ချင်ဖုန်းဇီနှင့် ချင်းရွှီဇီ နှစ်ယောက်လုံးက ထိုက်ရန် တောင်ထွတ်ရှိ ခန်းမဆောင်ကြီး အထက်တွင် ရပ်နေကြပြီး ဂိုဏ်းတစ်ခုလုံးကို ငေးကြည့်နေသော သူတို့၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာတော့သည်။
"ဖျက်ဆီးပစ်လိုက်ရမလား" ချင်ဖုန်းဇီက မေးလိုက်၏။
ချင်းရွှီဇီက ခေါင်းညိတ်ရင်း…
"မကြာသေးခင် နှစ်တွေအတွင်း ဆက်တိုက် ဖြစ်ခဲ့တဲ့ မုရွှေယွင် သေဆုံးမှု၊ ပိရွှေဂိုဏ်း ဖျက်ဆီးခံရမှု၊ ပိုင်ကျန်းကျီ သေဆုံးမှုကနေ အနန္တ ဆေးလုံးစံအိမ်က သူတော်စင် သားတော် အသတ်ခံရတာနဲ့ ထျန်းယွမ် ကျောင်းတော်က ထျန်းစစ် လိုက်လံ တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်တွေ အားလုံးက ကျိုယန်ဂိုဏ်းနဲ့ အနည်းနဲ့အများ ဆက်စပ်နေတယ်... အဓိက အကြောင်းရင်းက ဇီလင်းလုံကြောင့် ဖြစ်နိုင်တယ်... ဒါပေမဲ့ အခု လက်ရှိ အခြေအနေအရ ဒီမတည်ငြိမ်တဲ့ အကြောင်းရင်းကို ဒီအတိုင်း ထားမယ့်အစား မိုးကြိုးပစ်သလို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်သင့်တယ်"
"ဇီလင်းလုံလည်း သေရမယ်..."
"သူက ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်မျှသာပဲ... ငါတို့ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးမယ့်အတူတူ သူ့ကိုပါ တစ်ခါတည်း ရှင်းပစ်ရမယ်"
"ငါ ထင်နေတာ မင်း သူ့ကို ငါတို့ ဂိုဏ်းထဲ ခေါ်ချင်နေတာလို့..."
"သူက အကင်းပါးလွန်းတယ်... ဘယ်လောက်ပဲ ပါရမီ ပါပါ နောက်ဆုံးကျ အများဆုံးမှ အန္တိမ အဆင့် ဒါမှမဟုတ် အကြို အင်မော်တယ် အဆင့်လောက်ပဲ ရောက်နိုင်မှာ... အဲ့ဒါက ငါတို့အတွက် သိပ်အရေးမကြီးပါဘူး... ဒါပေမဲ့ အခု သူ့နောက်ကွယ်က လူက အမြဲတမ်း ပြဿနာတွေ ဖန်တီးနေပြီး ငါတို့ ချင်းယွင်ဂိုဏ်းကိုပါ အပြစ်ပုံချဖို့ ကြိုးစားနေပုံပဲ... ဒါကြောင့်မလို့ သူက ငါတို့ ရှင်းပစ်ရမယ့် ရန်သူပဲ"
"ငါထင်တာတော့ ဒီကိစ္စကို မေ့လိုက်တာ အကောင်းဆုံးပဲ... တကယ်လို့ ငါတို့ ဒီလိုလုပ်လို့ လူသိသွားရင် ဆိုးကျိုးတွေပဲ ဖြစ်လာလိမ့်မယ်... ကျိုယန်ဂိုဏ်းနဲ့ ယင်မိစ္ဆာဂိုဏ်းက ရန်ငြိုးတွေ ရှိနေကြတာ ဆိုတော့ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရအောင်... ဘယ်သူသိမလဲ၊ ငါတို့ အကျိုးအမြတ် တချို့တောင် ရနိုင်သေးတယ်... ဒါ့အပြင် ပြဿနာ တစ်ခုခု ပေါ်လာရင် အဲ့ဒီအချိန်ကျမှ သူတို့ကို ရှင်းပစ်လို့ ရသေးတာပဲလေ... ပြီးတော့ ဇီလင်းလုံကလည်း ငါတို့ စောင့်ကြည့်နေတဲ့ အောက်မှာပဲ ရှိနေသေးတာကို"
"ကောင်းပြီလေ"
နောက်ဆုံးတွင် ထိုနှစ်ယောက် ထွက်ခွာသွားကြသည်။
ချူယန် တောင်ထွတ်ပေါ်တွင်မူ...
