မူလဝိညာဉ်အဆင့် သို့မဟုတ် အဆင့် (၆)သို့ ရောက်ရှိသူများသာ အထွတ်အထိပ် စေတီ၏ စတုတ္ထထပ်သို့ ဝင်ရောက်နိုင်ပေသည်။
ဤတစ်ကြိမ်တွင် ကျန်းမင်က သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ယှဉ်ပြိုင်ရသော်လည်း သူ့ပြိုင်ဘက်အား အချိန်တိုအတွင်း အပြတ်ရှင်းနိုင်ခဲ့၏။
ပထမအဆင့်ကို ဖြတ်ကျော်ပြီးနောက် သူ ရမှတ် တစ်မှတ် ရရှိခဲ့သည်။ မကြာမီမှာပင် စတုတ္ထမြောက် အဆင့်သို့ ရောက်လာခဲ့လေပြီ။
အန္တိမအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာ ကောင်းစွာပင် ကျင့်ကြံမှု အထွတ်အထိပ်သို့ ရောက်နေသော သုခဘုံအဆင့် ကျင့်ကြံသူ နှစ်ယောက်က သူ့ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ထိုသူများမှာ အစွမ်းထက်လှသော်ငြား သူက လွယ်ကူစွာပင် အနိုင်ယူနိုင်ခဲ့ဆဲ။ ပဉ္စမမြောက် အဆင့်တွင် သုခဘုံအဆင့် ကျင့်ကြံသူ သုံးယောက် ပါဝင်ပြီး ဆဋ္ဌမမြောက် အဆင့်တွင်မူ လေးယောက်အထိ ရှိနေ၏။
သတ္တမမြောက် အဆင့်သို့ ရောက်လာချိန်တွင် သူ့ပြိုင်ဘက်မှာ ကျွင်းစန်းချန် ဖြစ်နေတော့သည်။
ကျွင်းစန်းချန်က အံ့အားသင့်သွားဟန်ဖြင့်...
"မင်း ဒီလောက် မြန်မြန် ရောက်လာမယ်လို့ မထင်ထားဘူး... ဆဋ္ဌမမြောက် အဆင့်မှာတင် ရပ်သွားမယ် ထင်နေခဲ့တာ"
ကျန်းမင်က ညင်သာစွာ တုံ့ပြန်လိုက်သည်။
"သီသီလေး လွတ်လာတာလို့ပဲ ပြောရမယ်... တကယ်လို့ အပြင်လောကမှာသာ ဆိုရင် ကျုပ် သေနေလောက်ပြီ"
"ကောင်းပြီလေ... စကားပြောတာ ဒီလောက်နဲ့ ရပ်လိုက်ရအောင်... လာခဲ့"
"လာပြီ"
သူတို့ နှစ်ယောက်မှာ နောက်တစ်ကြိမ် တိုက်ပွဲဝင်ရန် အသင့်ဖြစ်သွားကြပြန်သည်။
ကျန်းမင်က အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ရှုံးနိမ့်သွားခဲ့ရသည်။ မည်သို့ပင်ဆိုစေ ရေလမ်းစဉ်အား ခုခံကာကွယ်ရန်မှာ သူ့အတွက် တကယ်ကို ခက်ခဲလွန်းလှသည် မဟုတ်ပါလား။
ကျွင်းစန်းချန်က ကျန်းမင်အား နောက်တစ်ကြိမ် မြင်တွေ့ရချိန်တွင် သက်ပြင်းချ၍...
"မင်းဆီမှာ အစွမ်းထက်တဲ့ အထူးစွမ်းရည် တချို့ ရှိရင်တော့ အခွင့်အရေး ရနိုင်လောက်တယ်... ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ အခြေခံက သိပ်မကောင်းဘူး... မင်းဆီမှာ ဝိညာဉ်စွမ်းအင် နည်းနေတာကို ပြောချင်တာ မဟုတ်ဘူးနော်... မင်းမှာ ခိုင်မာတဲ့ နောက်ခံမျိုး မရှိတာကို ပြောချင်တာ"
"ကျုပ်ကို ကြည့်ရုံနဲ့တင် သိနိုင်တာလား"
"မင်းရဲ့ အထူးစွမ်းရည်တွေက အစွမ်းထက်ပုံ ရပေမဲ့ မင်းကိုယ်တိုင် အပြည့်အဝ နားမလည်သေးဘူး... ကြည့်ရတာ မင်းဘာသာ လေ့လာထားပုံပဲ... ဒါပေမဲ့ တစ်ခုတော့ ပြောရမယ်... မင်းက..." ကျွန်းစန်းချန်က ကျန်းမင်အား ခဏတာ စိုက်ကြည့်နေသော်လည်း စကားကို အဆုံးထိ ဆက်မပြောတော့ချေ။
ကျန်းမင်က ကျွန်းစန်းချန် မျက်နှာပေါ်ရှိ အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ပြန်မေးလိုက်၏။
"ဒါဆို ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ကျုပ်ကို အကြံဉာဏ်လေး ဘာလေး ပေးနိုင်မလား"
"ဟား ဟား..." ကျွန်းစန်းချန်က ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောတော့သည်။ "မရဘူး"
"ကျုပ်က ခင်ဗျားရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်း မမီသေးလို့လား"
"တိုက်ပွဲ စချင်သေးတာလား မစချင်တော့ဘူးလား"
"ရပြီ ရပြီ..."
