“လောကမှာရှိတဲ့ အရာရာတိုင်းကို ချုပ်ကိုင်ထားနိုင်စွမ်း ရှိတယ် ဟုတ်လား”
ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။
ထိုငါးရောင်ခြယ် တောက်ပနေသော နတ်တောင်ကြီးကို ကြည့်ရင်း သူ၏ရင်ထဲတွင် ပြောမပြတတ်အောင် လေးလံသော ဖိအားတစ်ခု တိုးဝင်လာသည်။
သူသည် သိစိတ်အရပင် နတ်ဘုရားမျက်လုံး ကို ဖွင့်ကြည့်လိုက်ရာ ခဏချင်းမှာပင် အလွန်တောက်ပလွန်းသော အလင်းစက်ဝန်းများကြောင့် မျက်စိပင် ပြန်ကွယ်သွားမတတ် ဖြစ်သွားရသည်။
ဖန့်ချန်၏ စိတ်ထဲတွင် အတော်လေး တုန်လှုပ်သွားမိသည်။
အရှိန်အဝါတွေက အရမ်းကို သိပ်သည်းလွန်းလှသည်။
ယွမ်သံလိုက် ဓာတ်ငါးပါးတောင် ပတ်ဝန်းကျင်ရှိ ဓာတ်ကြီးငါးပါး စွမ်းအားများမှာ ကြောက်ခမန်းလိသိပ်သည်းလွန်းလှပြီး ဤမျှလောက် များပြားလှသော ဓာတ်ငါးပါးစွမ်းအားမျိုးကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သိပ်သည်းရုံတင်မကဘဲ မှန်လေး ပြောသကဲ့သို့ပင် အလွန်တရာ သန့်စင်ကြည်လင်လှပေသည်။
“အခြေခံသဘောတရားကတော့ အတူတူပါပဲ။ ဓာတ်ငါးပါးစွမ်းအားဆိုတာ သာမန်ကာလျှံကာ ဘယ်နေရာမဆို တွေ့နိုင်တယ်လို့ မထင်လိုက်နဲ့။ အဲဒီ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေထဲမှာ ကျင့်ကြံသူတွေ အလုအယက် လိုချင်နေကြတဲ့ ထူးခြားတဲ့ ဝိညာဉ်စွမ်းအားတွေ ကိန်းအောင်းနေတတ်တယ်။ အဲဒီ ထူးခြားတဲ့ စွမ်းအားတွေရဲ့ အစဦးဟာ ဓာတ်ငါးပါးစွမ်းအားကနေ ဆင်းသက်လာတာ မဟုတ်ဘူးလား”
မှန်လေးက ရယ်မောရင်း ဆိုသည်
“လူဆိုတာ ထမင်းစားရတယ်၊ ရေ သောက်ရတယ်။ မသေမျိုး နတ်ဘုရားတွေ ဖြစ်နေရင်တောင် ဓာတ်ငါးပါးစွမ်းအားနဲ့ ကင်းကွာလို့ မရဘူး။ သူတို့က သာမန်လို့ ထင်ရတာက မသန့်စင်လို့၊ အစွမ်းကုန် မပြင်းထန်လို့ပဲ။ ဒါကြောင့် လူအများစုက ဓာတ်ငါးပါးစွမ်းအားကို အမှုမဲ့အမှတ်မဲ့ သဘောထားကြတာ"
"အခု မင်းရှေ့မှာရှိတဲ့ ဒီယွမ်သံလိုက် ဓာတ်ငါးပါးတောင်ကတော့ အသန့်စင်ဆုံး ဓာတ်ငါးပါးစွမ်းအားတွေ စုစည်းနေတာပဲ။ ဒီနေရာမှာ နှစ်ပေါင်းများစွာ လူသူအရိပ်အယောင် ကင်းမဲ့နေလို့သာ ဒီလောက်သန့်စင်တဲ့ တောင်ကြီး ဖြစ်လာတာ။ သူတို့ရဲ့ ဓာတ်ငါးပါးစွမ်းအားဟာ အလွန်မြင့်မားတဲ့ မျှခြေအဆင့်တစ်ခုကို ရောက်နေပြီ။ နည်းနည်းလေး ပိုတာ၊ လိုတာနဲ့တင် ပြန်ပြင်လို့မရတဲ့ ပျက်စီးမှုတွေ ဖြစ်သွားနိုင်တယ်”
သူက ခေတ္တရပ်ပြီး ဆက်ပြောသည်
