မကြာမီမှာပင် ကျန်းမင်က ထိုနေရာအား ရှာဖွေတွေ့ရှိသွားခဲ့သည်။ သို့သော် သူ့အော်ရာများကို ရုပ်သိမ်း၍ ထိုသူများနှင့် ကီလိုမီတာ တစ်ထောင်ခန့် အကွာတွင် ပုန်းအောင်းနေလိုက်၏။
ဝှစ်...
မိုးများက အဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်ပြီး နေရာအတော်များများမှာ ရေကန်ကြီး တစ်ခုပမာ ဖြစ်နေလေပြီ။
"ဒီမိုးရွာတာက ထူးဆန်းတယ်"
တောင်ထွတ်တစ်ခုပေါ် ဆင်းသက်ရင်း ကျန်းမင်က ရေရွတ်လိုက်သည်။ သူက ရုပ်ဖျက်ထားခြင်း ဖြစ်ပြီး ယခုအခါ မုတ်ဆိတ်မွေးများနှင့် ထောင့်ကျကျ မေးရိုးတစ်ခုကို ပိုင်ဆိုင်ထား၏။ သူ ခေါင်းမော့၍ ကောင်းကင်ကို ကြည့်ရင်း အတွေးနက်နေမိသည်။ ယနေ့ မနက်က ရာသီဥတု သာယာနေခဲ့သော်လည်း ရုတ်တရက် ကောင်းကင်ကြီး မှောင်မည်းသွားပြီး မိုးများ သည်းထန်စွာ ရွာသွန်းလာခဲ့သည် မဟုတ်ပါလား။
အကယ်၍ ဤအရာက ဒေသငယ်လေး တစ်ခုတည်းတွင်သာ ဖြစ်ပျက်နေခြင်း ဆိုပါက သူ သံသယဝင်မည် မဟုတ်သော်လည်း မိုင်သောင်းချီ ကျယ်ဝန်းသော နေရာအနှံ့တွင် ဖြစ်ပေါ်နေခြင်းမှာ သာမန် မဟုတ်တော့ပေ။
သူက မျက်လုံးများ မှေးကျဉ်းလိုက်ပြီး အရှေ့ပင်လယ်ဘက်သို့ လှမ်းကြည့်ရန် ဓမ္မမျက်လုံးများကို အသက်သွင်းလိုက်သည်။ ပင်လယ်မျက်နှာပြင် တစ်ခုလုံး ရေခိုးရေငွေ့များဖြင့် ပြည့်နှက်နေသည်ကို သူ မြင်လိုက်ရ၏။ ထိုအရာများ အားလုံးက ဤနေရာကို ပင်လယ်ပြင်ကြီး အဖြစ် ပြောင်းလဲပစ်တော့မည့်အလား ကုန်းတွင်းပိုင်းဆီသို့ ဦးတည်နေကြသည်။
"တောင်နီနန်းတော်ကများလား" ကျန်းမင်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
သူ လှည့်ကြည့်လိုက်ရာ နေရာအနှံ့အပြားတွင် ရေကြီးနေသည်အား သတိပြုမိသွား၏။
ကျင့်ကြံသူ အများအပြားက မြို့ထဲသို့ ရောက်ရှိလာပြီး မြို့သူမြို့သားများကို ကူညီပေးနေကြသည်။
ထို့နောက် ချင်းယွင်ဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်သော်လည်း ထိုနေရာတွင်မူ မည်သည့်အရာမှ ဖြစ်ပျက်နေပုံ မပေါ်ပေ။
"ဟူး..." ကျန်းမင်က သက်ပြင်းချလိုက်သည်။
ဤကဲ့သို့ စစ်ပွဲမျိုးတွင် သူ ထွက်ပေါ်လာ၍ မဖြစ်ချေ။ အမှောင်ထုထဲမှနေ၍သာ သူ့အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပေမည်။
"ကောင်းပြီလေ... မင်းတို့က စစ်လိုချင်တယ် ဆိုမှတော့ ကျုပ်ကလည်း စစ်ကို ပေးရတာပေါ့" ကျန်းမင်၏ မျက်လုံးများမှာ အေးစက်သွားပြီး ရေရွတ်လိုက်သည်။
