ထို့နောက် ဖြစ်ပျက်သွားခဲ့သော အရာများမှာ အလွန် ထူးဆန်းလှပေ၏။
ချင်းယွင်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် ကျိုးပေါက်သွားခဲ့ပြီ ဖြစ်သည်။ သို့တိုင် အတွင်းမှ အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူ အနည်းငယ် ထွက်ပေါ်လာပြီး ကျူးကျော်လာသော ရန်သူများကို ပင်လယ်ကမ်းစပ်အထိ ဆုတ်ခွာသွားအောင် အမှန်တကယ် ဖိအားပေးနိုင်ခဲ့လေသည်။
စစ်ပွဲ ဆက်လက် ဖြစ်ပွားနေမှုကြောင့် မုပြည်နယ် တစ်ဝက်ခန့်မှာ လုံးဝ ပျက်စီးသွားခဲ့ပြီး ဟိုင်ပြည်နယ်၏ သုံးပုံတစ်ပုံခန့်မှာလည်း ရေအောက်သို့ နစ်မြုပ်သွားခဲ့ရပေသည်။
မနက်ခင်းသို့ ရောက်သောအခါ မိုးတိတ်သွားပြီး တိမ်မည်းများလည်း ကင်းစင်သွားတော့၏။
သို့သော် မိုးကုတ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများမှာမူ ကျန်ရစ်နေဆဲပင်။
ချူယန်တောင်ထွတ်တွင်တော့...
ကျန်းမင်က ခြံစည်းရိုးမှနေ၍ နေထွက်လာသည်ကို ငေးကြည့်နေမိသည်။ အရှေ့ဘက် ကောင်းကင်ယံမှာ ရဲရဲနီနေပြီး တောက်ပသော နေရောင်ခြည်ကြောင့်လော သို့မဟုတ် သွေးကွက်များ ရောင်ပြန်ဟပ်နေခြင်းကြောင့်လော ဆိုသည်ကိုမူ မခွဲခြားနိုင်ပေ။
ကျန်းမင်က အံ့ဩတကြီး ရေရွတ်လိုက်၏။
"ချင်းယွင်ဂိုဏ်းက ဒီလောက်တောင် အစွမ်းထက်တာလား... ယင်မိစ္ဆာဂိုဏ်းနဲ့ လုံယွမ်ရဲ့ ပူးပေါင်းတပ်တွေကို ဆုတ်ခွာသွားအောင် အမှန်တကယ် လုပ်နိုင်ခဲ့တာ အံ့ဩစရာပဲ... ဒေသတစ်ခုလုံးကို လွှမ်းမိုးထားတဲ့ တော်ဝင်မြေ ဆိုတာ တကယ်ကို ထူးကဲလွန်းတယ်"
ထို့နောက် သူက လှည့်၍ ပတ်ပတ်လည်ကို အကဲခတ်လိုက်သည်။ အရှေ့ဘက် ဒေသ၏ လေထုထဲတွင် မျက်စိဖြင့် မမြင်နိုင်သော ကပ်ဘေးအငွေ့အသက်များနှင့် သတ်ဖြတ်လိုသော ချီစွမ်းအင်များ ပြည့်နှက်နေသည်ကို သူ ခံစားလိုက်ရလေပြီ။
သက်ပြင်းတရှိုက် ချလိုက်ရင်း...
"လူသားလမ်းစဉ် မှတ်တမ်းကသာ တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်ရင် သိပ်ကောင်းမှာပဲ..."
