစ်လာခဲ့သည်။
တောင်ထိပ်တွင် လီချင်းချိုးက တောက်ပနေသော နေမင်းကို မျက်နှာမူလျက် တင်ပျဉ်ခွေ ထိုင်နေပြီး လက်ဝါးများကို အပေါ်သို့ လှန်ထား၏။
သူသည် ကျန်းကျောက်ရှား သင်ကြားပေးခဲ့သော ရှန်းကျယ် ဓားသုံးလက်ကို လေ့လာနေခြင်း ဖြစ်သည်။
ရှန်းကျယ် ဓားသုံးလက်သည် ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားရာ လီချင်းချိုးအတွက် အလွန် လိုအပ်နေသော တိုက်ခိုက်ရေး နည်းလမ်းတစ်ခု ဖြစ်လာသဖြင့် ကျင့်ကြံရန် အချိန်ပေးခဲ့ခြင်း ဖြစ်သည်။
မွေးရာပါ ဓားအပေါ် စွဲလန်းမှုနှင့်အကြိမ်တစ်ထောင် သန့်စင်ခြင်းတို့၏ အကူအညီကြောင့် ကျန်းကျောက်ရှားလို ချက်ချင်း မကျွမ်းကျင်နိုင်သော်လည်း လီချင်းချိုး၏ နားလည်သဘောပေါက်နိုင်စွမ်း အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပြီး ရွှီနင်းနှင့် ရှန်ယွဲ့တို့ထက် များစွာ သာလွန်နေပေသည်။
ယခုအခါ သူသည် အချိန်အများစုကို ချီ စုပ်ယူခြင်းတွင် မြှုပ်နှံထားပြီး နတ်ဘုရားစွမ်းပကား ကျင့်ကြံရန် အချိန်အနည်းငယ် ပေးထားသည်။ ဂိုဏ်းအတွင်းရှိ ကိစ္စရပ်များအတွက်မူ သူ လွှတ်ထားလိုက်ပြီ ဖြစ်၏။
သူသည် တစ်ဦးကိုတစ်ဦး ထိန်းကျောင်းနိုင်ရန် ခန်းမကြီး ၈ ခု၊ ဓားဂိုဏ်း၊ အမှောင်ခန်းမနှင့် ဟူရှန်းအစောင့်အရှောက်တို့ ပါဝင်သော အာဏာ ဖွဲ့စည်းပုံတစ်ခုကို တည်ဆောက်ခဲ့ပြီး ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် စည်းမျဉ်းများကို အသုံးပြုခဲ့သည်။ ယခုအချိန်အထိ ပြဿနာများ မရှိသေးသဖြင့် သူ့ကို စိတ်အေးချမ်းသာစွာ ကျင့်ကြံနိုင်စေခဲ့သည်။
သေချာပေါက်ပင် အဖွဲ့အစည်းတစ်ခု၏ စနစ်များနှင့် စည်းမျဉ်းများမှာ မပြောင်းလဲဘဲ မနေနိုင်သော်လည်း ပြဿနာများ ပေါ်ပေါက်လာမှသာ ပြောင်းလဲနိုင်မည် ဖြစ်သည်။
ထိုစဉ် ရှေ့ရှိ ချောက်ကမ်းပါးမှ လူရိပ်တစ်ခု ပျံသန်းလာပြီး လီချင်းချိုး၏ ဘေးတွင် ဆင်းသက်လာ၏၊ ၎င်းမှာ လီစစ်ကျင် ဖြစ်သည်။
ချင်းရှောင်ဓားကို ထုတ်ပေးလိုက်ခြင်းဖြင့် ဓားပျံစီးခြင်းမှာ ချင်းရှောင်ဂိုဏ်း တပည့်များအတွက် သာမန် မှော်ပညာရပ် တစ်ခု ဖြစ်လာခဲ့သည်။ ယခုအခါ ချင်းရှောင်ဂိုဏ်းသားတပည့်များ ဓားပျံစီး၍ ပျံသန်းနေသော အမြန်နှုန်းကို သိုင်းလောကတွင် မြင်တွေ့နေရပြီ ဖြစ်ရာ ၎င်းမှာ သိုင်းလောကအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။
မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရန် ချင်းရှောင်ဂိုဏ်းသို့ သွားရောက်ခြင်းမှာ သိုင်းလောကရှိ လူငယ်တိုင်း လုပ်ချင်သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် ထိန်းချုပ်ရေးခန်းမကလည်း ရှန်းရှန်မြို့တွင် လူသစ်စုဆောင်းရေး နေရာတစ်ခုကို ဖွင့်လှစ်ထားရသည်။ယခုအခါ ချင်းရှောင်တောင်ပေါ်တွင် တပည့်သစ်များကို အကဲဖြတ်ရန် နေရာမရှိတော့ပေ။
"အစ်ကိုကြီး... ကျွန်မရဲ့ လျှောက်လွှာက ဘာလို့ အခုထိ ခွင့်ပြုချက် မကျသေးတာလဲ... တိကျတဲ့ အဖြေတစ်ခု ပေးလို့ ရမလား..."
