"ဘာ"
ခန်းမထဲရှိ အကြီးအကဲအားလုံးမှာ ပြင်းထန်စွာ အံ့အားသင့်သွားကြလေသည်။
အမှန်တကယ်တော့ ယွင်ရှောင်မှာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေကြောင်း လူတိုင်းနီးပါး မြင်နိုင်ပြီး ၎င်းမှာ လက်နက်များကို အလွန်အကျွံ ဖန်တီးခြင်း၏ လက္ခဏာ တစ်ရပ် ဖြစ်ကြောင်း ထင်ရှားပေသည်။
သဘာဝကျစွာပင် သူ၏ယွမ်စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများမှာလည်း ကြီးမားစွာ ထိခိုက်ခံရပေလိမ့်မည်။
"ဟင်"
မူကျွမ်းသည် တိုးတိုးလေး အာမေဍိတ်သံ ပြုလိုက်ပြီး သူ၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာ၏။ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သော သူ၏နှလုံးသားမှာ ချက်ချင်း ပြေလျော့သွားပြီး သူ အတော်လေး စိတ်ဝင်စားသွားလေသည်။
မူပိုင်ရုံသည်လည်း ထပ်တူ အံ့အားသင့်သွားပြီး ဤလူအပေါ် မူကျန့်၏ အကဲဖြတ်မှုကို ချက်ချင်း သတိရသွားသဖြင့် သူ နောက်တစ်ကြိမ် မပေါ့ဆတော့ပေ။
သူ့လက်သီးမှာ စွမ်းအားများ ဆက်လက် တိုးပွားလာသော်လည်း ၎င်းသည် ယွင်ရှောင်၏ လက်ငါးချောင်းတွင် အမြဲတမ်း ခိုင်မြဲစွာ ဖမ်းဆုပ်ခံထားရပြီး တစ်လက်မမျှပင် ရှေ့သို့ မတိုးနိုင်တော့ပေ။
"မောက်မာလှချည်လား"
သူ ဟိန်းဟောက်လိုက်ပြီး ကန်ထုတ်ရန် သူ၏ညာဘက် ခြေထောက်ကို အထက်သို့ ဝှေ့ယမ်းလိုက်၏။
ယွင်ရှောင် နူးညံ့စွာ ပြုံးလိုက်ပြီး သူ၏ဘယ်ဘက်လက်ရှိ လက်ချောင်းနှစ်ချောင်းကို ပူးကာ ထိုလူ၏ ခြေထောက်ပေါ်ရှိ သွေးကြောဆုံမှတ် တစ်ခုကို ဖိနှိပ်လိုက်လေသည်။
"ထောက်"
လက်ချောင်းနှစ်ချောင်းကို တစ်ဖက်လူရဲ့ ချီချောင် သွေးကြောဆုံမှတ်ပေါ်မှာ တင်လိုက်တဲ့အခါ အုတ်ခဲကို ရိုက်မိသလို လက်ချောင်းတွေမှာ နာကျင်မှု အနည်းငယ် ဖြစ်ပေါ်လာပြီး အလင်းကွင်း တစ်ခု ဖြစ်ပေါ်လာလေတယ်။
"ခြေတုလား"
သူ မှင်တက်သွား၏။
"ငါ့ယီးကမှ အတု"
မူပိုင်ရုံ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဘယ်ဘက် ခြေထောက်မှာ ချက်ချင်း လည်ပတ်သွားကာ ယွင်ရှောင်၏ ခေါင်းဆီသို့ ကြာပွတ်ရှည် တစ်ခုကဲ့သို့ ကန်ချလိုက်လေသည်။
ယွင်ရှောင် နောက်သို့ တစ်လှမ်းဆုတ်လိုက်ရာ သူ့လက်သီးများမှာ ကခုန်သွားပြီး မရေမတွက်နိုင်သော လက်သီးအရိပ်များအဖြစ် ပြောင်းလဲသွား၏။
ရုတ်တရက် ထိုနှစ်ဦးသည် ကျယ်လောင်သော ရိုက်ခတ်သံများနှင့်အတူ စတင် တိုက်ခိုက်ကြလေသည်။
၎င်းမှာ ပြင်းထန်သော တိုက်ခိုက်မှု သက်သက်သာ ဖြစ်ပြီး မည်သည့် လှည့်ကွက်မှ မပါဝင်ပေ။ တိုက်ခိုက်မှု တစ်ခုစီတိုင်းသည် ဘေးနှစ်ဖက်စလုံးသို့ တွန်းထုတ်သွားသော အစွမ်းထက်သည့် တုန်ခါမှုလှိုင်း တစ်ခုကို ထွက်ပေါ်လာစေလေသည်။
