ကျန်းမင်က ချင်းရွှီဇီ သေဆုံးသွားသည်အား အဝေးမှ လှမ်းကြည့်နေလိုက်၏။ ချင်ဖုန်းဇီပါ သေဆုံးသွားလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။ မည်သို့ပင်ဆိုစေ ထိုသူမှာ အန္တိမ အဆင့် ကျွမ်းကျင်သူ နှစ်ဦးအား တစ်ပြိုင်နက် ရင်ဆိုင်နေရစဉ် အင်မော်တယ် လက်နက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သည် မဟုတ်ပါလား။ သို့သော် မိုးကြိုးပြစ်ဒဏ် အင်မော်တယ် လှံရှည်တစ်ခုက မည်သည့်နေရာမှန်း မသိဘဲ ရုတ်တရက် ထွက်ပေါ်လာကာ လီရော့ရှန်အား သတ်ဖြတ်သွားခဲ့လေပြီ။
"ချင်းယွင်ဂိုဏ်းက တော်တော် မြန်တာပဲ..."
ကျန်းမင် အံ့အားသင့်သွားရသည်။ သူက ချက်ချင်းပင် နေရာပြောင်းရွှေ့သွားပြီး တောင်ထွတ်တစ်ခုဆီ ပြန်ကာ သူ့တိုက်ခိုက်ရေး ရုပ်သေးရုပ် ပြန်အလာကို စောင့်ဆိုင်းနေလိုက်၏။ ထိုအချိန်အတွင်း ကံကြမ္မာ အဆက်အနွယ်များ အားလုံးကို ဖြတ်တောက်ရန် လူသားလမ်းစဉ် မှတ်တမ်းအား ထုတ်ယူဝှေ့ယမ်းပြီးမှ နောက်တစ်ကြိမ် နေရာပြောင်းရွှေ့တော့သည်။
အချိန်တိုအတွင်းမှာပင် ချူယန်တောင်ထွတ်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်ရင်း မုပြည်နယ် ရှိရာ အရပ်ဆီသို့ လှမ်းကြည့်နေမိသည်။
'ချင်ဖုန်းဇီ သေဆုံးသွားလို့ ချင်းယွင်ဂိုဏ်းတော့ ဒေါသထွက်နေလောက်ပြီ... ညတွင်းချင်း လီရော့ရှန်နဲ့ ဟူကျစ်တို့ သေဆုံးသွားတဲ့ အပေါ် ယင်မိစ္ဆာဂိုဏ်းကော အထိတ်တလန့် ဖြစ်သွားမလား မသိဘူး...'
ကျန်းမင် စိတ်ထဲတွင် တွေးတောနေလိုက်သည်။
အန္တိမ အဆင့် ကျွမ်းကျင်သူ နှစ်ဦး ဆက်တိုက် သေဆုံးသွားသည့်တိုင် ယင်မိစ္ဆာဂိုဏ်းဘက်မှ မည်သည့် လှုပ်ရှားမှုမှ မရှိလျှင်သာ ထူးဆန်းနေပေလိမ့်မည်။
မျှော်လင့်ထားသည့် အတိုင်းပင်... မကြာမီမှာပင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကို ကျန်းမင် ခံစားလိုက်ရ၏။ အဝေးမှ လာသောကြောင့် စွမ်းအင်လှိုင်းများ အားနည်းသွားသော်ငြား သေမျိုးလောကမှ မဟုတ်သော ထိုအစွမ်းထက် စွမ်းအင်များကြောင့် သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရသည်။
မိုးက ပိုသည်းထန်လာပြီး ညအမှောင်ထုကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။
ကျိုယန်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်မှာ အသက်ဝင်နေပြီး မိုးရေများ အားလုံးကို မြစ်ထဲသို့ ဆွဲယူပို့ဆောင်နေသည်။
ထိုစဉ် ကျန်းမင်က လက်ဖက်ရည် တစ်အိုး ဖျော်ကာ ခရမ်းရောင် ကျောက်စိမ်း စပျစ်သီး တစ်ပန်းကန်ကို ဆေးကြောလိုက်သည်။ ထို့နောက် ကြိမ်ကုလားထိုင်ပေါ် လှဲလျောင်းရင်း လက်ဖက်ရည် သောက်ကာ စပျစ်သီး စားနေ၏။ သူက အားလပ်ချိန်ကို အပြည့်အဝ ခံစားနေခြင်းပင်။
"ညီမလေးသာ ရှိနေရင် ပိုကောင်းမှာ... အနည်းဆုံးတော့ စပျစ်သီး အခွံနွှာပေးလို့ ရတာပေါ့..."