ထို့နောက် ကြိမ်ကုလားထိုင်ပေါ် ပြန်လှဲချလိုက်ပြီး အေးအေးလူလူ လွှဲယမ်းနေလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လူသားလမ်းစဉ် မှတ်တမ်းကျမ်းကို ခေါ်ယူလိုက်ရာ သူ့ညီမလေး မိုးကြိုးနတ်ဘုရား အင်မော်တယ် ရတနာထဲသို့ ဝင်ရောက်သွားသည်အား မြင်တွေ့လိုက်ရ၏။
ထို့အပြင် ချင်းမင် တစ်ယောက် ချင်းယွင်ဂိုဏ်း အဘယ်ကြောင့် မပျက်စီးသွားသနည်းဟု တွေးတော ညည်းတွားနေသည်ကိုလည်း မြင်လိုက်ရသည်။ သူ့ဂိုဏ်းမှ အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူ နှစ်ဦးက အဘယ်ကြောင့် ဝင်မတိုက်ခိုက်ခဲ့သနည်း။ လုံယွမ် စေလွှတ်လိုက်သော ကျွမ်းကျင်သူ အရေအတွက် မျှော်လင့်ထားသည်ထက် နည်းပါးနေခြင်းမှာ ပုံမှန်မဟုတ်ဟု ချင်းမင် တစ်ယောက် တွေးတောနေခြင်းပင်။
တစ်ချိန်တည်းမှာပင် အလယ်ပိုင်း ပြည်နယ်၊ တောင်ဘက် ဒေသနှင့် မြောက်ဘက် ဒေသတို့ရှိ မိစ္ဆာဂိုဏ်း အားလုံးမှာ ပြန်လည် ထွက်ပေါ်လာခဲ့ကြသည်။ အရှေ့ဘက် ဒေသလောက် မပြင်းထန်သော်ငြား ထိုဒေသ အသီးသီးတွင် စစ်ပွဲများကို စတင်ခဲ့ကြလေပြီ။
အနောက်ဘက် ဒေသ တစ်ခုတည်းသာ စစ်ပွဲကင်းစင်နေသည့် နေရာအဖြစ် ကျန်ရှိနေခဲ့၏။
ကျန်းမင်က ရုတ်တရက် မတ်မတ် ထထိုင်လိုက်ပြီး သူ့ခေါင်းထဲ အတွေးများ လျင်မြန်စွာ ပြေးလွှားသွားတော့သည်။
မိစ္ဆာဂိုဏ်း ခြောက်ခုလုံး၏ လက်ရှိ အခြေအနေနှင့် သူ ဖတ်ရှုခဲ့ရသည့် သတင်းအချက်အလက် အမျိုးမျိုးအရ မိစ္ဆာဂိုဏ်းများ ပြန်လည် ရှင်သန်လာချိန်တွင် ကြီးမားသော ကသောင်းကနင်း အခြေအနေများ ဖန်တီးသင့်သည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့သော် တကယ့် လက်တွေ့တွင်မူ တခြားစီ ဖြစ်နေခဲ့ပေသည်။
အရှေ့ဘက် ဒေသရှိ စစ်ပွဲမှာ ပြင်းထန်ပြီး ကြမ်းတမ်းပုံ ရသော်လည်း တစ်ခုခု မှားယွင်းနေသကဲ့သို့ပင်။
'ထိုညက ယင်မိစ္ဆာဂိုဏ်း အနေနဲ့ ချင်းယွင်ဂိုဏ်းက ကျွမ်းကျင်သူတွေကို သူတို့ဂိုဏ်းဆီ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့တယ်...'
စစ်ပွဲက နောက်ထပ် သုံးရက်တိုင်တိုင် ရှည်လျားသော တိုက်ပွဲကြီး အဖြစ် ဆက်လက် ဖြစ်ပွားနေခဲ့၏။
မိစ္ဆာဂိုဏ်းများမှာ ချင်းယွင်ဂိုဏ်း၏ တံခါးကို ဖြတ်ကျော်ဝင်ရောက်ရန် ကျရှုံးခဲ့သော်လည်း တံခါးအပြင်ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် အရှေ့ဘက် ဒေသ၏ ထက်ဝက်ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ရပြီး စက္ကန့်တိုင်းတွင် မရေမတွက်နိုင်သော လူများစွာ အသတ်ခံနေရလေသည်။
ဂူဟိုင်က ညနေပိုင်းတွင် ပြန်ရောက်လာခဲ့သည်။
သူ မျက်နှာထားမှာ အလွန် တည်ကြည် လေးနက်နေပြီး အမိန့်ပေးလိုက်၏။
