"ကျွန်မရဲ့ မိဘတွေနဲ့တွေ့ဖို့ ဒီလောက်တောင် စိတ်လောနေတာလား"
မင်ယွဲ့က ပြုံးစစဖြင့် မေးလိုက်သည်။
"အင်း..."
မိုဟန်ကျီက ဤမျှ ပွင့်လင်းပြတ်သားစွာ ဖြေလာလိမ့်မည်ဟု မင်ယွဲ့ မထင်ထားခဲ့မိပေ။
မိဘများ၏ စူးစမ်းသော အကြည့်များအောက်တွင် မင်ယွဲ့ တစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ဖုန်းချလိုက်ရသည်။
"ဒါ တကယ်ပဲ သမီးရဲ့ ရည်းစားလား"
မင်ယွဲ့၏ဖခင်သည် သားဖြစ်သူ မင်ချန် ဖုန်းထဲတွင် ရှာဖွေပြသနေသော လူ၏အကြောင်းကို ကြည့်ကာ အံ့အားသင့်နေသည်။
ထိုသူမှာ ရှင်းယောင် လုပ်ငန်းစု ၏ ဥက္ကဋ္ဌ လူငယ်ဖြစ်ပြီး ရုပ်ရည်ရော၊ စည်းစိမ်ပါ ပြည့်စုံလွန်းသည့် ဂုဏ်သရေရှိ လူကုံထံတစ်ဦး ဖြစ်နေသောကြောင့်ပင်။
"တကယ်ပါ အဖေရဲ့"
မင်ယွဲ့၏ မိဘများမှာ အံ့ဩလွန်း၍သာ ထပ်ခါထပ်ခါ မေးနေကြခြင်း ဖြစ်သည်။
သူတို့ဘဝတွင် အမြင်ဖူးဆုံး အာဏာရှိသူဆို၍ ခရိုင်အုပ်ချုပ်ရေးမှူးသာ ရှိဖူးသည်။
မိမိတို့ဒေသမှ ပီကင်းတက္ကသိုလ်သို့ ကျောင်းသားနှစ်ဦး တစ်ပြိုင်တည်း အောင်မြင်သည်မှာ အလွန်ရှားပါးလှရာ၊ ထိုစဉ်က မင်ယွဲ့၏ ထူးချွန်မှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် သူတို့ကို ဂုဏ်ပြုဆုပေးရင်း တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်သည်။
သူတို့သမီးသည် မည်သည့်အခါမျှ လိမ်ညာတတ်သူမဟုတ်ကြောင်း သိသော်လည်း၊ မင်ယွဲ့၏ ရည်းစားမှာ ဤမျှ အရှိန်အဝါကြီးမားသူ ဖြစ်နေခြင်းက သူတို့ကို မိန်းမောသွားစေသည်။
အွန်လိုင်းတွင် ကိုယ်ရေးရာဇဝင်အကျဉ်း ရှာဖွေ၍ရနိုင်သော လူတစ်ယောက်မှာ မည်သို့မျှ သာမန်လူ မဖြစ်နိုင်သည်မှာ အထင်အရှားပင်။
"ဒီကောင်လေးက တကယ် ချောတာပဲ တို့ပတ်ဝန်းကျင်က ရွာတွေမှာ ဒီလောက်ချောတဲ့ သမက်မျိုး တစ်ယောက်မှ မရှိဘူး"
ယောက္ခမက သမက်လောင်းကို ကြည့်လေ ကြည့်လေ ပို၍ အသည်းစွဲလေဆိုသကဲ့သို့ မင်ယွဲ့၏ မိခင်မှာ အွန်လိုင်းမှ ဓာတ်ပုံအနည်းငယ်ကို ကြည့်ကာ ကျေနပ်ပီတိ ဖြစ်နေတော့သည်။
"ကြည့်ရတာ တကယ်ကို လူရည်မွန်ပဲ ဝတ်စုံကိုလည်း သေသေသပ်သပ် ဝတ်ထားတယ်"
မင်ယွဲ့၏ ဖခင်ကလည်း မိုဟန်ကျီ၏ ပုံရိပ်ကို ကြည့်ရုံဖြင့် ယဉ်ကျေးသိမ်မွေ့ကာ အဆင့်အတန်းရှိသူမှန်း ခံစားမိသည်။
မိမိသမီး အိမ်ထောင်ပြုလျှင် ကောင်းမွန်သော လက်တွဲဖော်နှင့် ဆုံဆည်းကာ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေလိုသည်မှာ ဖခင်တိုင်း၏ ဆန္ဒပင် ဖြစ်သည်။