ကျွင်းစန်းချန်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရပြီးနောက် ကျန်းမင်လည်း ခေါင်းခါယမ်း၍ ထွက်ခွာလာခဲ့တော့သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင် တိုက်ပွဲစင်မြင့်၏ အဆင့် ခြောက်ဆင့်ကို ဖြတ်ကျော်ပြီးနောက် သူ့အနေဖြင့် ရမှတ် (၆၃)မှတ် ရရှိခဲ့လေပြီ။
ထို့နောက် ကောင်းကင် လှေကားထစ်ဆီသို့ ဆက်သွားပြီး ဤတစ်ကြိမ်တွင်တော့ သုခဘုံအဆင့်နှင့် ညီမျှသော လှေကားထစ်မှ စတင်ခဲ့သည်။
ပထမ လှေကားထစ် ကိုးခုမှာ သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စိတ်စွမ်းအားနှင့် ညီမျှပြီး (၁၀) ထစ်မှ (၁၈) ထစ် အထိမှာမူ အန္တိမအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စိတ်စွမ်းအားနှင့် ညီမျှသည်။
သူရရှိမည့် ဆုလာဘ်မှာ ယခင်အတိုင်းပင်။ ပထမ ကိုးထစ်အတွက် တစ်ထစ်လျှင် ရမှတ် တစ်မှတ်စီ ရရှိမည် ဖြစ်ပြီး (၁၀) ထစ်မြောက်မှ စတင်ကာ တစ်ထစ်လျှင် ဆယ်မှတ်စီ ရရှိမည် ဖြစ်သည်။
ကျန်းမင်က (၁၅) ထစ်မြောက်သို့ လျင်မြန်စွာ ရောက်ရှိသွားသော်လည်း (၁၆) ထစ်မြောက်တွင် ကျရှုံးသွားခဲ့သည်။ တိုးတက်မှု သိပ်မရှိလှသော်ငြား သူ့အဆင့်နှင့် လူတစ်ယောက်အတွက်တော့ အလွန် အထင်ကြီးလောက်စရာဟု ဆိုရပေမည်။
နောက်ဆုံးတွင် ဆုလာဘ်အဖြစ် ရမှတ် (၆၉) မှတ် ရရှိခဲ့သည်။
အမည် - ကျန်းမင်
ကျင့်ကြံခြင်းအဆင့် - အဆင့် (၆)
စုဆောင်းရရှိထားသော ရမှတ် - ၄၆၇ မှတ်
ဂုဏ်ပြုမှတ်တမ်း -
[တတိယအလွှာ - အဆင့် (၆) အထိ စံချိန်၊ လှေကားထစ် (၂၁) ထစ် စံချိန်၊ အထူးစွမ်းရည် (၉၉၂) ခု]
[စတုတ္ထအလွှာ - အဆင့် (၆) အထိ စံချိန်၊ လှေကားထစ် (၁၅) ထစ် စံချိန်]
အထွတ်အထိပ် စေတီအတွင်းရှိ ကျန်းမင်၏ အချက်အလက်များ ပြောင်းလဲသွားခဲ့လေပြီ။
ယခုအခါ သူ့တွင် (၄၆၇)မှတ် ရှိနေပြီ ဖြစ်ရာ အချိန်အတန်ကြာ အသုံးခံနိုင်မည်ဟု တွေးလိုက်မိ၏။
ဂုဏ်ပြုမှတ်တမ်း အပိုင်းကလည်း ပြောင်းလဲသွားခဲ့သည်။ ကံမကောင်းစွာဖြင့် ဤအလွှာတွင် မည်သည့် အထူးစွမ်းရည်ကိုမှ နားမလည်သေးသော်လည်း ထိုအရာအတွက် သူ သိပ်ပြီး စိတ်ပူမနေပေ။
ကျန်းမင်က တိတ်ဆိတ်စွာ သက်ပြင်းချရင်း...