ကျန်းမင် တိုးတိုးလေး ညည်းတွားလိုက်မိသည်။
ထို့နောက် သူက လူသားလမ်းစဉ် မှတ်တမ်းဆီသို့ အာရုံ ပြောင်းပစ်၏။
ချင်းမင်၏ အခြေအနေပြ မှတ်တမ်းတွင်တော့...
'ရှင်းထျန်ကျူးဆီမှာ ဘယ်လိုလုပ် အင်မော်တယ် လက်နက် ရှိနေနိုင်မှာလဲ... ဘာပဲဖြစ်ဖြစ် ဒီညက ရန်သူကြီး နှစ်ယောက်ဖြစ်တဲ့ ချင်ဖုန်းဇီနဲ့ ချင်းရွှီဇီတို့ကို သတ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ...'
'ကျစ်... လီရော့ရှန်တော့ ချင်းယွင်ဂိုဏ်းရဲ့ အင်မော်တယ် လက်နက်ဖြစ်တဲ့ မိုးကြိုးပြစ်ဒဏ် အင်မော်တယ် လှံရှည်နဲ့ အသတ်ခံလိုက်ရပြီ...'
'ဘုရားရေ... လီရော့ရှန် သေသွားပြီး ရှင်းထျန်ကျူးပါ ထွက်ပြေးသွားမှတော့ ငါ ဘယ်လိုလုပ် လွတ်မြောက်အောင် လုပ်ရမလဲ...'
'ငါ့ဂိုဏ်းကတော့ အင်မော်တယ် လက်နက် ထုတ်ပေးလိုက်လို့ မျှော်လင့်ချက် မပျက်စေခဲ့ဘူးပဲ...'
'တောက်... အင်မော်တယ် လက်နက် နှစ်ခု ရင်ဆိုင်မိလို့ ထွက်ပေါ်လာတဲ့ စွမ်းအင်တွေက ကြောက်စရာ ကောင်းလွန်းတယ်... ငါ့ရင်တောင် တုန်လာပြီ...'
'ငါတို့ မကြာခင် ပြောက်ကျား တိုက်ခိုက်မှု စတင်တော့မှာလား... လီရော့ရှန်ရော ဟူကျစ်ပါ ဆက်တိုက် အသတ်ခံလိုက်ရပြီ ဆိုတော့ ငါတို့ ဆက်စောင့်နေရင် ပိုပြီး သေကုန်လိမ့်မယ်... ဘာပဲဖြစ်ဖြစ် ဒီည တိုက်ခိုက်တာက သိပ်ပြီး ကိစ္စမရှိပါဘူး... စီစဉ်ထားတာထက် တစ်ရက်၊ နှစ်ရက်လောက် စောသွားရုံပဲ...'
'သူတို့က ချင်းယွင်ဂိုဏ်း ဌာနချုပ်ကိုလည်း အင်မော်တယ် လက်နက်တွေနဲ့ တိုက်ခိုက်နေကြပြီ...'
'တောင်နီနန်းတော်က နန်းတော်သခင်ရဲ့ အငွေ့အသက်ကို ငါ ခံစားမိတယ်... ဒါပေမဲ့ သူ့တစ်ယောက်တည်းပဲ ဒီလို လုပ်နိုင်စွမ်း ရှိလောက်တာ... ကံကောင်းလို့ ဒီတစ်ကြိမ်မှာ လုံယွမ်က တော်တော် တက်တက်ကြွကြွ ရှိနေတာ...'
'ချင်းယွင်ဂိုဏ်းက လုံယွမ်ကို ထည့်တွက်ထားလောက်မှာ မဟုတ်ဘူး မဟုတ်လား... ဟား ဟား...'
'အဖွဲ့ပေါင်းစုံ စတင် တိုက်ခိုက်နေကြပြီ ဆိုတော့ ချင်းယွင်ဂိုဏ်း ပျက်စီးဖို့ သေချာသွားပြီ...'
