“မုန့်ဝမ် ဒီကိုလာရတဲ့ အကြောင်းရင်းကတော့ ကျွန်မကို သွေးလမ်းစဉ်နန်းတော်ထဲ ဝင်ရောက်ခွင့်ပေးခဲ့တဲ့ နတ်သားတော်ရဲ့ ကျေးဇူးတော်ကို လာရောက်ဂါရဝပြုတာပါ”
မုန့်ဝမ်၏ လေသံမှာ အလွန်ပင် ရိုးသားလှပြီး စကားလုံးတိုင်းမှာ စိတ်ရင်းမှန်မှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
“သွေးလမ်းစဉ်နန်းတော်ထဲမှာ ကျွန်မအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိခဲ့ပါတယ်။ ဒါတွေအားလုံးက နတ်သားတော်ရဲ့ ရက်ရောမှုကြောင့် ရရှိလာတဲ့ ကံကောင်းမှုတွေပါပဲ”
“နင်က ငါတို့ သွေးလမ်းစဉ်ရဲ့ နတ်သားတော်အလျောင်းအလျာ တစ်ဦးဖြစ်သလို ငါ့ရဲ့နယ်ပယ်ကိုလည်း စီမံခန့်ခွဲပေးနေသူပဲ။ ဒီဆုလာဘ်တွေက နင်နဲ့ ထိုက်တန်ပါတယ်” ရွှယ်ဝူယာက အသာအယာ ပြုံးလိုက်၏။
“နောင်မှာလည်း ငါ့အတွက် ဆက်လက်ပြီး ကြိုးစားအားထုတ်ပေးပါ”
“ဟုတ်ကဲ့ပါ... နတ်သားတော်ရဲ့ ကျင့်ကြံမှုက နက်နဲရုံတင်မကဘဲ အမူအရာကလည်း ခန့်ညားထည်ဝါလှပါတယ်။ စိတ်နှလုံး ဖြူစင်ကျယ်ပြန့်တဲ့ နတ်သားတော်ရဲ့နောက်ကို လိုက်ခွင့်ရတာ ကျွန်မအတွက် ကံကောင်းခြင်းပါပဲ။
နတ်သားတော်ရဲ့ အနားမှာ အမြဲရှိနေပြီး လမ်းညွှန်မှုတွေကို အမြဲမပြတ် နားမထောင်နိုင်တာကိုပဲ နောင်တရမိပါတယ်”
မုန့်ဝမ်က နှမြောတသဟန်ဖြင့် သက်ပြင်းချလိုက်၏။ သူမ၏ မျက်နှာတွင် နောင်တရိပ်များ လွှမ်းနေပေသည်။ နတ်သားတော်သည် လက်အောက်ငယ်သားများ၏ မြှောက်ပင့်စကားများကို နေသားကျနေသူ ဖြစ်သော်လည်း ဤစကားများကို ကြားရသောအခါ အနည်းငယ် ကျေနပ်သွားရချေပြီ။
“နင့်ရဲ့ စေတနာကို ငါသိပါတယ်။ ဒါပေမဲ့ နင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ခါစဆိုတော့ ကျင့်ကြံမှုက နိမ့်ပါးနေသေးတယ်။ ကျင့်ကြံမှု တိုးတက်ဖို့ကိုပဲ အဓိကထားပြီး အာရုံစိုက်ပါ။ ကဲ... သွားတော့။ နောက်တစ်ခါ လာတွေ့တဲ့အခါ သတင်းကောင်းတွေ ပါလာလိမ့်မယ်လို့ မျှော်လင့်တယ်”
“အမိန့်အတိုင်းပါ နတ်သားတော်”
မုန့်ဝမ်သည် ခန်းမအတွင်းမှ ရိုသေစွာ ဆုတ်ခွာခဲ့ပြီး ဆဋ္ဌမတောင်ထိပ်မှ ထွက်ခွာလာခဲ့ပေသည်။ ဆဋ္ဌမတောင်ထိပ်၏ အပြင်ဘက်တွင် ယွမ်ဝူမှာ အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေ၏။ မုန့်ဝမ် ထွက်လာသည်ကို မြင်သည်နှင့် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားအားလုံးကို အစွမ်းကုန် နှိုးဆွလိုက်တော့သည်။ ထို့နောက် ကြီးမားလှသော ကိရိန်းသွေးတံဆိပ် တစ်ခုကို ဖန်တီးကာ မုန့်ဝမ်ရှိရာသို့ ရိုက်ချလိုက်ပေသည်။
သွေးတံဆိပ်ပေါ်ရှိ ကိရိန်းရုပ်မှာ သက်ဝင်လှုပ်ရှားလာပြီး ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ တောင်နှင့် ပင်လယ်ကိုပင် မှောက်လှန်နိုင်လောက်သော အသံကြီး ထွက်ပေါ်လာပေသည်။