ကျန်းမင်က ငါးမိနစ်စာ အန္တိမအဆင့် အတွေ့အကြုံကတ်နှင့် သေခြင်း ရှင်ခြင်း ဝင်္ကပါပြားကို ထုတ်ယူထားလေပြီ။ အန္တိမ အတွေ့အကြုံကတ်ကို အသက်သွင်းလိုက်သည်နှင့် တပြိုင်နက် ထိုနှစ်ယောက်ကို ချက်ချင်း သတ်ဖြတ်နိုင်ရန် ပတ်ဝန်းကျင်ကို ချိတ်ပိတ်မည့် အစီအရင်ကိုလည်း အသင့် ပြင်ထားပြီး ဖြစ်သည်။
ထိုနှစ်ယောက် ထွက်ခွာသွားသည်ကို မြင်မှသာ သူ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
'ကြည့်ရတာ သူတို့နဲ့ ယှဉ်ရင် ငါက တော်တော်လေး အတွေ့အကြုံ နုသေးတာပဲ... သူတို့က သက်သေ မရှိရင်တောင် သတ်ဖြတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး'
ကျန်းမင် တွေးတောနေစဉ် ရုတ်တရက် မတ်တပ် ထရပ်လိုက်ပြီး အဝေးဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီးနောက် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့၏။
ကျိုယန်ဂိုဏ်းနှင့် မိုင်ပေါင်း (၄၀,၀၀၀) အကွာတွင်...
လူနှစ်ယောက်က ချင်ဖုန်းဇီနှင့် ချင်းရွှီဇီတို့အား တားဆီးထားသည်။ တစ်ယောက်က ဟင်းလင်းပြင်ကိုပင် ထိုးဖောက်နိုင်လောက်သည့် ကြောက်မက်ဖွယ် အော်ရာများ ထွက်ပေါ်နေသော လှံရှည် တစ်လက်ကို ကိုင်ဆောင်ထားပြီး ကျန်တစ်ယောက်က ကောင်းကင်ဘုံ ကိုးခုကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိသည့် ဓားအလင်းတန်းများ ထွက်ပေါ်နေသော ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထား၏။
"ချင်းမင်၊ လီရော့ရှန်... မင်းတို့က ငါတို့ လမ်းကို ပိတ်ရဲတယ်ပေါ့လေ" ချင်ဖုန်းဇီက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။
"ချင်ဖုန်းဇီ... ခွေးအိုကြီး" ချင်းမင်က သူ့လှံရှည်ဖြင့် ချင်ဖုန်းဇီအား ချိန်ရွယ်လိုက်ရင်း ပိုကြောက်မက်ဖွယ် ကောင်းလာသည်။ "မင်းတို့ နှစ်ယောက် ချိုးလုံနဲ့ ဟူကျစ်ကို သတ်ခဲ့တာ မဟုတ်လား"
"ငါတို့လည်း ဒီကိစ္စကို စုံစမ်းဖို့ ရောက်နေတာကွ" ချင်ဖုန်းဇီက မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဟား... ခွေးအိုကြီး... အမှန်တရား ဖြစ်နေတာကို ဘာလို့ ဟန်ဆောင် ငြင်းဆန်နေရတာလဲ... အရှေ့ပိုင်းဒေသ တစ်ခုလုံးမှာ ငါတို့ ယင်မိစ္ဆာဂိုဏ်း အကြောင်း အကုန်သိပြီး အန္တိမ အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်တဲ့ ဟူကျစ်ကို အချိန်တိုအတွင်း သတ်နိုင်တဲ့သူ မင်းတို့ နှစ်ယောက်ကလွဲရင် ဘယ်သူ ရှိဦးမှာလဲ"
"ငါတို့ မလုပ်ခဲ့ဘူး... အဓိပ္ပာယ် မရှိတာတွေ လျှောက်မပြောနဲ့" ချင်ဖုန်းဇီမှာ အနည်းငယ် ပြာယာခတ်သွားသည်။
လီရော့ရှန်က ရှေ့သို့ တစ်လှမ်း တိုးလာပြီး...
