လင်းကျူသည် ယွမ်ဝူ၏ စကားများကို ကြားသော်လည်း ဒေါသထွက်ခြင်းမရှိဘဲ ဟန်ကိုယ်ဖို့ဖြင့် ပြန်လည်ချေပလိုက်ပေသည်။
“စီနီယာအစ်ကို ယွမ်ဝူ... ဒီလိုစကားမျိုးပြောတာ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့က လမ်းစဉ်ချင်း မတူတာပဲ ရှိတာပါ၊ ဘာလို့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေရတာလဲ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် အိမ်မှာ အလုပ်မရှိဘဲ ပျင်းနေတာနဲ့ ထွက်လာရင်း... သွေးလမ်းစဉ်ရဲ့ အဆင့်တက်ခါစ ဂျူနီယာညီမလေးနဲ့ လက်ရည်စမ်းချင်ရုံ သက်သက်ပါ။ ဂျူနီယာညီမလေး မုန့်ဝမ်က မရှိဘူးဆိုတော့လည်း သန့်စင်ထားတဲ့ ကျွန်တော့်ရဲ့ အသွင်ပြောင်း မီးလျှံမြင်းကို စီနီယာအစ်ကို ယွမ်ဝူနဲ့ အကဲစမ်းကြည့်တာပေါ့”
စကားဆုံးသည်နှင့် လင်းကျူသည် မီးတောက်များ ဝေနေသော မီးလျှံမြင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခွာသံများ တဗုန်းဗုန်းဖြင့် ယွမ်ဝူဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့၏။
ယွမ်ဝူ၏ မျက်ဝန်းများတွင် ရက်စက်မှုများ ပြည့်နှက်သွားပြီး လပြည့်ဝန်းသဏ္ဌာန် ကွေးညွတ်နေသော ချိတ်ကောက်ဓားမှာ လက်ထဲတွင် ပေါ်လာကာ မီးလျှံမြင်းဆီသို့ လေထဲမှ ဝေ့ဝဲပျံသန်းသွားပေသည်။
မီးလျှံမြင်း၏ မျက်ဝန်းတွင် မောက်မာမှုများ ထင်ဟပ်သွား၏။ သူသည် ရှေ့ခြေထောက်နှစ်ဖက်ကို မြှောက်၍ အထက်သို့ ခုန်တက်လိုက်ရာ သတ်ဖြတ်လိုသော အရှိန်အဝါများ ပါဝင်သည့် ချိတ်ကောက်ဓားကို အသာအယာ ကျော်ဖြတ်သွားပြီး ယွမ်ဝူ၏ ဦးခေါင်းပေါ်သို့ ခွာဖြင့် ပိတ်နင်းလိုက်ပေသည်။
“သေချင်နေတာပဲ.........”
ယွမ်ဝူက အေးစက်စွာ လက်ကို မြှောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ပြင်းထန်စွာ တုန်ခါလာပြီး မီးလျှံမြင်း၏ ခန္ဓာကိုယ်အတွင်းမှ သွေးများကို အဝေးမှနေ၍ ဆွဲထုတ်လိုက်ပေသည်။
မီးလျှံမြင်း၏ ကြွက်သားများမှာ တဆတ်ဆတ် တုန်ယင်လာပြီး ပါးစပ်၊ နှာခေါင်းနှင့် နားများမှ သွေးများနှင့် အနှစ်သာရများမှာ အပြင်သို့ ပန်းထွက်လာရချေပြီ။
မီးလျှံမြင်းက ဟိန်းဟောက်လိုက်ရာ သူ၏ခွာအောက်မှ မီးတောက်များမှာ တိတ်တဆိတ် ပျံ့နှံ့သွားပြီး ယွမ်ဝူ မစုပ်ယူရသေးသော သွေးစွမ်းအင်များကို လောင်ကျွမ်းပစ်လိုက်၏။ ၎င်းနောက်တွင် မီးလျှံမြင်းသည် အောက်သို့ ထိုးဆင်းလိုက်ပြီး မီးတောက်များအတွင်းသို့ တိုးဝင်ကာ အရိပ်အယောင် ပျောက်ကွယ်သွားတော့ပေသည်။