အခြေအနေပြ မှတ်တမ်းအား ဖတ်ရှုရင်း ကျန်းမင် မျက်မှောင် ပြင်းပြင်း ကြုတ်လိုက်မိ၏။
သူက လုံယွမ်ဟူသော အမည်ကို နောက်တစ်ကြိမ် မြင်လိုက်ရသည်။ သို့သော် ချင်းယွင်ဂိုဏ်းအား ဖြိုချနိုင်မည်ဟု ချင်းမင် ယုံကြည်နေရခြင်း၏ အဓိက အကြောင်းရင်းမှာ လုံယွမ် မဟုတ်ကြောင်း သိသာနေပေသည်။
သူက အခြား ဖြစ်နိုင်ချေ တစ်ခုကို တွေးမိသွားပြီး ချက်ချင်းပင် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားတော့သည်။
သူ့အတွေးကို သက်သေပြရန် စာမျက်နှာများကို လှန်လှောကြည့်လိုက်လေပြီ။
အန္တန ဆေးလုံးစံအိမ်မှ အဘိုးအိုထျဲ့၏ မှတ်တမ်း...
'လောကကြီးက ပိုပိုပြီး ဗြောင်းဆန်လာပြီ... တစ်ယောက်ယောက်က ထျန်းယွမ်ကျောင်းတော်က ထျန်းစစ်ကိုတောင် သတ်ဖို့ ကြိုးစားရဲတယ်... အရှေ့ဘက် ဒေသမှာက ယင်မိစ္ဆာဂိုဏ်း ပြန်လည် ရှင်သန်လာတော့မလို့ ပြင်းထန်တဲ့ ကသောင်းကနင်း အခြေအနေတွေ ဖြစ်နေပြီ... အလယ်ပိုင်း ပြည်နယ်မှာ ပုန်းအောင်းနေတဲ့ မိစ္ဆာဂိုဏ်း နှစ်ခုက မိစ္ဆာလေးတွေတောင် ပိုပြီး လှုပ်ရှားလာကြတယ်... သူတို့ ခန္ဓာကိုယ်တွေ ပေးပြီး လူတွေကို မြှူဆွယ်နေတာကို ဘယ်နှယောက်ကများ တားဆီးနိုင်မှာမို့လို့လဲ...'
'ဂိုဏ်းပေါင်းစုံ၊ ကျိုးအင်ပါယာနဲ့ သန့်စင်သော နယ်မြေတွေက လူအများကြီးတောင် သူတို့ ထိန်းချုပ်မှုအောက် ရောက်နေမှာပဲ ငါ စိုးရိမ်မိတယ်... စစ်ပွဲ စတင်တာနဲ့ ကြီးမားတဲ့ ကပ်ဘေးကြီး ဖြစ်လာတော့မှာပဲ...'
'သတင်း အချက်အလက် အမျိုးမျိုးအရ ခန့်မှန်းရရင် ယင်မိစ္ဆာဂိုဏ်း ပြန်လည် ရှင်သန်လာတဲ့ အချိန်မှာ တခြား မိစ္ဆာဂိုဏ်း ငါးခုပါ တစ်ပြိုင်နက် ပြန်လည် ထွက်ပေါ်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ကပ်ဘေးကြီး နောက်တစ်ကြိမ် ထပ်ဆိုက်ရောက်လာတော့မှာ...'
'မကြာသေးခင်က ဂိုဏ်းတွေကြား သွေးထွက်သံယို ဖြစ်ပွားမှုတွေ၊ အင်အားစု အများအပြား ညတွင်းချင်း ပြိုလဲသွားတာတွေ၊ ပြီးတော့ ကျိုးအင်ပါယာ အနှံ့အပြားမှာ အဓိကရုဏ်းတွေ ဖြစ်ပွားနေတာတွေ... ဒီအခြေအနေတွေ အားလုံးက အဲ့နယ်မြေမှာရှိတဲ့ မိစ္ဆာဂိုဏ်း နှစ်ခုလည်း ယင်မိစ္ဆာဂိုဏ်းနဲ့အတူ ပြန်လည် ရှင်သန်လာတော့မယ်ဆိုတာကို ညွှန်ပြနေတာပဲ...'
'အင်း... သူတို့ ပြန်လည် ရှင်သန်လာသည်ဖြစ်စေ၊ မရှင်သန်လာသည်ဖြစ်စေ အမြစ်ပြတ် ချေမှုန်းခံရမှာပါ... သူတို့က အေးအေးချမ်းချမ်း မနေချင်မှတော့ အကုန်လုံးကို ငရဲပြည်ဆီ ပို့ပေးလိုက်ရုံပေါ့...'