"မင်းလို မာနကြီးတဲ့လူက ဘာလို့ ပြာယာခတ်နေရတာလဲ... ဟူကျစ်က ဒီအနီးအနားမှာပဲ သေသွားတာ၊ ပြီးတော့ မင်းတို့ နှစ်ယောက်ကလည်း ဒီမှာ ရောက်နေတယ်... ဒါကြောင့် မင်းတို့က လူသတ်သမား မဟုတ်ရင်တောင် သူ့သေဆုံးမှုနဲ့ အနည်းနဲ့အများတော့ ပတ်သက်နေမှာ သေချာတယ်... ငါတို့က ရန်သူတွေပဲ ဆိုမှတော့ တွေ့တဲ့အခိုက် အသက်နဲ့ သေဆုံးခြင်း တိုက်ပွဲလေး တစ်ပွဲလောက် ဆင်နွှဲရအောင်လေ... မင်းတို့သေရင် ငါတို့ရှင်မယ်... အားလုံး ပျော်ရွှင်ရတာပေါ့"
"ဟား ဟား... မင်းစကားကို ငါ သဘောကျတယ်... သူတို့ အရှေ့ပိုင်းဒေသကို လွှမ်းမိုးထားတာ ကြာလှပြီ၊ အခု သူတို့ ကျဆင်းရမယ့် အချိန် ရောက်ပြီ... ဒါ့အပြင် ငါတို့လည်း ပုန်းအောင်းနေရတာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီ ဆိုတော့ တိုက်ပွဲဝင်ရတဲ့ အရသာကို မခံစားခဲ့ရတာ ကြာပြီလေ... ငါ့လှံရှည်ကြီးလည်း သံချေးတက်နေလောက်ပြီ... အခုတော့ ဆီလေး ဘာလေး သုတ်ပေးရမယ့် အချိန် ရောက်ပြီပေါ့... ငါ အရင် စလိုက်မယ်"
သူက လှံရှည်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ရွှေရောင် လမ်းစဉ် ပါဝင်သော စွမ်းအင်လှိုင်းများက လှံထိပ်တွင် အထွတ်အထိပ်သို့ ရောက်သည်အထိ စုစည်းသွားပြီး ချင်းရွှီဇီဆီသို့ ဦးတည်သွားတော့သည်။ လှံရှည်က ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်သွား၏။
"ငါက ကြောက်နေမယ် ထင်နေလား" ချင်းရွှီဇီက ဒေါသတကြီးဖြင့် သူ့ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးများ ပစ်ချလာပြီး ချင်းမင်၏ တိုက်ခိုက်မှုကို ချေဖျက်ပစ်လိုက်သည်။
"လာစမ်း ဖုန်းဇီလေး... ငါတို့လည်း နည်းနည်းလောက် နီးနီးကပ်ကပ် နေရအောင်" လီရော့ရှန်က ချင်ဖုန်းဇီဆီသို့ ထိုးစိုက်ရင်း ပြောလိုက်သည်။
တိုက်ပွဲမှာ ချက်ချင်းပင် စတင်သွားခဲ့လေပြီ။
အန္တိမအဆင့် ကျွမ်းကျင်သူများ တိုက်ခိုက်ကြသောအခါ မည်မျှ ကြောက်မက်ဖွယ် ကောင်းသော ပျက်စီးမှုများကို ဖြစ်ပေါ်စေသနည်း။ ကီလိုမီတာ (၁,၀၀၀) ပတ်လည်အတွင်းရှိ အရာအားလုံးမှာ မျက်တောင် တစ်ခတ်အတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကြေမွ ပျက်စီးသွားတော့၏။
ကျန်းမင်က အဝေးရှိ တောင်ထွတ်တစ်ခုတွင် ထွက်ပေါ်လာခဲ့သည်။ သူက ဟင်းလင်းပြင်ထဲ ပေါင်းစပ်နေစဉ် စနစ်ဖြင့် သူ့အော်ရာများကို ဖုံးကွယ်ထားလိုက်၏။ တိုက်ပွဲကို ကြည့်ရှုနေသော သူ့ မျက်လုံးများမှာ တလက်လက် တောက်ပနေသည်။