မီးလွတ်မြောက်ခြင်းအတတ်
ယွမ်ဝူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ ဤမီးလျှံမြင်းသည် မွေးရာပါ မီးကို ထိန်းချုပ်နိုင်စွမ်း ရှိသည့်အပြင် ဓာတ်ကြီးငါးပါး လွတ်မြောက်ခြင်း အတတ်များထဲမှ မီးဒြပ်စင်ကို ကျွမ်းကျင်သူ ဖြစ်ပေသည်။
လင်းကျူတစ်ယောက် ဤအတတ်ကို တတ်မြောက်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ ယွမ်ဝူသည် မည်သည့်အချိန်တွင်မဆို ပေါ်လာနိုင်သော လင်းကျူကို သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေပေသည်။
ရုတ်တရက်ဆိုသလို ယွမ်ဝူ၏ ကျောဘက်တွင် ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာပြီး သူ့ကို ဝါးမြိုရန် တိုးဝင်လာ၏။ ယွမ်ဝူက အလွန်လျှင်မြန်စွာ တုံ့ပြန်လိုက်ပြီး သွေးရောင်အလင်းများ လွှမ်းခြုံကာ မူလနေရာတွင် ပုံရိပ်ယောင်တစ်ခုသာ ချန်ထားခဲ့ပြီး မီးတောက်များမှ လွတ်အောင် ရှောင်တိမ်းလိုက်ပေသည်။
သို့သော် ယွမ်ဝူ ရှောင်တိမ်းလိုက်သည့် အချိန်မှာပင် မီးပွားတစ်ခုမှာ မီးလျှံမြင်းအဖြစ် ပြောင်းလဲသွားပြီး ယွမ်ဝူ၏ ပုခုံးပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်တော့၏။
“ဂွပ်.........”
အရိုးကျိုးသွားသည့် အသံမှာ ပြတ်သားစွာ ထွက်ပေါ်လာပေသည်။ ယွမ်ဝူ၏ ပုခုံးမှာ နက်ရှိုင်းစွာ နိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ပေါ်တွင် မီးတောက်များ လောင်မြဲနေရာ သွေးမြူခိုးများမှာလည်း အငွေ့ပျံကုန်ကြချေပြီ။ ယွမ်ဝူသည် အသည်းအသန် လွတ်မြောက်ခြင်းအတတ်ကို အသုံးပြု၍ မီးလျှံမြင်း၏ အနားမှ ခွာလိုက်ရပေသည်။
သူ ပြန်လည်ပေါ်လာချိန်တွင် ယွမ်ဝူ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး ပုခုံးမှာလည်း မဲမှောင်ကာ လောင်ကျွမ်းနေချေပြီ။ အင်္ကျီအပေါ်ပိုင်းမှာလည်း စုတ်ပြတ်နေသဖြင့် ကြည့်ရဆိုးလှပေသည်။
ဆန့်ကျင်ဘက်အားဖြင့် မီးလျှံမြင်းမှာမူ အေးအေးဆေးဆေးပင် လမ်းလျှောက်နေပြီး အားရပါးရ နှာမှုတ်နေသေး၏။
“စီနီယာအစ်ကို ယွမ်ဝူကတော့ တကယ်ပဲ အရင်ကထက် အားနည်းသွားတာပဲ။ သွေးလမ်းစဉ်မှာ နေရတာ သိပ်အဆင်မပြေဘူးထင်တယ်၊ ကျွန်တော်တို့ မိစ္ဆာလမ်းစဉ် ဆီကို ပြောင်းလာဖို့ စဉ်းစားကြည့်ပါလား”
ယွမ်ဝူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။ သူသည် ဝတ်ရုံအသစ်တစ်ထည်ကို ထုတ်ဝတ်ကာ ပုခုံးပေါ်မှ ဒဏ်ရာကို ဖုံးကွယ်လိုက်ပေသည်။
