"နတ်ဘုရားစွမ်းပကား... မင်း နတ်ဘုရားစွမ်းပကားကို နားလည်သဘောပေါက်ထားပြီလား..."
လီချင်းချိုး၏ အမူအရာ ထူးဆန်းသွားပြီး အကြားမှားလေသလားဟုပင် တွေးလိုက်မိသည်။
နတ်ဘုရားစွမ်းပကားမှာ မယုံနိုင်လောက်အောင် ခက်ခဲလှသည်။ သူ့ရဲ့ နတ်ဘုရားစွမ်းပကားမှာ တာအိုမျိုးဆက် မျက်နှာပြင်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး၊ ကျန်းကျောက်ရှား၏ နတ်ဘုရားစွမ်းပကားမှာ ကိုယ်ပိုင် အခွင့်အရေးများကြောင့် ဖြစ်သည်။
ဆယ့်ခြောက်နှစ်အရွယ် ကျောက်ကျိန်းက ကိုယ်ပိုင် နားလည်သဘောပေါက်နိုင်စွမ်းဖြင့် နတ်ဘုရားစွမ်းပကား တစ်ခုကို ဖန်တီးနိုင်မည်လား။
"အရင်က တတိယဦးလေး အတိဒုက္ခရင်ဆိုင်တာကို ကြည့်ရင်းနဲ့ ထိုးထွင်းသိမြင်မှု တချို့ ရခဲ့တယ်... ကောင်းကင်မိုးကြိုးဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ အရမ်း အစွမ်းထက်တဲ့ စွမ်းအားတစ်ခုလို့ ကျွန်တော် ခံစားရတယ်... အကယ်၍ အဲဒါကို ကိုယ့်အတွက် အသုံးချနိုင်မယ်ဆိုရင် အရမ်း ကောင်းမှာပဲလို့ တွေးမိတယ်... ဒီလို စဉ်းစားရင်းနဲ့ တဖြည်းဖြည်း နားလည်သဘောပေါက်လာတာပါ..."
ကျောက်ကျိန်းက အတိတ်ကို ပြန်လည် အမှတ်ရရင်း ပြောလိုက်တော့ ထိုစကားကို ကြားသောအခါ လီချင်းချိုး အလွန် စိတ်လှုပ်ရှားသွားသည်။
သူသည် ကျမ်းစာတိုက်အတွက် အများဆုံး ပံ့ပိုးပေးခဲ့သူ ဖြစ်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကျောက်ကျိန်းနှင့်သူ့ကြားက ဆရာတပည့် ဆက်ဆံရေးကို ဘေးဖယ်ထားမည်ဆိုလျှင် ကျောက်ကျိန်းမှာ ငယ်ရွယ်သော်လည်း ဂိုဏ်းအတွက် ပံ့ပိုးကူညီမှုများမှာ မင်ကွမ်းနှင့် ဝူရှင်းယွဲ့တို့ထက် မနည်းပေ။ သူသည် ကျင့်စဉ်များနှင့် မှော်ပညာရပ်များကို အမြောက်အမြား ဖန်တီးခဲ့ပြီး ၎င်းတို့ အားလုံးကို တစ်ကိုယ်ကောင်းမဆန်ဘဲ ဂိုဏ်းအတွက်ပေးအပ်ခဲ့ကာ လက်ရှိ ဂိုဏ်း၏ သင်ကြားရေး နည်းလမ်းများ ထွန်းကားမှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးခဲ့သူပင်။
ထို့ကြောင့်ပင် ကျင့်ကြံရေးပိုင်းတွင် ကျောက်ကျိန်း နှစ်အနည်းငယ်ကြာ နောက်ကျကျန်ခဲ့ရခြင်း ဖြစ်သည်။
ကျောက်ကျိန်းသည် မိသားစု ဆက်ဆံရေးများနှင့် ပတ်သက်၍ အမှားတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းမှာ သူ ပြုလုပ်ခဲ့သမျှ တစ်ခုတည်းသော အမှားပင် ဖြစ်သည်။ သို့သော်လည်း သူ့ရဲ့ ရှုထောင့်မှ ကြည့်လျှင် ၎င်းမှာ အမှားတစ်ခု မဟုတ်ပေ။ ယေဘုယျအားဖြင့် ကောင်းကွက်များက ဆိုးကွက်များထက် သာလွန်နေပေသည်။
"ဒါဆို မင်း ငါ့ကို ဘာလုပ်ပေးစေချင်လဲ..."