ဤတိုက်ကွက်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ရှိသော ယွမ်ဝူ၏ အပြင်းထန်ဆုံး တိုက်ကွက်ပင် ဖြစ်ချေပြီ။ ယွမ်ဝူ၏ စကားများတွင် မုန့်ဝမ်ကို အထင်အမြင်သေးဟန်များ ပါဝင်နေသော်လည်း အမှန်တကယ် တိုက်ခိုက်ချိန်တွင်မူ သူသည် အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်ပေသည်။
နီးကပ်လာသော ကိရိန်းသွေးတံဆိပ်နှင့် ပြင်းထန်လှသော သွေးရောင်အလင်းတန်းများကို ကြည့်ရင်း မုန့်ဝမ်သည် မကြုံစဖူးသော ဖိအားကို ခံစားလိုက်ရ၏။ ထိုဖိအားကြောင့် သူမ၏ အရေပြားများပင် တဆတ်ဆတ် တုန်ယင်လာရပေသည်။
ဒါ အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ရဲ့ စွမ်းအားလား.........
သူသည် အဆင့် (၄) သာရှိသော ကျူးယုံထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေပေသည်။ မုန့်ဝမ်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်လိုက်ရာ ဖိအားများအားလုံး ပျောက်ကွယ်သွားတော့၏။
ချက်ချင်းပင် မုန့်ဝမ်သည် အထက်သို့ ခုန်တက်လိုက်ပြီး ကိရိန်းသွေးတံဆိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ပေသည်။
“ဝုန်း ....”
လေထဲတွင် နှစ်ဦးသား ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြပြီး နားကွဲလုမတတ် အသံကြီး ထွက်ပေါ်လာ၏။ သွေးတံဆိပ်မှာလည်း ရှေ့သို့ တစ်လက်မပင် ဆက်မတိုးနိုင်တော့ချေ။ မုန့်ဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးရောင်အလင်းများ လွှမ်းခြုံနေပြီး သူမသည် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုသက်သက်ဖြင့် ထိုသွေးတံဆိပ်ကို ခုခံထားခြင်း ဖြစ်ပေသည်။
ကြီးမားလှသော ကိရိန်းသွေးတံဆိပ်ရှေ့တွင် မုန့်ဝမ်မှာ ပုရွက်ဆိတ်ကလေးတစ်ကောင်ကဲ့သို့ သေးငယ်လှသော်လည်း ထိုပုရွက်ဆိတ်ကလေးကပင် ကြီးမားသော သစ်ပင်ကြီးကို တုန်ခါစေနိုင်ခဲ့၏။
ယွမ်ဝူ၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွား၏။ မုန့်ဝမ်ကို မတိုက်ခိုက်မီ သူမနှင့်ပတ်သက်သော သတင်းအချက်အလက်များကို သူ စုဆောင်းထားခဲ့ပေသည်။
သူမသည် ခန္ဓာကိုယ် ကျင့်စဉ်များကို ကျင့်ကြံထားသူဖြစ်ပြီး သူမ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အခြားသော လမ်းစဉ်များမှ နတ်သားတော်အလျောင်းအလျာများနှင့်ပင် နှိုင်းယှဉ်နိုင်သည်ကို သူ သိထားပေသည်။
သို့သော် သူမသည် သူ့ထက် အဆင့်လေးဆင့်မျှ နိမ့်ကျနေသူ ဖြစ်ချေ၏။ သူ ခဲရာခဲဆစ် ကျင့်ကြံထားသော ကိရိန်းသွေးတံဆိပ်ကို သူမအနေဖြင့် ခုခံနိုင်စရာ အကြောင်းမရှိပေ။
ယွမ်ဝူ၏ အကြည့်မှာ ကိရိန်းသွေးတံဆိပ်ကို ထိန်းထားသော မုန့်ဝမ်၏ လက်ဆီသို့ ကျရောက်သွား၏။ ပါးလွှာသော ဝတ်ရုံအောက်မှ လက်ချောင်းများမှာ ဖိအားကြောင့် တုန်ယင်နေပြီး အရိုးများပင် လွဲချော်နေသည်ကို မြင်လိုက်ရချိန်တွင်မှ သူသည် အေးစက်စွာ ပြုံးလိုက်တော့ပေသည်။
“ဟက်... အပေါ်ယံ ဟန်ဆောင်နေတာကိုး.........”