“မင်းသာ နောက်ထပ် နှစ် တစ်ရာ၊ နှစ်ရာလောက် နောက်ကျခဲ့ရင် ဒီတောင်ကို မြင်ရတော့မှာ မဟုတ်ဘူး။ သူက ဝိညာဉ်အရှိန်အဝါတွေ ပေါက်ဖွားလာပြီး ဝိညာဉ်ရတနာ အဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထဲ ပျောက်ကွယ်သွားလိမ့်မယ်”
“ဓားငယ်လေး... လုပ်နိုင်ပါ့မလား”
ဖန့်ချန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။
“ဖန့်ချန်... ငါ့ကို ယုံစမ်းပါ။ ဒီလောကမှာ ငါဝါးမြိုလို့မရတဲ့ အရာဆိုတာ မရှိဘူး”
ဓားငယ်လေးကတော့ စမ်းသပ်ကြည့်ချင်စိတ်ဖြင့် တက်ကြွနေသည်။
“ဓားငယ်လေး တစ်ယောက်တည်းနဲ့တော့ မရဘူး။ သူ ဝါးမြိုနေတဲ့ အချိန်မှာ ယွမ်သံလိုက် ဓာတ်ငါးပါးတောင်ကနေ ပေါက်ဖွားလာတော့မယ့် ဝိညာဉ်အရှိန်အဝါတွေကို တစ်ယောက်ယောက်က နှိမ်နင်းပေးဖို့ လိုတယ်။ အဲဒါအတွက် မင်းရဲ့ အဲဒီကိုယ်ပွား လိုအပ်တယ်”
“ဖန့်လုသား လား”
“ဟုတ်တယ်”
“ငါတို့မှာ အချိန်အများကြီး မရှိဘူး။ အချိန်စေ့ရင် ပြန်သွားရမှာ၊ မဟုတ်ရင် ဒီမှာ ကျန်ခဲ့လိမ့်မယ်။ အလွန်ဆုံးမှ... ၁၀ နှစ်ပဲ အချိန်ရှိတယ်။ ၁၀ နှစ်အတွင်း ဓားငယ်လေးက အကုန်ဝါးမြိုနိုင်ပါ့မလား”
ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် လေးနက်သွားသည်။
“၁၀ နှစ်ဆိုရင် လုံလောက်ပါတယ်။ သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဝိညာဉ်ရတနာ အစစ်အမှန် မဖြစ်သေးသရွေ့တော့ သန့်စင်တဲ့ ဝိညာဉ်ကုန်ကြမ်း ပစ္စည်းတစ်ခုပဲ ရှိပါသေးတယ်”
မှန်လေး၏ ထိုစကားကြောင့် ဖန့်ချန်သည် ချက်ချင်းပင် နယ်နယ်နိမိတ်ဘူးသီး ထဲမှ ဟွမ်ဝူကျိ ကို ထုတ်လိုက်သည်။
သူ့ကို တိုတိုတုတ်တုတ်ဖြင့်ပင် ထိုနေရာသည် မည်သည့်နေရာဖြစ်ကြောင်းနှင့် ဘာလုပ်ရမည်ကို ပြောပြပြီးနောက် ယွမ်သံလိုက် ဓာတ်ငါးပါးတောင်ဆီသို့ အတင်းအကြပ် ပျံသန်းသွားသည်။
တောင်၏ ဖိအားကြောင့် ပျံသန်းနှုန်းမှာ အတော်လေး နှေးကွေးသွားခဲ့သည်။
“ဝူရှန့်ငရဲ ဟုတ်လား... ဒီလိုနေရာမျိုး တစ်ခါမှ မကြားဖူးဘူး။ အထက်သုံးနယ်မြေက အောက်ခြောက်နယ်မြေထက် ပိုပြီး ဆန်းကြယ်တာ အမှန်ပဲ”
ဟွမ်ဝူကျိက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထို့နောက် ယွမ်သံလိုက် ဓာတ်ငါးပါးတောင်ကို တစ်ချက် ကြည့်လိုက်ရာ အဆင့် ၄ မသေမျိုး တစ်ဦးဖြစ်သော သူ၏ မျက်ဝန်းထဲတွင်ပင် အံ့သြချီးကျူးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ၏ ကိုယ်ပိုင်အသက်ဝိညာဉ်ဓား မှာလည်း မငြိမ်မသက် လှုပ်ရှားလာသည်။
