ချူကျင်း၏ စကားများက ကျန်းယွီချွန်းကို ဖျောင်းဖျနိုင်သော်လည်း လီချင်းချိုးကိုတော့ မရချေ။
လီချင်းချိုးက ချူကျင်းကို တစ်ချက် ကြည့်လိုက်ပြီး …..
"အကယ်၍ စစ်ဖုန်း ဧကရာဇ် ဖြစ်လာမယ်ဆိုရင် ချင်းရှောင်ဂိုဏ်းအတွက် တကယ်ပဲ အကျိုးရှိပါလိမ့်မယ်... ဒါပေမဲ့ ကျူရှန်း ဧကရာဇ် ဖြစ်လာတာက ငါတို့အတွက် မကောင်းဘူးလို့ မင်း သေချာ ပြောနိုင်လို့လား..."
ချူကျင်းက လီချင်းချိုး၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ထပ်မံ၍ မပြောရဲတော့ချေ။
လီချင်းချိုး၏ အကြည့်က ကျန်းယွီချွန်းထံသို့ ရောက်ရှိသွားပြီး….
"အကယ်၍ ကျူရှန်းက မင်းတို့ သူ့ကို မထောက်ပံ့ခင်က သေသွားခဲ့မယ်ဆိုရင်တော့ ဖြစ်ချင်သလို ဖြစ်ပါစေပေါ့... ဒါပေမဲ့ သူက မင်းတို့ ထောက်ပံ့ပြီးမှ သေသွားတာဆိုတော့ သူ့နောက်ကွယ်က လူတွေရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် မင်းက ချင်းရှောင်ဂိုဏ်းကို ကိုယ်စားပြုနေတာ... ဒီလုပ်ရပ်က ချင်းရှောင်ဂိုဏ်းကို ပါးရိုက်လိုက်တာပဲ..."
ကျန်းယွီချွန်းက ချီတုံချတုံ ဖြစ်နေပြီး….
"အဲဒါ မှန်ပေမဲ့... ကျွန်တော်တို့က နောက်ကွယ်က လူတွေနဲ့ တိုက်ရိုက် စာရင်းရှင်းလို့ မရဘူးလေ... ကျူရှန်းက ချင်းရှောင်ဂိုဏ်းရဲ့ အဖွဲ့ဝင်မှ မဟုတ်တာ..."
"ငါက တာအို သဘောတရားကို နားလည်ဖို့ လိုတာ မဟုတ်ဘူး... သူတို့က ငါ့အပေါ် သူတို့ရဲ့ ရည်ရွယ်ချက်တွေကို သက်သေပြဖို့ လိုတာ..."
လီချင်းချိုး၏ စကားများမှာ လွှမ်းမိုးနိုင်ပြီး မေးခွန်းထုတ်စရာ မလိုချေ။
"ကျူရှန်း ဘာလို့ သေရလဲဆိုတာကို သေချာ စုံစမ်းပါ... အကယ်၍ လီမိသားစုနဲ့ ပတ်သက်နေရင် လီတာ့ကို ပြန်ခေါ်လာခဲ့..." ဟု လီချင်းချိုးက တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ကျန်းယွီချွန်းက တစ်ခဏမျှ နှုတ်ဆိတ်နေပြီးနောက် အမိန့်ကို လက်ခံလိုက်သည်။
"အကယ်၍ တကယ်ပဲ အဲဒီလို ဖြစ်နေရင် ဆဋ္ဌမဂျူနီယာညီလေးကို ထီးနန်းဆက်ခံခွင့် ပေးသင့်သေးလား..."
ကျန်းယွီချွန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်ခြင်းပင်။
"အကယ်၍ သူ ဆန္ဒရှိတယ်ဆိုရင်လည်း ဖြစ်ပါစေ... အကယ်၍ သူ ဆန္ဒမရှိဘူးဆိုရင်တော့ ဖရိုဖရဲ အခြေအနေတွေကို ရှင်းလင်းပြီး ဒီလောကကြီးကို အဆုံးသတ်ဖို့ သူ့ကို ကူညီပေးနိုင်မယ့် သီလနဲ့ ကရုဏာ ရှိတဲ့ နယ်စားပယ်စား အသစ်တစ်ယောက်ကို ရွေးလိုက်..."
လီချင်းချိုး၏ အဖြေကြောင့် ချူကျင်း စိတ်ထဲတွင် အံ့အားသင့်သွားတော့သည်။
အာဏာရှင်သည် လီမိသားစု ပြုလုပ်ခဲ့သော ကောင်းမှုများကို လက်ခံပြီးနောက် ၎င်းတို့ကို သတိပေးချက်တစ်ခု ပေးချင်နေပြန်သည်။
သူ ဧကရာဇ် မဖြစ်လာခဲ့တာ တကယ် နှမြောစရာပဲ….