အကြီးအကဲများ၏ အမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားပြီး ယွင်ရှောင်အပေါ် သူတို့၏ အမြင်များ စတင် ပြောင်းလဲလာကြ၏။
ယွင်ရှောင်သည် တိုက်ခိုက်ရင်း နောက်ဆုတ်သွားသော်လည်း သူ့ပြိုင်ဘက်၏ ခြေထောက် တိုက်ခိုက်မှုများမှာ မရေမတွက်နိုင်သော သံတူကြီးများ ထုချနေသကဲ့သို့ မယုံနိုင်လောက်အောင် အစွမ်းထက်နေလေသည်။
အစပိုင်းတွင် ၎င်းတို့မှာ ခြေတု နှစ်ဖက်ဟု သူ ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိပြုမိသွား၏။
ခြေထောက်များမှာ အစစ်အမှန် ဖြစ်သော်လည်း ၎င်းတို့ပေါ်ရှိ သွေးကြောဆုံမှတ်များမှာ အထူး ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားပုံရပြီး ၎င်းတို့ကို ဖျက်ဆီး၍မရအောင် ပြုလုပ်ထားလေသည်။ သူ၏အားနည်းချက်မှာ ရုတ်တရက် အားသာချက် တစ်ခု ဖြစ်လာခဲ့သည်။
"ဘန်း... ဘန်း... ဘန်း"
မူပိုင်ရုံ၏ ကန်ချက်များမှာ သူ့စိတ်အခြေအနေကဲ့သို့ပင် မုန်တိုင်း တစ်ခုကဲ့သို့ ပိုမို လျင်မြန်လာလေသည်။
ထိုနှစ်ဦးသည် ခန်းမ၏ အပြင်ဘက်သို့ အလျင်အမြန် တိုက်ခိုက်သွားကြပြီး ထိုနေရာတွင် တုန်ခါမှုလှိုင်းများသည် ကောင်းကင်ယံကို ဖြတ်သန်း ရိုက်ခတ်သွားလေသည်။
မူမျိုးနွယ်စုဝင် အများအပြားမှာ အဝေးမှနေ၍ စောင့်ကြည့်နေကြပြီး အားလုံးမှာ အံ့အားသင့်နေသော အမူအရာများ ရှိနေကြ၏။
မူပိုင်ရုံ ဟိန်းဟောက်လိုက်ပြီး စစ်ပုဆိန် တစ်လက်ကဲ့သို့ ခြေထောက်ဖြင့် အောက်သို့ ကန်ချကာ အော်ဟစ်လိုက်သည်။
"သတ္တိရှိရင် မရှောင်နဲ့လေ"
ခြေထောက်လေပြင်းသည် ကောင်းကင်ယံတွင် သက်တံ့ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏ စွမ်းအားမှာ အံ့မခန်း ဖြစ်နေလေသည်။
ယွင်ရှောင် ရယ်မောလိုက်ပြီး နောက်သို့ ဆုတ်ကာ လှောင်ပြောင်လိုက်၏။
"ကျုပ်က ဘာလို့ မရှောင်ရမှာလဲ။ ခင်ဗျား ကျုပ်ကို ခုတ်ချတာကို အဲဒီမှာ ဒီအတိုင်း ရပ်စောင့်နေရမှာလား"
"ဝုန်း"
သူ၏ကန်ချက် ပစ်မှတ် လွဲချော်သွားပြီးနောက် မူပိုင်ရုံသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူသည် ရူးသွပ်ကာ ညှို့ယူဖမ်းစားနိုင်သော ပက်ကစ်ကန်ချက် တစ်ခုကို ထုတ်လွှတ်လိုက်စဉ် သူ၏ခြေထောက်များမှာ ကြာပွတ်များကဲ့သို့ လည်ပတ်သွားလေသည်။
လျင်မြန်ပြီး ကယောက်ကယက် တိုက်ခိုက်သည့် ဤခြေသိုင်းကွက်များ အစုအဝေးမှာ စည်းမျဉ်းစည်းကမ်း မရှိပုံရသော်လည်း အမှန်တကယ်တွင် အလွန် အစွမ်းထက်ကြောင်း သိထားသဖြင့် ယွင်ရှောင် အနည်းငယ် လန့်ဖြတ်သွား၏။
