အမည် - ဟူကျစ်
လူမျိုး - မြေခွေး မျိုးနွယ်စု
လိင် - ကျား
ကျင့်ကြံခြင်းအဆင့် - အန္တိမအဆင့်
နောက်ခံ - ယင်မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲ
ဆက်ဆံရေး - အနှုတ် ၇၂
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့် (မျိုးဗီဇ ပြောင်းလဲသွားသော မြေခွေးနက်)
အခြေအနေ - မတော်တဆ မိစ္ဆာသွေး တစ်စက် မျိုချမိခဲ့ပြီး သွေးကြောများ မျိုးဗီဇ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် ယင်မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်လာသည်နှင့် သူ့ ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်လာခဲ့၏။
ကြီးမားသော အပြောင်းအလဲ တစ်ခုက မိုးကုတ်စက်ဝိုင်းဆီတွင် ရောက်ရှိနေပြီ ဖြစ်ရာ သူက ကျိုယန်ဂိုဏ်း တစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်လိုသည်။ သို့သော် အလွန် အစွမ်းထက်သော ဖီးနစ် သွေးကြောပိုင်ရှင် တည်ရှိနေခြင်းနှင့် ကျိုယန်ဂိုဏ်းအား အကြံအစည်ရှိသည့် အဖွဲ့တစ်ဖွဲ့ ချင်းယွင်ဂိုဏ်း ရှင်းလင်းမှုကို ခံလိုက်ရခြင်းတို့ကြောင့် ထိုဂိုဏ်း၏ ထူးခြားဆန်းကြယ်မှုကို သူ ခံစားနေရသည်။
သူတော်စင် သားတော် မော့လင်းမှာ ကျိုယန်ဂိုဏ်းကို စိန်ခေါ်ပြီး အပြန်လမ်းတွင် အသတ်ခံလိုက်ရသလို သူ့ အစောင့်အရှောက် ဖြစ်သူ သုခဘုံ အဆင့် အကြီးအကဲ ခုံးချန်လည်း သေဆုံးသွားခဲ့ရသည်။ ပိုင်ကျန်းကျီသည်လည်း ထိုနေရာတွင် အသတ်ခံခဲ့ရပြီး ကျိုယန်ဂိုဏ်းကို ကျူးကျော်ခဲ့သည့် ပိရွှေ ဧကရာဇ်မှာ အသတ်ခံရရုံသာမက သူ့ ပိရွှေဂိုဏ်းပါ ဖျက်ဆီးခံလိုက်ရ၏။
နောက်ထပ် စုံစမ်းစစ်ဆေးမှုများအရ ယခင်က ကျိုယန်ဂိုဏ်းကို စိန်ခေါ်ခဲ့ဖူးသည့် ချင်းယွင်ဂိုဏ်း တပည့် မုလေ့သည်လည်း အပြန်လမ်းတွင် အသတ်ခံခဲ့ရသည်။ လက်စားချေရန် သွားရောက်ခဲ့သော သူ့ မိခင်သည်လည်း ဂိုဏ်းမှ ထွက်ခွာပြီးနောက် သေဆုံးသွားခဲ့သည်။
'ကျိုယန်ဂိုဏ်းနဲ့ ပတ်သက်သူတိုင်းက အဖြစ်ဆိုးနဲ့ ကြုံရတာချည်းပဲ...' ထို့ကြောင့် ထိုဂိုဏ်းကို ကျွမ်းကျင်သူ တစ်ယောက်ယောက် ကာကွယ်ပေးနေသည်ဟု သူ ကောက်ချက်ချလိုက်သည်။
ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် တာဝန်ဖြင့် ထွက်ခွာလာသော သူတော်စင် သမီးတော်နောက်သို့ သူ တိတ်တဆိတ် လိုက်ပါလာပြီး နောက်ကွယ်ရှိ ကျွမ်းကျင်သူအား စုံစမ်းစစ်ဆေးနေခဲ့သည်။