လီစစ်ကျင်က ချစ်စရာကောင်းပြီးကြမ်းတမ်းသည့် ကျားပေါက်လေး တစ်ကောင်ကဲ့သို့ မကျေမနပ်ဖြင့် ပြောလိုက်သည်။
မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သော လီချင်းချိုးက ….
"ဘာလျှောက်လွှာလဲ..."
"ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေကို ရှာဖွေဖို့ ကိုးပြည်ထောင်နယ်မြေ အရပ်ရပ်ကို တပည့် တစ်စု လွှတ်ဖို့ စီစဉ်နေတာပါ... အရှင်ကျင်းက အစ်ကိုကြီးကို မပြောပြဘူးလား..."
"ဒီလို ကိစ္စမျိုးက ငါ့အာရုံစိုက်မှုကို လိုအပ်လို့လား..."
"ဒီတစ်ခေါက် တောင်အောက် ဆင်းရင် ပြန်လာဖို့ အချိန်အကြာကြီး ယူရမှာ သေချာတယ်... သူတို့ကို ဝိညာဉ်ချီ ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေ တပ်ဆင်ပေးဖို့ လိုတယ်... ဒါက ဂိုဏ်းအတွက် စွမ်းဆောင်ရည် တစ်ခုပဲလေ... ကျင့်ကြံရေးခန်းမကို အကုန်အကျ ခံခိုင်းလို့ မရဘူး မဟုတ်လား..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက မျက်လုံးများ ဖွင့်လိုက်ပြီး လီစစ်ကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်လေသည်။
သူ့အကြည့်အောက်တွင် လီစစ်ကျင်မှာ နေရခက်သွားပြီး မျက်လွှာချလိုက်သည်။ ယခင်က အရှိန်အဝါများ ပျောက်ကွယ်သွားပြီး ….
"ကျွန်မ မှားသွားလို့လား..."
"မမှားပါဘူး... မင်းရဲ့ ဘေးမှာ အကြံပေးနိုင်တဲ့ စွမ်းဆောင်ရည် ရှိတဲ့သူ တစ်ယောက် ရှိနေပုံ ရတယ်... ငါ ခွင့်ပြုတယ်... မင်းရဲ့ စတုတ္တအစ်မဆီ သွားပြီး ဆွေးနွေးလိုက်..."
"ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုကြီး!"