ထို့နောက် အမှောင်လေပြင်း ချိုင့်ဝှမ်းဘက်သို့ ဦးတည်သွားတော့၏။
ချိုင့်ဝှမ်းမှာ ကြီးမားကျယ်ပြန့်သော်လည်း အစီအရင် တစ်ခုက ဝန်းရံထားသည်။ မိုးရေများ ဝင်ရောက်နိုင်ခြင်း မရှိသလို အပြင်ဘက်မှ လူများအနေဖြင့်လည်း သူတို့၏ တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ပေ။
မနီးမဝေးရှိ တောင်ထွတ်တစ်ခုပေါ်တွင်တော့ အဘိုးအို တစ်ယောက် ထိုင်နေလေသည်။ သူက အမှောင်ထုထဲ တစ်သားတည်း ပေါင်းစပ်သွားပုံပေါ်၏။ သူ့တည်ရှိမှုကို အာရုံခံနိုင်ရန် ခက်ခဲလှသော်လည်း ကျန်းမင်က ထိုသူ့ထံမှ အလွန် အားကောင်းသော စွမ်းအားတစ်ခုကို ခံစားနေရသည်။
ဝူး...
လူသားလမ်းစဉ် မှတ်တမ်းကြီး ပွင့်လာခဲ့သည်။
အမည် - ချိုးလုံ
လူမျိုး - လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်း (လူမိစ္ဆာ ခန္ဓာကိုယ်၊ ကောင်းကင် လင်းတအူသံ ဝံပုလွေ သွေးကြော ပါဝင်သည်)
လိင် - ကျား
ကျင့်ကြံခြင်းအဆင့် - သုခဘုံအဆင့်
နောက်ခံ - ယင်မိစ္ဆာဂိုဏ်း၏ မဟာ အကြီးအကဲ
ဆက်ဆံရေး - ၀
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - ယင်မိစ္ဆာဂိုဏ်းက ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးပြီး အရှေ့ပိုင်းဒေသတွင် အခြေချရန် အနှစ်တစ်ထောင်ကျော်ကြာ ကြိုတင် ပြင်ဆင်နေခဲ့သည်။ အရှေ့ပိုင်းဒေသရှိ မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက် ပွင့်လာချိန်တွင် ကောင်းကင်မိစ္ဆာ လမ်းစဉ်ခြောက်သွယ်ကလည်း ထွက်ပေါ်လာရန်နှင့် ရှင်ကျိုးမြေကို မိစ္ဆာနယ်မြေအဖြစ် ပြောင်းလဲကာ လောကကြီးကို ဖျက်ဆီးရန် ဆုံးဖြတ်ထားကြောင်း သတင်းရရှိခဲ့၏။ အရှေ့ပိုင်းဒေသတွင် တော်ဝင်မြေများ နည်းပါးသဖြင့် ၎င်းတို့၏ အဓိက စစ်တလင်း ဖြစ်လာနိုင်ပေသည်။ ယင်မိစ္ဆာဂိုဏ်းက ချင်းယွင်ဂိုဏ်းမှ သူတို့ ထွက်ပေါ်လာသည်ကို မသိဟန်ဆောင်နေကြောင်း ကြားသိရသောအခါ ဟန်ဆောင် လိုက်လျောရန် ဆုံးဖြတ်ခဲ့ပြီး မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက်အား အသုံးပြုကာ ချင်းယွင်ဂိုဏ်းမှ အန္တိမ ကျင့်ကြံသူများကို မြှူဆွယ် သတ်ဖြတ်ရန် အကြံစည်ခဲ့ကြသည်။
အစီအစဉ်မှာ စတင် အသက်ဝင်နေပြီ ဖြစ်ပြီး မိုးကြိုး အင်မော်တယ် ရတနာသိုက် ပွင့်လာသည်နှင့် တပြိုင်နက် စစ်ပွဲကြီး တစ်ပွဲ ဆင်နွှဲရပေတော့မည်။ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည် မဟုတ်ကြောင်း သူ သေချာနေသဖြင့် မည်သို့ ထွက်ပြေးရမည်ကို တွေးတောနေခဲ့သည်။