'ပြင်းထန်တဲ့ စွမ်းအင်လှိုင်းကို ခံစားလိုက်ရချိန်မှာ ချိုးလုံ သေဆုံးသွားခဲ့ပြီ... လူသတ်သမားကို သတိမပြုမိစေဘဲ စောင့်ကြည့်ချင်လို့ သူက သူတော်စင် သမီးတော် အပါအဝင် တစ်ဖွဲ့လုံး အသတ်ခံရတာတောင် သတ်ဖြတ်ချင်စိတ်ကို ထိန်းချုပ်ထားခဲ့တယ်... တစ်ဖွဲ့လုံး သေဆုံးသွားပြီးနောက် လူသတ်သမား အနည်းငယ် သတိလက်လွတ် ဖြစ်သွားမယ့် အချိန်ကို စောင့်ပြီးမှ တန်ပြန် တိုက်ခိုက်ဖို့ သူ ပြင်ဆင်နေခဲ့တာ'
ကျန်းမင် တစ်ယောက် ရှောင်တိမ်းလိုက်ချိန်တွင် တိုက်ခိုက်သူကို စစ်ဆေးကြည့်ရာ သူ့ ဦးရေပြားတစ်ခုလုံး ကျဉ်တက်သွားတော့၏။ မည်သို့ပင်ဆိုစေ ဟူကျစ်မှာ သူတော်စင် သမီးတော် အပါအဝင် မူလဝိညာဉ်အဆင့် ကျွမ်းကျင်သူ (၁၀)ယောက်ကျော် သေဆုံးသွားသည်ကို ကယ်တင်နိုင်စွမ်း ရှိပါလျက်နှင့် တန်ပြန် တိုက်ခိုက်ရန် အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းရင်း သွေးအေးအေးဖြင့် ကြည့်နေခဲ့သည် မဟုတ်ပါလား။
ရုတ်တရက် တိုက်ခိုက်ခံရမှုကို တွေးမိပြီး ကျန်းမင်၏ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် အထွတ်အထိပ် စေတီတွင် အမှောင်တာအိုကို တိုက်ခိုက်ခဲ့ရသည့် အတွေ့အကြုံ အလုံအလောက် ရှိနေသောကြောင့်သာ သူ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်းပင်။
တိုက်ခိုက်သူက သေဆုံးသွားသူများမှာ ကျိုယန်ဂိုဏ်းနှင့် အနည်းနှင့်အများ ဆက်စပ်နေကြောင်း ကောက်ချက်ချကာ စုံစမ်းစစ်ဆေးခဲ့သည့် အသေးစိတ် အချက်အလက်များကြောင့် သူ ပို၍ အံ့အားသင့်သွားရသည်။ ဤသည်ကို ကြည့်လျှင် အဘိုးအိုထျဲ့နှင့် ချင်ဖုန်းဇီတို့သည်လည်း အလားတူ သံသယများ ရှိနေနိုင်ကြောင်း တွေးမိသွား၏။
သံသယ ဝင်လာပြီဆိုလျှင် သက်သေ မရှိသည့်တိုင် သူတို့က သေချာပေါက် ယုံကြည်သွားကြလေ့ ရှိသည်။ သို့သော် ကျန်းမင်မှာ သူ့ကျင့်ကြံမှု အဆင့် တိုးတက်လာသောကြောင့် ကြောက်ရွံ့မနေတော့ပေ။
"မင်းက ဘယ်သူလဲ... သူတော်စင်သားတော် မော့လင်း၊ ခုံးချန်၊ ပိုင်ကျန်းကျီနဲ့ ပိရွှေ ဧကရာဇ်တို့ကို သတ်ခဲ့တဲ့သူက မင်း မဟုတ်လား" ဟူကျစ်က စစ်မေးလာသည်။
ပေါက်ကွဲသံ တစ်ခုနှင့်အတူ နတ်ဘုရား တောင်တန်း ကိုးလုံး ထွက်ပေါ်လာပြီး တစ်ခုနှင့် တစ်ခု ဆက်စပ်ကာ မီတာ (၁၀၀) ပတ်လည်ရှိ နေရာတစ်ခုလုံးကို ချိတ်ပိတ်ထားသည့် အလွန် ကြီးမားသော အစီအရင်ကြီး တစ်ခုကို ဖန်တီးလိုက်သည်။ ထိုတောင်တန်းများ ကျဆင်းလာချိန်တွင် အောက်ရှိ အရာအားလုံးကို ကြေမွသွားစေ၏။
ကျန်းမင် တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ဟူကျစ်က ကျန်းမင်၏ ကျင့်ကြံမှု အဆင့်ကို ဖောက်ထွင်း သိမြင်သွားသည်။ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်သော ကြောက်မက်ဖွယ် ဖိအားကြီးကို သူ ဂရုမစိုက်ပေ။ ထိုအစား သူက အေးစက်စက် နှာခေါင်းရှုံ့၍...