ကျန်းယွီချွန်းနှင့်ချုကျင်းတို့ ချက်ချင်း မတ်တပ်ရပ်၍ ဦးညွှတ်ကာ ထွက်ခွာသွားကြတော့သည်။
ထို့နောက် လီချင်းချိုးက ကျောက်ကုတင်ပေါ်သို့ ပြန်သွားပြီး ဆက်လက် ကျင့်ကြံနေ၏။
...
ကျူရှန်း၏ သေဆုံးမှုက လောကကြီးကို တုန်လှုပ်သွားစေခဲ့ပြီး ပတ်ဝန်းကျင် ပြည်နယ် သုံးခုမှ ပြည်သူများမှာ အနာဂတ်နှင့် ပတ်သက်၍ အကြောက်တရားများနှင့် မသေချာမရေရာမှုများဖြင့် ပြည့်နှက်နေကြသည်။
အခြားသော နယ်စားပယ်စားများက ဤအခွင့်အရေးကို အသုံးချ၍ ပြဿနာ မရှာခဲ့ကြဘဲ လောကကြီးမှာ ထူးဆန်းသော ငြိမ်းချမ်းမှုတစ်ခုသို့ ကျရောက်သွားခဲ့သည်။ စစ်ပွဲများ မရှိခဲ့သော်လည်း နှစ်ပေါင်းများစွာကြာ မငြိမ်မသက် ဖြစ်မှုများကြောင့် နေရာအနှံ့အပြားတွင် ဓားပြများ သောင်းကျန်းနေကြပြီး ပြည်သူများမှာ ငြိမ်းချမ်းမှု မရရှိသေးချေ။
ကုကျိုးနယ်မှာ လောကကြီးတွင် အငြိမ်းချမ်းဆုံး နေရာအဖြစ် သတ်မှတ်ခံထားရသည်။ ချင်းရှောင်ဂိုဏ်း ကြီးထွားလာသည်နှင့်အမျှ တုန်းလင်းစီရင်စုနှင့် နန်ချူစီရင်စုတို့ကလည်း ချင်းရှောင်ဂိုဏ်း၏ အကာအကွယ်ကို စတင် လက်ခံလာကြသည်။ လူများ ပိုမိုများပြားစွာ ဤပြည်နယ် သုံးခုသို့ ဝင်ရောက်လာကြသဖြင့် ၎င်းတို့မှာ ဖရိုဖရဲ ခေတ်နှင့် လုံးဝ ကွဲပြားခြားနားသော လောကတစ်ခုတွင် ရောက်နေသကဲ့သို့ ကြီးပွားချမ်းသာလာကြသည်။
ဒီဇင်ဘာလတွင် နှင်းထုကြီးများက ထိုက်ခွန်းတောင်တန်းကို ဖုံးလွှမ်းသွားပြီး လောကကြီးကို ကျယ်ပြောလှသော အဖြူရောင် အဖြစ်သို့ ပြောင်းလဲသွားစေသည်။
ဒီနေ့ မနက်ပိုင်းတွင်...
ချင်းရှောင်ဂိုဏ်း တပည့် လူငယ်တစ်ဦးက တောင်ပေါ်သို့ အခေါင်းတစ်ခုကို သယ်ဆောင်လာခဲ့သည်။ သူသည် ချင်းရှောင်ဂိုဏ်း၏ ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် လမ်းတစ်လျှောက်ရှိ တပည့်များက သူ့ကို မတားဆီးခဲ့ကြဘဲ သူ့ကို ကြည့်ကာ ၎င်းတို့အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
အကဲခတ်တတ်သော အမျိုးသားက ချင်းရှောင်တောင်၏ တောင်ထိပ်သို့ တည်ငြိမ်စွာ လျှောက်သွားနေပြီး အခေါင်း၏ ထောင့်များ လှေကားထစ်များနှင့် မထိမိစေရန် ကျောကို ကုန်းထားသည်။
"ညီလေး... အကူအညီ လိုအပ်လား..."
စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အစောင့်တစ်ဦး သူ့ကို တားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
သို့သော်လည်း အခေါင်းသယ်လာသော တပည့်က သူ့ကို လျစ်လျူရှုကာ သူ့ကို ဖြတ်ကျော်၍ တောင်ပေါ်သို့ ဆက်လက် လျှောက်သွားလေသည်။
ဂိုဏ်းတွင် တောင်ပေါ်သို့ အခေါင်း သယ်ဆောင်ခြင်းကို တားမြစ်ထားသော စည်းမျဉ်း မရှိချေ။စည်းကမ်းထိန်းသိမ်းရေးခန်းမ တပည့်ကပင် ၎င်းကို အလွယ်တကူ မတားဆီးနိုင်ပေ။
စူးစမ်းလိုစိတ် ရှိသော ကြည့်ရှုသူများစွာက နောက်မှ လိုက်ပါလာကြပြီး ဤအခေါင်းသယ်လာသော တပည့်က မည်သူ့ကို သွားရှာမည်ကို မြင်တွေ့ချင်နေကြသည်။
ဂိုဏ်းထဲက တစ်ယောက်ယောက်က သူငယ်ချင်းတွေကို အန္တရာယ် ပေးနေတာ ဖြစ်နိုင်မလား။
အကယ်၍ အဲဒီလိုဆိုရင်တော့ ဒါက ကြီးမားတဲ့ ကိစ္စပဲ!
ချင်းရှောင်ဂိုဏ်းတွင် ဂိုဏ်းတူ ညီအစ်ကိုများကို အန္တရာယ် ပေးခြင်းမှာ မည်သည့် ပုံစံဖြင့် ဖြစ်စေ အကြီးမားဆုံးသော အပြစ်ပင် ဖြစ်သည်။
ထိုတပည့်က အခေါင်းကို သယ်ဆောင်၍ ခြံဝင်းများကို ဖြတ်သန်းကာ စည်းကမ်းထိန်းသိမ်းရေးခန်းမကိုပင် ကျော်လွန်သွားသော်လည်း စည်းကမ်းထိန်းသိမ်းရေးခန်းမအတွင်းသို့ မဝင်ရောက်ခဲ့သဖြင့် တပည့်များမှာ ပို၍ပင် စူးစမ်းချင်စိတ် ဖြစ်လာကြသည်။
တောင်ခြေမှနေ၍ စည်းမျဉ်းခန်းမကို ဖြတ်သန်းသွားရန် သူ့အတွက် နှစ်နာရီ အချိန်ယူခဲ့ရသည်။ ထိုလုပ်ရပ်များမှာ ဂိုဏ်းတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပြီး အချို့သော တပည့်များက ဓားပျံစီးကာ အခြား တောင်ထိပ်များသို့ သတင်း သွားပို့ကြသည်အထိပင်။
စည်းမျဉ်းခန်းမကို ဖြတ်သန်းသွားပြီးနောက် သူက ရပ်တန့်မည့် အရိပ်အယောင် မပြသေးသဖြင့် တပည့်များစွာကို ရပ်တန့်သွားစေခဲ့သည်။
ဤသူသည် ဂိုဏ်းချုပ်ကို သွားရှာမည် ဖြစ်ကြောင်း သဘောပေါက်သွားကြ၏။
ဂိုဏ်းချုပ်ဆီ သွားဖို့ လိုအပ်လောက်တဲ့အထိ ဘယ်လို မတရားမှုမျိုး ရှိနေလို့လဲ။
အခေါင်းထဲက လူကို သတ်လိုက်တဲ့ လူသတ်သမားက ဂိုဏ်းရဲ့ အထက်တန်း အရာရှိ တစ်ယောက် ဖြစ်နေပြီး ဂိုဏ်းချုပ်ကပဲ တရားမျှတမှုကို ရှာဖွေပေးနိုင်လို့ ဖြစ်နိုင်မလား။
ထိုတပည့်က လင်းရှောင်ခြံဝင်းရှေ့ရှိ လှေကားထစ်များသို့ ရောက်ရှိလာသောအခါ အခေါင်းကိုထမ်းလျှက်နှင့်ပင် ဒူးထောက်ချလိုက်လေသည်။
ထိုစဉ် တပည့်တစ်ဦး လျှောက်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မင်း ဘာလိုချင်တာလဲ..."
သူက ယွမ်ချီအတွက် အလုပ်လုပ်ပေးပြီး ဂိုဏ်းချုပ်ကို တွေ့ချင်သူများကို လက်ခံရန် အနီးအနားတွင် နေလေ့ ရှိသူပင်။
အခေါင်းကို သယ်ထားသော တပည့်က …
"တပည့် လျူကျင်းက ဂိုဏ်းချုပ်နဲ့ တွေ့ခွင့် တောင်းပါတယ်!"
"မင်း ကျောပေါ်က အခေါင်းက..."
"ကျွန်တော့် မိခင်ရဲ့ အလောင်းပါ..."