'ကြည့်ရတာ သူတို့ အနေနဲ့ ချင်ဖုန်းဇီနဲ့ ချင်းရွှီဇီကို သတ်ဖို့ တော်တော်လေး ခက်ခဲမယ့်ပုံပဲ'
ကျန်းမင်က စိတ်အားထက်သန်စွာ တွေးလိုက်သည်။ ထိုခွေးအိုကြီး နှစ်ကောင်မှာ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးပြီး သူ့ ညီမလေးကို သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိနေသောကြောင့် ထိုသူများကို သတ်ပစ်ရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ကျန်းမင်ရှေ့ရှိ ဟင်းလင်းပြင်မှာ ပုံပျက်သွားပြီး ကျောတွင် ဓားရှည်တစ်လက် လွယ်ထားကာ အလွန် အေးစက်သော အော်ရာများ ထွက်ပေါ်နေသည့် ဝတ်ရုံနက်နှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ သူ့ တိုက်ပွဲဝင် ရုပ်သေးရုပ်ပင်။ အမှန်တကယ်တွင် ထိုအရာက ဝိညာဉ်စွမ်းအင် အနည်းငယ် ပါဝင်သောကြောင့် အလွန် ထူးခြားသည့် အဆင့်မြင့် တာအိုလက်နက် တစ်ခု ဖြစ်၏။
ကျန်းမင်က သူ့အသိစိတ်ကို ထည့်သွင်းပေးပြီး တိုက်ပွဲဝင် ရုပ်သေးရုပ်ထဲသို့ သူ့ ဝိညာဉ်စွမ်းအင် ထက်ဝက်ကို လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် အခြား တစ်နေရာသို့ တည်နေရာ ကူးပြောင်းစေပြီး လှုပ်ရှားရန် အခွင့်အရေး စောင့်ဆိုင်းနေတော့၏။
ဝှစ်...
ထိုအချိန်တွင် တိုက်ပွဲဝင် ရုပ်သေးရုပ်က ဓားတစ်လက် အသွင်ဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပျံသန်းသွားခဲ့သည်။ ကီလိုမီတာ (၁၀၀) ခန့် အကွာသို့ ရောက်ရှိချိန်တွင် ကျောဘက်မှ ဓားရှည်ကို ဆွဲထုတ်၍ အော်ဟစ်လိုက်သည်။
"အစ်ကိုမင်နဲ့ အစ်ကိုရော့ရှန်... ကျုပ်က စီမိုဂိုဏ်းက ရှင်းထျန်ကျူးပါ... ကျုပ် အခုလေးတင် ဒီကို ရောက်လာတာ... ခင်ဗျားတို့ နှစ်ယောက်ကို ချင်းယွင်ဂိုဏ်းက ခွေးအိုကြီး နှစ်ကောင်က ဝိုင်းထားတာ မြင်လို့ ကူညီဖို့ လာခဲ့တာ... သူတို့ကို သတ်ပစ်ရအောင်"
"ပြည်နယ် သုံးထောင်ကို အေးခဲစေမယ့် ဓားတစ်ချက်"
တိုက်ပွဲဝင် ရုပ်သေးရုပ်က မိတ်ဆက်ရင်း သူတို့ မဟာမိတ်များ ဖြစ်ကြောင်း သက်သေပြရန် ယင်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူ နှစ်ယောက်၏ အမည်များကို ခေါ်လိုက်ခြင်းပင်။
ထိုအချိန်တွင် သူ့ဓားရှည်က ကောင်းကင်ကို ဖြတ်တောက်သွားပြီး အလင်းတန်း တစ်ခုက လိမ့်တက်နေသော တိမ်မည်းများကို ခွဲဖြာကာ လမင်းကို ထွက်ပေါ်လာစေသည်။ လရောင်က ချောက်ကမ်းပါးထဲသို့ အလင်းရောင် ထိုးကျလာသည့်အလား ဖြာကျလာ၏။
ဓားအလင်းတန်းထဲတွင်တော့ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်နေသည်။
ဘုန်း...