"လှည့်ကွက်လေးတွေပါကွာ"
အဆင့်မြင့် တာအိုဓား တစ်လက် ထုတ်ယူပြီး တန်ပြန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ချိန်တွင် ကျန်းမင်က ခေါင်းလောင်း တစ်လုံး ထုတ်ယူလိုက်သည်ကို သူ မြင်လိုက်ရသည်။
ခေါင်းလောင်းမှာ အလွန် လေးလံလွန်းသဖြင့် ဟင်းလင်းပြင်နှင့် တာအိုလမ်းစဉ် သန်းပေါင်းများစွာကိုပင် ကြေမွသွားစေ၏။
"ဒါ အင်မော်တယ် လက်နက်ပဲ" ဟူကျစ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူက ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို အမှောင်ထုအဖြစ် ပြောင်းလဲကာ ဆုတ်ခွာရန် ကြိုးစားလိုက်သော်လည်း အထက်ရှိ နတ်ဘုရား တောင်တန်း ကိုးလုံး၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ဤအခိုက်အတန့်ကပင် သူ့ဘဝ၏ နိဂုံးကို ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်တော့၏။
အသံလှိုင်းများက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဟူကျစ် ပြောင်းလဲထားသော အမှောင်ထု အပါအဝင် အရာအားလုံးကို လွှမ်းခြုံသွားတော့သည်။
ဟူကျစ်မှာ မျှော်လင့်ချက် ကင်းမဲ့စွာ အော်ဟစ်လိုက်ပြီး သူ့ မူလပုံစံ ဖြစ်သော မီတာ (၁၀၀) မြင့်သည့် မြေခွေးနက်ကြီး အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူ့ခေါင်းရှိ အပေါက် ခုနစ်ပေါက်မှ သွေးများ ပန်းထွက်လာပြီး နာကျင်စွာ အော်ဟစ်နေ၏။ နောက်တစ်စက္ကန့် အကြာတွင် သူ့ခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်ပြီး သေချာသွားမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
အန္တိမ အဆင့် ကျင့်ကြံသူ တစ်ယောက် မည်မျှ ကြောက်စရာ ကောင်းကြောင်း သူ သိသည်။ အန္တိမ အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ဥပဒေသများထဲ ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်စွမ်းက သူတို့ကို သတ်ဖြတ်ရန် ပိုခက်ခဲစေသည် မဟုတ်ပါလား။
အမှန်တကယ်တွင် ကျန်းမင် အနေဖြင့် အန္တိမ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ကောင်းစွာ နားလည်ထားသောကြောင့် ထိရောက်သော တန်ပြန် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်ခဲ့ခြင်းပင်။ အန္တိမ အဆင့် ကျင့်ကြံသူ တစ်ယောက်၏ လှုပ်ရှားမှုများကို တားဆီးပြီး တစ်ချက်တည်းဖြင့် သေအောင် သတ်ရမည်၊ မဟုတ်လျှင် ကျရှုံးသွားမည်ကို သူ သိနေခဲ့သည်။ မည်သို့ပင်ဆိုစေ သူက အထွတ်အထိပ် စေတီတွင် မဟုတ်ဘဲ လက်တွေ့လောကတွင် ရှိနေသည် မဟုတ်ပါလား။
ထို့ကြောင့် ကျန်းမင်က ဟူကျစ် အထင်သေးသွားစေရန် တောင်ကိုးလုံး နတ်ဘုရား ရတနာကို အသုံးပြုခဲ့ပြီး ထိုအခွင့်အရေး ရယူကာ အင်မော်တယ် လက်နက် ဖြစ်သော နတ်ဝိညာဉ် ခေါင်းလောင်းထဲသို့ သူ့ ဝိညာဉ်စွမ်းအင် ထက်ဝက်ခန့် ထည့်သွင်း အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ဟူကျစ်ကို ချက်ချင်း သေဆုံးသွားစေမည့် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
ကျန်းမင် သက်ပြင်းချလိုက်ပြီး...
