မုန့်ဝမ်သည် ဖီးနစ်တောင်ကြားသို့ ပြန်လည်ရောက်ရှိချိန်တွင် မြင်တွေ့ရသော မြင်ကွင်းကြောင့် စိတ်ကျေနပ်မှု ရရှိသွားချေသည်။ မူလက ကြွားဝါလွန်းပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်လွှမ်းသည့် ခန်းမဆောင်ကြီးမှာ မြေလှန်ဖျက်ဆီးခြင်း ခံထားရပြီး ဖြစ်၏။
၎င်း၏နေရာတွင် တည်ဆောက်ဆဲဖြစ်သော အနက်ရောင် ဝတ်ပြုကျောင်းဆောင်မှာမူ ရိုးရှင်းသော်လည်း ခန့်ညားထည်ဝါလှသဖြင့် သူမ၏ အကြိုက်နှင့် အတော်ပင် ကိုက်ညီနေပေသည်။
တောင်ထိပ်သခင် ခြောက်ဦးသည် အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်ပေါင်း နှစ်ရာကျော်ကို ကြီးကြပ်ကွပ်ကဲနေကြပြီး အားလုံးမှာလည်း ချွေးသံရွှဲရွှဲဖြင့် အလုပ်ရှုပ်နေကြသဖြင့် ပတ်ဝန်းကျင်မှာ သက်ဝင်လှုပ်ရှားလျက် ရှိနေ၏။
ကျန်းဖန်သည် သတင်းရရှိသည်နှင့်တစ်ပြိုင်နက် သွေးငန်းတောင်မှ အပြေးအလွှား ရောက်ရှိလာသည်။ မုန့်ဝမ်အနေဖြင့် အခြေအနေအရပ်ရပ်ကို ဤမျှ လျင်မြန်စွာ ထိန်းချုပ်နိုင်သည်ကို မြင်သောအခါ သူသည် အံ့အားသင့်သွားရရုံသာမက သူမအပေါ် လေးစားမှုမှာလည်း ပို၍ပင် တိုးလာရချေသည်။
သူသည် အမြန်ဆုံး ရှေ့သို့ တိုးလာပြီး ရိုသေစွာဖြင့် သတင်းပို့လိုက်၏။
“စီနီယာအစ်မ... ခန်းမဆောင် ပြန်လည်တည်ဆောက်မှုက အဆင်ပြေချောမွေ့နေပါတယ်။ အိပ်ဆောင်တွေကတော့ တည်ဆောက်လို့ ပြီးသွားပါပြီ၊ ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ နောက်ထပ် သုံးရက်အတွင်းမှာ အားလုံး ပြီးစီးနိုင်ဖို့ မျှော်လင့်ရပါတယ်”
“မင်းတို့ တကယ် ပင်ပန်းသွားကြပြီ” မုန့်ဝမ်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ “မင်းလည်း မင်းရဲ့ တာဝန်တွေကို ပြန်သွားထမ်းဆောင်နိုင်ပြီ။ ငါကတော့ အိပ်ဆောင်ကို သွားပြီး အနားယူတော့မယ်”
အသစ်တည်ဆောက်ထားသော အိပ်ဆောင်သည် ဖီးနစ်တောင်ကြား၏ အတွင်းပိုင်းအကျဆုံးနေရာတွင် တည်ရှိပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝကာ အေးချမ်းလှပေသည်။ မုန့်ဝမ်သည် အိပ်ဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အကာအကွယ်အစီအရင်အမြောက်အမြားကို ချထားလိုက်၏။ ထို့နောက် ရှန်ယိ၏ ရုပ်သေး ကို တံခါးဝတွင် စောင့်ကြပ်ခိုင်းစေကာ သူမ၏ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
ကျိကျိကွမ်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းက သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လိုအပ်ချက်များ ရှိနေသေးကြောင်း သတိပြုမိစေခဲ့သည်။ ထို့ကြောင့် ပို၍ အစွမ်းထက်သော သွေးလမ်းစဉ် ကျင့်စဉ်များကို သင်ယူရန် အချိန်တန်ပြီ ဖြစ်ပေသည်။