ချင်းယွင်ဂိုဏ်းက ယင်မိစ္ဆာဂိုဏ်း၏ လက်ကို အသုံးပြု၍ အရှေ့ပိုင်းဒေသရှိ မျိုးနွယ်စုများနှင့် အင်အားစု အချို့ကို ရှင်းလင်းပစ်ချင်နေကြောင်း သိရှိထားသဖြင့် ယင်မိစ္ဆာဂိုဏ်းကလည်း လိုက်လျောကာ သူတို့ လမ်းကြောင်းရှိ နှောင့်ယှက်နေသူ အချို့ကို ရှင်းလင်းပေးခဲ့သည်။
သူတော်စင် သမီးတော်က ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် လာနေကြောင်း သိရသောအခါ သူတော်စင် သမီးတော်၏ အစောင့်အရှောက် အဖြစ် တာဝန်ယူရန် ဆန္ဒပြုခဲ့ပြီး အဓိက စစ်တလင်းမှ ထွက်ပြေးလာခဲ့ခြင်းပင်။
'ဒါပေမဲ့ ကျိုယန်ဂိုဏ်းလို ဒုတိယတန်းစား ဂိုဏ်းလေးကို လာတာတောင် သူတော်စင် သမီးတော်က မူလဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးယောက်ကို ဘာလို့ ခေါ်လာရတာလဲ...' ကျိုယန်ဂိုဏ်းတွင် သစ္စာဖောက် တစ်ယောက် ရှိနေကြောင်းကို သူ သိထားသော်လည်း သူတို့ အဘယ်ကြောင့် ဤမျှ လျှို့ဝှက်စွာ လုပ်ဆောင်နေရသည်ကိုမူ နားမလည်နိုင်ခဲ့ပေ။ ကျိုယန်ဂိုဏ်းက လျှို့ဝှက်ချက် တချို့ ဖုံးကွယ်ထားလို့များလား။
ထိုအချိန်တွင် မိုးများ သည်းထန်စွာ ရွာသွန်းလာပြီး တောင်နီနန်းတော်၏ လက်ချက် ဖြစ်မည်ဟု သူ တွက်ဆလိုက်သည်။ သူတို့က အရှေ့ပိုင်းဒေသကို ရေနိုင်ငံတော်ကြီး တစ်ခုအဖြစ် ပြောင်းလဲပြီး သူတို့ တိုက်ပွဲဝင်ရန် သင့်လျော်သော ပတ်ဝန်းကျင် တစ်ခု ဖန်တီးနေကြခြင်းပင်။ သို့သော် လုံယွမ် တစ်ယောက် ပါဝင် လှုပ်ရှားလာမည်လား၊ မလှုပ်ရှားဘူးလား ဆိုသည်ကိုသာ သူ တွေးနေမိသည်။
'တကယ်လို့ ယင်မိစ္ဆာဂိုဏ်းနဲ့ တောင်နီနန်းတော်သာ ပူးပေါင်းလိုက်ရင် ချင်းယွင်ဂိုဏ်းကို အပြတ်ချေမှုန်းနိုင်မှာ သေချာတယ်... ဒါပေမဲ့ ငါ ဘာလို့ ဒီလောက် စိုးရိမ်နေရတာလဲ... နေဦး... တစ်ယောက်ယောက် ငါ့ကို စောင့်ကြည့်နေတယ်'
ချိုးလုံ တစ်ယောက် အခြေအနေ မဟန်မှန်း သတိပြုမိသွားချိန်တွင် သူ့ရှေ့၌ အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။ သုခဘုံ ပုံရိပ်ယောင်ကို အသက်သွင်းရန် အချိန်မမီတော့မှန်း သိလိုက်သဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သံချပ်ကာ တစ်စုံကို ဆင့်ခေါ်လိုက်သော်လည်း အချည်းနှီးသာ။
ဖောက်...