"အထွတ်အထိပ် စကားပြောခန်းထဲက အဖွဲ့ဝင်တွေ ပြောသလိုပဲ အဆင့်နိမ့်လေလေ ဆုလာဘ်တွေက ပိုကောင်းလေလေပဲ... အဆင့်မြင့်လာတာနဲ့အမျှ နောက်တစ်ဆင့်ကို ကူးပြောင်းဖို့ ပိုခက်ခဲလာတာ... ကြည့်ရတာ သူတို့ပြောတာ မမှားဘူးပဲ"
ခဏတာ အနားယူပြီးနောက် ကနဦးဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်မှု ရှိလာချိန်တွင် လက်တွေ့ကမ္ဘာဆီ ပြန်လာခဲ့သည်။ သူ နောက်တစ်ကြိမ် တံခါးပိတ် ကျင့်ကြံပြန်တော့၏။
အချိန်များက လျင်မြန်စွာ ကုန်လွန်သွားပြီး တစ်နေ့တွင်တော့ ကျန်းမင်တစ်ယောက် ခေါင်မိုးပေါ်၌ မတ်တပ်ရပ်ကာ အဝေးဆီသို့ ငေးကြည့်နေခဲ့သည်။
အရာအားလုံးကို သူ့လက်ဖဝါးထဲ ဆုပ်ကိုင်ထားသည့်အလား လက်ကိုမြှောက်၍ လေထဲမှ တစ်စုံတစ်ရာကို ဖမ်းဆုပ်လိုက်သည်။
လေထုထဲတွင် တစ်စုံတစ်ရာကို ရေးဆွဲလိုက်သည်နှင့် သူ့ရှေ့ရှိ ဟင်းလင်းပြင်မှာ အက်ကွဲသွားတော့သည်။ ရှေ့သို့ လက်ညှိုး ဆက်လက် ထိုးလိုက်ရာ သူ့လက်ချောင်းထိပ်တွင် အလင်းတန်း တစ်ခု တဖြည်းဖြည်း စုဝေးလာ၏။ ယခုတွင် ပင်လယ်နှင့် မြေကြီးကိုပင် ဖောက်ထွင်းနိုင်စွမ်း ရှိနေပြီဟု သူ ခံစားလိုက်ရသည်။
ကျန်းမင် ပြုံးလိုက်ပြီး...
"ငါ အခု တော်တော်လေး အစွမ်းထက်နေပြီပဲ... ဘယ်သူမှ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး… မိုးကြိုးနတ်ဘုရားရဲ့ အင်မော်တယ် ရတနာသိုက်က မနက်ဖြန် ပွင့်တော့မှာ... အဲ့ဒီအထဲမှာ ဘာတွေ ရှာတွေ့နိုင်မလဲ သိချင်မိသား"
မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် ပွင့်လာမည့် အချိန်ကို သူ အလွန် မျှော်လင့်နေမိသည်။ သူ့သွေးများ ဆူပွက်နေပြီး ရင်ခုန်သံများလည်း မြန်ဆန်နေလေပြီ။
ခဏတာ စဉ်းစားလိုက်ပြီးနောက် သူ့ရှေ့တွင် အလင်းတန်း ဖန်သားပြင် တစ်ခု ထွက်ပေါ်လာသည်။
ကျင့်ကြံခြင်းအဆင့် - မူလဝိညာဉ်အဆင့်
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
မွေးရာပါ ပါရမီ - အင်မော်တယ် (မူလ တာအိုခန္ဓာကိုယ်)
အထူးစွမ်းရည် - စိမ်းလန်းသော ဧကရာဇ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်စဉ်၊ မဟာ ပုံရိပ်ယောင် ကျင့်စဉ်၊ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ ကြယ်တာရာ နတ်ဘုရား အသွင်ပြောင်းလဲခြင်း၊ အဆုံးမဲ့ သတ်ဖြတ်ခြင်း လက်သီး၊ တောင်ကိုးလုံး နတ်ဘုရား ရတနာ၊ မူလအစ လက်ချောင်း၊ ခန္ဓာကိုယ် ကာကွယ်ခြင်း ကျင့်စဉ်၊ ဝိညာဉ်ရေးရာ အလင်းတန်း၊ သတ်ဖြတ်ခြင်း ဓားသိုင်း၊ ယင်ယန် ဖြတ်တောက်ခြင်း ကျင့်စဉ်နှင့် အခြားအရာများ။