လီစစ်ကျင်က စိတ်လှုပ်ရှားစွာဖြင့် လီချင်းချိုးကို ဖက်လိုက်ပြီး ကျောကို ခပ်နာနာ ပုတ်ကာ အလျင်စလို ထွက်သွားတော့သည်။
လီချင်းချိုးက ရယ်စရာကောင်းသည်ဟု ထင်မြင်မိသလို အတော်လေး ကျေနပ်မိသည်။
လီစစ်ကျင်က ကျင့်ကြံရေးခန်းမအတွက် ပိုမို ကောင်းမွန်သော ခံစားခွင့်များကို စတင် တောင်းဆိုလာသည်ကို မြင်ရသဖြင့် သူမ အမှန်တကယ် ကြီးပြင်းလာပြီဖြစ်ကြောင်းနှင့် အနည်းဆုံးတော့ သူမ၏ စိတ်မှာ ယခင်ကလောက် ရိုးအ မနေတော့ကြောင်း လီချင်းချိုး သိလိုက်ရသည်။
ဤသည်ကို သူစိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ မည်သို့ပင်ဆိုစေ အခြားခန်းမများက တောင်အောက်သို့ ဆင်းသွားတိုင်း ထိုသို့သော အထောက်အပံ့များအတွက် သူ့ကို သို့မဟုတ် အရှင်ကျင်းကို တောင်းဆိုရလေ့ ရှိသည်။ အမှန်တကယ်တော့ ကျင့်ကြံရေးခန်းမမှာ ဂိုဏ်းအတွက် ပြဿနာ အနည်းဆုံး ပေးသော ခန်းမပင် ဖြစ်သည်။
သို့သော်လည်း လီချင်းချိုး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ချူကျင်းနှင့် လီစစ်ကျင်တို့တွေ ဆက်ဆံရေး အလွန် ကောင်းမွန်ကြသည်။ ချူကျင်း အာဏာရလာကတည်းက သူသည် ကျင့်ကြံရေးခန်းမအတွက် ရည်ရွယ်ချက် ရှိရှိဖြစ်စေ၊ မရှိဘဲဖြစ်စေ အရာရာကို ပိုမို လွယ်ကူအောင် ပြုလုပ်ပေးခဲ့သည်။ သူ့ရဲ့ အဆိုအရဆိုလျှင် သူ ချင်းရှောင်ဂိုဏ်းသို့ စတင် ဝင်ရောက်လာစဉ်က လီစစ်ကျင်က သူ့ကို လမ်းညွှန်ပေးခဲ့ပြီး လီစစ်ကျင်အပေါ် အလွန် ကောင်းမွန်သော အထင်အမြင် ရှိခဲ့သည်ဟု ဆိုပေသည်။
သေချာပေါက်ပင် အရေးအကြီးဆုံးမှာ လီစစ်ကျင်က သူ့သမီးနှင့် တူနေသဖြင့် သူမကို မြင်တိုင်း သူမကို ကျေနပ်အောင် လုပ်ပေးချင်စိတ် ဖြစ်မိသောကြောင့်ပင်။
ဒီတစ်ကြိမ်မှာ ချူကျင်းက လီစစ်ကျင်ရဲ့ တောင်းဆိုမှုကို ဘာလို့ သဘောမတူခဲ့တာလဲ။
ထိုညနေတွင် ချူကျင်းကို မေးရန် လီချင်းချိုး ဆုံးဖြတ်လိုက်သည်။
ညပိုင်းတွင်…….
ကျင့်ကြံခြင်းတွင် နတ်ဘုရားစွမ်းပကားကို တစ်ဝက်တစ်ပျက် လေ့ကျင့်ပြီးနောက် လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ စိတ်ကြည်လင်စွာဖြင့် ပြန်လာခဲ့ရာ ထိုနေရာတွင် ချူကျင်းက ယွမ်ချီ၊ ရှောင်ဝူချင်းတို့နှင့် ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
ဤသုံးဦးမှာ လီချင်းချိုး လက်အောက်တွင် အလုပ်လုပ်နေသော ခေါင်းဆောင်များ ဖြစ်နေပြီ ဖြစ်သည်။ ၎င်းတို့တွင် ကိုယ်ပိုင် အာဏာများ အသီးသီး ရှိကြပြီး တစ်ဦးနှင့်တစ်ဦး ရံဖန်ရံခါ ဆက်သွယ်လေ့ ရှိကြသည်။
လီချင်းချိုး ရောက်လာသည်ကို မြင်သောအခါ သူတို့အားလုံး ချက်ချင်း မတ်တပ်ရပ်၍ ဦးညွှတ်လိုက်ကြသည်။
လီချင်းချိုးက ဝင်ထိုင်လိုက်ပြီး တိုက်ရိုက် မေးလိုက်လေသည်။
"အရှင်ကျင်း... မင်း လီစစ်ကျင်ရဲ့ တောင်းဆိုချက်ကို ဘာလို့ ခွင့်မပြုခဲ့တာလဲ... ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ..."