သို့သော် သူသည် တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ပြိုင်ဘက်ထံမှ တိုက်ခိုက်မှု တိုင်းကို တည်ငြိမ်စွာ ကာကွယ်နိုင်လေသည်။
သူ၏ကိုယ်ပိုင် ရွေ့လျားမှု ပညာရပ်ဖြင့် စွမ်းအားများကို လမ်းလွှဲရန် အဆက်မပြတ် နောက်ဆုတ်နေသဖြင့် နောက်ထပ် အချီ သုံးရာ ကြာပြီးနောက်တွင်ပင် သူ ရှုံးနိမ့်မည် မဟုတ်ကြောင်း သေချာနေလေသည်။
မူကျန့် ဝမ်းသာသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏စူးရှသော အမြင်အာရုံဖြင့် ယွင်ရှောင်မှာ ယခုအခါ မရှုံးနိမ့်နိုင်သော အနေအထားတွင် ရှိနေကြောင်း သိထားသောကြောင့်ပင်။
အခြား အကြီးအကဲများသည်လည်း မျက်မှောင်ကြုတ်သွားကြသည်။ အစမှ အဆုံးတိုင်အောင် အဆက်မပြတ် တိုက်ခိုက်နေသူမှာ မူပိုင်ရုံ ဖြစ်ပြီး ယွင်ရှောင်က ၎င်းကို ရင်ဆိုင်နေရုံသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် မူပိုင်ရုံမှာ ရှုံးနိမ့်နေပြီ ဖြစ်သည်။
မူကျွမ်း၏ မျက်ဆံများ ကျုံ့ဝင်သွားပြီး ယွင်ရှောင်၏ ရွှေရောင် အငွေ့အသက်ကို စိုက်ကြည့်ကာ နက်ရှိုင်းစွာ တွေးတောနေလေသည်။ သူက မကြားရလောက်အောင် တိုးတိတ်သော အသံဖြင့် ရေရွတ်လိုက်၏။
"ဒီနတ်ဘုရားစွမ်းအားက ဘာလို့ အောင်းချန်ခုံးရဲ့ မပျက်စီးနိုင်တဲ့ ရွှေခန္ဓာကိုယ်နဲ့ အရမ်း တူနေရတာလဲ"
"အာ... အာ... အာ"
မူပိုင်ရုံ၏ ခြေထောက် သိုင်းကွက်များမှာ ပိုမို လျင်မြန်လာပြီး မကြာမီ အရိပ်များသာ ကျန်ရစ်တော့၏။
အဆင့်မြင့် သိုင်းအဓိပတိ အဆင့်အောက်ရှိ သိုင်းပညာရှင်များသည် ထိုပုံရိပ် နှစ်ခုကို လုံးဝ မဖမ်းမိနိုင်ကြဘဲ ရွှေရောင် အလင်းတန်းများနှင့် မီးခိုးရောင် အရိပ်များ အဆက်မပြတ် လင်းလက်နေသည်ကိုသာ သိမြင်နိုင်ကြလေသည်။
မူကျွမ်း နောက်ဆုံးတွင် ဆက်လက် သည်းမခံနိုင်တော့ဘဲ ပြောလိုက်၏။
"အကြီးအကဲပိုင်ရုံ... ရပ်လိုက်တော့"
မူပိုင်ရုံမှာ ဒေါသကြောင့် ရူးသွပ်နေပြီ ဖြစ်သည်။ တိုက်ပွဲမှာ အနိုင်အရှုံး မပေါ်ဘဲ အချိန်ဆွဲနေခဲ့ပြီး သူ့ပြိုင်ဘက်မှာလည်း ပင်ပန်းနွမ်းနယ်နေကြောင်း ထင်ရှားပေသည်။ မူမျိုးနွယ်စုဝင် အားလုံးရှေ့တွင် သူ မျက်နှာ ဘယ်မှာ သွားထားရမည်နည်း။
ငါ မင်းကို သတ်မယ်။
သူသည် မိစ္ဆာပူးကပ်ခံထားရလုနီးပါး ဖြစ်နေ၏။ သူသည် ပြင်းထန်သော ကန်ချက် တစ်ချက်ဖြင့် ယွင်ရှောင်ကို လွင့်စင်သွားစေလိုက်သည်။
ထို့နောက် သူ၏နောက်ကွယ်တွင် အရိပ် တစ်ခု လင်းလက်သွားပြီး သူနှင့် အရွယ်အစား တူညီသော ရုပ်သေးရုပ် တစ်ရုပ် ပေါ်လာလေသည်။