"တိုက်ချင်ပေမဲ့ ကံမကောင်းစွာနဲ့ အချိန်အခါ မသင့်ဘူး ဖြစ်နေတယ်"
သူက တိုက်ပွဲဝင် ပစ္စည်းများ အားလုံး စုဆောင်းပြီး ဟူကျစ်၏ အလောင်းကို ရှင်းလင်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာပြီး မိုင် (၁၀၀) ပတ်လည်အတွင်း လွှမ်းခြုံသွားကာ ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံးမှလွဲ၍ ကျန်ရှိနေသော သဲလွန်စများ အားလုံးကို မီးရှို့ဖျက်ဆီးပစ်သည်။
ထို့နောက် သူ လှည့်ကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။
အချိန်အနည်းငယ် အကြာတွင် အလင်းတန်း နှစ်ခု ရောက်လာခဲ့သည်။ ထိုသူများမှာ ချင်းယွင်ဂိုဏ်းမှ အန္တိမ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော ချင်ဖုန်းဇီနှင့် ချင်းရွှီဇီတို့ပင်။ သူတို့ အမူအရာမှာ တည်ကြည် လေးနက်နေ၏။ သူတို့က ကာကွယ်ရန်အတွက် လက်နက်များကိုပင် ထုတ်ယူထားပြီး အထူးစွမ်းရည်များ အသုံးပြုရန် အသင့်ပြင်ထားကြသည်။
ထိုနှစ်ယောက်က ပတ်ပတ်လည်ကို လှည့်ပတ် ကြည့်ရှုပြီးနောက် ပျက်စီးနေသော ချိုင့်ဝှမ်း အထက်တွင် ရပ်တန့်လိုက်ကြသည်။
ချင်ဖုန်းဇီက လက်ကိုမြှောက်၍ ချိုင့်ဝှမ်းထဲတွင် စုပုံနေသော မိုးရေများ အားလုံးကို ဖယ်ရှားလိုက်ပြီး...
"မိစ္ဆာ မီးတောက်က ကောင်းကင် ဖိနှိပ်ခြင်း နတ်ဘုရား တံဆိပ်တုံးကလွဲရင် ကျန်တဲ့ သဲလွန်စ အားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်... ဒါက ငါတို့ကို အပြစ်ပုံချဖို့ အစီအစဉ် တစ်ခုဆိုတာ ထင်ရှားနေတယ်... ဒါပေမဲ့ ငါတို့က ယင်မိစ္ဆာဂိုဏ်းနဲ့ တိုက်ပွဲဝင်နေပြီပဲ ဆိုတော့ ဒါမျိုး လုပ်တာက ဘာအဓိပ္ပာယ် ရှိမှာလဲ... တရားခံက သူတို့ရဲ့ အထောက်အထားကို ဖုံးကွယ်ဖို့ ကြိုးစားနေတာများလား"
သူက ခဏတာ ရပ်တန့်လိုက်ပြီး ဟူကျစ် အသတ်ခံခဲ့ရသော နေရာကို လှမ်းကြည့်၍ ဆက်ပြောသည်။ "ဟင်းလင်းပြင်ထဲမှာ အင်မော်တယ် လက်နက်တွေရဲ့ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ တာအို စွမ်းအင်လှိုင်းတွေ အပြင် မိစ္ဆာ စွမ်းအင်နဲ့ မိစ္ဆာ အငွေ့အသက် အနည်းငယ် ကျန်နေသေးတယ်"
ချင်းရွှီဇီက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဒီလိုအချိန်မှာ ဘယ်သူက အင်မော်တယ် လက်နက်ကို အသုံးပြုမှာလဲ... အင်မော်တယ် လက်နက် ဆိုတာ ဂိုဏ်းတစ်ခုကို ကာကွယ်ပေးတဲ့ အမွေအနှစ် လက်နက် တစ်ခုလေ... ဒါက ယုတ္တိမတန်ဘူး... ဒါ့အပြင် ကျိုယန်ဂိုဏ်းကို ဖျက်ဆီးဖို့ လာတဲ့ ယင်မိစ္ဆာဂိုဏ်း အဖွဲ့ကို အင်မော်တယ် လက်နက် အသုံးပြုပြီး တိုက်ခိုက်ရလောက်အောင် တန်လို့လား... ငါထင်တာတော့ တရားခံက အဲ့လောက်ထိ အစွမ်းထက်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူ့ရဲ့ အင်မော်တယ် လက်နက်ကို ထုတ်ပြရတဲ့ အထိ ဘာလို့ သူတို့ အားလုံးကို သတ်ပစ်ရတာလဲ ဆိုတာ ငါ နားမလည်နိုင်ဘူး"