"ကျွန်တော် အကူအညီ မလိုပါဘူး... အတိဒုက္ခရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရပါမယ်... အရင်က တတိယဦးလေး အတိဒုက္ခရင်ဆိုင်တုန်းက ဆရာ ကူညီပေးခဲ့လို့ အတိဒုက္ခက ကောင်းကင်အတိဒုက္ခထက် အများကြီး ပိုပြီး အစွမ်းထက်သွားခဲ့တယ်လေ... ဒါက ကောင်းကင်အတိဒုက္ခက အပြင်လူတွေ ဝင်စွက်ဖက်တာကို ခွင့်မပြုဘူးဆိုတာ ပြသနေတယ်... ဆရာက လုံလောက်အောင် အစွမ်းထက်နေလို့သာ တတိယဦးလေးက ကံကောင်းပြီး ဘာတန်ပြန်သက်ရောက်မှုမှ မရှိခဲ့တာပါ..."
"တန်ပြန်သက်ရောက်မှု... မင်း အဲဒါကိုတောင် ခံစားနိုင်တာလား..."
"ကျွန်တော့်ရဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပေမဲ့ ဒါတွေက ကျွန်တော် တကယ်ပဲ နားလည်သဘောပေါက်ထားတဲ့ အရာတွေပါ..."
ကျောက်ကျိန်း၏ နားလည်သဘောပေါက်နိုင်စွမ်း အသွင်ပြောင်းလဲလာပြီဖြစ်ကြောင်း လီချင်းချိုး ရုတ်တရက် ခံစားလိုက်ရသည်။
အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် ကံကြမ္မာ ပျောက်ကွယ်သွားနိုင်ပေသည်။
ဆရာတပည့်နှစ်ဉီးသား နတ်ဘုရားစွမ်းပကားအကြောင်း တစ်ခဏမျှ ဆွေးနွေးခဲ့ကြပြီး သူ့ ဆရာတွင်လည်း နတ်ဘုရားစွမ်းပကား ရှိကြောင်း သိလိုက်ရသောအခါ ကျောက်ကျိန်း အလွန် စိတ်လှုပ်ရှားသွားသည်။ လီချင်းချိုးက နတ်ဘုရားစွမ်းပကားကို ကျွမ်းကျင်ပိုင်နိုင်ရန် ကိုယ်ပိုင် အတွေ့အကြုံများကို ကျောက်ကျိန်းနှင့် မျှဝေခဲ့ရာ ကျောက်ကျိန်းကို စိတ်ကူးဉာဏ်များ ပိုမိုရရှိစေခဲ့သည်။
...
နှစ်မကုန်မီ နှစ်ရက်အလိုတွင် ကျောက်ကျိန်းတယောက် အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်သို့ တက်ရောက်သွားခဲ့သည့် သတင်းများ အလျင်အမြန် ပျံ့နှံ့သွားပြီး တပည့်များစွာကို အံ့အားသင့်သွားစေခဲ့သည်။
ကျောက်ကျိန်း မူလအားဖြည့်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိသွားပြီလား။
နောက်ပိုင်းတွင် ကျောက်ကျိန်းက နတ်ဘုရားစွမ်းပကားကို ဖန်တီးရန် ရည်ရွယ်နေကြောင်း တပည့်များ သိရှိသွားကြသည်။
နတ်ဘုရားစွမ်းပကားကို ဖန်တီးရာတွင် ကောင်းကင်အတိဒုက္ခကို ကျော်လွှားရန် လိုအပ်သည်!
နတ်ဘုရားစွမ်းပကားဆိုတာ တကယ်တော့ ဘာလဲဆိုတာက တပည့်များအတွက် စူးစမ်းချင်စရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ကျောက်ကျိန်းက အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ပေါ်တွင် နေ့ရောညပါ တရားထိုင်နေခဲ့ပြီး လီရွှယ်တောင်ထွတ်၏ ကောင်းကင်ယံတွင် မိုးကြိုးတိမ်တိုက်များ စတင် စုရုံးလာတော့သည်။
"ကောင်းကင်အတိဒုက္ခ တကယ် ရှိနေတာပဲ..."