လျူကျင်း၏ စကားများကို ကြားသောအခါ လာမေးသော တပည့်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး လှေကားထစ်များပေါ်သို့ အလျင်အမြန် လျှောက်သွားစဉ် သူ့ကို စောင့်နေရန် ချက်ချင်း ပြောလိုက်သည်။
အကယ်၍ တပည့်တစ်ဦးက မကျေနပ်ချက် တစ်ခုခု ရှိပါက ၎င်းတို့၏ လူမှုအဆင့်အတန်းကို မခွဲခြားဘဲ သူ့ကို တွေ့ဆုံနိုင်ကြောင်း လီချင်းချိုးက ညွှန်ကြားထားခဲ့ဖူးသည်။
ပေအနည်းငယ် အကွာတွင် အတွင်းစည်း တပည့်များနှင့် ၎င်း၏ အထက်တန်း အရာရှိများ စတင် စုရုံးလာကြသည်။ လျူကျင်းက မိခင်၏ အလောင်းကို သယ်ဆောင်လာကြောင်း ကြားရသောအခါ ပြဿနာ တက်မည်ကို စိုးရိမ်သဖြင့် မည်သူမျှ အနားသို့ မကပ်ရဲကြချေ။
ချိုင်ယွင်ရှန်းလည်း ရောက်လာပြီး သူမက လျူကျင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသော်လည်း စကားမပြောခဲ့ပေယ
တစ်ဖက်လူက စည်းကမ်းထိန်းသိမ်းရေးခန်းမကို ကျော်လွန်၍ လီချင်းချိုးနှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ခြင်းမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ တာဝန်ပျက်ကွက်မှု တစ်ခု ဖြစ်ကြောင်း သေချာသော်လည်း တစ်ဖက်လူက ထိုသို့ လုပ်ဆောင်ခဲ့ပြီး ဖြစ်ရာ သူမ တားဆီး၍ မရနိုင်တော့ချေ။
သူမ၏ နှာခေါင်းအောက်တွင် မိခင်ကို လူသတ်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို ဘယ်သူက လုပ်ရဲသလဲဆိုတာကို သူမ မြင်တွေ့ချင်နေသည်။
မကြာမီမှာပင် သတင်းပို့သူ တပည့်က လင်းရှောင်ခြံဝင်းမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာပြီး လျူကျင်းအနားသို့ ချဉ်းကပ်ကာ….
"ဂိုဏ်းချုပ်က မင်းကို တွေ့ဖို့ သဘောတူလိုက်ပြီ... လာ... ငါ ကူသယ်ပေးမယ်..."
လျူကျင်း၏ မိခင် သေဆုံးသွားကြောင်း ကြားရသောအခါ သတင်းပို့သူ တပည့်သည်လည်း သူ့အပေါ် အလိုအလျောက် သနားစိတ် ဖြစ်ပေါ်လာခဲ့သည်။
"မလိုပါဘူး... ကျေးဇူးတင်ပါတယ်..."
လျူကျင်းက သူ့ကို ပြုံးပြလိုက်ပြီးနောက် အခေါင်းကို လှေကားထစ်များပေါ်သို့ သယ်ဆောင်သွား၏။ သူ့ရဲ့ တုန်ယင်နေသော ပုံရိပ်ကို ကြည့်ရင်း လူတိုင်း စိတ်လေးလံသွားကြသည်။
သတင်းပို့သူ တပည့်က သူ့ကို လင်းရှောင်ခြံဝင်း၏ တံခါးဝအထိသာ ခေါ်ဆောင်သွားပေးပြီး လျူကျင်းတယောက်တည်းသာ ခြံဝင်းထဲဝင်သွားခဲ့သည်။
လျူကျင်းက ခြံဝင်း၏ အလယ်ဗဟိုတွင် ရပ်နေသော လီချင်းချိုး၏ ကျောပြင်ကို မြင်လိုက်ရတော့ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ခြံဝင်းအတွင်းသို့ ဝင်ရောက်ရန် သတ္တိမွေးလိုက်သည်။
သူက လီချင်းချိုး၏ နောက်သို့ လျှောက်သွားကာ ဒူးထောက်၍ ဦးညွှတ်လိုက်ပြီး….
"တပည့် လျူကျင်း... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်..."
လီချင်းချိုး လှည့်ကြည့်လိုက်သော်လည်း အခေါင်းကို ချရန် သူ့ကို မကူညီခဲ့ပေ။
"မင်းရဲ့ မိခင်ကို အောက်ချလိုက်ပါ... သူ့ကို ထပ်ပြီး ဒုက္ခမခံစေနဲ့တော့..."