'ဒါပေမဲ့ ချင်းယွင်ဂိုဏ်းက တောင့်ခံနိုင်ပါ့မလား မသိဘူး... လုံယွမ်ပါ ပါဝင်ပတ်သက်နေတော့ ခက်ခဲလိမ့်မယ်... အင်း... ချင်းယွင်ဂိုဏ်း ပျက်စီးသွားလည်း ကိစ္စမရှိပါဘူး... တခြား တော်ဝင်မြေတွေနဲ့ ငါ့ရဲ့ အနန္တ ဆေးလုံးစံအိမ်က ဒါကို ကျော်ဖြတ်နိုင်မယ်လို့ ငါ ယုံကြည်တယ်...'
ထိုမှတ်တမ်းအား ဖတ်ပြီးနောက် ကျန်းမင် ဆွံ့အသွားရသည်။
ဤအဘိုးအိုမှာ အပြင်ပန်းတွင် ကြမ်းတမ်းပုံရသော်လည်း အမှန်တကယ်တော့ ဉာဏ်နည်းသူ မဟုတ်ချေ။ မည်သည့်ဘက်က နိုင်သည်ဖြစ်စေ အကျိုးအမြတ် ရယူရန် သိသာထင်ရှားစွာ စီစဉ်နေခြင်းပင်။
သူက မဟာကျိုး အင်ပါယာရှိ မိစ္ဆာဂိုဏ်း နှစ်ခုဖြစ်သည့် ချီချင်းမိုဂိုဏ်းနှင့် လျိုယွိမိုဂိုဏ်းတို့ကိုပင် အထင်သေးနေသေး၏။ ထိုသို့ လုပ်နိုင်စွမ်းလည်း သူ့တွင် ရှိနေပေသည်။ အလယ်ပိုင်း ပြည်နယ်ရှိ အင်အားစုများမှာ အသန်မာဆုံး ဖြစ်ကြပြီး အနောက်ဘက် ဒေသတစ်ခုလုံးကို လွှမ်းမိုးထားသည့် ဖိုဂိုဏ်းပင်လျှင် အလယ်ပိုင်း ပြည်နယ်သို့ သူတို့၏ ဩဇာအာဏာ ချဲ့ထွင်ရန် ကျရှုံးခဲ့သည် မဟုတ်ပါလား။
'မိစ္ဆာဂိုဏ်း ခြောက်ခုလုံး တကယ်ပဲ မကြာခင် ပြန်လည် ရှင်သန်လာတော့မှာလား...' ကျန်းမင် တွေးတောနေမိ၏။
ထို့နောက် လူသားလမ်းစဉ် မှတ်တမ်း စာမျက်နှာများကို နောက်တစ်ကြိမ် ထပ်လှန်လိုက်သည်။
လျူချန်ကုန်း... ထျန်းယွမ်ကျောင်းတော်၏ မဟာအကြီးအကဲများထဲမှ တစ်ဦး...
အခြေအနေပြ မှတ်တမ်း...
'ထျန်းစစ်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူကို ခြေရာခံလို့ မရတာ တော်တော် ထူးဆန်းတယ်... သူက ဘယ်ကနေမှန်း မသိ ပေါ်လာပြီး ဘာအရိပ်အယောင်မှလည်း ချန်မထားခဲ့ဘူး... ကံကြမ္မာ နိယာမနဲ့ အင်မော်တယ် လက်နက်တွေကို သုံးပြီး သူ့ကို ခြေရာခံဖို့ ကြိုးစားခဲ့ပေမဲ့ အချည်းနှီးပဲ...'
'ထျန်းစစ် ကိုယ်တွင်းမှာ အင်မော်တယ် လက်နက် တစ်ခု ရှိနေပေမဲ့ သူ့ဘာသာ လွတ်လမ်းစဉ်းစားလို့ မရခဲ့ဘူး... အကြို အင်မော်တယ်လောင်းလျာ ဖြစ်တဲ့ ထျန်းစစ်က ကောင်းချီးလား ဒါမှမဟုတ် ကျိန်စာလား ဆိုတာ ငါ မသိတော့ဘူး...'