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ အထွတ်အထိပ် အမိန့်တော်၊ [အင်မော်တယ် လက်နက်များ - လျှို့ဝှက်ဆန်းကြယ် အလင်းဓား၊ ကောင်းကင် တိုက်ပွဲဝင် ဓားမကြီး၊ ကောင်းကင် ငှက်မွှေးအင်္ကျီ၊ နတ်ဝိညာဉ် ခေါင်းလောင်း၊ ကြယ်စင် ခန်းမဆောင်၊ ကောင်းကင် သင်္ဘော]၊ ကောင်းကင်ပျံ ငှက်မွှေးဓား၊ သေခြင်း ရှင်ခြင်း ဝင်္ကပါပြား၊ စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ (အထွတ်အထိပ်အဆင့် တာအိုလက်နက်)၊ တိုက်ပွဲဝင် ရုပ်သေးရုပ် (အထွတ်အထိပ်အဆင့် တာအိုလက်နက်)၊ အမှောင်ကမ်းပါး ဓားရှည် (အဆင့်မြင့် တာအိုလက်နက်)၊ ကျောက်စိမ်းဖြူ တိုက်ပွဲဝင် လက်အိတ် (အဆင့်မြင့် တာအိုလက်နက်)၊ အထူးစွမ်းရည် ပုတီးစေ့ (၁) လုံး၊ ကျင့်ကြံမှု နှစ် (၁၀၀)၊ ငါးမိနစ်စာ အန္တိမ အတွေ့အကြုံကတ်။
ထောက်ပံ့မှု - အခြေခံ လေ့ကျင့်ရေးဇုန်
ကျန်းမင်၏ အခြေအနေမှာ ပြောင်းလဲသွားခဲ့လေပြီ။
သူက မူလဝိညာဉ်အဆင့်သို့ တက်လှမ်းသွားခဲ့ခြင်းပင်။ သူ့အသိစိတ် ပင်လယ်မှာ ကီလိုမီတာ တစ်သောင်း ပတ်လည်အထိ လွှမ်းခြုံထားနိုင်ပြီး ကမ္ဘာဦး ပျက်သုဉ်းခြင်း မူလဝိညာဉ်က ထိုအထဲတွင် လွင့်မျောနေ၏။ ထိုဝိညာဉ်မှာ သူ့ပုံစံနှင့် တစ်သဝေမတိမ်း တူညီနေပြီး ဤသည်မှာ ပြည့်စုံခြင်း၏ လက္ခဏာ တစ်ရပ်ပင်။
သူ့မူလဝိညာဉ်က အသိစိတ် ပင်လယ်ကို ဖွင့်လှစ်နိုင်သည်နှင့် တပြိုင်နက် သုခကမ္ဘာအဖြစ် ပြောင်းလဲသွားနိုင်ပေမည်။
အထူးစွမ်းရည် များစွာကိုလည်း သူ နားလည် သဘောပေါက်ခဲ့သည်။
အများစုမှာ အထွတ်အထိပ်အဆင့် စွမ်းရည်များ ဖြစ်ကြသော်လည်း သူက အခြေခံမျှသာ နားလည်သေးပြီး နောက်ထပ် တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။
ကျန်းမင်အတွက် အစိတ်ဝင်စားဆုံး အရာမှာ ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအိုမျိုးစေ့ကို ဖန်တီးခဲ့ပြီး ကမ္ဘာဦး ပျက်သုဉ်းခြင်း မူလဝိညာဉ်အဖြစ် ပြောင်းလဲသွားသည့်တိုင် သူ့ထံတွင် မူလ တာအိုခန္ဓာကိုယ် ရှိနေသေးခြင်းပင်။
သူ့မွေးရာပါ ပါရမီမှာလည်း ပြောင်းလဲသွားခြင်း မရှိချေ။
"မူလ တာအိုခန္ဓာကိုယ်က ထပ်ပြီး တိုးတက်လို့ မရတော့တာများလား" သူ တီးတိုး ရေရွတ်လိုက်မိသည်။
သူ့တွင် ကိုးကားစရာ သို့မဟုတ် လမ်းညွှန်ပေးမည့်သူ တစ်ယောက်မျှ မရှိသောကြောင့် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရတော့မည် ဖြစ်သည်။
သူက ပစ္စည်း အတော်များများကိုလည်း ရရှိခဲ့ပြီး အထူးသဖြင့် အင်မော်တယ် လက်နက်များကို ဖြစ်သည်။ ထိုအရာများမှာ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်မျိုးလုံးကို တစ်ပေါင်းတည်း ပေါင်းစပ်ပေးထား၏။ ပြီးခဲ့သည့်ရက်က ထိုအရာများကို ဝမ်ဟွာထံမှ သူ ဝယ်ယူခဲ့ခြင်းပင်။
သူ့ထံတွင် ကျင့်ကြံမှု နှစ် (၁၀၀) ကျန်ရှိနေသေးသည်။ ဤသည်မှာ တိုတောင်းသော အချိန်ကာလ အတွင်း မူလဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းအတွက် ပေးဆပ်ရသော တန်ဖိုးပင်။
ဉာဏ်အလင်းပွင့် လက်ဖက်ရွက်များကိုမူ သူ အားလုံး အသုံးပြုပြီးသွားခဲ့လေပြီ။
"ကျုပ် အခု ကျွင်းစန်းချန်နဲ့ ယှဉ်တိုက်နိုင်လောက်ပြီ ထင်တယ်" ကျန်းမင် စိတ်ထဲတွင် တွေးလိုက်သည်။