ချောက်ကမ်းပါးပေါ်တွင် ရပ်လျက် လီချင်းချိုးက အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ကို ကြည့်ကာ ချီးကျူးစွာ တီးတိုး ရေရွတ်လိုက်သည်။
သူ့ရဲ့ ကျင့်ကြံမှုအဆင့်မှာ ကျောက်ကျိန်းထက် မြင့်မားသော်လည်း တာအိုအပေါ် သူ့ရဲ့ နားလည်မှုမှာ အမှန်တကယ်ပင် ကျောက်ကျိန်းထက် နိမ့်ကျနေပေသည်။
ကျောက်ကျိန်း၏ မှော်ပညာရပ်များနှင့် ကျင့်စဉ်များက သိုင်းပညာဘက်သို့ ဦးတည်နေပြီး စစ်မှန်သော သိုင်းခန္ဓာ ကံကြမ္မာက ဤနယ်ပယ်တွင် သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို မြှင့်တင်ပေးသဖြင့် နားလည်သဘောပေါက်နိုင်စွမ်းမှာ ထူးချွန်သော အဆင့်ထက် များစွာ သာလွန်နေစေသည်။
ရှန်ယွဲ့၊ ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့သည်လည်း လီချင်းချိုး၏ ဘေးတွင် တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြပြီး ကျောက်ကျိန်း အဘယ်ကြောင့် အတိဒုက္ခရင်ဆိုင်နေရသနည်းဟု စူးစမ်းချင်စိတ် ဖြစ်နေကြသည်။
၎င်းတို့သာမက အတွင်းစည်း တပည့်များ၏ ပုံရိပ်များကလည်း တောင်ခြေရှိ တောအုပ်အထက် ကောင်းကင်ယံတွင် အဆက်မပြတ် ပေါ်လာနေပြီး ဘာဖြစ်နေသနည်းဟု ကြည့်ရှုရန် အားလုံး အလုအယက် ရောက်လာကြသည်။
လူတိုင်း၏ အကြည့်အောက်တွင် ကျောက်ကျိန်း၏ ခေါင်းနောက်တွင် နေမင်းငယ်လေး တစ်စင်း ရုတ်တရက် ပေါ်လာပြီး ဖြည်းညင်းစွာ တက်လာကာ ကျယ်ပြန့်လာပြီး ဝဲဂယက်တစ်ခုဖြင့် ဝိုင်းရံထားလေသည်။
"မဟာနေမင်းယန်ကျင့်စဉ်ဆိုတဲ့အတိုင်း သူက ဒီကျွမ်းကျင်မှုကို အဆင့်သစ်တစ်ခုဆီ မြှင့်တင်လိုက်တာပဲ..."
လီချင်းချိုး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
မဟာနေမင်းယန်ကျင့်စဉ်မှာ ကျောက်မိသားစု တော်ဝင်မိသားစု၏ ကျင့်စဉ် ဖြစ်သည်။ ကျောက်ကျိန်း ၎င်းကို သင်ယူပြီးနောက် ဘယ်သောအခါမှ ပေါ့ပေါ့ဆဆ မလုပ်ခဲ့ဘဲ မဟာနေမင်းယန်ကျင့်စဉ်၏ ဗားရှင်းများစွာကိုပင် ဖန်တီးခဲ့သေးသည်။
ကောင်းကင်ဘုံ၏ စွမ်းအားများ စတင် စုရုံးလာသော်လည်း ကျန်းကျောက်ရှား အတိဒုက္ခရင်ဆိုင်စဉ်ကလောက် ကြောက်မက်ဖွယ် မကောင်းသော်လည်း မှိုင်းညို့ပြီး ဖိနှိပ်မှု ခံစားချက်ကိုတော့ ပေးစွမ်းနေဆဲပင်။
ပထမဆုံး မိုးကြိုးပစ်ချလိုက်သောအခါ ကျောက်ကျိန်း၏ နောက်ရှိ နေမင်းမှာ အချင်း သုံးကျန်းကျော် ရှိနေပြီ ဖြစ်ပြီး မိုးကြိုး ထိမှန်သောအခါ ပြေလျော့သွားတော့သည်။
မဟုတ်ဘူး... ပြေလျော့သွားတာ မဟုတ်ဘူး... စုပ်ယူလိုက်တာပဲ!