ထိုစကားကို ကြားသောအခါ ယွမ်ချီနှင့် ရှောင်ဝူချင်းတို့ နှစ်ဦးစလုံးက ချူကျင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
ချူကျင်းက လုပ်ရပ်များတွင် သေချာ စေ့စပ်ပြီး သူ့ထံတွင် လေးစားစရာများ အများအပြား ရှိသည်။ ယခုအခါ သူတို့အားလုံးက ချူကျင်းထံမှ သင်ယူနေကြပြီး ဤကိစ္စတွင် ချူကျင်း အမှားလုပ်မိလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ကြပေ။
လီချင်းချိုးက လီစစ်ကျင်အပေါ် မည်မျှ ချစ်ခင်ကြောင်းကို ဘယ်သူက မသိဘဲ နေမည်နည်း။ သူမသည် လီချင်းချိုး၏ မျက်လုံးထဲက အိမ်မက်လေးဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပေ။
ချူကျင်းက ….
"ကျွန်တော်က လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းချင်ရုံ သက်သက်ပါ... တပည့်တွေကို တောင်အောက်ဆင်းဖို့ သူမကို နောက်မှ စီစဉ်ခိုင်းမလို့ပါ... မကြာသေးခင်က ဂိုဏ်းထဲမှာ ဝိညာဉ်ချီ ဆေးလုံးတွေ လိုအပ်ချက် မြင့်တက်လာနေတယ်... အကယ်၍ တပည့် တစ်စုကို တောင်အောက်ဆင်းဖို့ သူမကို စီစဉ်ခိုင်းလိုက်ရင် ဝိညာဉ်ချီ ဆေးလုံးတွေ ပြတ်လပ်သွားမှာကို ကျွန်တော် စိုးရိမ်လို့ပါ..."
ဤသည်က လီချင်းချိုးကို အံ့အားသင့်သွားစေသည်။
"ကျင့်ကြံရေးခန်းမက ဝိညာဉ်ချီ ဆေးလုံးတွေ ထုတ်လုပ်မှုက အတော်လေး မများဘူးလား..."
"တစ်ယောက်ယောက်က ဝိညာဉ်ချီ ဆေးလုံးတွေကို အမြောက်အမြား ဝယ်ယူနေလို့ပါ..."
"ဘယ်သူ့မှာ အဲဒီလောက် အာဏာရှိလို့လဲ...ဝိညာဉ်ချီ ဆေးလုံးဆိုတာ ငွေနဲ့ ဝယ်လို့ ရတာ မဟုတ်ဘူးလေ... တာအိုကံကြမ္မာလည်း လိုအပ်သေးတယ်..."
"ကျူးမိသားစုပါ..."