လီချင်းချိုး၏ အကြည့်များ တည်ငြိမ်နေသဖြင့် သူ ဘာတွေးနေသည်ကို မသိနိုင်ချေ။
လျူကျင်းက ညွှန်ကြားသည့်အတိုင်း ချက်ချင်း လုပ်ဆောင်လိုက်သော်လည်း အခေါင်းကို အောက်ချလိုက်စဉ် လက်မောင်းများက တုန်ယင်နေပြီး ပြင်းထန်စွာ ပြုတ်ကျသွားမည်ကို စိုးရိမ်နေသလိုပင်။
အခေါင်းကို ချပြီးနောက် လျူကျင်းက လီချင်းချိုးကို မော့ကြည့်လိုက်သည်။ လီချင်းချိုး၏ အကြည့်နှင့် ရင်ဆိုင်ရသောအခါ လီချင်းချိုးက သူ့ အတွေးအားလုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ နေရခက်သွားသည်။
သူက ကြောက်လန့်နေသော်လည်းအားတင်းပြီး…
" ဂိုဏ်းချုပ်.ကျေးဇူးပြုပြီး.. ကျွန်တော့်အတွက်၊ ပြီးတော့ လောကကြီးအတွက် ရပ်တည်ပေးပါ!"
လီချင်းချိုးက သူ့ကို ကြည့်၍ …
"ငါတို့ ဘယ်လို ဆုံးဖြတ်ချက် ချသင့်လဲ..."
လျူကျင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး…..
"အကယ်၍ ဂိုဏ်းက လောကကြီးရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိဘူးဆိုရင် လောကကြီးကို အမြန်ဆုံး ငြိမ်းချမ်းရေး ပြန်လည် ဆောင်ကြဉ်းပေးဖို့ ပညာရှိတဲ့ အုပ်စိုးသူ တစ်ယောက်ကို ရွေးချယ်သင့်ပါတယ်... ပညာရှိတဲ့ အုပ်စိုးသူ တစ်ယောက်တည်းနဲ့ မလုံလောက်ပါဘူး... ကျွန်တော်တို့ နှစ်ယောက် ဒါမှမဟုတ် သုံးယောက်တောင် လိုအပ်ပါတယ်..."
လီချင်းချိုးက စိတ်ဝင်စားသွားပြီး….
"ကိုးပြည်ထောင်နယ်မြေကို ခွဲထွက်စေချင်တာလား..."
"မဟာလီမင်းဆက် ပြိုကွဲသွားရတဲ့ အကြောင်းရင်းက ကျောက်ကျိရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့်သာမက လောကကြီးက အရမ်း ကျယ်ပြောလွန်းလို့လည်း ဖြစ်ပါတယ်... အင်ပါယာ အာဏာက ဒေသအသီးသီးကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး... ချင်းရှောင်ဂိုဏ်းရဲ့ အစီအရင်နဲ့ မှော်ပစ္စည်းတွေ နောက်တစ်ဆင့်ကို မတိုးတက်လာမချင်း လက်ရှိ ကိုးပြည်ထောင်နယ်မြေက ပေါင်းစည်းဖို့ မသင့်တော်ပါဘူး... အဲဒီအချိန်ကျမှသာ လောကကြီးက ပေါင်းစည်းဖို့ သင့်တော်ပါလိမ့်မယ်... လောကကြီးက အရမ်း ကျယ်ပြောလွန်းလို့ နယ်စားပယ်စားတွေက အမြဲတမ်း တိုက်ခိုက်နေကြပြီး ဖရိုဖရဲ ဖြစ်နေတဲ့ လောကကြီးကို အချိန်အကြာကြီး အဆုံးမသတ်နိုင်ခဲ့တာပါ..."
"လောကကြီးကို ပေါင်းစည်းတာက ပိုကြာရှည်တဲ့ ငြိမ်းချမ်းရေးအတွက်လို့ တချို့က ပြောကြပေမဲ့ ကိုးပြည်ထောင်နယ်မြေ အပြင်ဘက်မှာ တခြား မင်းဆက်တွေ ရှိပါသေးတယ်... အာဏာရှင် စနစ်အောက်မှာ ဖရိုဖရဲ အခြေအနေတွေထက် ပိုမှောင်မိုက်တဲ့ နှစ်တွေ ရှိလာပါလိမ့်မယ်... လုံးဝ ကောင်းမွန်တဲ့ အစီအစဉ်ဆိုတာ မရှိပါဘူး... သင့်တော်တဲ့ အစီအစဉ်ပဲ ရှိပါတယ်... ဒီနေ့ လောကကြီးက မဟာလီမင်းဆက် ပေါ်ထွက်လာဖို့ မသင့်တော်ပါဘူး... မင်းဆက် နှစ်ခု အတူယှဉ်တွဲ နေထိုင်တာ ဒါမှမဟုတ် မင်းဆက် သုံးခု တြိဂံ အချိုးအစားနဲ့ ရပ်တည်နေတာက ပိုကောင်းပါလိမ့်မယ်... ဒီနည်းအားဖြင့် အင်ပါယာ အာဏာက ဒေသအသီးသီးကို ပိုမို လျင်မြန်စွာ အုပ်ချုပ်နိုင်ပြီး ချင်းရှောင်ဂိုဏ်းက အခြေအနေကို ထိန်းညှိပေးနိုင်ပါတယ်... လောကကြီးက ငြိမ်းချမ်းနေဦးမှာပါပဲ... ဒါ့အပြင် ဒီနည်းအားဖြင့် မင်းဆက်တွေက တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းနိုင်ပါတယ်..."