ကျန်းမင်က သူ့နဖူးကို အခက်အခဲ မရှိ ဖောက်ထွင်းသွားပြီးနောက် မူလအစ လက်ချောင်းကို လျင်မြန်စွာ အသုံးပြုလိုက်သည်။
အဘိုးအို၏ အသိစိတ် ပင်လယ်မှာ ပြိုကျသွားပြီး သူ့မူလဝိညာဉ်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့၏။
ချိုးလုံ သေဆုံးသွားခဲ့လေပြီ။
"နောက်ဆုံးတော့ ခြုံခိုတိုက်ခိုက်မယ် ဆိုရင် သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် စက္ကန့်ပိုင်းအတွင်း သတ်နိုင်နေပြီပဲ" ကျန်းမင်က ရေရွတ်လိုက်သည်။
အသက် (၂၆) နှစ်အရွယ် လူငယ်လေး တစ်ယောက်က သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်မည်ဟု မည်သူက တွေးမိမည်နည်း။
သူက ရှေ့သို့ လက်လှမ်း၍ ချိုးလုံ၏ ပစ္စည်းများ အားလုံးကို သိမ်းဆည်းပြီး ကျန်ရှိနေသည့် အလောင်းကို မီးရှို့ပစ်လိုက်သည်။
ထို့နောက် ချိုင့်ဝှမ်းဘက်သို့ လှမ်းကြည့်ရင်း တိတ်ဆိတ်သွား၏။
ကြည့်ရသည်မှာ မိုးရွာစေသည့် တရားခံမှာ တောင်နီနန်းတော်ပင် ဖြစ်ပေလိမ့်မည်။
လုံယွမ်နှင့် ပတ်သက်၍မူ... ကျန်းမင်က သူ့အကြောင်း သိပ်မသိသေးပေ။ သို့သော် သူ စုဆောင်းရရှိထားသော အချက်အလက်များအရ ထိုသူမှာ အရှေ့ပင်လယ်တွင် အစွမ်းအထက်ဆုံး အင်အားစု ဖြစ်ရမည်။
'ချင်းယွင်ဂိုဏ်းက လူတွေရော၊ ယင်မိစ္ဆာဂိုဏ်းက လူတွေပါ တကယ်ကို ကောက်ကျစ်တာပဲ... ဒါနဲ့ ကျိုယန်ဂိုဏ်းမှာ ထူးခြားတာ တစ်ခုခုများ ရှိနေလို့လား... လူတိုင်းက ဘာလို့ ငါတို့ကို လာဖျက်ဆီးချင်နေကြတာလဲ... ပြီးတော့ သုခဘုံအဆင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့ ချိုးလုံ အကြောင်းကို အရင်က ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ... ဒါ တော်တော်လေး ထူးဆန်းတယ်'
ကျန်းမင် စဉ်းစားနေမိသော်လည်း သူ့မေးခွန်းများအတွက် အဖြေ မရှိခဲ့ပေ။
တစ်ခုခု လွဲချော်သွားပါက ကြိုတင် ပြင်ဆင်ထားနိုင်ရန် သူတို့ဂိုဏ်းအပေါ် စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
"ယင်မိစ္ဆာဂိုဏ်းရဲ့ ပစ်မှတ်က မိုးကြိုးနတ်ဘုရားရဲ့ အင်မော်တယ် ရတနာသိုက်ပဲ... ပါရမီရှင် အများအပြား အဲ့ဒီမှာ စုဝေးကြလိမ့်မယ်... တကယ်လို့ သူတို့ အားလုံးသာ အဲ့ဒီမှာ သေဆုံးသွားခဲ့ရင် အရှေ့ပိုင်းဒေသ အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်သွားမှာပဲ... ဒါ့အပြင် ကောင်းကင်မိစ္ဆာ လမ်းစဉ်ခြောက်သွယ်ကလည်း လှုပ်ရှားတော့မယ်... ကြည့်ရတာ ကြီးကြီးမားမား တစ်ခုခု ဖြစ်လာတော့မယ့် ပုံပဲ" ကျန်းမင်က သက်ပြင်းချလိုက်သည်။