ထိုသို့ တွေးမိသော်ငြား ယုံကြည်မှု အပြည့်အဝတော့ မရှိသေးချေ။
မည်သို့ပင်ဆိုစေ အန္တိမ ကျင့်ကြံသူ တစ်ယောက်မှာ အရမ်းကို ကြောက်မက်ဖွယ် ကောင်းလွန်းသည် မဟုတ်ပါလား။ ကျွင်းစန်းချန်ကို အနိုင်မယူနိုင်လျှင်ပင် ဤလောကရှိ လူအများစုကို အနိုင်ယူနိုင်စွမ်း ရှိမည်ဟု သူ တွက်ဆထားလိုက်သည်။
ဝှစ်...
ရုတ်တရက် မုန်တိုင်းတစ်ခု ဝင်ရောက်လာပြီး ကောင်းကင်ယံတွင် တိမ်မည်းများ ဖုံးလွှမ်းသွားကာ နေရောင်ကိုပင် ကွယ်ပစ်လိုက်သည်။ တောအုပ်ထဲရှိ သစ်ပင်များမှာ လေပြင်းများကြောင့် ပြင်းထန်စွာ ယိမ်းထိုးနေပြီး ကျန်းမင် မျက်လုံးများ ပြူးကျယ်သွားတော့၏။
အဝေးဆီသို့ လှမ်းကြည့်ရင်း ကျန်းမင်က အာမေဋိတ်သံဖြင့်...
"စနေပြီပဲ"
သူ့အမြင်အာရုံထဲတွင် တိမ်မည်းများမှလွဲ၍ ဘာကိုမျှ မမြင်ရတော့ပေ။
ဝူး...
လူသားလမ်းစဉ် မှတ်တမ်းကြီး ပွင့်လာခဲ့သည်။
ညီမလေးထံတွင်မူ ဘာပြဿနာမှ မရှိပေ။ သူမက မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် ပွင့်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။ ဂိုဏ်းချုပ်မှာမူ နီးကပ်လာသော အန္တရာယ်ကို သတိမပြုမိဘဲ ကျင့်ကြံနေဆဲ ဖြစ်သည်။
"ဒီအဘိုးကြီးတော့..."
ဂူဟိုင်ထံတွင် ဖြစ်ပျက်နေသည်ကို မြင်လိုက်ရချိန်၌ ကျန်းမင်၏ မျက်နှာထား ပြောင်းလဲသွားသည်။
အခြေအနေ - ကျောင်းယန် တောင်ထွတ်မှ ခေါင်းဆောင် ယင်ယွဲ့နှင့်အတူ လက်ဖက်ရည် သောက်ရင်း ပုံပြင်များ နားထောင်နေသည်။ သူက အချိန်ကောင်းလေး တစ်ခုကို ဖြတ်သန်းနေပြီး မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ထင်ဟပ်လို့။
"ကြည့်ရတာ သူတို့ အခြေအနေ တော်တော်လေး တိုးတက်နေပုံပဲ" ကျန်းမင်က ခပ်ဟဟ ရယ်မောလိုက်သည်။
ဤတောင်တန်း၏ အောက်ခြေတွင် ကျိုယန်ဂိုဏ်း၏ ကာကွယ်မှုအောက်ရှိ မြို့တစ်မြို့ တည်ရှိနေသည်။
မှတ်တမ်း စာမျက်နှာ ထပ်မံ လှန်သွားပြန်သည်။
အမည် - ယွဲ့ချန်
အခြေအနေ - သူတော်စင် သမီးတော်က အခြား မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးယောက်နှင့်အတူ လာနေကြောင်း သတင်းရရှိခဲ့သည်။ သူတို့က လောလောဆယ် ကီလိုမီတာ သုံးသောင်းခန့် အကွာရှိ အမှောင်လေပြင်း ချိုင့်ဝှမ်းတွင် ပုန်းအောင်းနေပြီး မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် ပွင့်လာချိန်၌ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် ပြင်ဆင်နေကြသည်။ သူတော်စင် သမီးတော်နှင့်အတူ သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက် ပါဝင်လာပုံပေါ်၏။
'ဟူး... ကျိုယန်ဂိုဏ်း ဖျက်ဆီးခံရတော့မယ့် အချိန်မှာ ငါ ဘာလို့ ဒီလောက် ဝမ်းနည်းနေရတာလဲ... ငါ့နှလုံးသားက အမှောင်ထုရဲ့ လွှမ်းမိုးမှုကို ခံနေရပြီပဲ... ငါလည်း ဒီလို မဖြစ်ချင်ခဲ့ပါဘူး... ဒါပေမဲ့ ငါ တတ်နိုင်တာ ဘာမှမရှိဘူးလေ...'