သူ၏မျက်လုံးများတွင် ဒေါသများ တောက်လောင်နေပြီး သူ့လက်များသည် လက်ဟန်များ တရစပ် ပြုလုပ်နေလေသည်။
ရုပ်သေးရုပ်သည်လည်း တူညီသော လက်ဟန်များကို အသုံးပြုကာ အပြစ်အနာအဆာ မရှိ ပူးပေါင်းဆောင်ရွက်ပြီး နောက်ဆုံးတွင် လက်ဝါး လေးဖက် ထိတွေ့သွားရာ မန္တာန် နှစ်ခုမှာ တစ်ခုတည်း ဖြစ်သွားလေသည်။
အဆုံးအစမဲ့ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော ဧရာမ အမှတ်အသား တစ်ခု ကောင်းကင်ယံတွင် ပေါ်လာ၏။
"အဲဒါ အကြီးအကဲပိုင်ရုံရဲ့ အမြင့်ဆုံး နတ်ဘုရားစွမ်းအားပဲ... ယန္တရားတစ်ထောင် အမှတ်အသား"
လူတိုင်း အံ့အားသင့်သွားကြသည်။ ဤသည်မှာ မူပိုင်ရုံ၏ ဝှက်ဖဲ ဖြစ်ပြီး သေရေးရှင်ရေး တိုက်ပွဲ၏ နောက်ဆုံး အခိုက်အတန့်များတွင်မှလွဲ၍ သူ ဘယ်တော့မှ အသုံးမပြုသော အရာ ဖြစ်သည်။ သူသည် ဒေါသကြောင့် မျက်ကန်း ဖြစ်နေကြောင်း ထင်ရှားပေသည်။
မူကျွမ်း ဒေါသထွက်သွား၏။ သူသည် စားပွဲကို လက်သီးဖြင့် ထုကာ မတ်တတ်ရပ်ပြီး အော်ဟစ်လိုက်သည်။
"မူပိုင်ရုံ"
မူပိုင်ရုံမှာ သွေးဆာနေပြီ ဖြစ်ပြီး အံကြိတ်ကာ ပြောလိုက်၏။
"မျိုးနွယ်စုခေါင်းဆောင်... ငါ့ကို မတားပါနဲ့။ ငါ သူ့ကို အရင် သတ်ပြီးမှ ငါ့ရဲ့ မရိုသေမှုအတွက် တောင်းပန်ဖို့ မင်းဆီ လာခဲ့မယ်"
ယန္တရားတစ်ထောင် အမှတ်အသားသည် လေထဲတွင် ဧကပေါင်းများစွာ ကျယ်ဝန်းသော ဧရိယာကို ဖုံးလွှမ်းထားပြီး ကြီးမားကျယ်ပြန့်သော မြေနေရာကို လွှမ်းခြုံထားလေသည်။
အဝေးရှိ မူမျိုးနွယ်စုဝင်များသည်လည်း ထိုအငွေ့အသက်ကို အာရုံခံမိကြပြီး ပေါက်ကွဲမှုတွင် မပါဝင်စေရန် ထိတ်လန့်တကြား ဆုတ်ခွာသွားကြ၏။
ထိုလူများအနက် တစ်ဦး ဖြစ်သော မူဖုန်းဟွာသည် ထူးခြားသော အငွေ့အသက် တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူသည် တိုက်ခိုက်နေသော ထိုနှစ်ဦးကို စိုက်ကြည့်နေပြီး သူ၏မျက်နှာမှာ သွေးရောင် ကင်းမဲ့နေလေသည်။
သွေးလမြို့တွင် သူတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က ယွင်ရှောင်သည် ထူးခြားသော ပါရမီ ရှိသော်လည်း ရလဒ်မှာ မတိမ်းမယိမ်း ဖြစ်ကာ သူ အနိုင်ရနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
သို့သော် မူမျိုးနွယ်စုမှ ဤပါရမီရှင် လူငယ်လေးအတွက် အနိုင်ရနိုင်ခြေ ငါးဆယ်ရာခိုင်နှုန်းသာ ရှိခြင်းမှာ လုံးဝ အရှက်ရစရာ ဖြစ်သည်။
သူ၏ပြိုင်ဘက်ကို မည်သည့် သံသယမျှ မရှိဘဲ ချေမှုန်းနိုင်ရန်အတွက် သူသည် မူမျိုးနွယ်စုသို့ ပြန်ရောက်ပြီးနောက် တံခါးပိတ် ကျင့်ကြံကာ အပြင်းအထန် လေ့ကျင့်ခဲ့ပြီး သူ့ကိုယ်သူ အကြမ်းတမ်းဆုံး နည်းလမ်းဖြင့် နှိပ်စက်ခဲ့လေသည်။