သူတို့ အဘယ်ကြောင့် ကျင့်ကြံခြင်းကိုသာ အာရုံမစိုက်နိုင်ကြသနည်း ဆိုသည်ကို ကျန်းမင် နားမလည်နိုင်ခဲ့ပေ။ မိစ္ဆာဂိုဏ်းများက မိစ္ဆာလမ်းစဉ်ကို အာရုံစိုက်ပြီး ကျင့်ကြံသူများက အင်မော်တယ် ဖြစ်ရန် မျှော်လင့်ကြသည်။ သူတို့ ဘာကြောင့် ကျင့်ကြံရင်း အထက်ဘုံသို့ တက်လှမ်းမည့် နေ့ကို မစောင့်ဆိုင်းနိုင်ကြသနည်း။ အဘယ်ကြောင့် အချင်းချင်း သတ်ဖြတ်နေရသနည်း။
သယံဇာတတွေကြောင့်များလား။
ကျန်းမင်က ထိုအတွေး ခေါင်းထဲ ဝင်လာသည်နှင့် တပြိုင်နက် ဖယ်ရှားပစ်လိုက်သည်။
"စကြဝဠာထဲက စွမ်းအင်တွေက လုံလောက်နေသေးတာပဲလေ"
ရုတ်တရက် ကျန်းမင် တွေဝေသွားပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။ သူ့ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေပြီး ခေါင်းထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေသလို ခံစားလိုက်ရ၏။
ရှေးခေတ်ကတည်းက စစ်ပွဲများကို လူနည်းစုကသာ ဖန်တီးခဲ့ကြပြီး သူတို့၏ အကြောင်းပြချက်များမှာ ရိုးရှင်းလှသည်။ အာဏာနှင့် စည်းစိမ်ချမ်းသာ။
သို့သော် ကျင့်ကြံသူများ၊ အထူးသဖြင့် ကျင့်ကြံခြင်း၏ အထွတ်အထိပ်သို့ ရောက်နေသူများအတွက်မူ သူတို့၏ ရည်မှန်းချက်မှာ ပိုမြင့်မားသော အဆင့်သို့ တက်လှမ်းရန်သာ ဖြစ်သင့်သည်။ သူတို့ အဘယ်ကြောင့် တိုက်ပွဲတွေထဲ ပါဝင်နေရသနည်း။ ယင်မိစ္ဆာဂိုဏ်းက အဘယ်ကြောင့် အဆက်မပြတ် တိုက်ခိုက်နေရသနည်း။ ကောင်းကင်မိစ္ဆာ လမ်းစဉ်ခြောက်သွယ်ကရော အဘယ်ကြောင့် ယခုမှ ထွက်ပေါ်လာရသနည်း။ ယင်မိစ္ဆာဂိုဏ်းက ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးရန် တောင်နီနန်းတော်နှင့် ပူးပေါင်းရသည်အထိ အဘယ်ကြောင့် အစွန်းရောက်နေရသနည်း။
'တကယ်လို့ စစ်ပွဲသာ ဖြစ်လာရင် အန္တိမ ဒါမှမဟုတ် အကြို အင်မော်တယ် ကျင့်ကြံသူတွေ သေချာပေါက် ပါဝင်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် သူတို့လည်း စစ်ပွဲထဲ သေဆုံးနိုင်တယ်ဆိုတာ ဘယ်သူမှ အာမမခံနိုင်ဘူးလေ'
"အဲ့ဒီ ကျင့်ကြံသူတွေက ပိုမြင့်တဲ့ အဆင့်ကို မတက်နိုင်တော့လို့ဆိုရင် ယုတ္တိရှိသေးတယ်... ဒါပေမဲ့ အမှောင်ထုထဲကနေ ဒီစစ်ပွဲကို စတင်တဲ့သူတွေက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်စွမ်း ရှိတဲ့သူတွေ ဆိုတာ ထင်ရှားနေတယ်... ဒါဆို ဘာလို့လဲ... ဒီအထဲမှာ လျှို့ဝှက်ချက် တချို့ ရှိနေရမယ်"