လျူကျင်း၏ အကြံပြုချက်က လီချင်းချိုးကို စိတ်ဝင်စားသွားစေသည်။
ပေါင်းစည်းခြင်းမှာ လောကရှိ လူများစွာ၏ အကြံအစည် ဖြစ်သော်လည်း ဤကဲ့သို့ ပြောရဲသူ အလွန် နည်းပါးလှသည်။
ကိုးပြည်ထောင်နယ်မြေမှာ ကြီးလွန်းသည်ဟု လီချင်းချိုးကလည်း ခံစားရသည်။ ကုကျိုးနယ်မှာ ယခင်ဘဝက တရုတ်ပြည်၏ ထက်ဝက်နှင့် ညီမျှနေပြီ ဖြစ်သည်။သို့သော်လည်း ကိုးပြည်ထောင်နယ်မြေတွင် နည်းပညာ မရှိဘဲ သတင်းအချက်အလက် ပေးပို့ခြင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ တပ်ဖွဲ့များ ရွှေ့ပြောင်းခြင်း အစရှိသည်တို့မှာ ကိုးပြည်ထောင်နယ်မြေ မင်းဆက်အတွက် အလွန် ပြဿနာ များလှသည်။
မြောက်ပိုင်းလူရိုင်းများ ချန်းကျိုးကို ဝိုင်းရံ သိမ်းပိုက်ခဲ့စဉ်ကကဲ့သို့ပင် နယ်စားပယ်စား အသီးသီး ကျရှုံးခဲ့ရခြင်း၏ အကြောင်းရင်းမှာ ၎င်းတို့သည် ခရီးသွားရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီး ၎င်းတို့၏ တပ်ဖွဲ့များမှာ ပင်ပန်းကာ မတိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော ခွန်အားကို ထုတ်လွှတ်ရန်အတွက် ခြောက်လ အချိန်ယူခဲ့ရသည်။
မဟာလီမင်းဆက် မဟာဘိုးဘေးသည် အမှန်တကယ် ကြီးမြတ်ပြီး ကိုးပြည်ထောင်နယ်မြေကို ပေါင်းစည်းကာ ယဉ်ကျေးမှု အခြေခံအုတ်မြစ်သစ်တစ်ခုကို ချမှတ်နိုင်ခဲ့သည်။ ကိုးပြည်ထောင်နယ်မြေသည် နောင်တွင် ထပ်မံ ပေါင်းစည်းရန် မလွဲမသွေ လိုအပ်မည် ဖြစ်သော်လည်း ချက်ချင်းတော့ မဟုတ်ပေ၊ အနည်းဆုံးတော့ လာမည့် ရာစုနှစ်အတွင်း မဟုတ်ချေ။ သို့မဟုတ်ပါက အတင်းအကျပ် ပေါင်းစည်းလိုက်လျှင်ပင် ပြည်နယ်နှင့် ခရိုင်အသီးသီးရှိ ပြည်သူများမှာ ဖိနှိပ်မှုကို ခံရဦးမည်သာ ဖြစ်သည်။ ပြည်သူများက အင်ပါယာ အာဏာထံ အသနားခံလိုလျှင်ပင် အင်ပါယာ အာဏာက ၎င်းတို့ကို ကြားမည် မဟုတ်ပေ။ ချင်းရှောင်ဂိုဏ်းသည် လောကကြီးတွင် မြင့်မားစွာ ရပ်တည်နေလျှင်ပင် ဤထူးခြားသော ချင်းရှောင်တောင်ကို တက်ရန် တောင်များနှင့် မြစ်များကို ဖြတ်ကျော်နိုင်သူ မည်မျှ ရှိသနည်း။
လျူကျင်းက ဆက်ပြောနေပြီး မျက်နှာတွင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နှက်နေ၏။
လီချင်းချိုးက သူ့ကို စိုက်ကြည့်ကာ …
"မင်းနဲ့ လျူလင်းရဲ့ ဆက်ဆံရေးက ဘာလဲ..."