'ကျိုယန်ဂိုဏ်း ပြီးဆုံးသွားပြီ ဆိုမှတော့ ဇီလင်းလုံကို ဖယ်ရှားပေးဖို့ သူတော်စင် သမီးတော်ကို ငါ တောင်းဆိုရမယ်... အကြောင်းပြချက် အနေနဲ့တော့... ဇီလင်းလုံက ပါရမီရှင် တစ်ယောက် ဖြစ်ပြီး တကယ်လို့ ယင်မိစ္ဆာဂိုဏ်းကိုသာ ဝင်လာခဲ့ရင် သူတော်စင် သမီးတော် နေရာကို သေချာပေါက် အစားထိုး ယူသွားလိမ့်မယ်လို့ ပြောပြရမယ်... သူမရဲ့ မာနကြီးတဲ့ ပုံစံအရ ဇီလင်းလုံကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူးဆိုတာ သေချာတယ်...'
'မနက်ဖြန် တိုက်ခိုက်မှု စတာနဲ့ ဂိုဏ်းချုပ်ကို သတ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်... ဟူး... ငါလည်း ဒီလို မလုပ်ချင်ပါဘူး... ငါ... ငါ တကယ် လူကောင်း တစ်ယောက် ဖြစ်ချင်တာပါ... ဒါတွေ အားလုံးက လောကကြီးရဲ့ အမှားတွေချည်းပဲ... ငါ့ကို ငရဲချောက်ထဲ ပိုပိုပြီး နက်ရှိုင်းအောင် ဘာလို့ တွန်းပို့နေရတာလဲ...'
ကျန်းမင် ခေါင်းခါယမ်းလိုက်သည်။
ဤလောကတွင် ကိုယ့်ဆန္ဒအတိုင်း ပြုမူနေထိုင်နိုင်သူ အလွန် နည်းပါးလှသည်။ သူတို့က ရေစုန်မျောလိုက်ရခြင်း မဟုတ်လျှင်ပင် ကိုယ်မလုပ်ချင်သော အရာတစ်ခုကို အတင်းအကျပ် လုပ်ဆောင်ရန် ဖိအားပေး ခံရတတ်သည် မဟုတ်ပါလား။
အဝေးမှ အမည်းစက်လေး တစ်ခု ပေါ်လာပြီး နောက်တစ်စက္ကန့် အကြာတွင် ဧည့်ခံစင်မြင့်ထက် ရောက်ရှိလာခဲ့၏။
"အစ်ကိုကြီးချန်..."
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ချန်ရိမင်ပင်။ သူလည်း ခရမ်းရောင်နန်းတော် အဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။
တကယ်တမ်းတွင် ထိုသည်မှာ သူ့အား ကျန်းမင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။ သူ မသိစေဘဲ ဉာဏ်ပွင့် လက်ဖက်ရွက် နှစ်ရွက်ကို သူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးခဲ့၏။ ထို့ကြောင့်သာ သူ့ကျင့်ကြံမှု အရှိန်မှာ အဆမတန် မြန်ဆန်လာပြီး နောက်ဆုံးတွင် ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"ခေါင်းဆောင်ကျန်း..." ချန်ရီမင်က ဆင်းသက်လာရင်း လက်လှမ်းပေးလိုက်သည်။
ကျန်းမင်လည်း သူ ဘာလိုချင်မှန်း သိသဖြင့် အရက်အိုး တစ်အိုး ပစ်ပေးလိုက်ရင်း...