'အရိပ်အယောင် အားလုံးက ထျန်းစစ်ရဲ့ ကိစ္စဟာ ကျိုယန်ဂိုဏ်းနဲ့ သက်ဆိုင်နေပုံ ပေါ်တယ်... ဒါပေမဲ့ သာမန်ဂိုဏ်း တစ်ခုက ဘယ်လိုလုပ်ပြီး ဒီလို အစွမ်းထက်တဲ့ ကျွမ်းကျင်သူ တစ်ယောက်နဲ့ ဆက်သွယ်နိုင်မှာလဲ...'
'ဇီလင်းလုံက ထျန်းစစ်ကို တကယ် အနိုင်ယူနိုင်ခဲ့တယ် ဆိုတာ မယုံနိုင်စရာပဲ... စုံစမ်းစစ်ဆေးမှုတွေအရ သူမရဲ့ ဝိညာဉ်က ထိန်းချုပ်ခံထားရတာ မဟုတ်ဘူး... သူမဆီက ဖီးနစ်သွေးမျိုးဆက် ပြင်းအားက တကယ်ကို အံ့မခန်းပဲ... သူမက လူသားစစ်စစ် ဖြစ်ပေမဲ့ ဖီးနစ်ရဲ့ တိုက်ရိုက် သွေးမျိုးဆက် ရှိနေတာက ထူးဆန်းတယ်... ကံကြမ္မာ နိယာမနဲ့တောင် ကောက်ချက်ချလို့ မရတဲ့ သူမရဲ့ ဇာစ်မြစ်က ပဟေဠိ တစ်ခု ဖြစ်နေပြီ... တကယ်ကို နားလည်ရခက်တာပဲ...'
'ဒဏ္ဍာရီက တကယ်ပဲ အစစ်အမှန် ဖြစ်နေမလား... ဒီလိုဆိုရင်တော့ အဲ့ဒါက ကပ်ဘေးကြီးပဲ...'
'ဟူး... ပြဿနာတွေ များတဲ့ နှစ်ပါလား...'
'မငြိမ်မသက် ဖြစ်နေတဲ့ အရှေ့ဘက် ဒေသမှာ ယင်မိစ္ဆာဂိုဏ်းက ချင်းယွင်ဂိုဏ်းကို ချေမှုန်းဖို့ လုံယွမ်နဲ့ ပူးပေါင်းနေတယ်... ဒီလိုဆိုရင်တော့ ချင်းယွင်ဂိုဏ်း အနေနဲ့ ကြီးမားတဲ့ ပေးဆပ်မှုနဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လောက်ပါရဲ့... အဆိုးရွားဆုံး စိုးရိမ်ရတာက တခြား မိစ္ဆာဂိုဏ်းတွေပါ အရှေ့ဘက် ဒေသကို တိတ်တဆိတ် ရောက်နေပြီလား ဆိုတာပဲ...'
'တောင်ဘက် ဒေသမှာ မိစ္ဆာတစ်သန်းတောင်နဲ့ ရွှဲ့မိုဂိုဏ်းတို့ ပိုပြီး လှုပ်ရှားလာတယ်... အလယ်ပိုင်း ပြည်နယ်မှာလည်း ချီချင်းမိုဂိုဏ်းနဲ့ လျိုယွိမိုဂိုဏ်းတို့ ပိုပြီး ဂနာမငြိမ် ဖြစ်နေကြတယ်... မြောက်ဘက် ဒေသမှာတော့ ရှီမိုဂိုဏ်းနဲ့ ရှူလော့မိုဂိုဏ်းတို့ စစ်ပွဲအတွက် အလံထောင်နေကြပြီ... ဒါပေမဲ့ ဘာလို့ ငါက သူတို့ကို ဟန်ရေးပြနေတယ်လို့ပဲ ခံစားနေရတာလဲ...'
'တကယ်လို့ သူတို့က တကယ်ပဲ ဟန်ရေးပြနေတာ ဆိုရင် တော်တော် ဒုက္ခရောက်လိမ့်မယ်...'
'နဂါးငုပ် တိုက်ကြီးကလည်း ပိုပြီး မောက်မာလာတယ်...'