ကျောက်ကျိန်း၏ ခန္ဓာကိုယ်တွင် မိုးကြိုးများ တဖျပ်ဖျပ် လင်းလက်နေပြီး သူသည် ကောင်းကင်မိုးကြိုး၏ စွမ်းအားကို ခံနိုင်ရည် ရှိနေကြောင်း လီချင်းချိုး ထက်မြက်စွာ သတိပြုမိလိုက်သည်။
သူက ဒီအတိုင်း ခံနိုင်ရည် ရှိနေရုံသာ မကဘဲ ကောင်းကင်မိုးကြိုးဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်းကို အသုံးပြုကာ ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကိုလည်း လည်ပတ်နေခြင်း ဖြစ်သည်။
ဒီကောင်လေးကတော့...
တကယ် အထင်ကြီးစရာပဲ!
ကျန်းကျောက်ရှားသည်လည်း ကျောက်ကျိန်း၏ စွမ်းဆောင်ရည်ကြောင့် အံ့အားသင့်သွားပြီး အားကောင်းသော အကျပ်အတည်း ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ရွှီနင်းနှင့် ရှန်ယွဲ့တို့လည်း ထိုနည်းတူပင်…
ဒီနှစ်ပြီးသွားရင် ကျောက်ကျိန်းက ကြီးပြင်းလာပြီး နောင်ကျရင် တားဆီးမရနိုင်တော့ဘူး…..
ကျောက်ကျိန်း အသက် ခြောက်နှစ်အရွယ် ဂိုဏ်းသို့ ဝင်ရောက်လာကတည်းက သူ့ရဲ့ ပါရမီကို လူတိုင်း မြင်တွေ့နိုင်ခဲ့သည်။ သူသည် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ချင်းရှောင်ဂိုဏ်း၏ အနာဂတ် ဖြစ်လာမည်ကို လူတိုင်း အသိအမှတ်ပြုထားကြသည်။
သို့သော် သူ တကယ် ကြီးပြင်းလာသောအခါ ကျန်းကျောက်ရှားနှင့် အခြားနှစ်ဦးမှာ မိန်းမောသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်တွေ မြန်လိုက်တာ! ဒီသွက်လက်တဲ့ ကောင်လေးက အစွမ်းထက်တဲ့သူ တစ်ယောက်ရဲ့ အရှိန်အဝါကို ရယူတော့မယ်….
နောက်ထပ် မိုးကြိုးတစ်ချက် ပစ်ချလာပြန်သော်လည်း ကျောက်ကျိန်း၏ နေမင်းက စုပ်ယူသွားပြန်သည်။ ကျောက်ကျိန်း၏ ခန္ဓာကိုယ် စတင် တုန်ယင်လာပြီး အထူးချုပ်လုပ်ထားသော ဝတ်ရုံများ ပြင်းထန်စွာ လွင့်ဝဲနေကာ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည့်အလား ဖြစ်နေသည်။
သူ့မျက်နှာပေါက် ခုနစ်ခုမှ သွေးများ စတင် စီးကျလာသော်လည်း တိတ်ဆိတ်နေပြီး ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားသည်။
ကောင်းကင်မိုးကြိုးများ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ပစ်ချလာပြီး သူ့ခေါင်းပေါ်ရှိ နေမင်းမှာ ပိုမို ကြီးမားလာကာ ၎င်း၏ စွမ်းအားမှာလည်း အလျင်အမြန် တိုးလာနေသည်။ ဤနေမင်းအတွင်း ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လူတိုင်း ခံစားနိုင်ကြသည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ လေပြင်းများနှင့် လှိုင်းများမှာ ပူပြင်းလောင်ကျွမ်းလာသည်။
ကိုးချက်မြောက် ကောင်းကင်မိုးကြိုးများ ပစ်ချပြီးနောက် ကျောက်ကျိန်းမှာ သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း တရားထိုင်နေသော ကိုယ်ဟန်ကို ထိန်းသိမ်းထားဆဲပင်။
ဤတစ်ကြိမ်တွင် လီချင်းချိုးက သူ့ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်ပြီး အတိဒုက္ခရင်ဆိုင်ခြင်းကို ဝင်ရောက် မစွက်ဖက်ခဲ့ပေ။
မိုးခြိမ်းသံများ ဆက်လက် ထွက်ပေါ်နေပြီး ဆယ့်ခြောက်ချက်မြောက် မိုးကြိုးပစ်ချပြီးမှသာ နတ်ဘုရားစွမ်းအားများ ပျောက်ကွယ်သွားတော့သည်။