“မဆိုးနဲ့... ဒါ မင်းပစ္စည်း မဟုတ်ဘူး”
ဟွမ်ဝူကျိက တစ်ချက် ရေရွတ်လိုက်ပြီးနောက် သူ၏ကိုယ်ရောင်ကို ဖျောက်လိုက်သည်။
ဖန့်ချန်သည် အဆုံးထိ ရောက်အောင် မပျံသန်းနိုင်တော့ပေ။
ယွမ်သံလိုက် ဓာတ်ငါးပါးတောင်က သူ့ကို ရည်ရွယ်ပြီး ဖိအားပေးနေခြင်း မဟုတ်ဘဲ ဓားငယ်လေးကို ရည်ရွယ်နေခြင်း ဖြစ်သည်။
သူသည် ဓားငယ်လေးကို သယ်ဆောင်ထားသရွေ့ ရေဆန်တက်နေသည့် လှေကဲ့သို့ အလွန်ပင် ခက်ခဲနေသည်။
ဓားငယ်လေးသာမက မှန်လေးပင်လျှင် ထိုဖိအားဒဏ်ကို ခံနေရသည်။
သူသည် မထူးတော့သဖြင့် မြေပြင်ပေါ်သို့ ဆင်းကာ တောင်ထိပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားတော့သည်။
သိပ်သည်းလှသော ဓာတ်ငါးပါးစွမ်းအားများမှာ ပတ်ဝန်းကျင်တွင် အလိုအလျောက် စီးဆင်းနေသည်။
အကယ်၍ ၎င်းတို့မှာ စိတ်အသိရှိပြီး နတ်ပညာအသွင်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် မိုင်ပေါင်း သောင်းချီအတွင်း မည်သည့် သက်ရှိမျှ ကျန်ရှိမည်မဟုတ်ပေ။
“ရှေးဟောင်းမသေမျိုးတွေတောင် ဒီလောက် သိပ်သည်းတဲ့ ဓာတ်ငါးပါးစွမ်းအားမျိုးကို အသုံးချနိုင်ပါ့မလားပဲ...”
နာရီဝက်ခန့် ကြာပြီးနောက် ဖန့်ချန်သည် တောင်ထိပ်သို့ ရောက်သွားသည်။
ဓားငယ်လေးသည် မနေနိုင်မထိုင်နိုင်ဘဲ တောင်၏ အကာအရံ ဗဟိုချက်ဆီသို့ တိုးဝင်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ ဓာတ်ငါးပါးစွမ်းအားများမှာ စိတ်အသိရှိလာသည့်အလား ဤနေရာသို့ စတင် စုစည်းလာသည်။
“ဖန့်ချန်... သူ့ကို နှိမ်နင်းလိုက် ”
မှန်လေးက သတိပေးလိုက်သည်။
ဖန့်လူသား သည် ဖန့်ချန်၏ နောက်ကျောတွင် အသံတိတ် ပေါ်လာသည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုဓာတ်ငါးပါးစွမ်းအားများမှာ ပြန်လည် တည်ငြိမ်သွားပြီး စိတ်အသိမဲ့သော ဝိညာဉ်စွမ်းအားများအဖြစ် ပြန်လည် ကွဲပြားသွားတော့သည်။
“ဒီကောင်လေး ဝါးမြိုပြီးသွားရင်တော့ နာမည်အသစ်တစ်ခု ပေးရလိမ့်မယ်။ ယွမ်သံလိုက် ဓာတ်ငါးပါးဓား လို့ ခေါ်ကြတာပေါ့”
မှန်လေးက မှတ်ချက်ချသည်
“သူ့ရဲ့ ကံတရားကလည်း ရောက်လာပြီလို့ ပြောရမှာပဲ။ မင်းသာ ဒီနေရာကို မတော်တဆ ရောက်မလာခဲ့ရင်၊ သူကိုယ်တိုင်မှာလည်း လုံလောက်တဲ့ အခြေခံအုတ်မြစ် မရှိရင် ဒီယွမ်သံလိုက် ဓာတ်ငါးပါးတောင်ရဲ့ အကျိုးကျေးဇူးတွေက ငါတို့ဆီ ရောက်လာမှာ မဟုတ်ဘူး”