"လျူလင်းက ကျွန်တော့်ရဲ့ အဘိုးပါ... ဒါပေမဲ့ သူ့ကို ကျွန်တော် တစ်ခါပဲ တွေ့ဖူးတယ်... ကျွန်တော့် မိခင်က သူ့ရဲ့ တရားဝင် ဇနီး မဟုတ်ဘူး... ကျွန်တော့် ဖခင်က အိမ်မှာ အာဏာ မရှိဘူး... ပြီးတော့ ကျွန်တော်က အချိန်အများစုကို ချင်းရှောင်တောင်မှာပဲ ကုန်ဆုံးခဲ့တယ်...... ကျွန်တော့် မိခင်က ကျွန်တော် မသိဘဲနဲ့ အနိုင်ကျင့်ခံရပြီး စိတ်ဓာတ်ကျပြီး သေသွားခဲ့တယ်... ကျွန်တော့် ဖခင်က အဘိုးကို တွေ့ချင်ခဲ့ပေမဲ့ မျက်နှာသာ မရလို့ တွေ့ခွင့် မရခဲ့ဘူး... လျူမိသားစုက ဂိုဏ်းထဲမှာ တပည့်တွေ အများကြီး ရှိတယ်... ပြီးတော့ ကျွန်တော့်ရဲ့ ပါရမီက အကောင်းဆုံး မဟုတ်တော့ လျူမိသားစုက ကျွန်တော့်ကို ဂရုမစိုက်သေးဘူး... ဂိုဏ်းချုပ်... ဒီလောကကြီးက လူတစ်ယောက်တည်းအတွက် အရမ်း ကျယ်ပြောလွန်းတယ်... မျှော်လင့်ချက် ကင်းမဲ့တဲ့အထိ ကျယ်ပြောလွန်းတယ်..."
စကားပြောနေစဉ် လျူကျင်း၏ မျက်လုံးများ နီရဲလာသည်။
လျူကျင်း၏ ရိုးသားမှုကို မြင်သောအခါ လီချင်းချိုး၏ မျက်လုံးများထဲမှ အေးစက်မှုများ အတော်လေး လျော့ကျသွားသည်။
လျူလင်းသည် နယ်စားပယ်စား သုံးဦးအနက်မှ တစ်ဦး ဖြစ်ပြီး လောကကြီးအတွက် ကျူရှန်းနှင့် ယှဉ်ပြိုင်နိုင်သူ ဖြစ်သည်။ သို့သော်လည်း လျူလင်းမှာ နာမည်ဆိုး ရှိပြီး အနောက်ဘက် ဒေသကို သိမ်းပိုက်ထားကာ ထိုနေရာတွင် ပျော်ရွှင်မှုများကိုသာ အဓိက ခံစားနေလေ့ ရှိသူပင်။
လီချင်းချိုးက လျူကျင်းကို အမှန်တကယ် မှတ်မိနေသဖြင့် လျူကျင်းဟူသော နာမည်ကို ကြားသောအခါ လျူကျင်းသည် ပါရမီရှိပြီး ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုအတွက် သင့်တော်ကြောင်း သူ သတိရသွားသည်။ သေချာပေါက်ပင် လက်ရှိ ချင်းရှောင်ဂိုဏ်းတွင် ဤကဲ့သို့သော ကံကြမ္မာရှိသူ အတော်များများ ရှိနေသည်။
စကားပြောနေစဉ် သူက တာအိုမျိုးဆက် မျက်နှာပြင်ကို ခေါ်ယူလိုက်ပြီး လျူကျင်း၏ ကိုယ်ရေးအကျဉ်းကို ရှာဖွေလိုက်လေသည်။
【အမည်-လျူကျင်း】
【ကျား/မ- ကျား】
【အသက်-၁၉】
【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) -၉၁/၈၉ (အများဆုံး ၁၀၀)】
【ကျင့်ကြံမှု ပါရမီ - သာမန်】
【နားလည်သဘောပေါက်နိုင်စွမ်း - သာမန်】
【ကံကြမ္မာ - အုပ်ချုပ်ရေးတွင် ပါရမီပါသူ၊ သူတော်စင်နှလုံးသားနှင့် မွန်မြတ်သောစရိုက်】
【အုပ်ချုပ်ရေးတွင် ပါရမီပါသူ - နိုင်ငံရေးနှင့် စီမံခန့်ခွဲမှုတို့တွင် စွမ်းရည် အတိုင်းအတာ တစ်ခုအထိ ပိုင်ဆိုင်ထားပြီး လောကီရေးရာများကို ဂရုစိုက်ရသည်ကို နှစ်သက်သည်】