ကျောက်ကျိန်း မလဲကျခဲ့ပေ။ သူသည် အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်ပေါ်တွင် ဆက်လက် ထိုင်နေခဲ့သည်။ သူ့ ခေါင်းပေါ်ရှိ နေမင်းမှာ အချင်း ခြောက်ကျန်းကျော် ရှိနေပြီး ၎င်း၏ မျက်နှာပြင်တွင် ရွှေရောင် မီးတောက်များနှင့် အနီရောင် မီးတောက်များ လောင်ကျွမ်းနေကာ တကယ်ကို ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်နေ၏။
ထိုစဉ်မှာပင် လီချင်းချိုး၏ မျက်လုံးရှေ့တွင် အသိပေးချက် တစ်ခု ရုတ်တရက် ပေါ်လာသည်။
【ချင်းရှောင်ဂိုဏ်းတွင် နတ်ဘုရားစွမ်းပကားကို ဖန်တီးနိုင်ခဲ့သော ပထမဆုံး တပည့် ရှိလာခဲ့ပြီး တာအိုမျိုးဆက်တွင် နတ်ဘုရားစွမ်းပကားအတွက် လမ်းစဖော်ပေးခဲ့သောကြောင့် သင့်အား ကံကြမ္မာ ရွေးချယ်ခွင့် တစ်ကြိမ် ပေးအပ်လိုက်သည်။】
ကံကြမ္မာကို ရွေးချယ်ခွင့်!
လီချင်းချိုး အလွန် ဝမ်းသာသွားသည်၊ အကြောင်းမှာ ကံကြမ္မာက ရွေးချယ်ပေးသော ဆုကြေးကို သူ မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
နှစ်ပေါင်းများစွာ ကျောက်ကျိန်းကို ပြုစုပျိုးထောင်ပေးခဲ့မှုက နောက်ဆုံးတွင် ကြီးမားသော အကျိုးအမြတ်များ ရရှိလာခဲ့ပြီ.
ထို့နောက် သူက ကျောက်ကျိန်း၏ မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။
【အမည်- ကျောက်ကျိန်း】
【ကျား/မ-ကျား】
【အသက်-၁၆】
【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) - ၉၅/၉၄ (အများဆုံး ၁၀၀)】
【ကျင့်ကြံမှု ပါရမီ - ထူးချွန်】
【နားလည်သဘောပေါက်နိုင်စွမ်း - ထူးချွန်】
【ကံကြမ္မာ - ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအား၊ စစ်မှန်သော သိုင်းခန္ဓာ】
【ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအား - ကိုယ်ပိုင် နားလည်သဘောပေါက်နိုင်စွမ်းဖြင့် နတ်ဘုရားစွမ်းပကားကို ဖန်တီးခြင်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ အသိအမှတ်ပြုမှုကို ရရှိပြီး ထူးခြားသော ကံကောင်းခြင်းများကို ရရှိမည်။ ထိုသူ၏ နတ်ဘုရားစွမ်းပကားကို ကောင်းကင်နှင့် မြေကြီးက အကူအညီပေးမည် ဖြစ်သည်။】
【စစ်မှန်သော သိုင်းခန္ဓာ - သိုင်းပညာဖြင့် လမ်းစဉ်သို့ ဝင်ရောက်ခြင်း၊ သိုင်းလမ်းစဉ်မှနေ၍ မသေမျိုးလမ်းစဉ်ကို ဖန်တီးနိုင်စွမ်း ရှိသည်။】
လွယ်ကူစွာကျိုးပဲ့နိုင်သော ကံကြမ္မာ မှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး ကံကြမ္မာသစ်ဖြစ်သော ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအား ဖြင့် အစားထိုးခံလိုက်ရပြီ ဖြစ်၏!
ကောင်းကင်နဲ့ မြေကြီးရဲ့ အကူအညီနဲ့လား…
ဒါက အတော်လေး အထင်ကြီးစရာ ကောင်းပုံရတယ်….
အရေးအကြီးဆုံးက ကျောက်ကျိန်းဟာ ထူးချွန်တဲ့ ပါရမီ နှစ်ခု ရှိတဲ့သူ တစ်ယောက်အဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်တယ်…
လောလောဆယ်တွင် ဤကဲ့သို့သော မျက်နှာပြင်မျိုး ရှိသူမှာ ချူကျင်း တစ်ယောက်တည်းသာ ရှိကြောင်း လီချင်းချိုး သိထားသော်လည်း ချူကျင်းမှာ သေဆုံးသွားပြီ ဖြစ်၏။
ဤနေ့မှစ၍ ကျောက်ကျိန်းသည် ချင်းရှောင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာပြီဟု ဆိုလျှင် ချဲ့ကားရာ မရောက်ပေ!
