မိုးကြိုးဌာနတစ်ခွင် အုတ်အော်သောင်းတင်း ဖြစ်နေပြီး ပတ်ဝန်းကျင်၌ မီးပွားများ တောက်လောင်သကဲ့သို့ ပူလောင်နေကာ ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုသည် အလွန်တရာ မြန်ဆန်စွာ သတင်း ပြန့်သွားသောကြောင့် အင်မော်တယ်အပေါင်း ဒေါသထွက်ကုန်သည်။ ကျောက်စိမ်းရုံးတော်၏ တောင်ကြားဗဟိုချက်အတွင်း လှပသော ခြံဝန်းတစ်ခု တည်ရှိ၍ ပန်းမန်ပေါင်းစုံ စိုက်ပျိုးထားသဖြင့် လေထဲတွင် ယစ်မူးဖွယ် ရနံ့များ ပြည့်နှက်ပြီး အိပ်မက်ဆန်ဆန် နတ်ပြည်အလားပင် ဆင်တူ၏။ စီရင်သူ ချပ်ကာ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ကောင်းကင်မှ ထိုခြံဝန်းရှေ့တွင် ဆင်းသက်လိုက်ကာ အသက်ရှူသံများ မြန်ဆန်ပြင်းထန်၍ မျက်လုံးများ တောက်ပနေသည်။ ခြံဝန်းအတွင်း ဆွဲဆောင်ရနံ့ ဟူ၍ ဆိုင်းဘုတ် ချိတ်ထားသော နန်းဆောင်တစ်ခု ရှိကာ မိုးကြိုးတမန်တော် ချောင်တစ်ယောက်တည်းသာ ဝင်ထွက်လေ့ရှိသည့် သီးသန့် အိမ်တော် ဖြစ်ပေသည်။
"လုယောင်"
တံခါးများပွင့်လာ၍ ခရမ်းရောင် ဝတ်ရုံ အကွဲကို ဆွဲဆောင်မှု ရှိရှိ ဝတ်ဆင်ထားသည့် ချောင်ရူ ထွက်ပေါ်လာပြီး ဆံနွယ်များအထက် ရေစက်လေးများ တွဲလွဲခိုနေသဖြင့် အလင်းရောင်အောက် တလက်လက် ဖြစ်နေသည်။ သူမက ရေချိုးနေခြင်း ဖြစ်ပုံရပြီး ခန္ဓာကိုယ်မှ ပန်းရနံ့များ ထွက်ပေါ်နေကာ ဝင်းမှည့်နေသာ မက်မွန်သီးပမာ ဆွတ်ခူးမည့်လူကို စောင့်ကြိုနေသည်။
ယွမ်ရှောင်က ခြေလှမ်းကျဲကျဲဖြင့် ရှေ့တိုးလာပြီး သားရဲလေးကို ကုပ်မှ ဆွဲထုတ်ကာ ချောင်ရူ၏ ဝတ်ရုံ ရင်ဘတ် အဟသို့ တိကျစွာ ပစ်ထည့်လိုက်ရင်း သူမကို မြေပြင်ပေါ် တွန်းလှဲလိုက်၏။
"နင် ဘာလုပ်ချင်နေတာလဲ"
လေထဲတွင် ခရမ်းရောင် အဝတ်စများ လွင့်ထွက်သွားကာ စံအိမ်တံခါးများ ဝုန်းခနဲ ပိတ်သွား၍ အရုဏ်မတက်ခင် အမှောင်ထုအောက်တွင် ပန်းပင်လယ်တစ်ခွင် ရိုင်းစိုင်းကြမ်းတမ်းသော အသံဗလံများ မရပ်မနား ထွက်ပေါ်လာခဲ့၏။
ကျောက်စိမ်းရုံးတော် ဌာနအတွင်းပိုင်း ခန်းမ၌ အရာရှိတစ်ရာကျော် စုရုံးရောက်ရှိနေပြီး အနည်းဆုံး အဆင့်လေး အရာရှိများ ဖြစ်သောကြောင့် အရှိန်အဝါတိုင်း ပင်လယ်ကြီးပမာ ကြီးမားပြင်းထန်သည်။