ထိုစကားကို ကြားပြီးနောက် လီချင်းချိုး ရှုပ်ထွေးမနေတော့ပေ။
ကျူးယန်၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ကျူးမိသားစုသည် ဂိုဏ်းအတွင်း အစွမ်းအထက်ဆုံး အင်အားစု ဖြစ်လာခဲ့သည်။ တပည့် အမြောက်အမြားမှတစ်ဆင့် ဝိညာဉ်ချီ ဆေးလုံးများကို ရယူရန် ၎င်းတို့တွင် သြဇာလွှမ်းမိုးမှု အမှန်တကယ် ရှိနေသည်။ မည်သို့ပင်ဆိုစေ တာအိုကံကြမ္မာကို လွှဲပြောင်း၍ မရသော်လည်း ပုဂ္ဂလိက ဖလှယ်မှုများမှတစ်ဆင့် ရယူနိုင်သည်။
အချို့သော ကဏ္ဍများတွင် ဂိုဏ်းကို စိန်ခေါ်နိုင်သည့် အဆင့်အထိ ကျူးမိသားစု အတင့်ရဲလာလိမ့်မည်ဟု လီချင်းချိုး မထင်မှတ်ထားခဲ့ပေ။
"ကျွန်တော့်ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ကျူးမိသားစုက လောကီနယ်ပယ်မှာ ပြဿနာတချို့နဲ့ ရင်ဆိုင်နေရတယ်... သူတို့က တိုက်ပွဲအတွက် ပြင်ဆင်ဖို့ ဝိညာဉ်ချီ ဆေးလုံးတွေ လိုအပ်နေတယ်... ဒါ့အပြင် ပြဿနာရဲ့ အဓိက အကြောင်းရင်းက ကျင့်ကြံရေးခန်းမမှာ တပည့် အလုံအလောက် မရှိလို့ သူတို့ကို စိန်ခေါ်ဖို့ အခွင့်အရေး မပေးနိုင်ခဲ့လို့လို့ ကျွန်တော် ထင်တယ်..."
ချူကျင်းက လေးနက်စွာ ပြောလိုက်မှသာ လီချင်းချိုး နားလည်သွားတော့သည်။
ဒါကြောင့် သူက ဒီကို ရောက်နေတာကိုး!
လီချင်းချိုးက သူ့ကို မျက်စောင်းခဲလိုက်ပြီး ….
"မင်း လီစစ်ကျင်ကို တပည့်တွေ တိုးချဲ့ဖို့ ကူညီချင်ရင်လည်း ပြောလိုက်လေ... ဘာလို့ ဒီလောက်ကွေ့ဝိုက်နေရတာလဲ..."
"သခင်... ကျွန်တော် လျှို့ဝှက်ကြံစည်တာ မဟုတ်ပါဘူး... ခန်းမတစ်ခုစီတိုင်းက သူ့သဘောနဲ့သူ လူသစ်စုဆောင်းတာကို တိုးချဲ့လို့ မရပါဘူး... လိုအပ်ချက် တစ်ခု ရှိရမယ်လေ... အကယ်၍ ကျူးမိသားစုသာ ဒီလို မလုပ်ခဲ့ဘူးဆိုရင် ကျင့်ကြံရေးခန်းမအနေနဲ့ တပည့်တွေကို တိုးချဲ့ စုဆောင်းဖို့ လိုအပ်မှာ မဟုတ်ဘူးလေ..."
ယွမ်ချီနှင့် ရှောင်ဝူချင်းတို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။
ဒီလိုတောင် ဖြစ်နိုင်လို့လား။
ချူကျင်း အမှားလုပ်မိသည်ဟု ၎င်းတို့ ထင်ခဲ့သော်လည်း ဤသို့ ကြည့်မည်ဆိုလျှင် ချူကျင်းက လီစစ်ကျင်အတွက် လုံးဝ လုပ်ဆောင်ပေးနေခြင်း ဖြစ်ပြီး ၎င်းမှာ လီချင်းချိုး၏ ဆန္ဒနှင့် သေချာပေါက် ကိုက်ညီပေလိမ့်မည်။
လီချင်းချိုးက တစ်ခဏမျှ စဉ်းစားပြီးနောက် ….
"ကျင့်ကြံရေးခန်းမကို တပည့် ငါးဆယ် ထပ်စုဆောင်းခိုင်းလိုက်ပါ..."
"ဂိုဏ်းချုပ်က ပညာရှိလှပါတယ်!"