သူက ကျိုယန်ဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်၏။
ချင်ဖုန်းဇီလည်း လိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလာသည်။ "ကျိုယန်ဂိုဏ်းမှာ အနည်းဆုံး သုခဘုံအဆင့် ရှိတဲ့ ကျွမ်းကျင်သူ တစ်ယောက် ပုန်းကွယ်နေတယ် ဆိုတာ အတည်ပြုလို့ ရပြီ... ဒါပေမဲ့ တစ်ခုခု လွဲနေတယ် မဟုတ်ဘူးလား... ငါတို့ ဂိုဏ်းကို သေချာ သိထားတယ် မဟုတ်လား... ဒါ ဇီလင်းလုံရဲ့ သွေးကြောကြောင့်များလား... ပြီးတော့ ယင်မိစ္ဆာဂိုဏ်းက ကျိုယန်ဂိုဏ်းကို ဒီလောက်ထိ ဂရုစိုက်နေတာက သာမန် မဟုတ်ဘူး"
"သွားစစ်ကြည့်ရအောင်"
"ကောင်းပြီ"
သူတို့ နှစ်ယောက်မှာ အလင်းတန်း အသွင်ဖြင့် ထွက်ခွာသွားကြသည်။ အချိန်တိုအတွင်းမှာပင် ကျိုယန်ဂိုဏ်း အထက်သို့ ရောက်ရှိလာကြ၏။ သူတို့က အော်ရာများကို ဖုံးကွယ်ထားပြီး ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်များ မရှိသည့်အလား တောင်ထွတ် အားလုံးကို လှည့်ပတ် ကြည့်ရှုကြတော့သည်။
'ထိုနှစ်ယောက်မှာ တောင်ထွတ် တစ်ခုစီတွင် ခဏတာ ရပ်တန့်ပြီး သေချာစွာ စစ်ဆေးခဲ့သော်လည်း သူတို့၏ မေးခွန်းများအတွက် အဖြေပေးနိုင်မည့် တန်ဖိုးရှိသော အရာတစ်ခုကိုမျှ မတွေ့ခဲ့ရပေ။
ချူယန် တောင်ထွတ်ပေါ်ရှိ ကျန်းမင်မှာ ထိုနှစ်ယောက် ရောက်ရှိလာသည်ကို ချက်ချင်း သိရှိသွားခဲ့သည်။ သူက ကြယ်စင် ခန်းမဆောင်ကို မြေအောက်ရှိ လိုဏ်ဂူထဲသို့ အလျင်အမြန် ပေါင်းစပ်လိုက်ပြီး ရှာဖွေ မခံရစေရန် နေရာတစ်ခုလုံးကို အင်မော်တယ် လက်နက်ဖြင့် ဖုံးကွယ်ထားလိုက်၏။
ထို့နောက် သူက အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့်အလား တည်ငြိမ်စွာ နေလိုက်သည်။
သူက ချင်ဖုန်းဇီအား စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကိုလည်း ခေါ်ထုတ်လိုက်၏။
အမည် - ယန်ဖုန်း (ချင်ဖုန်းဇီ)
လူမျိုး - လူသား
နောက်ခံ - အရှေ့ပိုင်းဒေသရှိ ချင်းယွင်ဂိုဏ်း၏ မဟာအကြီးအကဲများမှ တစ်ဦး
ဆက်ဆံရေး - ၂၅
မွေးရာပါ ပါရမီ - ကြယ်ဆယ်ပွင့်