"မမ... ဒါ တကယ်ပဲ ကျွန်တော့်ရဲ့ ခဲအိုကြီးလား"
မင်ချန်က မင်ယွဲ့အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးရှာသည်။
"အခြေအနေက အတည်တကျတောင် မဖြစ်သေးဘူး၊ နင်က အခုကတည်းက ခဲအိုလို့ ခေါ်နေပြီလား"
မင်ယွဲ့က ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ အနာဂတ် ခဲအိုပဲလေ"
မင်ချန်သည် သူ့မမအကြောင်းကို ကောင်းကောင်းသိသည်။
မင်ယွဲ့မှာ တစ်သက်လုံး တစ်ယောက်တည်း နေလာခဲ့သူဖြစ်ပြီး ယခုကဲ့သို့ ချစ်ရေးဆိုကိစ္စတွင် စိတ်ပါဝင်စားလာပြီဆိုလျှင် ၎င်းမှာ အပျော်အပါးမဟုတ်ဘဲ တစ်သက်တာအတွက် အလေးအနက် ဆုံးဖြတ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
မင်မင်သည်လည်း တုန်လှုပ်နေမိသည်။ မင်ယွဲ့တွင် ရည်းစားရှိသည်ကို သိထားသော်လည်း ယနေ့မှ သိလိုက်ရသော သတင်းမှာ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။
ညမှောင်လာသည်နှင့်အမျှ မိသားစုဝင်အားလုံး အစားအသောက်များကို မြိန်ယှက်စွာ သုံးဆောင်ပြီးနောက် စကားစမြည် ပြောဆိုကြသည်။
ညအေးအေးတွင် ပုစဉ်းရင်ကွဲနှင့် ပိုးကောင်လေးများ၏ မြည်သံကို နားထောင်ရင်း တဲလေးများထဲ၌ အိပ်စက်အနားယူကြသည်။ ဤသို့ဖြင့် လီယာခြံဝန်းအတွင်းရှိ ဆန်းပြားလှပသော အချိန်များကို ကုန်ဆုံးစေခဲ့သည်။
အိမ်ပြန်လမ်းသို့ စတင်ခြေဦးလှည့်ချိန်တွင်ပင် သူတို့၏ ရင်ခုန်လှုပ်ရှားမှုများက မငြိမ်သက်သေးပေ။
"ကဲ... အဆင်ပြေရင် နောက်တစ်ခါ ထပ်လာကြတာပေါ့"
သူတို့၏ တသသဖြစ်နေသော ပုံစံကိုကြည့်ကာ မင်ယွဲ့က နှစ်သိမ့်လိုက်သည်။
"မင်ချန်... နင်လည်း မကြာခင် အလယ်တန်း နောက်ဆုံးနှစ် ရောက်တော့မယ် အထက်တန်းဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ"
မင်ယွဲ့က စိတ်ဝင်တစား မေးလိုက်သည်။
"ကျွန်တော် မမကို မျက်နှာမပျက်စေရပါဘူး မမတောင် ပီကင်းတက္ကသိုလ်ကဆိုတော့၊ ကျွန်တော်လည်း ထိပ်တန်းတက္ကသိုလ်တစ်ခုခုက ဖြစ်ရမှာပေါ့"
မင်ကျောက်ကလည်း ဆေးပညာကို လေ့လာလိုသောကြောင့် သူမ၏ ရည်မှန်းချက်မှာ ခိုင်မာပြီးသား ဖြစ်သည်။
"ညီမကတော့ A တက္ကသိုလ်ရဲ့ ဆေးတက္ကသိုလ်ကို သွားချင်တာ"
ရည်မှန်းချက်ရှိလျှင် ထိုအိပ်မက်ကို လက်တွေ့ဖြစ်လာအောင် ကြိုးစားရန် မင်ယွဲ့က အားပေးလိုက်သည်။
ယခင်က သူမတွင် အိပ်မက်များကို ပံ့ပိုးပေးနိုင်သည့် မိသားစုအခြေအနေ မရှိခဲ့ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုစဉ်က သူမသည် စာကိုသာ အသည်းအသန် ကြိုးစားခဲ့ရပြီး တိကျသော အိပ်မက်ဟူ၍ပင် မရှိခဲ့။