ချူကျင်းက ချက်ချင်း ပြောလိုက်သော်လည်း တရားဝင် ကိစ္စများတွင်မူ သူက လီချင်းချိုးကို "ဂိုဏ်းချုပ်" ဟုသာ ခေါ်ဆိုလေ့ ရှိသည်။
လီချင်းချိုးက လီစစ်ကျင်ကို ရာထူးတိုးပေးရန် အခွင့်အရေး တစ်ခု အမှန်တကယ် ရှာဖွေနေခဲ့ခြင်း ဖြစ်ပြီး ဤအခွင့်အရေးက အချိန်ကောင်းတွင် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အခြား ခန်းမများက ကျင့်ကြံရေးခန်းမအပေါ် မည်သည့် ကန့်ကွက်မှုမျှ ရှိမည်မဟုတ်သည်မှာ သေချာပြီး အလွန်ဆုံး ကျူးမိသားစုအပေါ်သာ မကျေမနပ် ဖြစ်ကြပေလိမ့်မည်။
လူတွေက ကျူးမိသားစုကို မကျေမနပ် ဖြစ်နေတာ ကောင်းပါတယ်... အဲဒါက ကျူးမိသားစုကို ပိုပြီး ကန့်သတ်ချက်တွေ ရှိလာစေတယ်လေ...
"ကျူးမိသားစုက တကယ်ပဲ စည်းကျော်သွားတာဆိုတော့ သူတို့ကို သတိပေးဖို့တော့ လိုသေးတယ်... အရှင်ကျင်း... ဒီလိုမျိုး ထပ်ဖြစ်လာပြီး မင်း ချက်ချင်း မဖြေရှင်းဘူးဆိုရင် မင်းရဲ့ အကြောင်းပြချက်တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်..."
လီချင်းချိုးက လေးနက်စွာ ပြောလိုက်ရာ ထိုစကားကိုကြားသောအခါ ချူကျင်းက ချက်ချင်း ကတိပေးလိုက်သည်။
ဤသည်မှာ ယွမ်ချီနှင့် ရှောင်ဝူချင်းတို့ မြင်တွေ့စေရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယွမ်ချီနှင့်ရှောင်ဝူချင်းတို့ နှစ်ဦးမှတစ်ဆင့် ဂိုဏ်းတစ်ခုလုံးကို လီချင်းချိုး၏ အတွေးများကို ဖော်ပြရန်လည်း ဖြစ်သည်။
သေချာပေါက်ပင် သီးသန့် အချိန်များတွင် လီချင်းချိုးနှင့် ချူကျင်းတို့တွင် ထိုမျှလောက် လျှို့ဝှက် အကြံအစည်များ မရှိကြပေ။
ချူကျင်းမှာ လီချင်းချိုး၏ ဓားဝိညာဉ် ဖြစ်နေပြီ ဖြစ်ရာ သူသည် ချူကျင်းကို မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ထို့အပြင် တာအိုမျိုးဆက် မျက်နှာပြင်တွင် ပြသနေသော သစ္စာရှိမှုကြောင့် ချူကျင်း သူ့ကို သစ္စာဖောက်မည်ကို စိုးရိမ်စရာ မလိုချေ။
ထို့နောက် လီချင်းချိုး မတ်တပ်ရပ်၍ ထွက်သွားရာ ၎င်းတို့ သုံးဦးမှာ ဂိုဏ်းအတွင်းရှိ ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးရန် ကျန်ရစ်ခဲ့ကြသည်။
………
ဇွန်လတွင် ကျောက်ကျိန်းနှင့် ရှန်ယွဲ့တို့ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားကြသည်။ ထိုသတင်း လီချင်းချိုးထံ ရောက်လာသောအခါ တပည့်များအားလုံး သိရှိစေရန် သတိပေးချက်တစ်ခု ကပ်ထားရန် ယွမ်ချီကို ချက်ချင်း ညွှန်ကြားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ထိုနှစ်ဦးက ဂိုဏ်းအတွင်း ချီလည်ပတ်ခြင်း လေထုကို ပြန်လည် နိုးကြားလာစေခဲ့သည်။