နောက်တစ်ကြိမ် ပြန်တွေ့သောအခါ သူ အနိုင်ရနိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိလိမ့်မည်ဟု မူလက သူ ထင်ခဲ့သော်လည်း ယခု သူ အနိုင်ရနိုင်ခြေမှာ သုည ဖြစ်ကြောင်း သတိပြုမိသွားလေသည်။
သူ၏ညီငယ် ဖြစ်သော မူဖုန်းကျွင်းမှာ ဖြူရော်သွားပြီး သူ၏မျက်လုံးများကို အဆက်မပြတ် ပွတ်သပ်နေကာ သူ့ရှေ့ရှိ လူငယ်လေးမှာ ထိုအချိန်က သူ တိုက်ခိုက်ခဲ့သော ပြိုင်ဘက်နှင့် အတူတူပင် ဖြစ်ကြောင်း မယုံကြည်နိုင် ဖြစ်နေလေသည်။
မူကျန့်မှာ စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ ယွင်ရှောင်သာ ဒဏ်ရာရသွားပါက သိုင်းပြိုင်ပွဲ စတင်ရန် သုံးရက်သာ လိုတော့မည် ဖြစ်သည်။
အကယ်၍ ယွင်ရှောင်သာ သူ၏အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက မူပိုင်ရုံ ပိုမို အစွမ်းထက်နေလျှင်တောင် သူ စိုးရိမ်စရာ မရှိပေ။
သူသည် မူကျွမ်းကို တစ်ချက် မကြည့်ဘဲ မနေနိုင်သော်လည်း မူကျွမ်းမှာလည်း မှုန်ကုပ်နေသော မျက်နှာ ရှိနေသည်ကို မြင်သောအခါ သူ့ကို တားဆီးရန် ဘာမှ မပြောတော့ချေ။
ဧရာမ ယန္တရားတစ်ထောင် အမှတ်အသားသည် ကောင်းကင်ထိုးဖောက်ကျွန်း အထက်တွင် ကျုံ့ဝင်သွား၏။ ၎င်း၏ ထိတ်လန့်ဖွယ် စွမ်းအားများကို မှော်စာလုံးများမှတစ်ဆင့် ဖိသိပ်ထားကာ ၎င်း၏ သန့်စင်မှုကို အဆက်မပြတ် ပေါင်းစည်း မြှင့်တင်လိုက်ရာ နောက်ဆုံးတွင် ကြိတ်ဆုံကျောက် အရွယ်အစားအထိ ကျုံ့ဝင်သွား၏။
၎င်းမှာ မူပိုင်ရုံ လုပ်ဆောင်နိုင်သော အကန့်အသတ်ပင် ဖြစ်သည်။
"သေစမ်း"
မူပိုင်ရုံ ဟိန်းဟောက်လိုက်ပြီး အမှတ်အသားကို အောက်သို့ ရိုက်ချလိုက်၏။
ယွင်ရှောင်သည် သူ့ကို အေးစက်စက် ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ဟမ့်... ခင်ဗျားတို့ မူမျိုးနွယ်စုမှာပဲ ရုပ်သေးရုပ်တွေ ရှိတယ်လို့ မထင်နဲ့။ ကျုပ်ဆီမှာလည်း ရှိတယ်"
သူ၏မျက်ခုံးကြားမှ အလင်းတန်း တစ်ခု လင်းလက်သွားပြီး ဘူးသီးလေးကင်းကောင် ပျံသန်းထွက်ပေါ်လာရာ သူ့ခန္ဓာကိုယ်မှာ ရွှေရောင်ရင့်ရင့် ဖြစ်နေပြီး တောက်ပသော နေရောင်အောက်တွင် ရောင်စုံ နတ်ဘုရားအလင်းတန်းများ လင်းလက်နေလေသည်။
မူကျွမ်း၏ မျက်ခုံးများ ရုတ်တရက် လှုပ်ခတ်သွားပြီး သူ ခေတ္တမျှ မှင်တက်သွားကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။
"နတ်ဘုရားသံမဏိ သန့်စင်ခြင်း"
မူကျန့် တုန်ရီသွားပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