"အပြင်ဘက်မှာ စစ်ပွဲကြီး ဖြစ်နေတော့ ငါတို့လို ဂိုဏ်းငယ်လေးတွေက အချိန်မရွေး ပျက်စီးသွားနိုင်တယ်... ဘာပဲဖြစ်ဖြစ် ဒါမှမဟုတ် ချင်းယွင်ဂိုဏ်းသာ ရှုံးနိမ့်သွားရင် ငါမင်းတို့ကို ချက်ချင်း လွှတ်ပေးလိုက်မှာမို့ ချက်ချင်း ထွက်ပြေးဖို့ ပြင်ဆင်ထားကြ"
ကျန်းမင် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဘာလို့လဲ"
ဂူဟိုင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချရင်း ချိပ်ပိတ်ထားသော ဧရိယာဆီ ပျံသန်းသွားပြီး ခေါ်လိုက်သည်။
"ဒီကိုလာခဲ့"
ထိုနေရာအား အစီအရင် တစ်ခုက အမြဲတမ်း ကာကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ဤအဘိုးအို တစ်နေ့နေ့တွင် သူ့အား ပြောပြလာမည်ကို သိထားသောကြောင့် ကျန်းမင်က စပ်စုခြင်း မရှိခဲ့ချေ။
သူ့လက်ကို တစ်ချက် ဝှေ့ယမ်းကာ အစီအရင်ကို ဖယ်ရှားလိုက်စဉ် ဂူဟိုင်၏ မျက်နှာပေါ်တွင် ပြင်းထန်သော နာကျင်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
"ချူယန်တောင်ထွတ်မှာ ငါရယ် မင်းတို့ တပည့်နှစ်ယောက်ရယ် သုံးယောက်တည်း ဘာလို့ ရှိနေလဲ ဆိုတဲ့ အကြောင်းရင်းကို မင်းသိလား"
အစီအရင် အတွင်းတွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားသော နန်းဆောင်များ ရှိနေ၏။ ကြီးမားကျယ်ဝန်းလှသည် မဟုတ်သော်ငြား လူတစ်ရာခန့် အေးအေးဆေးဆေး နေထိုင်နိုင်ပေသည်။ ယခုအခါ အဆောက်အအုံများမှာ ပျက်စီးယိုယွင်းနေပြီး ကျိုးပဲ့နေသော လက်နက် မျိုးစုံက မြေပြင်ပေါ်တွင် ပြန့်ကျဲလို့။ သွေးကွက်များကိုလည်း နေရာအနှံ့ မြင်တွေ့နိုင်လေသည်။
ထိုမြင်ကွင်းက ဤနေရာတွင် ကြေကွဲဖွယ် တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သက်သေပြနေပေသည်။
ကျန်းမင်က စောစောပိုင်းကတည်းက မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
ဂူဟိုင် မျက်လုံးများ နီရဲလာသည်အထိ ပို၍ နာကျင်ခံစားလာရပြီး စကားဆက်လာသည်။
"အဲ့ဒီအချိန်တုန်းက ငါ ချူယန်တောင်ထွတ်ရဲ့ ပထမ နေရာကို စလက်ခံတော့ ဂိုဏ်းတစ်ခု အရွယ်အစားလောက်ထိ တိုးချဲ့ဖို့ အရမ်း ရည်မှန်းချက် ကြီးခဲ့တယ်... ဒါပေမဲ့... ငါ့မှာ တပည့်ကောင်း တစ်ယောက် ရှိခဲ့ဖူးတယ်... သူက ဂိုဏ်းရဲ့ အမြင်မှာတောင် မယုံနိုင်လောက်အောင် ပါရမီ ထူးချွန်တဲ့သူပေါ့... ငါ သူ့ကို သားအရင်း တစ်ယောက်လို ဆက်ဆံခဲ့တာ... ငါ ဒဏ်ရာရပြီး အားနည်းသွားတဲ့ အခါ သူ့ကို တပည့်တစ်ယောက် အနေနဲ့ ငါ့ရဲ့ ပထမ အကြီးအကဲ တာဝန်တွေကို လွှဲပြောင်းယူခွင့် ပေးခဲ့တယ်... အစပိုင်းမှာ သူ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... ဘယ်လောက်တောင် ကောင်းလဲဆို ချူယန်တောင်ထွတ်က အထွတ်အထိပ်ကိုတောင် ရောက်ခဲ့တဲ့ အထိပဲ..."