"စစ်သူကြီးနှစ်ပါးကို အစီအရင်ခံပါတယ်။ ချောင်ရူကလွဲလို့ အဆင့်လေးအထက် အရာရှိတိုင်း ရောက်နေကြပါပြီ"
ချောင်ရှန်းသည် အမြင့်ဆုံးနေရာတွင် ထိုင်နေသော လူနှစ်ယောက်ထံ ဦးညွှတ်လျက် တင်ပြလိုက်သည်။ ညာဘက်တွင် ထိုင်နေသူမှာ မဟာစစ်သူကြီး ကူကျန်းရှောင် ဖြစ်ကာ ဘယ်ဘက်၌ ခါးအထိ ငွေရောင်ဆံပင်များ ဖြာကျ၍ ဆံနွယ်တိုင်း လျှပ်စီးကြောင်းတစ်ခုစီ ရစ်ပတ်ထားသည့် အရပ်ရှစ်မျက်နှာ စစ်သူကြီး ယွမ်ယင် နေရာယူထား၏။ အဆင့်နှစ် စစ်သူကြီးနှစ်ယောက်လုံးသည် နယ်စားများနှင့် အဆင့်အတန်းချင်း တူညီပြီး အရေးပေါ်ကိစ္စ မဟုတ်လျှင် တစ်ချိန်တည်း တစ်နေရာတည်း စုရုံးလေ့မရှိကြပေ။
"ချောင်ရူကို စောင့်နေစရာ မလိုဘူး။ လုပ်စရာရှိတာလုပ်မယ်"
ကူကျန်းရှောင်၏ မျက်နှာအထက်တွင် လျှပ်စီးကြောင်းများ တောက်ပနေကာ ဒေါသကြောင့် မျက်လုံးများ အေးစက်စက် ဖြစ်နေ၏။
"အမိန့်အတိုင်းပါ"
ရောက်ရှိနေသော အင်မော်တယ်များက ခေါင်းညိတ်၍ ပြိုင်တူ နေရာယူထားလိုက်ကြသည်။
"ကောင်းကင်ပျံသန်းမြို့တော်က အစုလိုက်အပြုံလိုက် လူသတ်မှုအကြောင်း ကြားပြီးပြီမလား။ ငါ မိုးကြိုးဌာနကို ရောက်ကတည်းက ဒီလောက်ရက်စက်တဲ့ ပြစ်မှုမျိုး မရှိဖူးဘူး။ တရားခံက မိုးကြိုးဌာနတစ်ခုလုံးကို စိန်ခေါ်ရဲတဲ့အထိ ရဲတင်းလွန်းတယ်။ ဒီအမှုကိုသာ မဖြေရှင်းနိုင်ရင် လူတိုင်း ရယ်စရာ ဖြစ်သွားလိမ့်မယ်။ မိုးကြိုးဧကရာဇ်ကလည်း ဒေါသထွက်နေပြီး ဒီအမှုကို တစ်ရက်အတွင်း ဖြေရှင်းဖို့ အမိန့်ပေးလိုက်ပြီ"
သူ့နည်းတူ အခြားသူများမှာလည်း စိတ်သဘောထား ကိုက်ညီကြပြီး လက်ရှိအချိန်ကာလသည် အချင်းချင်း အတွင်းရေး ပြဿနာလုပ်ရန် မသင့်တော်ပေ။ ဤအမှုသည် ကောင်းကင်ရုံးတော်တစ်ခုလုံးကို လှုပ်ကိုင်ပစ်လိုက်ပြီး တရားခံ မဖော်ထုတ်နိုင်လျှင် သူတို့အားလုံး တစ်သက်တာ ခေါင်းငုံ့ အရှက်ရနေပေလိမ့်မည်။ ကောင်းကင်ရုံးတော်၏ စီရင်မှုအောက်ရှိ မြို့စားတစ်ယောက်နှင့် အရာရှိများကို သတ်ဖြတ်ခြင်းသည် သူတို့၏ အာဏာကို တုတ်ဖြင့်ထိုးလိုက်ခြင်းပင်။