"ရော့... သောက်လိုက်... ဒီနေ့ ဘာကိစ္စ ရှိလို့ ဒီကို ရောက်လာတာလဲ... ဒါနဲ့ အစ်မမိုမိုနဲ့ကော အကုန် အဆင်ပြေရဲ့လား"
အဆင့်တက်ပြီးနောက် သူ့ပစ္စည်းများကို စီမံခန့်ခွဲရာတွင် ကူညီပေးရန် ကျောင်းယန် တောင်ထွတ်မှ အစ်မမိုမိုကို သူ ခေါ်ဆောင်လာခဲ့ခြင်းပင်။
"အင်း... သူ အဆင်ပြေပါတယ်" ချန်ရီမင်က တစ်ကျိုက်သောက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ ဆက်ပြောသည်။
"ဘာလို့မှန်းတော့ မသိဘူး... မကြာခင် ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မယ်လို့ ငါ ကြိုသိနေသလိုပဲ... အထူးသဖြင့် ဒီနေ့ပေါ့... ကောင်းကင်ကို ကြည့်ပါဦး... အရမ်းကို မှောင်မည်းနေပြီး တိမ်မည်းတွေနဲ့ ပြည့်နေတာပဲ... အဲ့ဒါက ငါ့ကို ဂနာမငြိမ် ဖြစ်စေတယ်... ဒါကြောင့် ဒီလာပြီး အရက်လေး ဘာလေး သောက်သင့်တယ်လို့ တွေးလိုက်မိတာ"
"ဂနာမငြိမ် ဖြစ်နေတယ်..." ကျန်းမင်က ရယ်မောလိုက်သည်။ "ခင်ဗျား ကျောက်ကပ် ပြဿနာများ ရှိနေတာ မဟုတ်ဘူးလား"
"ဟား..." ချန်ရီမင်က မျက်လုံး လှန်ပြလိုက်၏။ "မင်းက လူပျိုစစ်စစ် ဖြစ်နေတုန်းပဲ မဟုတ်လား... မိန်းမတွေရဲ့ အံ့ဖွယ်ရာတွေကို မင်း ဘာလို့ နားမလည်နိုင်ရတာလဲ ဆိုတာ ငါ သိပြီ... မင်းကို တောင်အောက် ခေါ်သွားပေးရမလား... အဲ့ဒီက မိန်းမတွေက အရမ်းလှတာ... မင်း သေချာပေါက် ငြင်းဆန်နိုင်မှာ မဟုတ်ဘူး"
"ကြည့်ရတာ ခင်ဗျားက ဒီကိစ္စမှာ တော်တော်လေး အတွေ့အကြုံ ရှိပုံရတယ်ပေါ့လေ..."
"ငါ့ကို အပြစ်တင်လို့တော့ မရဘူးနော်... ကျင့်ကြံရတာ ဘယ်လောက် ပျင်းစရာ ကောင်းလဲဆိုတာ မင်းလည်း သိမှာပါ... ငါတို့ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက အရက်နဲ့ မိန်းမပဲလေ... ပြီးတော့ ဟိုနှစ်က မိစ္ဆာတွေကို သတ်ဖို့ တောင်အောက် ဆင်းတုန်းကဆို အဆက်မပြတ် တိုက်ခိုက် သတ်ဖြတ်နေရတာ ငါတို့ကို တော်တော်လေး ထိခိုက်စေခဲ့တာ... နေရာအနှံ့က ပြည့်တန်ဆာအိမ်တွေကို သွားမှပဲ ငါတို့ရဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်ခဲ့တာ"
"ကျုပ် တစ်ခု မေးစရာ ရှိတယ်... ပြည့်တန်ဆာအိမ်က မိန်းမတွေက ခင်ဗျားရဲ့ ခွန်အားကို ခံနိုင်ရည် ရှိလို့လား"
"လွယ်ပါတယ်ကွာ... မိန်းမ (၄၉) ယောက် တစ်ပြိုင်တည်း အိပ်လို့ရတဲ့ ကုတင်အကြီးကြီး တစ်လုံး ငါ ဖန်တီးလိုက်တာလေ"
"မိုက်လှချည်လား..."
"ဟီးဟီး..."