ဂူဟိုင် ခေါင်းမော့၍ ကောင်းကင်ယံသို့ ငေးကြည့်လိုက်သည်။ အတိတ်ကို ပြန်လည် အမှတ်ရနေပုံဖြင့် သူ့အား ဝန်းရံခဲ့ကြသော တပည့်များကို လွမ်းဆွတ်နေမိ၏။
ထို့နောက် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဆက်ပြောလာသည်။
"ဒါတွေအားလုံးက သူ့ကျင့်စဉ်အပေါ် အရမ်း စွဲလမ်းသွားတဲ့ အချိန်ထိပဲ... မဟုတ်ဘူး... သူက မိစ္ဆာကပ်ပြီး မိစ္ဆာ တစ်ကောင် ဖြစ်သွားခဲ့တာ... သူ ရူးသွပ်သွားပြီး သူ့ကျင့်ကြံခြင်း အဆင့်ကလည်း ထိုးတက်သွားတယ်... ပြီးတော့ သတ်ဖြတ်ပွဲကြီး ဆင်နွှဲတော့တာပဲ... သူက တခြားသူတွေထက် ပိုသန်မာတော့ တပည့်တွေ အများကြီးကို သတ်ခဲ့တဲ့အပြင် ငါ့ရဲ့ စီနီယာ အစ်ကို တချို့ကိုတောင် သတ်ခဲ့တယ်"
"ငါ ဒီကို ပြန်ရောက်လာချိန်မှာ အလောင်းတွေကို နေရာတိုင်းမှာ တွေ့ခဲ့ရတာပဲ"
"သေဆုံးသွားတဲ့ တပည့် အများစုက မယုံကြည်နိုင်စွာနဲ့ မျက်လုံးတွေ ပြူးကျယ်နေခဲ့ကြတယ်... စီနီယာ အစ်ကိုက ငါတို့ကို ဘာလို့ သတ်ရတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ပေါ့..."
"သူလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားခဲ့တယ်... ငါ့ရှေ့မှာ ဒူးထောက်ပြီး အရိုအသေ ပေးရင်း ငိုယိုနေခဲ့တာ... သူက တစ်ဆက်တည်း ပြောနေခဲ့တယ်... 'ကျွန်တော် မဟုတ်ဘူး၊ ကျွန်တော် မဟုတ်ဘူး၊ ကျွန်တော် မဟုတ်ရပါဘူး၊ ကျွန်တော့်ကိုယ် ကျွန်တော် မထိန်းချုပ်နိုင်ခဲ့ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် အထိန်းချုပ်ခံထားရသလိုပဲ ဆရာ၊ တကယ် ကျွန်တော် မဟုတ်ဘူး၊ ကျွန်တော် မလုပ်ချင်ခဲ့ပါဘူး... ဘာတွေ ဖြစ်သွားမှန်း ကျွန်တော် မသိဘူးတဲ့..."
"ငါ လက်မြှောက်ပြီး သူ့ကို သတ်ချင်ခဲ့ပေမဲ့ မလုပ်ရက်ခဲ့ဘူး"
ဂူဟိုင် မျက်လုံးများကို မှိတ်လိုက်ပြီးမှ ဆက်ပြောသည်။
"ငါ ဒေါသတွေ ထောင်းထောင်းထနေခဲ့ပေမဲ့ သတိတော့ မလွတ်သေးဘူး... တစ်ခုခု မှားနေတယ်လို့ ခံစားခဲ့ရတယ်... ဒါပေမဲ့ သူက... သူ့ကိုယ်သူ ပြန်ရိုက်ပြီး သတ်သေသွားခဲ့တယ်... မသေခင်မှာ သူပြောခဲ့သေးတယ်... 'ဆရာ၊ ဒါ ကျွန်တော့် ရည်ရွယ်ချက် မဟုတ်ပါဘူး၊ တကယ် မဟုတ်ခဲ့ပါဘူး... ဆရာ၊ ကျွန်တော် ကြောက်စရာကောင်းတဲ့ အမှားကြီးတစ်ခု လုပ်မိသွားပြီ... ဒါကို ကျွန်တော့် အသက်နဲ့ပဲ ပြန်ပေးဆပ်နိုင်တော့မယ်တဲ့လေ"