ယွမ်ဝူသည် လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်၏။ သူ၏ လှုပ်ရှားမှုနှင့်အတူ ကိရိန်းရုပ်မှာ ထပ်မံဟိန်းဟောက်လိုက်ပြီး သွေးတံဆိပ်မှာ ပိုမိုပြင်းထန်သော စွမ်းအားများဖြင့် ဖိနှိပ်ချလိုက်ပေသည်။
မုန့်ဝမ်သည် သူမ၏ လက်ကို ရုတ်သိမ်းလိုက်ပြီး နောက်သို့ ဆုတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အပြင်းအထန် လောင်မြဲလာပြီး သွေးရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သွေးတံဆိပ်၏ အကွာအဝေးမှ လွတ်မြောက်သွားတော့ပေသည်။
“ပြေးမလို့လား.........”
ယွမ်ဝူက နှာခေါင်းရှုံ့လိုက်၏။ သူ၏ အတွင်းရှိ သွေးပင်လယ်မှာ ဟုန်းဟုန်းတောက် ထွက်ပေါ်လာပြီး ခဏချင်းမှာပင် ကောင်းကင်တစ်ခုလုံးကို သွေးရောင် လွှမ်းသွားစေတော့သည်။ ထို့နောက် သွေးရေများမှာ ရေတံခွန်ကဲ့သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး ချွန်ထက်သော ဓားရှည်များကဲ့သို့ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် မုန့်ဝမ်ဆီသို့ ဦးတည်သွားတော့ပေသည်။
မုန့်ဝမ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်မှ ကျဆင်းလာသော သွေးရေတံခွန်ကို မော့ကြည့်လိုက်၏။ သူမသည် နောက်ဆုတ်မသွားဘဲ ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လှမ်းတက်လိုက်ကာ အဆုံးမရှိသော သွေးရေတံခွန်ထဲသို့ တိုးဝင်လိုက်ပေသည်။
ထို့နောက် သူမ၏ သွေးပင်လယ်ကို ဖွင့်လှစ်လိုက်ပြီး ကောင်းကင်မှ ကျဆင်းလာသမျှ သတ်ဖြတ်လိုသော အရှိန်အဝါများကို လက်ခံလိုက်တော့၏။
ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပေသည်။ အရှိန်အဟုန်ဖြင့် ကျဆင်းလာသော သွေးရေများမှာ မုန့်ဝမ်၏ ခန္ဓာကိုယ်နှင့် သုံးလက်မအကွာသို့ ရောက်ရှိချိန်တွင် လေထဲ၌ပင် ပျောက်ကွယ်သွားကြတော့၏။ ယွမ်ဝူသည် မျက်မှောင်ကြုတ်လိုက်ပြီး မုန့်ဝမ်၏ ရည်ရွယ်ချက်ကို သိလိုက်ရချိန်တွင် လှောင်ပြောင်လိုက်ပေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် (၂) မျှသာရှိသောသူက သူ၏ သွေးဝိညာဉ်ရေများကို ဝါးမြိုရန် ကြိုးစားနေခြင်းမှာ ဗိုက်ပေါက်ထွက်မည်ကို မကြောက်ခြင်းပင် ဖြစ်ချေလိမ့်မည်။