"အစ်ကိုကြီးချန်... အတင်းအကျပ်တော့ မလုပ်သင့်ဘူးနော်"
"အတင်းအကျပ် လုပ်တယ်... ငါ သူတို့ကို အတင်းအကျပ် မလုပ်သင့်ဘူးလို့ မင်း ပြောချင်တာလား... အဲ့ဒါအတွက်တော့ စိတ်မပူပါနဲ့... ငါတို့က လူကောင်းတွေပါ... ငါက ပြည့်တန်ဆာအိမ်တွေမှာ သာယာမှုကို ရှာရုံသပ်သပ်ပါပဲ... တခြား မိန်းမတွေကို အတင်းအကျပ် မလုပ်ပါဘူး"
"ဒါဆိုလည်း တော်သေးတာပေါ့"
"ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းချုပ်နိုင်ဘူး ဆိုရင်တော့ ငါတို့လည်း လူဆိုးတွေနဲ့ ဘာမှ ကွာခြားတော့မှာ မဟုတ်ဘူး"
ချန်ရီမင်က ရယ်မော၍ ဆက်ပြောသည်။
"ငါတို့ရဲ့ အစ်ကိုကြီးနဲ့ အစ်မကြီး ပြန်လာတော့မယ် ဆိုတာ မင်း သိပြီးပြီလား"
"အစ်ကိုကြီးနဲ့ အစ်မကြီး..." ကျန်းမင် ဇဝေဇဝါ ဖြစ်သွားသည်။
"အာ... ငါ တုံးလိုက်တာ... မင်းက အသက် (၂၀) ဝန်းကျင်ပဲ ရှိသေးတာကို မေ့သွားတယ်" ချန်ယီမင်က ပြောလိုက်သည်။ "သူတို့ထဲက တစ်ယောက်က ဂိုဏ်းချုပ်ရဲ့ အကြီးဆုံး တပည့် ဖြစ်ပြီး ကျန်တစ်ယောက်က ကျောင်းယန် တောင်ထွတ်ရဲ့ အကြီးဆုံး တပည့်လေ... အစ်ကိုကြီးက သာမန်လောကမှာ လေ့ကျင့်ဖို့ ကျိုယန်ဂိုဏ်းကနေ ထွက်သွားတာ အခုဆို နှစ် (၄၀) ကျော်နေပြီ... အစ်မကြီး ထွက်သွားတာလည်း အခုဆို နှစ် (၃၀) လောက် ရှိပြီ... နှစ်ယောက်လုံးက မာနကြီးကြတယ်... ညီမလေး လင်းလုံ အာရုံစိုက်ခံနေရတာကို သူတို့ သဘောကျမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"
"စိတ်မပူပါနဲ့... တကယ်လို့ သူတို့ တစ်ခုခု လုပ်ရဲရင် ညီမလေးကို သင်ခန်းစာ ပေးခိုင်းလိုက်ရုံပဲ"
"မင်း ပြောတာ မှန်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့ ညီမလေးက အတော်ဆုံးပဲလေ"
"သူက ကျုပ်ရဲ့ ညီမလေးပါ... ခင်ဗျား ညီမလေး မဟုတ်ဘူး"
"ဘာလို့ ငါ့ညီမလေး မဟုတ်ရမှာလဲ... ငါက မင်းတို့ နှစ်ယောက်ထက် ပိုကြီးတာလေ... မင်းက ငါ့ညီလေး ဆိုတော့ သူကလည်း ငါ့ညီမလေးပေါ့"
ချန်ရီမင်က ကျန်းမင်နှင့် စကားပြောပြီးနောက် စိတ်သက်သာရာ ရသွားကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။
"ဒီလူကတော့... ငါတို့ဂိုဏ်းမှာ တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သူ ကြိုသိနေတာများလား" ကျန်းမင်က တီးတိုး ရေရွတ်လိုက်၏။
အစ်ကိုကြီး သို့မဟုတ် အစ်မကြီး အကြောင်းကိုမူ သူ လုံးဝ စိတ်ပူမနေပေ။
သူတို့သာ ပြဿနာ လာရှာရဲလျှင် သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မည်။ မကောင်းသော ရည်ရွယ်ချက်များ ထားရှိပါက အပြတ်ရှင်းပစ်လိုက်ရုံသာ။
မိုးများ စတင် ရွာသွန်းလာပြီး အမှောင်ထုက လုံးဝ ကြီးစိုးသွားခဲ့လေပြီ။ သူက အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ မိုးသား ကန့်လန့်ကာကြီးက အရာအားလုံးကို တစ်သားတည်း ပေါင်းစပ်ပေးထား၏။
"မိုးသည်းတဲ့ညပဲ... လူတချို့ရဲ့ အသက်ကို ယူဖို့ အကောင်းဆုံး အခွင့်အရေးပဲ"
ကျန်းမင်က နေရာမှ မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် နောက်သို့ လှည့်ကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
End
***