ကျန်းမင်က ဂူဟိုင်၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေလိုက်၏။ ချူယန်တောင်ထွတ်ကို လွှဲပြောင်းရယူရန် အမြဲတမ်း ကြံစည်နေခဲ့သော မိစ္ဆာဂိုဏ်း သူလျှိုဖြစ်သူ ကျီယန်တောင်ထွတ်၏ ပထမ အကြီးအကဲကို သူ ချက်ချင်းပင် ပြန်လည် သတိရသွားတော့သည်။
ဤဖြစ်ရပ် တစ်ခုလုံး၏ တရားခံမှာ ယွဲ့ချန် ဖြစ်ရမည်ဟု သူ သိလိုက်လေပြီ။
အတိတ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် ပြောပြရင်း ဂူဟိုင် သက်ပြင်းချလိုက်ပြန်သည်။
"သူ့အကြောင်း ငါ သိထားတာတွေနဲ့ နောက်ဆုံး သူပြောသွားတဲ့ စကားတွေအရ ဂိုဏ်းချုပ်နဲ့ ငါ နှစ်ယောက်လုံး တစ်ခုခု မှားနေပြီလို့ ခံစားခဲ့ရတယ်... ဒါပေမဲ့ ငါ ဘယ်လောက်ပဲ စုံစမ်းစစ်ဆေးပါစေ ကြိုးစားမှုတွေ အားလုံးက အချည်းနှီး ဖြစ်ခဲ့ရတာပဲ... နောက်ဆုံးတော့ ဘာမှ လုပ်လို့ မရခဲ့ဘူး... အပြင်စည်း တပည့် ဆယ်ယောက်ကလွဲလို့ ချူယန်တောင်ထွတ်က တပည့်တွေ အကုန်လုံး သေဆုံးသွားတော့ ငါလည်း စိတ်ဓာတ်ကျသွားခဲ့တယ်... ဒါကြောင့် ကျန်တဲ့သူတွေကို တခြား တောင်ထွတ်တွေဆီ ဖြန့်ခွဲပို့လိုက်တာပေါ့"
"ငါ့ရဲ့ အသိစိတ် ဒဏ်ရာရသွားတာအပြင် အဲ့ဒီ ဖြစ်ရပ်က ငါ့ကို လုံးဝ စိတ်ဒဏ်ရာ ရသွားစေခဲ့တာ... အဲ့ဒီအချိန်တုန်းက ငါက အရက်သောက်ပြီးပဲ အချိန်ဖြုန်းနေတာ ဒါမှမဟုတ် မင်းကို မတွေ့ခင်အထိ ရည်ရွယ်ချက် မရှိဘဲ နေရာအနှံ့ လျှောက်သွားနေခဲ့တာပဲ"
"မင်းကို ကယ်တင်ပြီးတဲ့နောက် စောင့်ရှောက်ဖို့ ငါ အစီအစဉ် မရှိခဲ့ဘူး... ဒါပေမဲ့ မင်းမျက်လုံးထဲမှာ တွေ့ရတဲ့ အသက်ရှင်ချင်စိတ် ပြင်းပြမှုက ငါ့နှလုံးသားကို ထိခိုက်စေခဲ့တယ်... ပထမ အကြီးအကဲ ဖြစ်နေပြီး တပည့် တစ်ယောက်မှ မရှိတာက အရှက်ရစရာ ဖြစ်နေမယ်လို့ တွေးမိလို့ မင်းကို ဒီတောင်ပေါ် ခေါ်လာခဲ့တာပဲ"
ကျန်းမင်က ရယ်မောလိုက်ပြီး...
"ဆရာ၊ ဒါဆို ဆရာ့အမှားပဲပေါ့... ဆရာသာ ကျွန်တော့်ကို ဒီခေါ်မလာခဲ့ရင် ကျွန်တော့်ရဲ့ ဉာဏ်ကောင်းမှုနဲ့ဆို ချမ်းသာနေလောက်ပြီ... မယားငယ်တွေ ဒါဇင်နဲ့ချီ ယူပြီး ဘယ်ညာ ဖက်ထားနိုင်လောက်ပြီ... ဘယ်လောက်တောင် လှပတဲ့ ဘဝလေး ဖြစ်နေမလဲ"
"မယားငယ်တွေ ဒါဇင်နဲ့ချီ ယူရအောင်... မင်းက တော်တော် စကားကြီး စကားကျယ် ပြောတတ်တာပဲ..."