ယွမ်ဝူသည် သွေးပင်လယ်အတွင်းမှ သွေးဝိညာဉ်ရေ အမြောက်အမြားကို ထပ်မံနှိုးဆွလိုက်ပြီး မုန့်ဝမ်ဆီသို့ ရစ်ပတ်စေလိုက်၏။ သို့သော် မုန့်ဝမ်မှာ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။ ဘယ်လောက်ပင် လာပါစေ သူမသည် အားလုံးကို ဝါးမြိုပစ်လိုက်ပြီး သူမ၏ သွေးပင်လယ်အတွင်း၌ အတင်းအဓမ္မ ဖိနှိပ်ထားတော့ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ယွမ်ဝူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး သူ၏ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်လာရပေသည်။ မုန့်ဝမ်၏ သွေးပင်လယ်မှာ မည်မျှအထိ ကျယ်ပြောနေသနည်း။
သူ ဖန်တီးလိုက်သော သွေးရေတံခွန်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့် (၃) သို့မဟုတ် (၄) ရှိသော သူများကိုပင် ဗိုက်ပေါက်ထွက်စေရန် လုံလောက်လှပေသည်။ သို့သော် မုန့်ဝမ်၏ မျက်နှာမှာမူ နီမြန်းလျက်ရှိပြီး မျက်ဝန်းများမှာလည်း တောက်ပနေရာ ပေါက်ကွဲထွက်တော့မည့်ပုံစံ လုံးဝ မရှိချေ။
ယွမ်ဝူသည် ကိရိန်းသွေးတံဆိပ်ကို မုန့်ဝမ်အား တိုက်ခိုက်ရန် ခိုင်းစေလိုက်ပြီး တစ်ချိန်တည်းမှာပင် သူမ ဝါးမြိုထားသော သွေးရေတံခွန်များကို အပြင်းအထန် ရုန်းကန်စေလိုက်၏။
မုန့်ဝမ်၏ သွေးပင်လယ်အတွင်း၌ ရုန်းကန်နေသော သွေးရေတံခွန်များမှာ သွေးနဂါးများကဲ့သို့ ရုန်းကန်နေကြသော်လည်း ပြင်းထန်သော လှိုင်းလုံးကြီးများက ၎င်းတို့ကို ပင်လယ်၏ အောက်ခြေသို့ ပြန်လည် ဆွဲချပစ်လိုက်တော့ပေသည်။
ယွမ်ဝူသည် ထိုသွေးရေတံခွန်များနှင့် သူ၏ အဆက်အသွယ် ပြတ်တောက်တော့မည်ကို သိရှိလိုက်သဖြင့် ကိရိန်းသွေးတံဆိပ်ကို မုန့်ဝမ်ရှိရာသို့ အသည်းအသန် ရိုက်ချလိုက်ပေသည်။
မုန့်ဝမ်သည် သူမ၏ အတွင်းစိတ်ကို တစ်ချက်ကြည့်လိုက်ပြီး သွေးရေတံခွန်များကို အောင်မြင်စွာ ဖိနှိပ်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင်မှ ကိရိန်းသွေးတံဆိပ်ကို အာရုံစိုက်လိုက်တော့၏။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရသွေးများမှာ တိတ်တဆိတ် လောင်မြဲလာပြီး သူမသည် သွေးရိပ်တစ်ခုအဖြစ် အလွန်လျှင်မြန်သော အရှိန်ဖြင့် ခုန်တက်လိုက်ကာ ကိရိန်း၏ ကျောပေါ်သို့ ရောက်ရှိသွားပေသည်။
ထို့နောက် သူမ၏ လက်သီးများဖြင့် ကိရိန်း၏ ဦးခေါင်းကို တရစပ် ထိုးနှက်တော့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးချက်ပေါင်း ဆယ်ချက်ကျော်မှာ ကိရိန်း၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး ဦးခေါင်းမှာလည်း နက်ရှိုင်းစွာ နိမ့်ဝင်သွားတော့ပေသည်။
သွေးကိရိန်းမှာ နာကျင်စွာ အော်ဟစ်ရင်း သူမကို ခါချရန် ကြိုးစားနေသော်လည်း မုန့်ဝမ်၏ ခြေထောက်များမှာ သံညှပ်ကြီးများကဲ့သို့ ကိရိန်း၏ ခန္ဓာကိုယ်ပေါ်တွင် မြဲမြံစွာ ကပ်ပါနေပေသည်။
***