ရုတ်တရက် အတွေးတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာပြီး ယွင်ရှောင်၏ စိတ်စွမ်းအင်များ အဘယ်ကြောင့် ဤမျှ ပြင်းထန်စွာ ခမ်းခြောက်နေရကြောင်းကို သူ ချက်ချင်း နားလည်သွား၏။
သူသည် မြောက်ဝန်ရိုးစွန်းမှ ယခုလေးတင် ရရှိခဲ့သော ရေခဲအနှစ်သာရမှ နတ်ဘုရားသံမဏိကို အမှန်တကယ် သန့်စင်ခဲ့ခြင်း ဖြစ်သည်။
အံ့အားသင့်မှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်ပြီး ကမ်းစပ်ကို ရိုက်ခတ်နေသော လှိုင်းလုံးများကဲ့သို့ သူ့အား အနည်းငယ် တွေဝေကာ ကယောက်ကယက် ဖြစ်သွားစေလေသည်။
သို့သော် သူ၏တွေဝေနေမှုကို မည်သူမျှ သတိမထားမိကြပေ။ အဘယ်ကြောင့်ဆိုသော် မူကျွမ်း၏ "နတ်ဘုရားသံမဏိ သန့်စင်ခြင်း" ဟူသော စကားလုံးများကြောင့် လူတိုင်းသည် သူတို့၏ လည်ပင်းများကို ဆန့်ထုတ်ကာ ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသောကြောင့်ပင်။
ဘူးသီးလေးကင်းကောင်သည် စက်ယန္တရားတစ်ထောင် အမှတ်အသားရှေ့တွင် လျှပ်တစ်ပြက်အတွင်း ပေါ်လာပြီး သူ၏မျက်ဆံများ ကျုံ့ဝင်သွားကာ ကိုယ်နေဟန်ထား တစ်ခု ယူလိုက်ပြီး ကင်းကောင်လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်လေသည်။
လက်သီးချက်သည် လေပြင်းများနှင့် တိမ်တိုက်များကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာပြီး ထိုလက်သီးချက်၏ စွမ်းအားအောက်တွင် လေဟာနယ်မှာ လည်ပတ်သွားကာ ၎င်း၏ အတွင်းတွင် အဖြူရောင် ပန်းလေး တစ်ပွင့် ကခုန်နေလေသည်။
မူကျန့် နှလုံးခုန် ရပ်တန့်သွားပြီး ထိုမြင်ကွင်းကို သေချာစွာ စိုက်ကြည့်နေလိုက်၏။
ထိုအဖြူရောင် ပန်းလေးမှာ နှင်းအင်ပါယာ အတွင်းရှိ ဖုန်းယောင်လီ၏ မူလဆန်းကြယ်ကျင့်စဉ်ကို ရင်ဆိုင်ရန် လင်းမုတိ အသုံးပြုခဲ့သော ထိတ်လန့်ဖွယ် နတ်ဘုရားစွမ်းအား ဖြစ်သည်။
ဘူးသီးလေးကင်းကောင်သည် ရှေ့သို့ ကိုင်းညွတ်လိုက်ပြီး ကင်းကောင် လက်သီးနှင့်အတူ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ယန္တရားတစ်ထောင် အမှတ်အသား အတွင်းသို့ ရိုက်သွင်းလိုက်လေသည်။
ပေါက်ကွဲမှုမှာ ကောင်းကင်နှင့် မြေကြီး ပြိုကျသွားသကဲ့သို့ ဖြစ်ပြီး လည်ပတ်နေသော တိမ်တိုက်များကို ကောင်းကင်ထိုးဖောက်ကျွန်း တစ်ခုလုံးကို ဖြတ်သန်း လွင့်စင်သွားစေကာ မှောင်မည်းနေသော လေဟာနယ် တစ်ခုကို ချန်ရစ်ခဲ့လေသည်။
အထက်ရှိ မြူခိုးလွှာပင်လျှင် ဆုတ်ဖြဲခံလိုက်ရပြီး မိုင်အနည်းငယ်ခန့် ထူထဲနေလေသည်။