အခြေအနေ - ယင်မိစ္ဆာဂိုဏ်းနှင့် တောင်နီနန်းတော်အား ဆန့်ကျင်မည့် အစီအစဉ်မှာ အရေးပါသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရုတ်တရက် မိုးရွာချလာချိန်တွင် ဤသည်မှာ တောင်နီနန်းတော်၏ လက်ချက်မှန်း သိထားသဖြင့် သူ သိပ်ပြီး အလေးအနက် မထားခဲ့ပေ။
သူ့ဂိုဏ်း၏ မှော်လက်နက်က ကျိုယန်ဂိုဏ်းဘက်မှ အင်မော်တယ် လက်နက် စွမ်းအင်လှိုင်းကို ရုတ်တရက် အာရုံခံမိချိန်တွင် သူ အံ့အားသင့်သွားခဲ့သည်။ ထို့ကြောင့် စုံစမ်းစစ်ဆေးရန် သူ့ ညီငယ်နှင့်အတူ ရောက်ရှိလာခဲ့ခြင်းပင်။ သူက သိပ်မစဉ်းစားဘဲ အသတ်ခံလိုက်ရသည့် အဖွဲ့မှာ ကျိုယန်ဂိုဏ်းသို့ ဦးတည်သွားနေသော ယင်မိစ္ဆာဂိုဏ်းမှ ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။ ယခင်က ရရှိခဲ့သော အခြား သဲလွန်စများအပေါ် အခြေခံ၍ အင်မော်တယ် လက်နက် ပိုင်ရှင်မှာ ကျိုယန်ဂိုဏ်းမှ ဖြစ်နိုင်ကြောင်း သူ ထပ်မံ ကောက်ချက်ချလိုက်ပြန်သည်။
ထို့ကြောင့် နောက်ထပ် စုံစမ်းစစ်ဆေးရန် ကျိုယန်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သော်လည်း ချူယန် တောင်ထွတ်တွင်ပင် မည်သည့် ထူးခြားမှုကိုမျှ မတွေ့ခဲ့ရပေ။ သူ့ ကောက်ချက်မှာ မှားယွင်းနေသလားဟု သံသယ ဝင်လာပြီး ထိုသူက ဇီလင်းလုံကို ကာကွယ်ရန် မိုးကြိုးနတ်ဘုရား၏ အင်မော်တယ် ရတနာသိုက်ဆီသို့ သွားနေသည်များလားဟု တွေးနေမိသည်။
ထို့အပြင် ကျိုယန်ဂိုဏ်းကို ဖျက်ဆီးပြီး ယင်မိစ္ဆာဂိုဏ်းကို အပြစ်ပုံချကာ ကျိုယန်ဂိုဏ်း၏ ပုန်းကွယ်နေသော ကျွမ်းကျင်သူ ထွက်ပေါ်လာစေရန် ဖိအားပေးသင့်သလားဟုလည်း သူ စဉ်းစားနေခဲ့၏။
မှတ်တမ်းကို ဖတ်ရှုရင်း ကျန်းမင်၏ ရင်ခုန်သံများ မြန်ဆန်သွားတော့သည်။
ချူယန် တောင်ထွတ်တွင် အဘိုးအိုထျဲ့နှင့် အလွန် ရင်းနှီးဟန် ပြခဲ့ပြီး ဇီလင်းလုံ အတွက်ပင် အဘိုးအိုထျဲ့နှင့် ယှဉ်ပြိုင်ခဲ့သော ဤချင်ဖုန်းဇီမှာ ယခုတစ်ကြိမ်တွင်မူ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခဲ့ခြင်းပင်။
နောက်ကွယ်မှ ချင်းယွင်ဂိုဏ်း၏ တာဝန်ခံ တစ်ယောက်ပီပီ သူက တကယ်ကို ထူးကဲစွာ ရက်စက်ပြီး ပြတ်သားလွန်းလှသည်။
ကျန်းမင်က စိုးရိမ်စိတ်ဖြင့် တွေးလိုက်မိ၏။
'ငါ တန်ဖိုးရှိတဲ့ သဲလွန်စတွေ မချန်ထားခဲ့ဘဲ သေချာ ဂရုစိုက်ခဲ့တယ်လို့ ထင်နေတာ... ဒါပေမဲ့ သူက တော်တော်လေး မှန်အောင် ကောက်ချက်ချနိုင်တာပဲ... နှစ်ထောင်ချီပြီး အသက်ရှင်လာတဲ့ ဒီအဘိုးကြီးတွေက တကယ်ကို ဉာဏ်ပညာတွေနဲ့ ပြည့်နေတာပဲ'
'တကယ်လို့ သူသာ သူတွေးထားတဲ့ အတိုင်း လုပ်မယ်ဆိုရင် ငါ ဘာလုပ်ရမလဲ'
End
***