'ပြီးတော့ အနောက်ဘက် ဒေသက ဖိုဂိုဏ်း... သူတို့က ဘေးထိုင် ကြည့်နေတုန်းပဲလား... သူတို့သာ မရှိခဲ့ရင် မိစ္ဆာဂိုဏ်း ခြောက်ခုက ပြန်ပေါ်လာမှာ မဟုတ်ဘူး...'
'လောကကြီး ကသောင်းကနင်း ဖြစ်တဲ့အခါ ပြည်သူပြည်သား အားလုံးအတွက် တကယ့် ကပ်ဘေးကြီးပဲ... ကံမကောင်းစွာနဲ့ ငါ့ရဲ့ ထျန်းယွမ်ကျောင်းတော်က အင်အားစုတွေကြား အငြင်းပွားမှုတွေမှာ ဝင်မပါဘဲ သီးသန့်နေဖို့ အမြဲတမ်း အားပေးခဲ့ပေမဲ့... အခုတော့...'
အခြေအနေပြ မှတ်တမ်းအား ဖတ်ရှုရင်း ကျန်းမင်၏ စိုးရိမ်မကင်း ဖြစ်မှုက ပိုပြင်းထန်လာခဲ့သည်။
လောကရှိ အင်အားစု အားလုံးအား သေချာစွာ ခွဲခြမ်းစိတ်ဖြာနိုင်သည့် လျူချန်ကုန်း၏ စေ့စပ်သေချာမှုကိုလည်း လေးစားမိသည်။
"တကယ်ကို ထျန်းယွမ်ကျောင်းတော်ရဲ့ အစွမ်းအထက်ဆုံး ကျွမ်းကျင်သူ ပီသပါပေတယ်... အလယ်ပိုင်း ပြည်နယ်ကနေ လောကကြီးကို ရှုမြင်နိုင်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည်က မှတ်သားလောက်စရာပဲ..."
လျူချန်ကုန်း၏ ခန့်မှန်းချက်မှာ သူ့ ကောက်ချက်ချမှုနှင့် တစ်နည်းနည်းဖြင့် ဆင်တူနေသည်ဟု ကျန်းမင် တွေးမိသည်။ မိစ္ဆာဂိုဏ်း ခြောက်ခုလုံး အရှေ့ဘက် ဒေသတွင် စုဝေးလာမည်ကို သူ စိုးရိမ်နေခြင်းပင်။ စွမ်းဆောင်ရည် မသိရသေးသော လုံယွမ်နှင့် ပေါင်းစပ်လိုက်လျှင် ချင်းယွင်ဂိုဏ်းပင် မကျော်လွှားနိုင်လောက်အောင် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။
'တကယ်လို့ ချင်းယွင်ဂိုဏ်းသာ ဖျက်ဆီးခံလိုက်ရရင် အရှေ့ဘက် ဒေသတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အသက်ရှင် ကျန်ရစ်ဖို့ အရမ်း နိမ့်ပါးနေသေးတယ်...'
ကျန်းမင်က သူ့ကိုယ်ပိုင် လုံခြုံရေး ခြိမ်းခြောက်ခံနေရသည်ဟု ခံစားလိုက်ရ၏။ သူ့ရန်သူများမှာ အနည်းဆုံး သုခဘုံ အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူက အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် လျူချန်ကုန်းနှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည် မဟုတ်ပါလား။ ယခုအခါ အနီးအနားတွင် အင်မော်တယ် လက်နက်များပင် ရှိနေလေပြီ။
အကယ်၍ သူသာ မှန်ကန်စွာ ကောက်ချက်ချနိုင်ခဲ့လျှင် အရှေ့ဘက် ဒေသမှာ ရေအောက်ရောက်သွားခြင်းမျိုး မဟုတ်ဘဲ တစ်စစီ ပြိုကွဲသွားနိုင်ပေသည်။
'ငါ အမြန်ဆုံး သုခဘုံအဆင့်ကို ထိုးဖောက်ဝင်ရောက်ပြီး အထွတ်အထိပ် စေတီထဲမှာ အထူး စွမ်းရည်တွေကို ဆက်ပြီး ထုတ်ယူနိုင်ဖို့ လိုတယ်... အဲ့ဒီအချိန်ကျရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်...' ကျန်းမင်က အရေးတကြီး ခံစားလာရသဖြင့် ကြိုတင် စီစဉ်နေလိုက်သည်။