"အမှုအကြောင်း အသေးစိတ်ကို မင်းတို့အားလုံးဆီ ပို့ထားပြီးပြီ။ တရားခံက ဓားယာဥ်တစ်စင်းနဲ့ ထွက်ပြေးသွားလို့ မိုးကြိုးဌာနရဲ့ စီရင်သူ သုံးသောင်း လိုက်ရှာနေကြတယ်။ မင်းတို့မှာ အထင်အမြင်ရှိရင်လည်း ပြောကြ"
ကူကျန်းရှောင်က ခွင့်ပြုပေးလိုက်သောအခါ ပိုဟုန် ရှေ့ထွက်လာကာ ချောင်ရှန်းကို တစ်ချက်ကြည့်ပြီးမှ စကားဆိုသည်။
"သေသူတွေက ကျန်းထိုက်ပင်းနဲ့ ကောင်းကင်ပျံသန်းမြို့တော် အရာရှိတွေ ဖြစ်ပြီး လျူမူကို ကယ်တင်ဖို့ အသတ်ခံလိုက်ရတာ ဖြစ်တယ်။ စစ်သူကြီးချောင်ရဲ့ မွေးစားသားက မသင်္ကာစရာကောင်းလွန်းနေတယ်။ သူက လျူမူရဲ့ တပည့်ဖြစ်ပြီး ကျင့်ကြံဆင့်အရ မဖြစ်နိုင်ပေမယ့် ရွေးချယ်ပွဲမှာ ထူးထူးဆန်းဆန်း အရည်အချင်းတွေ ပြသခဲ့ပါတယ်။ ဒါကြောင့် ဖမ်းဆီးစစ်ဆေးစေချင်ပါတယ်။ တရားခံ မဟုတ်ရင်တောင် ကြံရာပါ ဖြစ်နေနိုင်တယ်"
"ချောင်ရှန်း မင်းရော ဘယ်လိုထင်လဲ"
ကူကျန်းရှောင်၏ အမေးကို ချောင်ရှန်းက မျက်နှာထား တင်းတင်းဖြင့် ခေါင်းယမ်းပြသည်။
"အားလုံး သိထားတဲ့အတိုင်း ကျုပ်က မွေးစားသား လက်ခံခဲ့တာ မကြာသေးလို့ ပါရမီကိုသာ သိပြီး စရိုက်ကို မသိခဲ့ပါဘူး။ ဒီလိုအမှုကြီးအတွက် ဖမ်းဆီးစစ်ဆေးတာကို ကန့်ကွက်စရာ မရှိပါဘူး"
"ကောင်းပြီ"
ကူကျန်းရှောင်သည် ယွမ်ရှောင်၏ ခန္ဓာကိုယ်ကို အပိုင်စီးရန် တိတ်တဆိတ် လိုက်လံရှာဖွေနေရာမှ ယခု အကြောင်းပြချက် ရသွားသောကြောင့် ကျေနပ်စွာ ပြုံးလိုက်၏။
"စီရင်သူတစ်သောင်း စေလွှတ်ပြီး လုယောင်ကို မိုးကြိုးဌာနတစ်ခွင် လိုက်ရှာကြစမ်း"
"ဘယ်သူတွေမှာ အထင်အမြင် ရှိသေးလဲ"
ယွမ်ယင်က တိတ်ဆိတ်နေရာမှ အသံထွက်လာသော သူ တည်ငြိမ်စွာ လှမ်းကြည့်လိုက်မိသည်။
"ငါ ပြောမယ်။ လုယောင်က မင်းသမီးခုနစ်နဲ့ ကောင်းကင်ပျံသန်းမြို့တော်မှာ တွေ့ဖူးတယ်လို့ သတင်းတွေ ကြားမိတယ်။ ဒီကောလဟာလသတင်း ထွက်လာအောင် ဖြန့်လိုက်တာက ကူစုထောင် ဖြစ်တာကို သိရတယ်။ ဒါ့အပြင် ကောင်းကင်ပျံသန်းမြို့တော်မှာ ပျံ့နှံ့နေတဲ့ စက်လုံးတိုင်း သူမ ပါဝင်နေတယ်"
ကူစုဝမ်မှာ အံ့အားသင့်သွားကာ တူမဖြစ်သူအကြောင်း တင်းမာစွာ ရေရွတ်လိုက်သည်။
"ဒီကောင်မက တစ်ခုခုကို ဖုံးကွယ်ထားတာလား"
ယွမ်ယင်က ခေါင်းညိတ်ပြီး ဆက်လက် အမိန့်ပေးသည်။