လီချင်းချိုးက ကျောက်ကျိန်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်ပြီးနောက် လှည့်ကာ တောင်အောက်သို့ ဆင်းသွားတော့သည်။
ရွှီနင်းနှင့် ရှန်ယွဲ့တို့လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသော်လည်း ကျန်းကျောက်ရှားမှာ မျက်မှောင်ကြုတ်လျက် ချောက်ကမ်းပါးရှေ့တွင် ရပ်နေဆဲပင်။
ကျောက်ကျိန်း၏ ကောင်းကင်အတိဒုက္ခမှာ သူ့ရဲ့ ကောင်းကင်အတိဒုက္ခလောက် ကြောက်မက်ဖွယ် မကောင်းသော်လည်း ကျောက်ကျိန်း၏ အတွေ့အကြုံမှာ ဝိညာဉ်အသိအာရုံအဆင့် မဟုတ်ပေ။ ကျောက်ကျိန်းသည် အတိဒုက္ခရင်ဆိုင်ရာတွင် သူ့ကိုယ်သူသာ လုံးဝ အားကိုးခဲ့ခြင်း ဖြစ်သည်။
"ဒီကောင်လေး..."
ယခုမှစ၍ ကျောက်ကျိန်းကိုလည်း ပြိုင်ဘက်အဖြစ် သတ်မှတ်ရန် ကျန်းကျောက်ရှား ဆုံးဖြတ်လိုက်ချေပြီ။
နောက်ရက်များတွင် ကျောက်ကျိန်းက နတ်ဘုရားစွမ်းပကားကို ဖန်တီးနိုင်ခဲ့ခြင်းနှင့် ကောင်းကင်အတိဒုက္ခအပေါ် သူ့ရဲ့ လုပ်ဆောင်ချက်များ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
နှစ်ကုန်ပြီးပြီးချင်းမှာပင် ကျောက်ကျိန်းက အတိဒုက္ခရင်ဆိုင်ရာ စင်မြင့်မှ ဆင်းလာခဲ့ပြီး ကျင့်ကြံခြင်းဂူသို့ ပြန်သွားမည့်အစား ကျမ်းစာတိုက်ဘက်သို့ ဦးတည်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် တပည့်များက သူ့ကို မေးခွန်းများ မေးကြရာ သူက အားလုံးကို ဖြေကြားပေးခဲ့သည်။
သူ ဖန်တီးခဲ့သော နတ်ဘုရားစွမ်းပကားကိုစစ်မှန်နေမင်း သိုင်းပညါဟု ခေါ်ဆိုသည်။
သူသည် စစ်မှန်နေမင်း သိုင်းပညာကို လေ့ကျင့်ရန် နည်းလမ်းများကို ရေးမှတ်ပြီး တပည့်များ လေ့ကျင့်နိုင်ရန် ကျမ်းစာတိုက်တွင် ထည့်သွင်းထားမည် ဖြစ်သည်!