"စီမိုဂိုဏ်းက ရှင်းထျန်ကျူး ဟုတ်လား" ချင်းမင်နှင့် လီရော့ရှန် နှစ်ယောက်လုံး ဇဝေဇဝါ ဖြစ်သွားကြပြီး စီမိုဂိုဏ်းတွင် ထိုသို့သော လူတစ်ယောက် ရှိနေခြင်းကို အံ့ဩနေမိကြသည်။
တိုက်ပွဲဝင် ရုပ်သေးရုပ်ထံမှ စီမိုဂိုဏ်းကဲ့သို့ အေးစက်သော အလောင်းကောင် အငွေ့အသက်မျိုး ခံစားရသော်လည်း အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရ၏။ သို့သော် ထိုဂိုဏ်း၏ ထူးခြားမှုကြောင့် ထိုထူးဆန်းမှုကို သူတို့ သေချာ မခွဲခြားနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုသူက သူတို့ကို ဆန့်ကျင်မည့်သူ မဟုတ်သရွေ့ သူ့ အစစ်အမှန် အထောက်အထားကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ကြသည်။
"ဟား ဟား... အစ်ကိုကျူး... သူတို့ကို သတ်ပစ်ကြရအောင်" ချင်းမင်က ရယ်မောပြီး သူ့လှံရှည်ကို ဝှေ့ယမ်းကာ ချင်းရွှီဇီကို လွှမ်းခြုံလိုက်သည်။
"သေစမ်း..." လီရော့ရှန်ကလည်း ပိုပြင်းထန်စွာ တိုက်ခိုက်လာ၏။
သူတို့နှင့် အင်အား တူညီသော နောက်ထပ် ကျွမ်းကျင်သူ တစ်ယောက် ထပ်တိုးလာသဖြင့် နောက်ဆုံးတွင် သူတို့က တိုက်ပွဲကို အသာစီး ရယူနိုင်ခဲ့ပြီး ချင်ဖုန်းဇီနှင့် ချင်းရွှီဇီတို့ကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့သည်။
ထိုအချိန်တွင် တိုက်ပွဲဝင် ရုပ်သေးရုပ်၏ တမင်တကာ လမ်းညွှန်မှုအောက်တွင် တိုက်ပွဲက ကျိုယန်ဂိုဏ်းနှင့် တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် မုပြည်နယ်နှင့် ဟိုင်ပြည်နယ်တို့ ဆုံရာ ရေကန်ကြီး တစ်ခုပေါ်သို့ ရောက်လာခဲ့လေပြီ။
သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဖျက်ဆီးခံထားရသော အပျက်အစီးများသာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်မှာပင် လမ်းတစ်လျှောက်ရှိ အင်အားစု အသီးသီးမှ ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို သူတို့ ဆွဲဆောင်နိုင်ခဲ့လေပြီ။
သို့သော် မည်သူကမှ ဂရုမစိုက်ကြသလို ရှေ့သို့လည်း မတိုးရဲကြပေ။ မည်သို့ပင်ဆိုစေ ကိုယ့်သေတွင်း ကိုယ်တူးလောက်အောင် သူတို့ မတုံးအချေ။
သို့တိုင် ကျန်းမင်ကမူ သူတို့နောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
သူက ယင်မိစ္ဆာဂိုဏ်းမှ အန္တိမအဆင့် ကျွမ်းကျင်သူ နှစ်ယောက်၏ အခြေအနေကိုလည်း စစ်ဆေးကြည့်၏။
ချင်းမင် - လူသား မျိုးနွယ်စု ဖြစ်သော်လည်း မိစ္ဆာသွေး ပါဝင်သည်။ သူက ယင်မိစ္ဆာဂိုဏ်း၏ မဟာ အကြီးအကဲများထဲမှ တစ်ဦး ဖြစ်၏။ စစ်ပွဲအတွက် ပြင်ဆင်ရန် လီရော့ရှန်နှင့်အတူ ကင်းလှည့်နေစဉ် ဆက်သွယ်ရေးအတွက် အသုံးပြုသော တာအိုလက်နက်မှ အမှတ်အသား ပျောက်ကွယ်သွားသဖြင့် ဟူကျစ် သေဆုံးသွားကြောင်း သိခဲ့ရသည်။ ထိုအချိန်မှာပင် အဝေးမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သဖြင့် ဖြစ်ပျက်နေသည်များကို သိရှိရန် ရောက်လာခဲ့ခြင်းပင်။ လမ်းခုလပ်တွင် ချင်ဖုန်းဇီ၊ ချင်းရွှီဇီတို့နှင့် မတော်တဆ ဆုံတွေ့ခဲ့သည်။