ဆရာများက ၎င်းတို့အား 'တက္ကသိုလ်ဝင်စာမေးပွဲသည် ဘဝ၏ ဒုတိယအခွင့်အရေးဖြစ်ကြောင်း၊ ပညာရေးသည် ကံကြမ္မာကို ပြောင်းလဲနိုင်ကြောင်းနှင့် မျှတစွာ ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း' ထပ်ခါတလဲလဲ သွန်သင်ခဲ့ကြသည်။
ထို့ကြောင့် ကြိုးစားစာသင်၍ ဘဝကို ပြောင်းလဲမည်ဟူသော စိတ်ကူးသာ သူမ၏ ဦးနှောက်ထဲတွင် စွဲထင်နေခဲ့သည်။
ဘွဲ့ရပြီးနောက်ပိုင်း အခြေအနေများမှာ သူမ ထင်မှတ်ထားသကဲ့သို့ ဖြစ်မလာခဲ့သော်လည်း၊ ဆရာများ၏ စကားကို နားထောင်၍ ပညာကို အလေးထားခဲ့ခြင်းအတွက် သူမ အလွန်ဝမ်းသာမိသည်။
ပညာရေးသည် ကံကြမ္မာကို တိုက်ရိုက်မပြောင်းလဲနိုင်သော်လည်း၊ သူမ၏ အမြင်များကို ကျယ်ပြောစေကာ ဗဟုသုတများကို တိုးပွားစေပြီး မြင့်မားသော လူမှုအဆင့်အတန်းတစ်ခုကို ဖန်တီးပေးခဲ့သည်။
ယခုအခါ သူမတွင် အခြေအနေကောင်းများ ရှိနေပြီဖြစ်ရာ မောင်လေး၊ ညီမလေးများကို ပီကင်းတက္ကသိုလ်ကဲ့သို့ ကျောင်းမျိုးမှအပ မရရအောင် တက်ရမည်ဟု ဖိအားမပေးလိုတော့ပေ။
A တက္ကသိုလ်၏ ဆေးပညာဌာနမှာ အလွန်ကျော်ကြားလှရာ မင်ယွဲ့ကလည်း ဝမ်းမြောက်ဝမ်းသာ ထောက်ခံပေးလိုက်သည်။
လေယာဉ်ဆင်းသက်ပြီးနောက် မင်ယွဲ့သည် အိမ်သို့တိုက်ရိုက်ပြန်ရန် ကားတစ်စီး ငှားလိုက်
သည်။
"ဒုတိယမြောက်သမီး ပြန်လာပြီလား မိသားစုလိုက် ခရီးထွက်ရာက ပြန်လာကြတာလား"
ရွာသားများက မင်ယွဲ့တို့ ကားပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ လာရောက်နှုတ်ဆက်ကြသည်။
"ဟုတ်ကဲ့... ယွဲ့ယွဲ့က ကျွန်တော်တို့ကို နိုင်ငံခြားအထိ ခေါ်သွားတာ ဟိုက ရှုခင်းတွေက တကယ်လှတာဗျ"
မင်ယွဲ့၏ ဖခင်က ပြုံးရွှင်စွာ ပြန်ပြောပြသည်။
ထိုစဉ် လမ်းလျှောက်လာသော အဖိုးအိုတစ်ဦးကို တွေ့ရာ မင်ယွဲ့က
“အဖိုး... လမ်းလျှောက်ထွက်တာလား"
ဟု ပြုံး၍ နှုတ်ဆက်လိုက်သည်။
ဤအဖိုးအိုမှာ မင်ယွဲ့ထက် ဝါစဉ်ကြီးသူဖြစ်၍ 'ဘိုးဘွား' ဟု ခေါ်ရမည်ဖြစ်သည်။ သူသည် သနားစရာကောင်းသူ ဖြစ်ပြီး ခြေထောက်
တစ်ဖက်မှာလည်း အနည်းငယ် မသန်စွမ်းပေ။
လွန်ခဲ့သော နှစ်ပေါင်းများစွာက အိမ်ထောင်ကျဖူးသော်လည်း ဇနီးဖြစ်သူက သူ့ကို စွန့်ခွာသွားခဲ့ရာ ယခုတိုင် တစ်ကိုယ်တည်း ရုန်းကန်နေရသူ ဖြစ်သည်။
သူသည် မင်ယွဲ့ကို မိမိမြေးအရင်းကဲ့သို့ ကြည့်ကာ ဂုဏ်ယူဝင့်ကြွစွာ ချီးမွမ်းနေတော့သည်။
"အဖိုး... ဒါလေး အိမ်ယူသွားပြီး စားလိုက်ပါဦး"