မုန့်ဝမ်သည် တင်ပျဉ်ခွေထိုင်ကာ သူမ၏ ဝိညာဉ်အာရုံ ကို စိတ်ထဲသို့ နှစ်ဝင်စေပြီး သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ် ကို သေချာစွာ လေ့လာလိုက်၏။ ဤကျင့်စဉ်မှာ အလွန်ပင် နက်နဲကျယ်ပြန့်လှပြီး ကျင့်ကြံမှုအဆင့် အသေးစားတစ်ခုစီတိုင်းအတွက် ထူးခြားသော မန္တန်များနှင့် နတ်ဘုရားစွမ်းရည်များ ရှိနေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သူမသည် စီထျန်းချီ၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသဖြင့် ကျင့်စဉ်ကို လေ့လာရန် အခွင့်အရေး မရခဲ့ပေ။ ယခုအခါ အချိန်ရပြီ ဖြစ်သဖြင့် အသစ်ပေါ်ထွက်လာသော “သွေးရိပ်အတတ် ” ကို စိတ်အေးလက်အေး သင်ယူနိုင်ပြီ ဖြစ်၏။
အချိန်များမှာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသည်။ အိပ်ဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေပြီး မုန့်ဝမ်၏ ပုံမှန် အသက်ရှူသံနှင့် သွေးများ လည်ပတ်နေသည့် တိုးညင်းသော အသံကိုသာ ကြားရပေသည်။
ဆယ်ရက်ကျော် ကြာမြင့်ပြီးနောက်တွင် မုန့်ဝမ်၏ လက်ချောင်းထိပ်များ၌ သွေးရောင်အလင်းတန်းတစ်ခု ရုတ်တရက် လက်ခနဲ ပေါ်လာ၏။ သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ စူးရှသော အလင်းတန်းများ ပေါ်ထွက်လာသည်။
“အောင်မြင်သွားပြီ...” သူမက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် နှုတ်ခမ်းတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာ၏။
သွေးရိပ်အတတ် ဆိုသည်မှာ သွေးများကို အရိပ်များအဖြစ်သို့ ပြောင်းလဲကာ တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း သို့မဟုတ် ထောက်လှမ်းခြင်းတို့တွင် အသုံးပြုနိုင်သော စွမ်းရည်ပင် ဖြစ်သည်။ ဤအတတ်မှာ အလွန်ပင် လျင်မြန်ပြီး ဖုံးကွယ်နိုင်စွမ်း မြင့်မားလှသဖြင့် ရုတ်တရက် တိုက်ခိုက်ခြင်းနှင့် ထွက်ပြေးခြင်းတို့အတွက် အထူးကောင်းမွန်လှပေသည်။
မုန့်ဝမ်သည် ရှန်းယိ၏ ရုပ်သေးကို သိမ်းဆည်းလိုက်ပြီးနောက် သူမ၏ ခါးတွင် အကြိမ်ကြိမ် တုန်ခါနေသော တံဆိပ်ပြားကို ယူကာ သတင်းစကားများကို စစ်ဆေးလိုက်၏။ သတင်းစကားတစ်ခုကို မြင်လိုက်ရသောအခါ သူမ၏ အကြည့်မှာ စူးရှသွားပြီး အိပ်ဆောင်အတွင်းမှ ချက်ချင်း ထွက်လာခဲ့တော့သည်။ အပြင်၌ စောင့်ကြပ်နေသော ရှဲ့ကွမ်းယိသည် မုန့်ဝမ် ပေါ်လာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး ဒူးတစ်ဖက် ထောက်လိုက်၏။
“လက်အောက်ငယ်သားက နတ်သားအလျောင်းအလျာကို ဂါရဝပြုပါတယ်” (နတ်သားတော်လို့ပဲ သုံးသွားပါတော့မယ် မဟုတ်ရင် ရှုပ်ကုန်မှာစိုးလို့ပါ)
“ဘာတွေ ဖြစ်လို့လဲ”