စွမ်းအင် လှိုင်းဂယက်များ၏ ဗဟိုတွင် မူပိုင်ရုံသည် ယွင်ရှောင် သေသလား ရှင်သလား မသေချာဘဲ ရှေ့သို့ စိုးရိမ်တကြီး စိုက်ကြည့်နေလေသည်။
သို့သော် ရုတ်တရက် သူ၏မျက်ဆံများ ကျုံ့ဝင်သွားပြီး သူ၏ရှေ့တည့်တည့်တွင် ဧရာမ အမည်းရောင် အရိပ်ကြီး တစ်ခု ပေါ်လာကာ လက်ငါးချောင်းက သူ၏လည်ချောင်းကို ဖမ်းဆုပ်ပြီး အထက်သို့ မြှောက်ထားလေသည်။
"အစ်"
မူပိုင်ရုံသည် သူ၏လည်ချောင်းရိုး တစ်ပိုင်း ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ရင်ထဲတွင် အကြောက်တရားနှင့် ထိတ်လန့်မှုများ ပြည့်နှက်သွား၏။
သူ့ခန္ဓာကိုယ်ရှိ အရေးကြီးသော ကိုယ်တွင်းအင်္ဂါ အားလုံးကို အထူး ဖန်တီးထားပြီး သူ၏လည်ချောင်းရှိ အရိုးမှာ သတ္တုထက် မာကျောသော်လည်း တစ်ချက်တည်း ဆုပ်နယ်မှုဖြင့် ကွဲကြေသွားလေသည်။
သူသည် မန္တာန်များကို အလျင်အမြန် အသက်သွင်းလိုက်ရာ သူ့ဘေးရှိ ရုပ်သေးရုပ်သည် ချက်ချင်း တိုက်ခိုက်ရန် လက်ကို မြှောက်လိုက်ပြီး ထက်ရှသော ဓားသွားများသည် ၎င်း၏ လက်ငါးချောင်းမှ ရုတ်တရက် ဆန့်ထွက်လာကာ တိုက်ရိုက် ခုတ်ချလိုက်လေသည်။
ဘူးသီးလေးကင်းကောင်သည် လုံးဝ မရှောင်တိမ်းဘဲ ထက်ရှသော ဓားသွားကို သူ့ခန္ဓာကိုယ်ပေါ်သို့ ခုတ်ချခွင့်ပြုလိုက်ပြီး နောက်တစ်ကြိမ် ကင်းကောင်လက်သီး တစ်ချက်ကို ထုတ်လွှတ်လိုက်၏။
"ဘန်း"
ရုပ်သေးရုပ်၏ လက်ချောင်းထိပ် ငါးခုမှာ လျှပ်တစ်ပြက်အတွင်း ကျိုးပဲ့သွားစဉ် ကင်းကောင်လက်သီးသည် ၎င်း၏ ရင်ဘတ်ကို ရိုက်ခတ်သွားရာ ချိုင့်ခွက် တစ်ခု ဖြစ်ပေါ်သွားပြီး ၎င်းမှာ ပေအနည်းငယ်ခန့် အနောက်သို့ လွင့်စင်သွားလေသည်။
မူပိုင်ရုံ ထိတ်လန့်သွား၏။ သူ့ပြိုင်ဘက်နှင့် ယှဉ်လျှင် သူ၏ရုပ်သေးရုပ်မှာ တိုက်ခိုက်မှု ကာကွယ်မှုနှင့် ဝိညာဉ်ရေးရာ အပိုင်းတို့တွင် များစွာ ယုတ်ညံ့နေလေသည်။
ဘူးသီးလေးကင်းကောင်သည် ရုပ်သေးရုပ်ကို တွန်းလှန်ပြီးနောက် သူ၏ဘယ်ဘက် လက်သီးဖြင့် မူပိုင်ရုံ၏ ရင်ဘတ်ကို ရိုက်ချလိုက်ရာ သူ၏နံရိုးများ အားလုံး ကွဲကြေသွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားလေသည်။
မူပိုင်ရုံသည် ကိုယ်တွင်းအင်္ဂါ အပိုင်းအစများ ရောနှောနေသော တောက်ပသည့် အနီရောင် သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်၏။
မူပိုင်ရုံ၏ အရှိန်အဝါနှင့် ကြီးမားလှသော ကိုယ်နေဟန်ထားမှာ လျှပ်တစ်ပြက်အတွင်း ပြိုကျသွားပြီး သူ၏အစွမ်းထက်သော ယုံကြည်မှုများ ကွဲကြေသွားကာ အလွန် သနားစရာ ကောင်းလာလေသည်။