“ယွမ်သံလိုက် ဓာတ်ငါးပါးဓား ဟုတ်လား... ဒါဆိုရင် ဓားငယ်လေးမှာလည်း လောကမှာရှိတဲ့ အရာရာကို ချုပ်ကိုင်နိုင်တဲ့ အစွမ်းမျိုး ရှိလာမှာလား”
“သေချာပေါက် ရှိမှာပေါ့။ ဒါပေမဲ့ ဒါက ဘယ်ဘက်က ပိုပြီး အစွမ်းထက်လဲဆိုတဲ့ အပေါ်မှာလည်း မူတည်သေးတယ်။ အစွမ်းချင်း တူညီရင်တော့ သူက အကုန်လုံးကို ချုပ်ကိုင်နိုင်တယ်။ အစွမ်း နည်းနည်းပိုသာရင်တောင် တစ်ဖက်လူက အထိန်းအချုပ် ခံရမှာပဲ။ အစွမ်းက အများကြီး ကွာခြားသွားရင်တော့ အသုံးမဝင်တော့ဘူး”
“ဒါတင်ပဲ လုံလောက်နေပါပြီ”
ဖန့်ချန်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ဖြတ်ပြေးသွားသည်
“ဓားမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၁ နတ်ဆေးပင် က ဘာလဲ”
“ဒါက သိပ်မဈေးကြီးပါဘူး။ မင်းသာ ဓားမသေမျိုးလမ်းစဉ် တစ်ခုလုံးကို သိချင်တယ်ဆိုရင် ငါ့မှာ အထူးအထုပ် ဈေးနှုန်း ရှိတယ်၊ တွက်ခြေကိုက်မကိုက် ကြည့်လိုက်လေ”
“ဘယ်လောက်လဲ”
“မသေမျိုးကျောက်တုံး ၈,၈၈၈ လုံးဆိုရင် ဘယ်လိုလဲ”
ဖန့်ချန်က ရယ်မောလိုက်သည်
“ဒီဈေးက တကယ်တော့ မများပါဘူး။ ကျွယ်မင်နန်းတော်လို အင်အားစုမျိုးဆိုရင် ဈေး ၁၀ ဆတက်ရင်တောင် မျက်တောင်မခတ်ဘဲ ပေးလိုက်မှာပဲ။ ဒါပေမဲ့ ငါ့ဆီမှာ အခု အဲဒီလောက် ရှိမယ်လို့ မင်းထင်လို့လား”
“ဒါပေမဲ့ အထုပ်လိုက် မဝယ်ရင် နောက်ပိုင်း တစ်ခုချင်းစီ ဝယ်တဲ့အခါ စုစုပေါင်းဈေးက ဒီထက် အများကြီး ပိုသွားလိမ့်မယ်”
“ကိစ္စမရှိပါဘူး၊ ငါက အခု နောက်ပိုင်းလမ်းစဉ်တွေကို သိနေလည်း အသုံးမဝင်သေးဘူး။ တိုတောင်းတဲ့ အချိန်အတွင်းမှာ သုံးရဦးမှာမှ မဟုတ်တာ။ ငါ့ကို အဆင့် ၁ ဓားမသေမျိုးရဲ့ နတ်ဆေးပင်ကိုပဲ ပြောပြပါ။ အရင်တုန်းက အဆင့် ၄ နတ်ဆေးပင်ဖြစ်တဲ့ ရွှေဝိညာဉ်ပန်း အတွက် မသေမျိုးကျောက်တုံး ၁၀၀ ယူခဲ့တာမလား... အဆင့် ၁ ဆိုရင်တော့ ပိုပြီး သက်သာမှာပေါ့”
“ဟုတ်ပါတယ်။ မသေမျိုးကျောက်တုံး ၂၀ ဆိုရင် ရပါပြီ”
မှန်လေးက အားမလိုအားမရဖြင့် ပြောလိုက်သည်။
“ရော့... ယူလိုက်”
ဖန့်ချန်က မသေမျိုးကျောက်တုံး ၂၀ ကို ထုတ်ပေးလိုက်သည်။
မှန်လေးက ဝါးမြိုပြီးနောက် စာမျက်နှာကိုတောင် လှန်မခိုင်းတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်
“ဓားမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၁ နတ်ဆေးပင်က မူလရွှေဓာတ်အငွေ့အသက် ပဲ။ မင်း အခုကတည်းက စုဆောင်းထားလို့ ရတယ်။ မင်းရဲ့ နယ်နိမိတ်ဘူးသီးကို သုံးပြီး ထည့်လို့ရတယ်၊ သာမန် သိုလှောင်ရတနာတွေနဲ့တော့ မရဘူး”
“အခုကတည်းက ထည့်လို့ရတာလား”
“ဒါပေါ့။ မူလရွှေဓာတ်အငွေ့အသက်ဆိုတာ အသန့်စင်ဆုံးသော ရွှေဓာတ်စွမ်းအားပဲ။ မင်း အခု မထည့်ထားရင် ယွမ်သံလိုက် ဓာတ်ငါးပါးဓား ပေါ်ထွက်လာပြီးတဲ့နောက် ဒီပစ္စည်းမျိုးကို ပြန်ရှာဖို့က အရမ်းခက်သွားလိမ့်မယ်”
မှန်လေး၏ စကားမဆုံးခင်မှာပင် ဖန့်ချန်သည် နယ်နိမိတ်ဘူးသီးကို သုံး၍ မူလရွှေဓာတ်အငွေ့အသက် ကို စတင် စုဆောင်းတော့သည်။
ရွှေဓာတ်တင်မကဘဲ မူလသစ်သားဓာတ်၊ မူလမီးဓာတ်၊ မူလမြေဓာတ်၊ မူလရေဓာတ် အားလုံးကို သူ စုဆောင်းလိုက်သည်။
တဖြည်းဖြည်းနှင့် နယ်နိမိတ်ဘူးသီးမှာ ပို၍ လေးလံလာပြီး ဆက်လက်ထည့်သွင်းမည်ဆိုလျှင် ကွဲအက်သွားတော့မည့်အလား ဖြစ်လာသည်။
ဖန့်ချန်သည် ပိဖူသဲ နှင့် သိုလှောင်လက်စွပ်တို့ကို သုံးရန် ကြိုးစားကြည့်သော်လည်း မှန်လေး ပြောသည့်အတိုင်းပင် ထိုအရာများမှာ ထိုဓာတ်ငါးပါးစွမ်းအားများကို သိုလှောင်နိုင်စွမ်း မရှိကြပေ။
“ဝမ်ချုံစန်းက ဒီဘူးသီးကို ဘယ်ကနေ ရလာခဲ့တာလဲ မသိဘူး။ နောက်ထပ် အနည်းငယ်လောက် ပိုရှိရင် ကောင်းမှာပဲ။ နှမြောစရာပဲ”
ဖန့်ချန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဘူးသီးထဲတွင် ဟွမ်ဝူကျိအတွက် နေရာချန်ထားရဦးမည် ဖြစ်သဖြင့် ဆက်လက် မထည့်သွင်းနိုင်တော့ပေ။
“ဖန့်ချန်... မင်း ထည့်ထားတဲ့ မူလရွှေဓာတ်အငွေ့အသက်က သာမန် ဓားမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၁ နတ်ဆေးပင် အချိုးအစားအရဆိုရင် အနည်းဆုံး အပုံ ၁၀၀ စာလောက် ရှိနေပြီ။ အရမ်း လောဘမကြီးပါနဲ့ဦး”
မှန်လေးက ဆက်ပြောသည်
“မင်း တခြားဓာတ်တွေကို ပြန်သွန်ထုတ်လိုက်ပြီး မူလရွှေဓာတ်အငွေ့အသက်ကိုပဲ အကုန်ထည့်လိုက်ရင် ပိုကောင်းမယ် ထင်တယ်”
“မူလရွှေဓာတ်အငွေ့အသက်က ဓားမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၁ နတ်ဆေးပင် ဖြစ်တယ်ဆိုမှတော့ တခြားဓာတ်တွေဖြစ်တဲ့ သစ်သားဓာတ်၊ မီးဓာတ်တွေကလည်း အသုံးဝင်မှာပါပဲ။ ကြိုတင် ပြင်ဆင်ထားတာပေါ့၊ နောက်ပိုင်း အသုံးလိုလာရင် သုံးရတာပေါ့”
ဖန့်ချန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။
***