မီးလျှံမြင်းသည် ခွာကို ယက်၍ တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ရန် ပြင်နေစဉ်မှာပင် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားရပေသည်။
ဝေးလံသော မိုးကုပ်စက်ဝိုင်းဆီမှ သွေးရောင်အလင်းတန်း သုံးခုမှာ လျှင်မြန်စွာ ရောက်ရှိလာပြီး မီးလျှံမြင်း၏ အခြားတစ်ဖက်တွင် လူပုံရိပ် သုံးခုအဖြစ် ပြောင်းလဲသွား၏။
၎င်းတို့မှာ သတင်းရ၍ အပြေးအလွှား ရောက်ရှိလာကြသော ယွိချီ၊ ယွဲ့ချန် နှင့် တွမ်ချန်းရှောင် တို့ ဖြစ်ကြပေသည်။ သူတို့ သုံးဦးစလုံးမှာ မီးလျှံမြင်းကို အေးစက်စွာ စိုက်ကြည့်နေကြပြီး ၎င်းက ရှေ့သို့ တစ်လှမ်းတိုးသည်နှင့် အတူတကွ တိုက်ခိုက်မည့် အနေအထားတွင် ရှိနေကြ၏။
၎င်းကို မြင်သောအခါ မီးလျှံမြင်းက ပြုံးလိုက်ပေသည်။
“သွေးလမ်းစဉ်ရဲ့ အဆင့်တက်ခါစ ဂျူနီယာညီမလေးက လူချစ်လူခင် တော်တော်ပေါတာပဲ၊ ကူညီပေးမယ့်သူတွေ ဒီလောက်တောင် များနေတာကိုး”
ပြောပြီးနောက် မီးလျှံမြင်းမှာ လင်းကျူအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ယွမ်ဝူကို ကြည့်ကာ ပြုံးလျက် မျက်တောင်တစ်ဖက် ခတ်ပြလိုက်၏။ “စီနီယာအစ်ကို ယွမ်ဝူနဲ့ လက်ရည်စမ်းဖို့ နောက်တစ်ကြိမ်ကိုပဲ စောင့်ရတော့မယ် ထင်တယ်။ သွားပြီနော်”
လင်းကျူသည် သူ၏လူများကို ဦးဆောင်၍ ခန့်ခန့်ကြီးပင် ထွက်ခွာသွားတော့ပေသည်။ ယွမ်ဝူမှာမူ လင်းကျူတို့ ထွက်သွားရာလမ်းကို ခက်ထန်သော မျက်နှာထားဖြင့် စိုက်ကြည့်နေမိသော်လည်း တားဆီးခြင်း မပြုခဲ့ချေ။
“စီနီယာအစ်ကို ယွမ်ဝူ... သူတို့ကို ဒီအတိုင်းပဲ လွှတ်လိုက်တော့မှာလား” ယွဲ့ချန်က မကျေမနပ်ဖြင့် မေးလိုက်၏။
“ဒါမှမဟုတ်ရင် ဘာလုပ်ရမှာလဲ။ နယ်မြေအများစုက အလုခံလိုက်ရပြီ၊ ပိုင်ရှင်ဖြစ်တဲ့ မုန့်ဝမ်ကတော့ အရိပ်တောင် မမြင်ရသေးဘူး။ ငါတို့က ရှေ့ထွက်ပြီး ကူညီမောင်းထုတ်ပေးတာတောင် ကျေးဇူးတင်ရဦးမယ်။
သူမ လုပ်ရမယ့်အလုပ်ကို ငါတို့ကပဲ အကုန်လုပ်ပေးနေရမယ်လို့ နင် ထင်နေတာလား” ယွမ်ဝူက အေးစက်စွာ ပြောလိုက်ပေသည်။
ယွဲ့ချန်မှာ ဆူပူခြင်း ခံလိုက်ရသော်လည်း မည်သည့် မကျေနပ်မှုကိုမျှ ဖော်ပြခြင်း မပြုဘဲ ခေါင်းညိတ်၍ သဘောတူလိုက်၏။ “စီနီယာအစ်ကို ပြောတာ မှန်ပါတယ်။ ကျွန်မတို့က အလကားသက်သက် အပင်ပန်းခံလို့ မဖြစ်ဘူး။