လီရော့ရှန်၏ အခြေအနေကလည်း ဆင်တူပင်။ သို့သော် သူတို့၏ အခြေအနေတွင် ကျိုယန်ဂိုဏ်းနှင့် ပတ်သက်၍ မည်သည့်အရာမှ ဖော်ပြထားခြင်း မရှိပေ။
'ငါတို့ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရမယ်... သူတို့ တိုက်ခိုက်တာ ကြာလေ ချင်းယွင်ဂိုဏ်းက ကျွမ်းကျင်သူတွေ ပိုရောက်လာဖို့ အခွင့်အရေးများလေပဲ... ကျိုယန်ဂိုဏ်းနဲ့လည်း အဝေးကြီး ရောက်နေပြီ ဆိုတော့ ဒီနေရာမှာတင် သူတို့ကို ရှင်းပစ်လို့ ရလောက်ပြီ... ဘာပဲဖြစ်ဖြစ် ဒီလောက် အကွာအဝေးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ကျိုယန်ဂိုဏ်းနဲ့ ဆက်စပ်တွေးဖို့ ဆိုတာ မဖြစ်နိုင်လောက်ဘူး... ဒါပေမဲ့ ဒီကိစ္စကြောင့် မျှော်လင့်ထားတာထက် စောပြီး စစ်ပွဲ စတင်သွားမလား ဆိုတာတော့ မသေချာဘူး'
ကျန်းမင်က တွေးတောရင်း သူ့အသိစိတ်ကို တိုက်ပွဲဝင် ရုပ်သေးရုပ်ထံ ပြောင်းရွှေ့လိုက်သည်။
ကောင်းကင်ကို ဖြတ်တောက်ပြီး တိမ်မည်းများကို ခွဲထုတ်သွားသော ဓားရှည်ကြီး။ ရေကန်ထဲရှိ ရေများ ပေါက်ကွဲထွက်သွားပြီး အငွေ့ပျံသွားသဖြင့် ကန်ရေမှာ ခန်းခြောက်လုနီးပါး ဖြစ်သွားတော့၏။
"အစ်ကိုမင်နဲ့ အစ်ကိုရော့ရှန်... သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခဏလောက် တားဆီးထားဖို့ ကျုပ်ရဲ့ မှော်လက်နက်ကို အသက်သွင်းတော့မယ်... အဲ့ဒီအချိန်ကျရင် အခွင့်အရေးယူပြီး သူတို့ကို သတ်ပစ်လိုက်ပါ" တိုက်ပွဲဝင် ရုပ်သေးရုပ်က သူ့အစီအစဉ်ကို ထိုနှစ်ယောက်ထံ အသိပေးလိုက်သည်။
ချင်းမင်နှင့် လီရော့ရှန်၏ မျက်လုံးများ တောက်ပသွားပြီး မသိမသာ ခေါင်းညိတ်ပြလိုက်ကြ၏။
နောက်တစ်စက္ကန့် အကြာတွင် တိုက်ပွဲဝင် ရုပ်သေးရုပ်ရှေ့၌ ခေါင်းလောင်း တစ်လုံး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်နှင့် တာအိုလမ်းစဉ် သန်းပေါင်းများစွာကို ချက်ချင်း ဖိနှိပ်လိုက်သည်။ ထိုစွမ်းအားက မြေကြီးကိုပင် လွှမ်းမိုးသွားပုံရပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားတော့၏။
တိမ်မည်းများ ပျောက်ကွယ်သွားပြီး ကန်ရေများလည်း အငွေ့ပျံသွားသည်။ ဟင်းလင်းပြင်ထဲတွင် ဥပဒေသ သံကြိုးများ ထွက်ပေါ်လာပြီး ထိုကြီးမားလှသော မှော်လက်နက်ကြီးကို အနိုင်နိုင် သယ်ဆောင်ထားရ၏။
နတ်ဝိညာဉ် ခေါင်းလောင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မြည်ဟည်းသွားတော့သည်။
ဒေါင်...