“ကျွန်တော်မျိုးမှာ အရည်အချင်းမရှိတဲ့အတွက် သွေးငန်းတောင်ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်” ရှဲ့ကွမ်းယိ၏ အသံမှာ နောင်တနှင့် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေ၏။ “နတ်သားတော်အလျောင်းအလျာ တံခါးပိတ်ကျင့်ကြံနေစဉ်မှာ သွေးငန်းတောင်ကို... သွေးငန်းတောင်ကို မိစ္ဆာလမ်းစဉ်ဂိုဏ်း က တိုက်ခိုက်သိမ်းပိုက်သွားပါပြီ”
မုန့်ဝမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ “မိစ္ဆာလမ်းစဉ်ဂိုဏ်း ဒါက ဘယ်လိုဖြစ်ရတာလဲ”
သူမ တံခါးပိတ်ကျင့်ကြံနေသည်မှာ ဆယ်ရက်ကျော်မျှသာ ရှိသေးသော်လည်း ဤသို့သော ကိစ္စမျိုး ဖြစ်ပွားခဲ့လေသည်။ ရှဲ့ကွမ်းယိက လေးနက်သော အမူအရာဖြင့် ပြန်လည် ဖြေကြားလိုက်၏။
“မိစ္ဆာလမ်းစဉ်က တိုက်ခိုက်သူ အင်အား တစ်ရာနီးပါး ရှိပါတယ်။ ခေါင်းဆောင်ကတော့ သူတို့ရဲ့ နတ်သားတော်အလျောင်းအလျာ ဖြစ်တဲ့ ‘ကျူးယုံ’ ပါပဲ။ ဒီလူက ကျင့်ကြံမှု အတော်လေး နက်နဲလှပါတယ်။
ကျွန်တော်မျိုး သူနဲ့ တိုက်ခိုက်တဲ့အခါ တစ်ကွက်တည်းနဲ့တင် ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒဏ်ရာရပြီးတဲ့နောက် ကျန်ရှိတဲ့ တပည့်တချို့နဲ့အတူ ဝိုင်းရံထားတာကို အသည်းအသန် ဖောက်ထွက်ပြီး အသက်လု ထွက်ပြေးလာခဲ့ရတာပါ”
ဤနေရာသို့ ရောက်သောအခါ ရှဲ့ကွမ်းယိ၏ အသံမှာ တုန်ရီသွားတော့သည်။ “ကျွန်တော်မျိုး တောင်းပန်တိုးလျှိုးပါတယ်။ စစ်တပ်ကို ချက်ချင်း စေလွှတ်ပြီး သွေးငန်းတောင်ကို ပြန်လည် သိမ်းပိုက်ပေးပါ”
မုန့်ဝမ်သည် မျက်မှောင်ကြုတ်လျက် ဆိတ်ဆိတ်နေစဉ်မှာပင် အခြားတောင်ထိပ်သခင် ငါးဦးသည်လည်း မုန့်ဝမ် ကျင့်ကြံခြင်းမှ ထွက်လာသည့် သတင်းကို ရရှိသဖြင့် တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ မုန့်ဝမ်ကို မြင်သောအခါ သူတို့သည် ရိုသေစွာ ဂါရဝပြုကြပြီးနောက် သူမကို စတင် ဖျောင်းဖျကြတော့၏။
“နတ်သားတော်အလျောင်းအလျာ... သွေးငန်းတောင်က အရေးကြီးတယ် ဆိုပေမဲ့ ကိုယ်တိုင် ကိုယ်ကျ အန္တရာယ်ထဲကို တိုးဝင်ဖို့ မတန်ပါဘူး။ ကျူးယုံ ရဲ့ ခွန်အားက ကြီးမားလှသဖြင့် ကျွန်မတို့ ရေရှည်စီမံကိန်း တစ်ခုကို စဉ်းစားသင့်ပါတယ်”
“မှန်ပါတယ်... မိစ္ဆာလမ်းစဉ်ဂိုဏ်းက အခုအချိန်မှာ အရှိန်အဝါ ကြီးနေတာကြောင့် သူတို့ကို ထိပ်တိုက် မတွေ့သင့်သေးပါဘူး။ တောင်တစ်လုံး ဆုံးရှုံးသွားတာ ဖြစ်ပေမဲ့ နောက်ပိုင်းမှ တခြားနေရာကနေ ပြန်လည် သိမ်းပိုက်ဖို့ အခွင့်အရေး ရှာလို့ရနိုင်ပါသေးတယ်”
“တောင်ထိပ်သခင်တို့ရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်” မုန့်ဝမ်က တည်ငြိမ်စွာ ဆိုလိုက်၏။ “ဒါပေမဲ့ သွေးငန်းတောင်က ကျွန်မတို့ သွေးလမ်းစဉ်ရဲ့ နယ်မြေပဲ။ တခြားသူတွေ ကျူးကျော်လာတာကို ဘယ်လိုလုပ်ပြီး ခွင့်ပြုနိုင်မှာလဲ။ ဒီတိုက်ပွဲကတော့ ရှောင်လွှဲလို့ မရပါဘူး”