မင်ယွဲ့က ကားနောက်ဖုံးမှ ဒေသထွက် လက်ဆောင်မုန့်သေတ္တာတစ်လုံးကို ထုတ်ပေးလိုက်သည်။
သူမ ပီကင်းတက္ကသိုလ်သို့ ကျောင်းတက်ခါနီးတွင်လည်း ဤအဖိုးအိုက လာရောက်လက်ဆောင်ပေးခဲ့ဖူးသည်ကို သူမ မှတ်မိနေသည်။
"မလိုပါဘူးကွယ်၊ သမီးတို့ပဲ အိမ်ယူသွားစားကြပါ မိသားစုက လူများတာပဲဟာ"
အဖိုးအိုက ငြင်းဆန်ကာ နောက်သို့ ဆုတ်သွားသော်လည်း မင်ယွဲ့က သူ့ရှေ့ မြေပြင်ပေါ်သို့ အသာအယာ ချပေးလိုက်သည်။
"အဘိုး... ဒါက ယွဲ့ယွဲ့ရဲ့ စေတနာမို့ လက်ခံပေးပါဗျာ"
ဟု မင်ယွဲ့ဖခင်ကလည်း ဝိုင်းဝန်းပြောဆိုလိုက်
အဖိုးအို၏ မျက်ဝန်းများမှာ မျက်ရည်စများဖြင့် စိုစွတ်လာသည်။
"အဘိုး... ဒီနေ့ ကျွန်တော်တို့အိမ်မှာပဲ ထမင်းလာစားပါ လူစုံတုန်းလေး စည်စည်ကားကား ရှိတာပေါ့"
မင်ယွဲ့၏ မိခင်က ဖိတ်ခေါ်လိုက်သည်။
အဘိုးအိုမှာ သားသမီးမရှိဘဲ တစ်ကိုယ်တည်း နေရသဖြင့် အထီးကျန်နေမည်ကို သူမ သိသောကြောင့်ပင်။ အဖိုးအိုက အားနာ၍ ငြင်းရန်ပြင်သော်လည်း မင်ယွဲ့ဖခင်က သူ့လက်ကိုဆွဲကာ အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။
အိမ်သို့ရောက်သော် အဒေါ်ဖြစ်သူက ခြံထဲတွင် အဝတ်လှန်းနေရင်း လှမ်းမြင်ကာ
“ဒုတိယအစ်ကို... ယွဲ့ယွဲ့တို့ ပြန်လာပြီဟေ့"
ဟု ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
မကြာမီ မိသားစုဝင်အားလုံး အိမ်ရှေ့သို့ ထွက်လာကြသည်။
"သမီးတို့ ပြန်လာမယ့်အကြောင်း သိလို့ အိမ်မှာ ထမင်းဟင်းတွေ ပြင်ဆင်ထားတယ်၊ လမ်းခရီးမှာ ဆာလာကြပြီမလား"
ဟု အဘွားဖြစ်သူက ဆီးကြိုနှုတ်ဆက်သည်။
မိသားစုဝင်အားလုံး စုံစုံလင်လင်နှင့် ထမင်းဝိုင်းကြီးမှာ အလွန်စည်ကားနေတော့သည်။
"ဘယ်လိုလဲ... ပျော်ခဲ့ကြလား ယွဲ့ယွဲ့က နင်တို့ကို ခြံကြီးတစ်ခြံကို ခေါ်သွားတယ်ဆို"
ဟု အဒေါ်က စပ်စုမေးမြန်းသည်။
ဦးလေးဖြစ်သူကလည်း
“ခြံထဲမှာ ဘာတွေရှိလဲ ကြက်တွေ၊ ဘဲတွေ၊ ငါးတွေ၊ ဝက်တွေလား"
ဟု ရိုးသားစွာ မေးရှာသည်။
"အဲဒါတွေလည်း ရှိတာပေါ့ ဦးလေးရဲ့၊ ဒါပေမဲ့ အဲဒီခြံက အရမ်းကျယ်ပြီး ထူးထူးဆန်းဆန်းတွေ အများကြီး ရှိတယ်"
ဟု မင်ယွဲ့က ရယ်မောရင်း ရှင်းပြလိုက်သည်။
"အဖေ... ကျွန်မတို့ ရေပူစမ်းလည်း ချိုးခဲ့တယ်၊ ကြယ်တွေကို မြင်ရတဲ့ အခန်းထဲမှာလည်း အိပ်ခဲ့တယ်၊ စခန်းချပြီး ပျော်ပွဲစားထွက်ရုံတင်မကဘူး၊ မြင်းတောင် စီးခဲ့သေးတယ် သိလား"
မင်မင်က သူမ၏ ခရီးသွားအတွေ့အကြုံများကို စိတ်လှုပ်ရှားစွာဖြင့် ဖောက်သည်ချနေတော့သည်။
***