ဂူဟိုင် နှုတ်ခမ်းမဲ့လိုက်သော်လည်း စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်သွား၏။ ထို့နောက် ဆက်ပြောသည်။
"အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေက မိစ္ဆာဂိုဏ်းနဲ့ သေချာပေါက် ပတ်သက်နေတယ်... ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိစ္ဆာဂိုဏ်းက အဖွဲ့တစ်ဖွဲ့ ငါတို့ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ ကိစ္စ၊ ပြီးတော့ ပိရွှေဂိုဏ်းရဲ့ တိုက်ခိုက်မှု၊ ပြီးတော့ မကြာသေးခင်က ယင်မိစ္ဆာဂိုဏ်းရဲ့ အဖွဲ့တွေက ဂိုဏ်းတွေ၊ မျိုးနွယ်စု အမျိုးမျိုးကို ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်တွေက ချင်းယွင်ဂိုဏ်းသာ ရှုံးနိမ့်သွားရင် ငါတို့ ကျိုယန်ဂိုဏ်းလည်း ချမ်းသာခွင့် ရမှာ မဟုတ်ဘူး ဆိုတာကို ညွှန်ပြနေတာပဲ... ဒါကြောင့် ဂိုဏ်းချုပ်က ထိပ်တန်း တပည့် တစ်စုကို ပုန်းအောင်းဖို့ စီစဉ်ထားပြီးပြီ... အခြေအနေ ပြောင်းလဲသွားရင် ငါလည်း မင်းကို ချက်ချင်း ဆုတ်ခွာနိုင်ဖို့ စီစဉ်ပေးမယ်... မင်းညီမလေး အတွက်ကတော့ သူမ အမြန် ထွက်လာတာနဲ့ ချက်ချင်း ထွက်သွားဖို့ ပြောဖို့ ဂိုဏ်းရဲ့ အကြီးအကဲ တချို့ အဲ့ဒီကို သွားနေကြပြီ"
"ဆရာကကော..."
ထိုစကားကို ကြားလျှင် ကျန်းမင်၏ နှလုံးသားမှာ လေးလံသွားတော့သည်။
ထိုသည်မှာ အားနည်းသူများ၏ ဝမ်းနည်းမှုပင် ဖြစ်နိုင်သည်။
"ဒီနေရာက ငါ့အိမ်ပဲလေ..."
"ဆရာ... ဒီနေရာက ကျွန်တော့်အိမ်လည်း ဖြစ်တယ်လေ..."
ထိုစဉ် ဂူဟိုင်က အရင်က တစ်ခါမှ မမြင်ဖူးသော တည်ကြည်လေးနက်သည့် ဟန်ပန်ဖြင့် အမိန့်ပေးလာသည်။
"ဒီတစ်ခါတော့ ငါ့စကားကို နားထောင်စမ်း"
ကျန်းမင်လည်း ခေါင်းညိတ်၍ နာခံရန်သာ တတ်နိုင်တော့၏။ သူ လှည့်၍ ချင်းယွင်ဂိုဏ်း ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများမှာ တောက်ပနေပေသည်။
"မင်း အခုဆို ရွှေအမြူတေ အဆင့်ကို ရောက်နေပြီပဲ... တကယ်တော့ မင်းရဲ့ မွေးရာပါ ပါရမီကို ဂိုဏ်းထဲက လူအနည်းငယ်လောက်ပဲ ယှဉ်နိုင်တာ... လောကကြီး တစ်ခုလုံးကို အံ့အားသင့်စေခဲ့တဲ့ မင်းညီမလေး အကြောင်း ပြောစရာတောင် မလိုဘူး... ဒါကြောင့် ငါတို့ဆီမှာ လူအနည်းငယ်ပဲ ရှိပေမဲ့ တခြား တောင်ထွတ်တွေထက် မညံ့ပါဘူး"
ဂူဟိုင်က ဆက်ပြောသည်။
"အတိတ်က အတိတ်မှာပဲ ပြီးသွားပြီ... ဒီနေရာကို သမိုင်း တစ်ခုအဖြစ်ပဲ ထားလိုက်ကြစို့"
စကားဆုံးသည်နှင့် သူက မီးတောက် တစ်ခုကို ထုတ်လွှတ်လိုက်ရာ နန်းဆောင် အပျက်အစီးများကို ပြာကျသွားစေတော့သည်။
ကျန်းမင်က ဝင်ပြောလိုက်၏။
"ဆရာ အဲ့ဒါတွေကို လွှတ်ချနိုင်တာ အကောင်းဆုံးပါပဲ... ဆရာ့ အိုမင်းမစွမ်း ဖြစ်လာတဲ့ အချိန်ကျရင် ညီမလေးနဲ့ ကျွန်တော်က သေချာ ဂရုစိုက် စောင့်ရှောက်ဖို့ တာဝန်ယူပါ့မယ်"
"မင်းက ငါ့ကို စောစော သေဖို့ ကျိန်စာတိုက်နေတာလား... ငါက အင်မော်တယ် တစ်ပါး အဖြစ် အသက်ရှင်ဖို့ ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မြှင့်တင်ဖို့ တွေးနေတုန်းပဲ ရှိသေးတာ"
ဂူဟိုင်က နှာခေါင်းရှုံ့လိုက်သည်။
"ဆရာကလား..."