အားလုံးက သူမကို ထပ်မံ ဖျောင်းဖျရန် ကြိုးစားကြသော်လည်း မုန့်ဝမ်၏ ပြတ်သားသော အမူအရာကြောင့် သူတို့မှာ စိုးရိမ်ပူပန်လာကြရသည်။
“ဒါပေမဲ့...” ချင်းရှာတောင်ထိပ်၏ တောင်ထိပ်သခင် နီဖေလန်က စကားစရန် တုံ့ဆိုင်းနေ၏။ မုန့်ဝမ်က သူမကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်ရာ “တောင်ထိပ်သခင် နီ... တခြား ပြောစရာ ရှိသေးလို့လား”
နီဖေလန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လေးနက်သော လေသံဖြင့် ဆိုသည်။
“မိစ္ဆာလမ်းစဉ်က သွေးငန်းတောင်ကိုတင် ပစ်မှတ်ထားတာ မဟုတ်ဘဲ ကျန်တဲ့ တောင်ငါးလုံးအတွက်ပါ စစ်ရေးစီမံကိန်းတွေ ချထားတယ်လို့ သတင်းရထားပါတယ်။ အကယ်၍ နတ်သားတော်အလျောင်းအလျာအနေနဲ့ တခြားတောင်တွေက လူအင်အားကို ထုတ်ယူလိုက်မယ်ဆိုရင် ကျန်ရှိတဲ့ တောင်ငါးလုံးပါ အန္တရာယ် ကျရောက်သွားနိုင်မှာကို စိုးရိမ်မိပါတယ်”
ထိုစကားကို ကြားသောအခါ အခြားတောင်ထိပ်သခင်များကလည်း ထောက်ခံသောအားဖြင့် ခေါင်းညိတ်ကြသော်လည်း ရှဲ့ကွမ်းယိ၏ မျက်နှာမှာမူ အကြီးအကျယ် ပျက်သွားတော့သည်။
“နီဖေလန် ဒါက ဘာစကားလဲ။ နတ်သားတော်အလျောင်းအလျာကို သွေးငန်းတောင်ကို စွန့်လွှတ်ခိုင်းနေတာလား” ဟု ရှဲ့ကွမ်းယိက ဒေါသတကြီး အော်ဟစ်လိုက်၏။
“တောင်ထိပ်သခင် ရှဲ့... စိတ်အေးအေးထားပါ” အခြားတောင်ထိပ်သခင် တစ်ဦးက ဖျောင်းဖျလိုက်သည်။ “တောင်ထိပ်သခင် နီ ကလည်း အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားနေလို့ပါ”
“အခြေအနေအရပ်ရပ် ဟုတ်လား။ သွေးငန်းတောင် ကျဆုံးသွားပြီ၊ တပည့်ပေါင်း ဒါဇင်ချီပြီး အသတ်ခံရတယ်၊ ကျွန်ပြုခံရတယ်၊ နှင်ထုတ်ခံရတယ်” ရှဲ့ကွမ်းယိ၏ စိတ်ခံစားမှုများမှာ ပြင်းထန်နေပြီး သူ၏ အသံမှာ ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်နေ၏။ “အကယ်၍ ကျွန်တော်တို့ အခု ပြန်မတိုက်ဘူးဆိုရင် နောက်တစ်ယောက်က ခင်ဗျားတို့ ဖြစ်လာလိမ့်မယ်”
တောင်ထိပ်သခင်များမှာ အပြန်အလှန် အငြင်းပွားနေကြသဖြင့် အခင်းအကျင်းမှာ ရှုပ်ထွေးသွားရသည်။ မုန့်ဝမ်သည် ဤမြင်ကွင်းကို အေးစက်စွာ ကြည့်နေပြီးနောက် သူမ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ဖြစ်သည်။
“အားလုံး တိတ်ကြစမ်း”
မုန့်ဝမ်၏ စူးရှသော အော်ဟစ်သံက သူတို့၏ အငြင်းပွားမှုများကို ရပ်တန့်သွားစေ၏။ “ဒါက ဘာအမူအရာလဲ။ ဒီလောက်အထိ ဆူညံနေရတာလား”
တောင်ထိပ်သခင်များမှာ တိတ်ဆိတ်သွားကြပြီး အားလုံး ခေါင်းငုံ့လိုက်ကြရသည်။ မုန့်ဝမ်က လူအုပ်ကို ဝေ့ကြည့်လိုက်ရာ သူမ၏ လေသံမှာ အလွန်ပင် အေးစက်လှပေသည်။