ခေါင်းလောင်း မြည်သံ ထွက်ပေါ်လာချိန်တွင် အရာအားလုံး တိတ်ဆိတ်သွား၏။ အသံလှိုင်းများက ချင်ဖုန်းဇီနှင့် ချင်းရွှီဇီတို့ကို ချက်ချင်း လွှမ်းခြုံသွားပြီး သူတို့၏ ကာကွယ်ရေး တာအိုလက်နက်များကို အက်ကွဲသွားစေကာ ကာကွယ်ရေး အလင်းတန်းများကို ဆုတ်ဖြဲပစ်ပြီး သူတို့ အသိစိတ်ထဲသို့ တည့်တည့် ဝင်ရောက်သွားတော့သည်။ သူတို့ တုန်ရီသွားပြီး အပေါက် ခုနစ်ပေါက်မှ သွေးများ ချက်ချင်း ပန်းထွက်လာ၏။
'တိုက်ပွဲဝင် ရုပ်သေးရုပ်မှာ ရုပ်သေးရုပ် တစ်ခုမျှသာ။ အလွန် ခိုင်မာသော ခန္ဓာကိုယ်နှင့် ဓားလမ်းစဉ်၊ သတ်ဖြတ်ခြင်း လမ်းစဉ်တို့ကို အသက်သွင်းနိုင်သည့် သတ်ဖြတ်ခြင်း ဓားလမ်းစဉ် ရှိသော်လည်း ကျန်းမင်ထံမှ ရရှိသော ဝိညာဉ်စွမ်းအင်မှာ အကန့်အသတ် ရှိနေသည် မဟုတ်ပါလား’
ထို့ကြောင့် တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ရရှိထားသော ဝိညာဉ်စွမ်းအင် အားလုံးကို အသုံးပြုပစ်လိုက်ခြင်းပင်။
"ကျုပ် စွမ်းအင်တွေ အရမ်း ကုန်သွားပြီ... ဒါကြောင့် ဒီလောက်ပဲ ကူညီနိုင်တော့မယ်... ညီအစ်ကိုတို့... ကျုပ် တောင်နီနန်းတော်ကို အရင် သွားနှင့်တော့မယ်... နှုတ်ဆက်ပါတယ်" တိုက်ပွဲဝင် ရုပ်သေးရုပ်က ပြောလိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ထိုအထဲသို့ ပျောက်ကွယ်သွားတော့၏။
ချင်းမင်နှင့် လီရော့ရှန်တို့ အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ထပ်မံ စဉ်းစားနေရန် အချိန်မဖြုန်းတော့ပေ။ မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်ကို သတ်ဖြတ်ရန် အကောင်းဆုံး အခွင့်အရေးကို သူတို့ လက်လွတ်မခံချင်ကြသည် မဟုတ်ပါလား။
"သေစမ်း..." ချင်းမင်က သူ့လှံရှည်ဖြင့် ချင်းရွှီဇီ၏ ခေါင်းကို ထိုးဖောက်လိုက်သည်။
"မင်းလည်း ငရဲကို သွားလိုက်တော့..." လီရော့ရှန်၏ ဓားရှည်ကလည်း ယိုင်နဲ့နေဆဲ ဖြစ်သော ချင်ဖုန်းဇီ ခေါင်းပေါ်သို့ ရောက်နေလေပြီ။
မထင်မှတ်စွာပင် ချင်ဖုန်းဇီအား သတ်ဖြတ်တော့မည့် အခိုက်အတန့်၌ ဟင်းလင်းပြင်ထဲတွင် အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး လီရော့ရှန်ကို လျင်မြန်စွာ ဖောက်ထွင်းသွားကာ ပေါက်ကွဲမှုနှင့်အတူ သူ့ခန္ဓာကိုယ်ကို အမှုန့်ဖြစ်သွားစေတော့၏။
အလင်းတန်း ရုပ်လုံးပေါ်လာချိန်တွင် ထိုအရာက လှံရှည် တစ်လက် ဖြစ်နေလေသည်။
"ချင်းယွင်ဂိုဏ်းကို ကာကွယ်ပေးတဲ့ အင်မော်တယ် လက်နက်... မိုးကြိုးပြစ်ဒဏ် အင်မော်တယ် လှံရှည်လား..." ချင်းမင်က လှံရှည်ကို ကြည့်ရင်း ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
End
***