ဤသည်က တပည့်များစွာကို စိတ်လှုပ်ရှားသွားစေခဲ့ပြီး ကျောက်ကျိန်း၏ ဂုဏ်သိက္ခာ တစ်ဟုန်ထိုး တက်လာခဲ့သည်။
နွေဦးရာသီ ပွဲတော် နီးကပ်လာသည်နှင့်အမျှ ဤကိစ္စမှာ တပည့်များအကြား ရေပန်းစားသော ဆွေးနွေးစရာ အကြောင်းအရာ တစ်ခု ဖြစ်နေဆဲပင်။
လင်းရှောင်ခြံဝင်းအတွင်း မည်သည့် ကျင့်ကြံရေး လှုပ်ရှားမှုမှ မရှိဘဲ လီချင်းချိုးသည်ပင် ပွဲတော်ကို ကျင်းပရန် စောစောစီးစီး ရောက်ရှိလာသဖြင့် ခြံဝင်းမှာ အလွန် စည်ကားနေသည်။
လီချင်းချိုးက ကုလားထိုင်ပေါ်တွင် ထိုင်လျက် လီရှို့ကျန်းနှင့် လီရှို့မင်တို့ ကစားခုန်စားနေသည်ကို ကြည့်နေပြီး လီတုန်းယွဲ့နှင့် ယွင်ချိုင်တို့က သူ့ တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ ပန်းများနှင့် သစ်သီးများကို လက်ဖြင့် အခွံခွာပေးနေကြသည်။
ကျောက်ကျိန်းက ရှည်လျားသော စားပွဲ၏ ထောင့်တစ်နေရာတွင် ထိုင်နေပြီး ရှောင်ညီနောင်သုံးဖော်၊ ယွမ်လီ၊ ကျိယာ၊ ယန်ကျွယ်တိန်နှင့် ချန်ချန်ဟိုင်တို့က သူ့ကို ဝိုင်းရံထားကာ နတ်ဘုရားစွမ်းပကားအကြောင်း ဆွေးနွေးနေကြသည်။
ကျန်းကျောက်ရှားက လီချင်းချိုး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လျက် တစ်ယောက်တည်း သေရည် သောက်နေသည်။ ဝူမန်အာက သူ့ကို စကားပြောရန် ကြိုးစားသော်လည်း သူက လျစ်လျူရှုထားသည်။
ရွှီနင်းက အမိုးစွန်းပေါ်တွင် ရပ်လျက် နှင်းများကို ကြည့်ရှုခံစားနေသည်။
ချင်းရှောင်ဘိုးဘေးနှင့်ရှန်ယွဲ့တို့က တစ်ယောက်ကိုတစ်ယောက် ကြွားလုံးထုတ်နေကြပြီး ချင်းရှောင်ဘိုးလေးခင်မျာ သိသိသာသာ အနောက်သို့ ပြတ်ကျန်နေသည်။
ဤမြင်ကွင်းများမှာ လီချင်းချိုးအတွက် အလွန် လှပလွန်းလှပြီး နှစ်တိုင်း ဤကဲ့သို့ ဖြစ်နေရန် သူ အမှန်တကယ် မျှော်လင့်မိသည်။
"အစ်ကိုကြီး... ရှို့ကျန်းနဲ့ ရှို့မင်တို့ကို ဘယ်တော့လောက် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံခိုင်းဖို့ စီစဉ်ထားလဲ... ပြီးတော့ သူတို့ကို ဘယ်သူ သင်ပေးမှာလဲ..."
လီတုန်းယွဲ့က လီရှို့ကျန်းနှင့် အခြားတစ်ယောက်ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်ခြင်းပင်။
အသက် သုံးနှစ်အရွယ် လီရှို့ကျန်းနှင့် လီရှို့မင်တို့က ဉာဏ်ရည်နှင့် ထက်မြက်မှုများကို ပြသနေပြီ ဖြစ်ပြီး အသက်အရွယ်တူ အခြားကလေးများနှင့် လုံးဝ မတူဘဲ သွက်လက်စွာ စကားပြောဆိုနေကြသည်။ ၎င်းတို့တွင် မသေမျိုးလမ်းစဉ်ကို ကျင့်ကြံရန် ပါရမီ ရှိ၊ မရှိကို လူတိုင်း စူးစမ်းချင်နေကြသည်။
လီချင်းချိုးက …"စစ်ဖုန်း ပြန်လာတဲ့အချိန်မှာ သူတို့ စတင် ကျင့်ကြံကြမှာပါ... ပြီးတော့ စစ်ဖုန်းက သူတို့ကို သင်ပေးရမှာပေါ့..."