“အခု အခြေအနေက အလွန် အရေးကြီးနေတယ်။ အချင်းချင်း အငြင်းပွားနေတာက ငါတို့ရဲ့ စည်းလုံးမှုကို ပျက်ပြားစေရုံပဲ ရှိမယ်။ တောင်ထိပ်သခင် နီ ပြောတာလည်း အကြောင်းရှိပါတယ်။ သွေးငန်းတောင်ကို ဆုံးရှုံးသွားရုံနဲ့ ကျန်တဲ့ တောင်ငါးလုံးကိုပါ ထပ်ပြီး အဆုံးရှုံး မခံနိုင်ဘူး”
သူမသည် ရှဲ့ကွမ်းယိဘက်သို့ လှည့်ကြည့်လိုက်၏။ “တောင်ထိပ်သခင် ရှဲ့... ခင်ဗျားက သွေးငန်းတောင်ကို နှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့တဲ့သူဆိုတော့ မြေအနေအထားကို အသိဆုံးပဲ။ ကျန်ရှိတဲ့ တပည့်တွေကို အမြန်ဆုံး စုစည်းပြီး ငါနဲ့အတူ သွေးငန်းတောင်ကို လိုက်ခဲ့ပါ။ ကျန်တဲ့ တောင်ထိပ်သခင်တွေကတော့ ကိုယ့်တောင်ကိုကိုယ် ချက်ချင်း ပြန်ကြပြီး ကာကွယ်ရေးတွေကို တိုးမြှင့်ထားကြ”
ရှဲ့ကွမ်းယိသည် စိတ်မပါသော်လည်း မုန့်ဝမ်၏ အမိန့်ကို မဖီဆန်ရဲသဖြင့် နာခံလိုက်ရချေသည်။ အခြားတောင်ထိပ်သခင်များလည်း နှုတ်ဆက်၍ မိမိတို့၏ တောင်များဆီသို့ အပြေးအလွှား ပြန်သွားကြတော့သည်။ ရှဲ့ကွမ်းယိသည် ထွက်ခွာသွားသော လူအုပ်ကို ကြည့်ကာ စိုးရိမ်သော အမူအရာဖြင့် ဆို၏။
“နတ်သားတော်အလျောင်းအလျာ... မိစ္ဆာလမ်းစဉ်ဂိုဏ်းက အင်အားအလုံးအရင်းနဲ့ လာနေတာ။ ကျွန်တော်တို့ လူအင်အား ဒီလောက်နည်းနည်းလေးနဲ့ အဆင်ပြေပါ့မလား”
“ရပါတယ်။ အဲဒီ ကျူးယုံ ဆိုတဲ့လူက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ အရင်ဆုံး သွားတွေ့ကြည့်တာပေါ့”
မုန့်ဝမ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီးနောက် သူမသည် ရှဲ့ကွမ်းယိနှင့် ကျန်ရှိသော အင်အားစုများကို ဦးဆောင်ကာ သွေးငန်းတောင်ထံသို့ တိုက်ရိုက် ချီတက်သွားတော့သည်။
သွေးငန်းတောင်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်ပင်များကြားမှ တိုက်ခတ်လာသော လေတိုးသံကိုသာ ကြားရပေသည်။ မုန့်ဝမ်သည် သွေးငန်းတောင်၏ ရှေ့ ကောင်းကင်ယံတွင် ရပ်တန့်ကာ တောင်တစ်ပြင်လုံးကို စူးရှသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်၏။
လွန်ခဲ့သော ဆယ်ရက်ကျော်ကနှင့် နှိုင်းယှဉ်လျှင် သွေးငန်းတောင်မှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ပျက်စီးယိုယွင်းမှုများနှင့်အတူ ခြောက်ကပ်နေချေသည်။
ပို၍ ထူးဆန်းသည်မှာ သွေးငန်းတောင် တစ်ခုလုံးတွင် မည်သည့်ကျင့်ကြံသူကိုမျှ မတွေ့ရခြင်းပင် ဖြစ်၏။ မိစ္ဆာလမ်းစဉ်ဂိုဏ်းသားများ သွေးငန်းတောင်ကို သိမ်းပိုက်ထားသည်ဟု ဆိုသော်လည်း သူတို့မှာ မည်သည့်နေရာသို့ ရောက်နေကြသနည်း။ ထိုအချိန်မှာပင် ချိုင့်ဝှမ်းအတွင်းမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“မုန့်ဝမ်... နင် နောက်ဆုံးတော့ ရောက်လာပြီပေါ့”
***