သူ့ညီမလေး စုံစမ်းခံနေရသည့် ကိစ္စကိုမူ သူ ဂရုမစိုက်ချေ။
ရုတ်တရက် သူ မတ်တပ်ထရပ်လိုက်ပြီး ချင်းယွင်ဂိုဏ်း ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်၏။ ဤအခိုက်အတန့်တွင် သူ့မျက်လုံးများထဲမှ မြင့်မြတ်သော အလင်းတန်းများ စီးဆင်းလာပြီး အဝေးဆီသို့ ကြည့်ရှုနိုင်စေသည်။
အလွန် ဝေးကွာသော နေရာတစ်ခုတွင် အဆုံးမရှိသော မြင့်မြတ်သည့် အလင်းတန်းများ ကောင်းကင်ယံသို့ လျှံတက်လာပြီး အမှောင်ထု အားလုံးကို ဖိနှိပ်ကာ တိမ်မည်းများ၊ သည်းထန်သော မိုးရေများနှင့် လရောင်များ အပါအဝင် အရာအားလုံးကို ဖုံးလွှမ်းသွားသည်အား သူ မြင်တွေ့လိုက်ရသည်။
ကောင်းကင်ယံရှိ ချင်းယွင်ဂိုဏ်းအား သမုဒ္ဒရာ တစ်ခုက ဖုံးလွှမ်းထားပြီး ကြောက်မက်ဖွယ် လှိုင်းတံပိုးများ ကျဆင်းလာသကဲ့သို့ ပုံရသည်။
အခြား တစ်ဖက်တွင်မူ ဟိန်းဟောက်နေသော မိစ္ဆာလှိုင်းလုံးများ ရှိနေ၏။
"အပြည့်အဝ တိုက်ခိုက်မှု စတင်လိုက်ပြီပဲ..." ကျန်းမင်က မျှော်လင့်ချက်များဖြင့် တိုးတိုးလေး ညည်းတွားလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ဂနာမငြိမ် ဖြစ်လာတော့သည်။
သူက လူသားလမ်းစဉ် မှတ်တမ်းကို နောက်တစ်ကြိမ် လှန်လိုက်ပြန်သည်။
သူ့ညီမလေးမှာ ဘေးကင်းလုံခြုံနေဆဲပင်။ အခြေအနေ တစ်ခုခု ဖြစ်လာလျှင် ကြိုတင် ကာကွယ်ရန် သူမကို ပြန်ခေါ်လာချင်စိတ် ပြင်းပြနေသော်လည်း အချိန်မရွေး သွားရောက်နိုင်သည့် သူ့စွမ်းရည်နှင့် ရုတ်တရက် ခေါ်ဆောင်လာပါက ဖြစ်ပေါ်လာနိုင်သော ပြဿနာများကြောင့် စိတ်ကို ပြန်ထိန်းထားလိုက်ရသည်။ ထို့အပြင် သူ့ညီမလေး အနေဖြင့် အပြင်ဘက်တွင် နေခြင်းထက် မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာထဲတွင် နေခြင်းက ပို၍ လုံခြုံပေလိမ့်မည်။
အတွေးများ လွင့်မျောနေစဉ် အခြားလူ အနည်းငယ်၏ အခြေအနေကို စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကို ဆက်တိုက် လှန်လှောနေလိုက်သည်။
"လုံယွမ်နဲ့ ယင်မိစ္ဆာဂိုဏ်းတို့က ချင်းယွင်ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ဖြိုခွင်းဖို့ တကယ်ပဲ ပူးပေါင်းနေကြတာ... သူတို့က ချင်းယွင်ဂိုဏ်းကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်ဖို့ သုခဘုံ အဆင့်၊ အန္တိမ အဆင့် ကျွမ်းကျင်သူတွေနဲ့ အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူတွေကိုပါ တစ်ပြိုင်နက်တည်း လွှတ်လိုက်ရုံတင်မကဘဲ အင်မော်တယ် လက်နက် တစ်ခုထက်မက အသုံးပြုထားသေးတယ်..."
ကျန်းမင်က ချင်းမင်နှင့် ချင်ဖုန်းဇီတို့၏ အခြေအနေပြ မှတ်တမ်းများမှ တစ်ဆင့် ချင်းယွင်ဂိုဏ်းရှိ အကြမ်းဖျင်း အခြေအနေများကို သိရှိလိုက်ရလေပြီ။
End
***