"မင်းက မင်းဆရာကို အထင်သေးနေတာလား"
"ဟား ဟား..."
"မင်း ပျင်းရိနေတာကို ကြည့်ရတာ ငါ့ကို ဒေါသထွက်စေတယ်... သွား... ငါ့အတွက် ဟင်း ၃၂ မျိုး ချက်ပေး... တစ်ပွဲ လျော့သွားတာနဲ့ မင်းကို ကြိုးဆွဲချပြီး ရိုက်ပစ်မယ်"
"အဘိုးကြီး... ဒါ အနိုင်ကျင့်တာပဲ..."
"ဟဲ ဟဲ... ငါက မင်းရဲ့ ဆရာလေ"
"ဟူး... တကယ်ကို ခိုင်လုံတဲ့ အကြောင်းပြချက်ပါပဲ..."
ကျန်းမင်လည်း ကူကယ်ရာမဲ့စွာဖြင့် ထွက်ခွာသွားတော့သည်။
အဘိုးအို ဝပြောစွာ စားသောက်ပြီးနောက် မထွက်ခွာမီ ကျန်းမင်ကို မှာကြားခဲ့၏။
"တကယ်လို့ ငါတို့ ဂိုဏ်းသာ ဒီကပ်ဘေးကနေ အသက်ရှင် လွတ်မြောက်ခဲ့ရင် ငါ့ရဲ့ ပထမ အကြီးအကဲကို လင်းလုံဆီ လွှဲပေးလိုက်မယ်... မင်းက တပည့်တွေ လက်ခံဖို့နဲ့ ချူယန်တောင်ထွတ်ကို ပိုမြင့်မားတဲ့ အဆင့်ရောက်အောင် လုပ်ပေးဖို့ ပထမ အကြီးအကဲရဲ့ ကိုယ်စားလှယ် ဖြစ်လာလိမ့်မယ်"
ကျန်းမင် နှုတ်ခမ်းဟသွားပြီး သူ့ လက်ခလယ်ကို ထောင်ပြလုနီးပါး ဖြစ်သွားသော်လည်း မသင့်တော်ဟု ခံစားရသဖြင့် အလျင်အမြန် ပြန်ရုတ်လိုက်ရသည်။ နောက်ဆုံးတွင် သူက တိုးတိုးလေး ညည်းတွားလိုက်၏။
"တပည့်တွေ လက်ခံရမယ် ဟုတ်လား... ငါ ဒုက္ခ မရောက်ချင်ပါဘူး... ဒီအဘိုးကြီးက ငါ့ကို အမိဖမ်းထားနိုင်ပြီလို့ ထင်နေတာလား... ညီမလေးရဲ့ နေရာက အခုဆို ဂိုဏ်းမှာ အမြင့်ဆုံး ဖြစ်နေပေမဲ့ သူမက ငါ့စကားပဲ နားထောင်မှာပါ..."
သူက တောင်နောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့ဆရာဖြစ်သူက အချိန်မရွေး ထွက်ပြေးနိုင်ရန် ကြိုတင် ပြင်ဆင်ထားစေဖို့နှင့် အတိတ်ကို လွှတ်ချလိုက်ပြီ ဖြစ်ကြောင်း ပြသရန် ဤအရာများ အားလုံးကို ပြောပြနေခြင်း ဖြစ်မှန်း သူ သိထားပေသည်။
ထိုညတွင်ပင် ချင်းယွင်ဂိုဏ်း ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ချိန်၌ ကျန်းမင်၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်လာခဲ့သည်။
နောက်ဆုံးတွင်တော့ အပြောင်းအလဲကြီး ရောက်လာခဲ့လေပြီ။
End
***