မုန့်ဝမ် ပေါ်လာတဲ့အခါကျမှ သူမဆီက အကျိုးအမြတ်တွေကို တိုက်ရိုက် တောင်းရမှာပေါ့။ ကျွန်မတို့ လေးယောက်လုံး ရှိနေတာဆိုတော့ သူမအနေနဲ့ ငြင်းရဲမှာ မဟုတ်ပါဘူး”
ဤစကားကို ကြားသောအခါ ယွမ်ဝူ၏ စိတ်ထဲတွင် အခြားသော အတွေးအချို့ ဝင်လာရပေသည်။ အကယ်၍ ယွိချီ၊ ယွဲ့ချန်နှင့် တွမ်ချန်းရှောင်တို့၏ အစွမ်းကို ပေါင်းစပ်လိုက်လျှင် မုန့်ဝမ်တစ်ယောက် ဒဏ်ရာသက်သာသွားလျှင်ပင် သူတို့၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။
သို့သော် ဤသုံးဦးမှာ အမြဲတမ်း စုပေါင်းလှုပ်ရှားတတ်ကြသူများ ဖြစ်၏။ ယခုအခါ သူ၏ ကျင့်ကြံမှုမှာ ကျဆင်းနေသဖြင့် သူတို့ကို ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ထို့ပြင် ယွမ်ဝူသည် အမြဲတမ်း ဗိုလ်ကျစိုးမိုးတတ်သူ ဖြစ်သဖြင့် ၎င်းတို့ သုံးဦးအပေါ် နှိပ်စက်ခြင်းနှင့် အရင်းအမြစ်များကို လုယူခြင်းများ ပြုလုပ်ခဲ့ဖူးပေသည်။
အကယ်၍ တိုက်ပွဲအတွင်း သူတို့က သူ့ကို ဒုက္ခပေးခဲ့မည်ဆိုလျှင် ကြီးမားသော ပြဿနာ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့်... ဤသုံးဦးကို သွေးခွဲပြီး တစ်ဦးချင်းစီ သိမ်းသွင်းနိုင်မည့် နည်းလမ်း ရှိရပေမည်။
ယွမ်ဝူ၏ မျက်ဝန်းများတွင် အစီအစဉ်တစ်ခု ပေါ်လာ၏။ သူသည် ယွဲ့ချန်ကို လျှို့ဝှက်၍ အမိန့်အချို့ ပေးလိုက်သော်လည်း မျက်နှာထားမှာမူ တည်ငြိမ်နေဆဲ ဖြစ်ပေသည်။
“မုန့်ဝမ် ပေါ်လာတဲ့အခါကျမှ ဆက်ပြောကြတာပေါ့”
ထိုသုံးဦးကို ပြန်လွှတ်လိုက်ပြီးနောက် ယွမ်ဝူသည် သူ၏ သွေးယင်ကမ်းပါး သို့ တိတ်တဆိတ် ပြန်လာခဲ့ပေသည်။ သူ အကြာကြီး စောင့်ဆိုင်းခြင်း မပြုမီမှာပင် ယွဲ့ချန်မှာ တကယ်ပင် ရောက်ရှိလာတော့၏။
ယွဲ့ချန်သည် ယွမ်ဝူကို မြင်သည်နှင့် ရိုသေစွာ အလေးပြုလိုက်ပေသည်။ “ဂါရဝပြုပါတယ် စီနီယာအစ်ကို ယွမ်ဝူ။ ကျွန်မကို ဘာကိစ္စကြောင့် ခေါ်လိုက်တာလဲဆိုတာ သိပါရစေ.........”
“ထိုင်ပါ” ယွမ်ဝူက အေးစက်စွာ ပြောလိုက်၏။ “နင့်ရဲ့ ကျင့်ကြံမှုက အခု ငါနဲ့ မခြားနားတော့ဘူး။ ရွှမ်ယင်ဂိုဏ်းမှာ အစွမ်းထက်သူကို ဦးစားပေးတာမို့ အားနာနေစရာ မလိုပါဘူး”
ယွဲ့ချန်က ခေါင်းခါလိုက်ပြီး ဆို၏။ “စီနီယာအစ်ကိုက နောက်နေတာပဲ။ ကျွန်မတို့အတွက် အဆင့်ဆိုတာ စွမ်းအားကို တိုင်းတာတဲ့ တစ်ခုတည်းသော စံနှုန်း မဟုတ်ပါဘူး။ ကျွန်မရဲ့ ကျင့်ကြံမှုက စီနီယာအစ်ကိုထက် သာသွားရင်တောင် စီနီယာအစ်ကိုရဲ့ ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား.........”