ကျောက်ကျိန်း မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိသွားခြင်းက လီချင်းချိုးအတွက် သိပ်မအံ့သြစရာ မဟုတ်ပေ။ လောလောဆယ်တွင် ကျောက်ကျိန်းက အရူးအမူး ကျင့်ကြံနေပြီး လီချင်းချိုး မခေါ်သရွေ့ ကျင့်ကြံခြင်းဂူထဲမှ ထွက်လာမည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အားဖြင့် ရှန်ယွဲ့ကတော့ လီချင်းချိုး နားမလည်နိုင်သော သူတစ်ဦး ဖြစ်နေသည်။
ရှန်ယွဲ့မှာ ထူးချွန်သော ကျင့်ကြံမှု ပါရမီ ရှိသော်လည်း ဤကျင့်ကြံမှု အမြန်နှုန်းမှာ လွန်ကဲလွန်းလှသည်။ ၎င်းမှာ အထူးချွန်ဆုံး ပါရမီရှိသော ကျောက်ကျိန်းနှင့်ပင် နီးပါး လိုက်မီနေပြီ ဖြစ်၏။
ထို့ကြောင့် လီချင်းချိုးက အကြောင်းရင်းကို မေးမြန်းရန် ရှန်ယွဲ့ကို မခေါ်ဘဲ မနေနိုင်တော့ပေ။
"အဲဒါက ကျွန်တော့်ရဲ့ ဓားဝိညာဉ်နဲ့ ဓားဆန္ဒတို့နဲ့ သက်ဆိုင်ပါတယ်... ဓားဝိညာဉ်ထဲကို ဓားဆန္ဒတွေ ထည့်လိုက်တဲ့အတွက် ကျင့်ကြံတဲ့အခါ ဓားဝိညာဉ်ကလည်း အတူတူ ကျင့်ကြံနိုင်ပါတယ်... သူ စုပ်ယူလိုက်တဲ့ ချီတွေက မူလချီ အဖြစ် ပြောင်းလဲသွားပြီး ကျွန်တော့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာပါ..."
ရှန်ယွဲ့က လီချင်းချိုး၏ ရှေ့တွင် ဝင်ထိုင်လိုက်ပြီး လ္ဘက်ရည်ပူပူ တစ်ခွက်ကို ကောက်ယူကာ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းပင်။
ဘုရားရေ!
ဒါက လိမ်တာနဲ့ ဘာကွာလို့လဲ….
မင်းကိုယ်မင်း သီးခြား ကျင့်ကြံရေး လှည့်ကွက်တစ်ခု ဖန်တီးချင်နေတာလား….
ဤသည်မှာ ဓားလမ်းစဉ် အရှင်သခင်နှင့် ကောင်းကင်အောက် နံပါတ်တစ်ကံကြမ္မာတို့မှ ရရှိသော အပိုဆုကြေးများနှင့်အတူ ရှန်ယွဲ့၏ ဓားသိုင်းပညာ နားလည်သဘောပေါက်နိုင်စွမ်းမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလှသည်။ အခြားသူများအနေနှင့် အောင်မြင်ရန် မဆိုထားနှင့်၊ လုပ်ဆောင်ရန်ပင် မစဉ်းစားနိုင်ကြချေ။
လီချင်းချိုးက ရှန်ယွဲ့၏ ကိုယ်ရေးအချက်အလက်ကို ထပ်မံ စစ်ဆေးကြည့်လိုက်မိသည်။