သူ ဤသို့ ပြုလုပ်ရခြင်းမှာ လီစစ်ဖုန်းအတွက် ဖြစ်သည်။
အကယ်၍ လီစစ်ဖုန်းက ဤကောင်လေး နှစ်ယောက်ကို ဆက်လက် လျစ်လျူရှုထားမည်ဆိုလျှင် နောင်တွင် သားနှစ်ယောက်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
လီရှို့ကျန်းနှင့် လီရှို့မင်တို့နှင့် ယှဉ်လျှင် လီချင်းချိုးက လီစစ်ဖုန်းကို ပို၍ အလိုလိုက်နေဆဲပင်။
လီစစ်ဖုန်းတွင် အားနည်းချက်များ မည်မျှပင် ရှိပါစေ သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်ပြီး သူ့ မျက်လုံးထဲတွင် လီစစ်ဖုန်းမှာ အမြဲတမ်း ကလေးတစ်ယောက်သာ ဖြစ်နေမည် ဖြစ်သည်။
"သူက ကလေးတွေကို မသေမျိုးလမ်းစဉ်ကို ကျင့်ကြံဖို့ သင်ပေးနိုင်မှာလား... ရှို့ကျန်းနဲ့ ရှို့မင်တို့ရဲ့ တိုးတက်မှုကို အနှောင့်အယှက် မဖြစ်စေနဲ့နော်…”
လီတုန်းယွဲ့က စိုးရိမ်တကြီး မေးလိုက်တော့
“အချိန်တန်ရင် ငါတို့ သိရမှာပေါ့”
လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး လုံးဝ စိတ်မပူပေ။
သူက လီစစ်ဖုန်းကို မယုံကြည်ဘဲ လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို ယုံကြည်ခြင်း ဖြစ်သည်။
ယခုအခါ ကျောက်ကျိန်း ကြီးပြင်းလာပြီ ဖြစ်ရာ "ပါရမီရှင် ကောင်လေး" ဟူသော ဂုဏ်ပုဒ်ကို ဤကောင်လေး နှစ်ယောက်က ဆက်ခံမည် ဖြစ်သည်။
လီချင်းချိုးက ၎င်းတို့ကို ဖိနှိပ်ထားရန် လုံးဝ ရည်ရွယ်ချက် မရှိဘဲ ပါရမီများကို အပြည့်အဝ ထုတ်ဖော်ပြသခွင့် ပြုမည် ဖြစ်သည်။ ဤသည်က ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်များ မရှားပါးကြောင်းနှင့် မျိုးဆက်တစ်ခုစီတိုင်းက ယခင်ကထက် ပိုမို အစွမ်းထက်လာကြောင်း တပည့်များနှင့် လောကကြီးကို ပြောပြရန်လည်း ဖြစ်ပေသည်။
ယွင်ချိုင်က ဘေးတွင် စကားတစ်ခွန်းမျှ မပြောဘဲ ထိုင်နေပြီး သူမ၏ အာရုံစိုက်မှုကလည်း ကျောက်ကျိန်းအပေါ်တွင်သာ ရှိနေသည်။
သူမသည် ကျောက်ကျိန်းထက် ငါးနှစ် ကြီးသော်လည်း ကျောက်ကျိန်း၏ ပါရမီက သူမထက် များစွာ သာလွန်ကြောင်း သူမ ဝန်ခံရမည် ဖြစ်သည်။ အနည်းဆုံးတော့ သူမက နတ်ဘုရားစွမ်းပကားကို မဖန်တီးနိုင်ပေ။
ယခုအခါ သူမက ကျောက်ကျိန်းကို သူမ၏ စံပြအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်သည်။
ရှောင်ညီနောင်သုံးဖော်ကိုတော့ ခြိမ်းခြောက်မှု တစ်ခုအဖြစ် သူမ မယူဆတော့ပေ။
ခြံဝင်းအတွင်းရှိ လူတိုင်း ကိုယ်စီ ပျော်ရွှင်နေကြစဉ် လူများ ဆက်တိုက် ဝင်လာကြပြီး အချို့က နှစ်သစ်ကူး နှုတ်ဆက်ရန် လာကြကာ အချို့က ၎င်းတို့၏ ကိစ္စရပ်များကို အစီရင်ခံရန် လာကြခြင်းပင်။
လီတုန်းယွဲ့မှာ အလျင်အမြန် ဘေးသို့ ဆွဲခေါ်ခံလိုက်ရသည်၊ အကြောင်းမှာ ဌာနခွဲတစ်ခုစီတိုင်းက လည်ပတ်ရန် ငွေကြေးနှင့် အရင်းအမြစ်များ လိုအပ်ပြီး ၎င်းတို့အားလုံးက သူမကို တိုင်ပင်ရသောကြောင့်ပင်။
ကျူးယန်က လီချင်းချိုးကို ကြည့်ရင်း အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။
သေချာ စဉ်းစားပြီးနောက် သူမက သတ္တိမွေးကာ လီချင်းချိုး၏ ဘေးတွင် ဝင်ထိုင်ပြီး တီးတိုး ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ကျူးမိသားစုက လျူကျင်းကို ထောက်ခံဖို့ ဆန္ဒရှိပါတယ်... ပြီးတော့ သူတို့ရဲ့ စစ်ဆင်ရေးကို စတင်နေပါပြီ..."
***