"အရင်ဆုံး စစ်ဆေးမေးမြန်းဖို့ ဖမ်းချုပ်ထားလိုက်။ သေမျိုးလောကကို ရောက်ပြီး ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ငါ အားလုံး သိချင်တယ်။ လျူမူ ဖော်ထုတ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ပူဇော်သက္ကာရတွေ ထိခိုက်ပြီး အမှားအယွင်းဖြစ်မှာကို လက်မခံနိုင်ဘူး"
"သူ့ကို ဖမ်းဖို့ ကျွန်မ တာဝန်ယူပါမယ်"
ကူစုဝမ်က ချက်ချင်းထရပ်၍ တရားမျှတသော ဟန်ပန်ဖြင့် ခွင့်တောင်းနေစဥ် သတင်းပို့ ဆက်သားတစ်ယောက် ဝင်ရောက်လာ၏။
"စစ်သူကြီးတို့ကို တင်ပြပါတယ်။ မိုးကြိုးတမန်တော် ချောင်ရဲ့ နေအိမ်မှာ ဆူညံသံတွေ ထွက်ပေါ်နေပြီး လုယောင် ရောက်နေနိုင်ပါတယ်"
ထို့ကြောင့် ကူကျန်းရှောင်သည် ယွမ်ရှောင်ကို ဖမ်းဆီးရန် တာဝန်ယူလိုက်ပြီး ကူစုထောင်ကို စစ်ဆေးမေးမြန်းရန် ယွမ်ယင်က လှုပ်ရှားကာ ချက်ချင်း နှစ်ဖွဲ့ခွဲ၍ ထွက်ခွာလိုက်ကြသည်။ နာရီဝက်အတွင်း မိုးကြိုးဌာန၏ ရွေးချယ်ပွဲ ခြောက်ချီမြောက်သည်လည်း စတင်တော့မည် ဖြစ်သည်။
ချောင်ရှန်းက ကူကျန်းရှောင်အနား ကပ်၍ တီးတိုး ပြောလိုက်သည်။
"မဟာစစ်သူကြီး ဒီတလျှောက်လုံး လုယောင်က ချောင်ရူဆီမှာ ရှိနေတာဆိုရင် ကောင်းကင်ပျံသန်းမြို့တော် လူသတ်မှုနဲ့ မသက်ဆိုင်လောက်ဘူး"
ကူကျန်းရှောင်က ပခုံးတစ်ချက်တွန့်၍ ရယ်မောလိုက်ပြီးနောက် သူ့ကို တင်းမာစွာ စိုက်ကြည့်လာခဲ့၏။
"ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ ငါက သူ့ကို ဖမ်းဖို့ အကြောင်းပြချက်ပဲ လိုတယ်။ ဒါပေမယ့် မင်းက အဆင့်ကိုး စီရင်သူလေးတစ်ယောက်ကိုတောင် ထိန်းမထားနိုင်ဘူးလား"
"ညီမလေးက ဝင်ရောက်စွက်ဖက်ပြီး လူထုရဲ့ အမြင်ကို ခြယ်လှယ်သွားလို့ပါ။ နေ့ခင်းကြောင်တောင် လူမြင်ကွင်းဆိုတော့ ကျွန်တော် ဖမ်းဖို့ မတတ်နိုင်ခဲ်ပါဘူး"
"ချောင်ရူက ငါ့လက်အောက်မှာ တနေ့တခြား ပိုပိုပြီး ကလန်ကဆန် လုပ်လာတယ်။ ကြိမ်လုံးနဲ့ ဆုံးမရမယ့် အချိန် ရောက်နေပြီ"
ထို့နောက် ကူကျန်းရှောင်သည် အေးစက်စက် ပြုံးကာ နောက်လိုက်နောက်ပါများနှင့်အတူ ကောင်းကင်သို့ ပျံတက် ထွက်ခွာလာခဲ့လေသည်။
***