【သူတော်စင်နှလုံးသားနှင့် မွန်မြတ်သောစရိုက် - သက်ရှိအားလုံးအပေါ် ကရုဏာဖြင့် ပြည့်နှက်နေသော နှလုံးသားကို ပိုင်ဆိုင်ထားပြီး မွန်မြတ်ကာ စွမ်းဆောင်ရည် ရှိကာ အုပ်စိုးသူအဖြစ်ဖြစ်စေ၊ ဝန်ကြီးအဖြစ်ဖြစ်စေ ကောင်းမွန်စွာ စွမ်းဆောင်နိုင်သူ ဖြစ်သည်။ ၎င်းတို့သည် အထက်လူကြီးရော အောက်လူငယ်များကိုပါ သည်းခံနိုင်စွမ်း ရှိကြပြီး လူသားအားလုံး၏ ဘေးကင်းရေးနှင့် ကောင်းကျိုးချမ်းသာကို မိမိတို့၏ တာဝန်အဖြစ် မှတ်ယူကြသည်။】
အုပ်ချုပ်ရေးတွင် ပါရမီပါသူကံကြမ္မာက မရှားလှပေ။ ဆင်တူတဲ့ ကံကြမ္မာတွေ ရှိတဲ့ အသိဉာဏ်ရှိသူတွေ အများကြီး ရှိသညသို့သော်လည်း သူတော်စင်နှလုံးသားနှင့် မွန်မြတ်သောစရိုက်မှာ ဤလူ တစ်ဦးတည်းသာ ရှိနေသည်။ ထို့ကြောင့် လီချင်းချိုးက သူ့ နာမည်ကို မှတ်သားထားလိုက်ပြီး နောင်တွင် သင့်တော်သော အချိန်ရောက်လျှင် သူ့ကို ရာထူးတိုးပေးရန် ရည်ရွယ်ထားသည်။
ယနေ့တွင် လျူကျင်းက မိခင်၏ အခေါင်းကို သယ်ဆောင်ကာ သူ့ထံ လာရောက် တွေ့ဆုံလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
လျူကျင်း၏ နောက်ခံနှင့် ရည်ရွယ်ချက်ကို သိရှိပြီးနောက် လီချင်းချိုးက တိုက်ရိုက် မေးလိုက်လေသည်။
"မင်း ဘာလိုချင်တာလဲ... မင်းအတွက် ဂိုဏ်းက ဘာလုပ်ပေးစေချင်တာလဲ..."
လျူကျင်းက….
"ကျေးဇူးပြုပြီး လျူမိသားစုကို ထိန်းချုပ်ပြီး နိုင်ငံတစ်ခု တည်ထောင်ဖို့ ကျွန်တော့်ကို ကူညီပေးပါ... ကျွန်တော် ဧကရာဇ် ဖြစ်ချင်တယ်... ကျွန်တော်က ပြည်သူတွေကို တကယ်ပဲ ဦးစားပေးနိုင်ပြီး ဂိုဏ်းနဲ့ ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး... ကျွန်တော့်ရဲ့ မင်းဆက်က အမြဲတမ်း ဂိုဏ်းချုပ်ရဲ့ ဓားတစ်လက် ဖြစ်နေမှာ ဖြစ်ပြီး လောကကြီးကို ကျွန်တော် ထိန်းချုပ်ထားပါ့မယ်..."
"နောင်အနှစ်တစ်ရာ ကြာတဲ့အခါ ကျွန်တော့်ရဲ့ လျူမိသားစုက လောကကြီးကို သေချာပေါက် ပေါင်းစည်းနိုင်ပြီး စစ်မှန်တဲ့ ရွှေခေတ်တစ်ခုကို ဖော်ဆောင်နိုင်ပြီး မဟာလီမင်းဆက် တစ်ခါမှ မလုပ်နိုင်ခဲ့တဲ့ အရာတွေကို ပြီးမြောက်အောင် လုပ်နိုင်ပါလိမ့်မယ်!"
"အကယ်၍ ကျွန်တော် ဧကရာဇ် ဖြစ်လာပြီး ကျွန်တော့်ရဲ့ မျိုးဆက်တွေက အရည်အချင်း မရှိဘူး ဒါမှမဟုတ် ပြည်သူတွေရဲ့ နှလုံးသားကို ဆုံးရှုံးသွားတယ်ဆိုရင် ချင်းရှောင်ဂိုဏ်းနဲ့ ဂိုဏ်းချုပ်က သူတို့ကို တိုက်ရိုက် ရာထူးကနေ ဖယ်ရှားနိုင်ပါတယ်... ဒီအချက်ကို မင်းဆက်ရဲ့ နိုင်ငံတော် မူဝါဒအဖြစ် ကျွန်တော် ရေးမှတ်ထားမှာ ဖြစ်ပြီး ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး!"
သူ့ အသံမှာ ခိုင်မာပြတ်သားနေသော်လည်း အမူအရာမှာ ခေါင်းမာနေခြင်း မဟုတ်ဘဲ တောင်းပန်နေခြင်းပင်။
***