ကျန်းမင် တွေးတောနေစဉ် အင်မော်တယ် တစ်ပါး ဝင်စားလာသော ထျန်းစစ် အကြောင်း သူ့ခေါင်းထဲ ပေါ်လာခဲ့သည်။ သူ့ထံတွင် အင်မော်တယ် လက်နက်များ ရှိရုံသာမက ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာတွင် ရွှေရောင် ကောင်းကင်တာအို တစ်ခုလည်း ရှိနေသည် မဟုတ်ပါလား။
"ထားပါတော့... ငါ အရမ်း မတွေးသင့်ပါဘူး"
ကျန်းမင် ခေါင်းခါယမ်းပြီး ထိုအတွေးများကို ဖိနှိပ်ထားလိုက်သည်။ မည်သို့ပင်ဆိုစေ အလွန်အမင်း တွေးတောခြင်းက ကျန်းမာရေးနှင့် ဆံပင်အတွက် မကောင်းပေ။
သူ လေထဲသို့ ပျံတက်သွား၏။
သူ့အော်ရာကို ရုပ်သိမ်းထားသော်လည်း ပြိုင်ဘက်များက သူ ရောက်ရှိလာကြောင်းကို သတိပြုမိသွားကြလေပြီ။ သူတို့ တုံ့ပြန်ရန် အချိန်မစောင့်တော့ဘဲ လက်ဟန် တစ်ခုကို ဖန်တီးလိုက်သည်။
ထိုသည်မှာ ချင်းယွင်ဂိုဏ်း၏ အထူးစွမ်းရည် ဖြစ်သော ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံးပင်။
ထိုတံဆိပ်တုံးကြီးက ကောင်းကင်ကိုပင် ဖိနှိပ်ထားပြီး ၎င်းအတွင်း၌ နတ်ဘုရား စွမ်းအားများ အမြောက်အမြား ပါဝင်နေသည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် မိုးရေများ အားလုံး အငွေ့ပျံသွားတော့၏။ အဆုံးအစမဲ့သော စွမ်းအားများက နယ်မြေတစ်ခုကို ဖန်တီးလိုက်ပြီး အတွင်းရှိ လူများ ထွက်ပြေးမရအောင် တားဆီးထားလိုက်သည်။
ဒိုင်း...
တံဆိပ်တုံးကြီးက ချိုင့်ဝှမ်းထဲသို့ ကျဆင်းလာပြီး အတွင်းရှိ လူများအားလုံးကို သတ်ဖြတ်လိုက်တော့သည်။
ကျန်းမင် တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်မီ သူ့အမြင်အာရုံ မှောင်မည်းသွားပြီး ကျောရိုးထဲ စိမ့်ခနဲ အေးစက်သွား၏။
'ဒါ အမှောင်တာအိုပဲ'
ထိုအတွေးက ကျန်းမင် ခေါင်းထဲ ဖြတ်ပြေးသွားပြီးနောက် သူ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်မှာပင် သူရပ်နေခဲ့သော နေရာသို့ ဓားတစ်လက် ထိုးစိုက် ဝင်ရောက်လာခဲ့၏။
"တည်နေရာ ခုန်ကူးတာလား" အသံတစ်သံ ထွက်ပေါ်လာသည်။
အမှောင်ထု ပျောက်ကွယ်သွားပြီး မိုးများ ပြန်လည် ရွာသွန်းလာကာ ဝတ်ရုံနက်နှင့် အဘိုးအို တစ်ယောက် ချိုင့်ဝှမ်း အထက်တွင် ထွက်ပေါ်လာခဲ့သည်။
သူက ပတ်ဝန်းကျင်နှင့် လုံးဝ တစ်သားတည်း ပေါင်းစပ်နေပုံရ၏။
"ခင်ဗျားက ဘယ်သူလဲ" နဖူးတွင် ချွေးများ စို့နေလျက် ကျန်းမင်က မေးလိုက်သည်။
End
***