ဤစကားကို ကြားရသောအခါ ယွမ်ဝူ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပေသည်။ ဤယွဲ့ချန်မှာ အမှန်တကယ်ပင် အလိုက်သိတတ်လှပေ၏။ သူမ၏ စိတ်ထဲတွင် မည်သို့ပင်ရှိစေကာမူ အပေါ်ယံတွင်မူ ရိုသေမှုကို ထိန်းသိမ်းထားနိုင်ပေသည်။
“နင်က ယွိချီနဲ့ တွမ်ချန်းရှောင်တို့ထက် နောက်ကျပြီးမှ နတ်သားတော်အလျောင်းအလျာ ဖြစ်လာတာဆိုပေမဲ့ နင့်ရဲ့ ကျင့်ကြံမှုက သူတို့ထက် သာလွန်နေပြီ။ ဒါက နင့်ရဲ့ ပါရမီကို ပြသနေတာပဲ”
ယွဲ့ချန်က ခေါင်းကို ငုံ့ထားပြီး နှိမ့်ချစွာပင် ဆို၏။ “ဒါက အနည်းအကျဉ်းပါပဲ၊ ပြောပလောက်စရာ မရှိပါဘူး”
ယွမ်ဝူက ခေါင်းညိတ်လိုက်ပြီး “ငါ နင့်ကို ခေါ်လိုက်တာက အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်လို့ပဲ”
“စီနီယာအစ်ကို ဘာပဲခိုင်းခိုင်း စိတ်ကြိုက်ခိုင်းနိုင်ပါတယ်။ ကျွန်မ လုပ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
ယွမ်ဝူ၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး သူ၏ ဂူအတွင်းရှိ အစီအရင် ကို နှိုးဆွလိုက်၏။ ထို့နောက် သူ၏ အစီအစဉ်ကို ယွဲ့ချန်ထံသို့ ဝိညာဉ်အာရုံဖြင့် လျှို့ဝှက်စွာ ပေးပို့လိုက်ပေသည်။
ယွဲ့ချန်၏ လှပသော မျက်ဝန်းများတွင် ထူးခြားသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။ သူမသည် အကျိုးနှင့် အပြစ်ကို လျှင်မြန်စွာ တွက်ချက်လိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်တော့ပေသည်။
“စီနီယာအစ်ကိုရဲ့ အမိန့်အတိုင်းပါပဲ .....”
ယွမ်ဝူ၏ နှုတ်ခမ်းတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာပေသည်။ “ဒါဆိုရင် နင် ပြန်သွားတဲ့အခါ ယွိချီနဲ့ တွမ်ချန်းရှောင်တို့ကို အပြင်ထွက်လာဖို့ သင့်တော်တဲ့ အခွင့်အရေးတစ်ခုကို ရှာပြီး ဖိတ်ခေါ်လိုက်တော့.........”
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ယွဲ့ချန်သည် ဒဏ်ရာများစွာဖြင့် သွေးယင်ကမ်းပါးမှ အသည်းအသန် ထွက်ပြေးလာခဲ့ရပေသည်။
သူမ၏ လက်ထဲတွင် အမှတ်အသားပြားကို တင်းတင်းဆုပ်ကိုင်ထားပြီး သွေးယင်ကမ်းပါးမှ လွတ်သည်နှင့် ယွိချီနှင့် တွမ်ချန်းရှောင်တို့ထံသို့ ထိတ်လန့်တုန်လှုပ်သော မျက်နှာထားဖြင့် သတင်းများ ပေးပို့လိုက်တော့၏။
“စီနီယာအစ်ကို ယွမ်ဝူက သူရဲ့ကျင့်ကြံမှုတွေကို ပြန်ရဖို့အတွက် ကျွန်မကို တိုက်ခိုက်နေတယ် ..... ကျွန်မကို အမြန် လာကယ်ကြပါဦး .....”
***