【ကောင်းကင်အောက် နံပါတ်တစ် -သေမျိုးနယ်ပယ်တွင် ကောင်းကင်အောက် နံပါတ်တစ် ဟူသော ဂုဏ်ပုဒ်ကို ရရှိခြင်း၊ ကောင်းကင်နှင့် မြေကြီးထံမှ ဉာဏ်အလင်းပွင့်မှု ရရှိခြင်း၊ ဓားဆန္ဒ၏ အသွင်ပြောင်းလဲမှုကို ဖြတ်သန်းရခြင်း၊ စစ်မှန်သော ကောင်းကင်အောက် နံပါတ်တစ် ဖြစ်လာခြင်း။ မသေမျိုးနယ်ပယ်တွင် ကျင့်ကြံသော ကောင်းကင်အောက် နံပါတ်တစ် ဖြစ်လာပါက မိမိ၏ ဓားဆန္ဒနှင့် ဓားလမ်းစဉ်...】
နားလည်သဘောပေါက်နိုင်စွမ်းမှာ နောက်ထပ် အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းရမည် ဖြစ်သည်။
ရှန်ယွဲ့သည် သေမျိုးနယ်ပယ်တွင် ကောင်းကင်အောက် နံပါတ်တစ် ဖြစ်နေပြီ ဖြစ်ခြင်းက ဓားဆန္ဒကို ဤအဆင့်အထိ ရောက်ရှိစေခဲ့ပြီး ဖြစ်သည်။ မသေမျိုးနယ်ပယ်ကို ကျင့်ကြံသော ကောင်းကင်အောက် နံပါတ်တစ် ဖြစ်လာသည်နှင့် တစ်ပြိုင်နက် သူ့ရဲ့ ဓားဆန္ဒနှင့် ဓားလမ်းစဉ်တို့မှာ ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ တစ်ယောက်ယောက်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ။
ဒီအဘိုးကြီးရဲ့ အလားအလာတွေကို အပြည့်အဝ အသုံးမချရသေးဘူး... တကယ်ကို မယုံနိုင်စရာပဲ!
ရှန်ယွဲ့အပေါ် လီချင်းချိုး၏ အမြင် ပြောင်းလဲသွားပြီး တစ်ချိန်တည်းမှာပင် စိတ်ဝင်စားသွားသည်။
"ငါ့ကို သင်ပေးမလား..."
"ကောင်းပြီလေ!"
ရှန်ယွဲ့က နှုတ်ခမ်းတွင် အပြုံးတစ်ခုနှင့်အတူ အလွယ်တကူ သဘောတူလိုက်သည်။
နောက်ဆုံးတော့ လီချင်းချိုးကို သင်ပေးရမယ့် အလှည့် ရောက်လာပြီပေါ့!
သူ အရမ်း ပျော်သွားသည်။ အကယ်၍ လီချင်းချိုးသာ ထိုနေရာတွင် မရှိခဲ့လျှင် သူ သေချာပေါက် ရယ်မောပြီးကခုန်နေမည်မှာ အသေအချာပင်။
ထို့ကြောင့် ရှန်ယွဲ့က ဓားဝိညာဉ်၏ ကျင့်ကြံရေး နည်းလမ်းကို စတင် သင်ကြားပေးတော့သည်။
သို့သော်လည်း မွေးရာပါ ဓားစွဲလန်းခြင်းကံကြမ္မာကို ပိုင်ဆိုင်ထားသော လီချင်းချိုးမှာ ၎င်းကို နားမလည်နိုင်ဖြစ်နေသည်။
ဓားဆန္ဒ တစ်ခုကို ထည့်သွင်းလိုက်တဲ့အခါ ဓားဝိညာဉ်က ဘာလို့ အလိုအလျောက် ကျင့်ကြံနိုင်ရတာလဲ။
သူသာ မသိခဲ့ရင် ရှန်ယွဲ့က သူ့ရဲ့ စရိုက်ကြောင့် မသင့်တော်တဲ့ အရာတွေကို သင်ပေးနေတယ်လို့တောင် သံသယဝင်မိတော့မယ်။
ဓားသိုင်းပညာတွင် သူနှင့် ရှန်ယွဲ့ကြားတွင် ကွာဟချက် တစ်ခု ရှိနေကြောင်း ဝန်ခံရပေတော့မည်။
ဒါပေမဲ့ ကိစ္စမရှိပါဘူး... ငါ့မှာအကြိမ်တစ်ထောင် သန့်စင်ခြင်းကံကြမ္မာရှိသေးတာပဲ!
လီချင်းချိုးက ရှန်ယွဲ့ကို ဘေးသို့ ခေါ်သွားပြီး သူ့ကို ကိုယ်တိုင် သင်ကြားပေးရန် တောင်းဆိုလိုက်၏။
***