သို့သော် ဘူးသီးလေးကင်းကောင်သည် သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားပေသည်။ သူ၏လည်ချောင်းကို ချေမှုန်းပြီးနောက် နေရာမှပင် မှင်တက်စွာ ရပ်နေလေသည်။
သူ၏ဗလာဖြစ်နေသော မျက်နှာပေါ်တွင် ဉာဏ်ရည်ဉာဏ်သွေးများ ရံဖန်ရံခါ လင်းလက်သွားသော်လည်း ယေဘုယျအားဖြင့် သူသည် သစ်သားရုပ်ကဲ့သို့ ဖြစ်နေဆဲပင်။
စွမ်းအင် လှိုင်းဂယက်များ ဖြည်းညင်းစွာ ပြန့်ကျဲသွားသည်နှင့်အမျှ ပုံရိပ် လေးခု လေထဲတွင် ဖြည်းညင်းစွာ ပေါ်လာလေသည်။
ယွင်ရှောင်သည် တစ်လက်မမျှပင် မလှုပ်ရှားဘဲ အထိအခိုက် မရှိ ရပ်နေ၏။
မူပိုင်ရုံ၏ ရုပ်သေးရုပ်သည်လည်း ပေဆယ်ခန့် အကွာတွင် ရှိနေပြီး ပျက်စီးနေပုံရလေသည်။ ဗဟိုတွင် ဘူးသီးလေးကင်းကောင်နှင့် မူပိုင်ရုံတို့ အတူတကွ ကပ်နေကြ၏။ မူပိုင်ရုံမှာ အသက်တစ်ရာကျော်နေပုံရပြီး သူ၏ခြေလက်များမှာ ပျော့ခွေ အားနည်းနေကာ သူ၏မျက်လုံးများမှာ အသက်ကင်းမဲ့နေလေသည်။
သူတို့ မြင်နေရသည့် အရာကို မယုံကြည်နိုင် သို့မဟုတ် လက်မခံနိုင်သည့်အလား မရေမတွက်နိုင်သော အသက်ရှူမှားသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ ထွက်ပေါ်လာလေသည်။
မူမျိုးနွယ်စု၏ အစွမ်းထက်သော အဖွဲ့ဝင်များသည် အရာအားလုံးကို မြင်တွေ့ခဲ့ပြီး ဖြစ်ကာ သူတို့ အံ့အားသင့်နေစဉ်တွင် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ကြလေသည်။
"ဖြောင်း ဖြောင်း ဖြောင်း"
လက်ခုပ်သံ တစ်ခု ထွက်ပေါ်လာပြီး မူကျွမ်းက ပထမဆုံး လက်ခုပ်တီးကာ ချီးကျူးလိုက်ပြီး ပြောလိုက်၏။
"အဲဒါ အရမ်း ကောင်းမွန်တဲ့ တိုက်ပွဲ တစ်ခုပဲ... အသက်ရှူမှားစရာ ကောင်းပြီး မျက်စိပွင့်သွားစေတယ်။
သခင်လေးယွင်အပေါ် ငါ့ရဲ့ ယုံကြည်မှုက အရင်က ခုနစ်မှတ်ပဲ ရှိပေမဲ့ အခုတော့ ဆယ်မှတ် အပြည့် ဖြစ်သွားပြီ"
"မျိုးနွယ်စုခေါင်းဆောင်... လီယွင်ရှောင်က အကြီးအကဲပိုင်ရုံကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်တယ်လေ"
မူဝမ်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများတွင် မကျေနပ်မှုများ ပြည့်နှက်နေလေသည်။
အခြား အကြီးအကဲများ အားလုံးမှာလည်း ၎င်းသည် အလွန် မသင့်တော်ကြောင်း ခံစားရသော်လည်း သူ့ကို ချီးကျူးနေသူမှာ မူကျွမ်း ဖြစ်နေသောကြောင့် မည်သူမျှ ဘာမှ ထပ်မပြောရဲကြသော်လည်း သူတို့အနက် အများစုမှာ မျက်မှောင်ကြုတ်သွားကြလေသည်။
မူကျွမ်း၏ အကြည့်များ လူတိုင်းအပေါ် ဝေ့ဝဲသွားပြီး နောက်ဆုံးတွင် မူဝမ်အပေါ် ကျရောက်သွားကာ အေးစက်စက် ပြောလိုက်၏။
"မူပိုင်ရုံမှာ သူ့ကိုယ်သူ အပြစ်တင်ဖို့ပဲ ရှိတယ်"
***