တန်ယန်သည် ဖုန်းကိုကိုင်ထားရင်း ရုတ်တရက် အသက်ရှူပင် ကြပ်သွားသလို ခံစားလိုက်ရသည်။ သူမက အားနာရုံသက်သက် ယဉ်ကျေးပျူငှာစွာ ပြောလိုက်ခြင်းသာ ဖြစ်ပါသော်လည်း...
တန်ယန်: "ဝေ့ယီဂဲမှာပေါ့၊ အစ်ကိုအားတဲ့ အချိန်ပေါ့နော် 【ချစ်စရာကောင်းသောပုံ】"
ယွမ်ရှီး: "တော်သေးတာပေါ့၊ အစ်ကို လာမယ့်အပတ် S မြို့တော်မှာ အလုပ်ကိစ္စ ရှိနေတာနဲ့ အတော်ပဲ အဲဒီကျရင် တွေ့ကြမလား"
တန်ယန်: "ဟုတ်ကဲ့"
ယွမ်ရှီးနှင့် စကားပြောပြီးနောက် တန်ယန်၏ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားသည်။ ထမင်းတစ်နပ် စားရုံပဲလေ၊ ဘာပဲဖြစ်ဖြစ် သူမလည်း ဝေ့ယီဂဲမှာပဲ စားမည်ဖြစ်သည်။
တစ်ပတ်တာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး စနေနေ့သို့ ရောက်ရှိလာသည်။ ယွမ်ရှီးသည် ရုပ်ဖျက်ရန်အတွက် အပေါ်မှ အထပ်ထပ် ဖုံးအုပ်ထားလျက် မန်နေဂျာ ကျောက်ခေါနှင့်အတူ ဝေ့ယီဂဲရှိ 'ရီရှန့်' အခန်းသို့ ရောက်ရှိလာခဲ့သည်။
လာရာလမ်း တစ်လျှောက်တွင်မူ
"မဟုတ်ဘူးလေ... မင်းတို့နှစ်ယောက် ထမင်းစားမှာကို ငါကဘာလို့ကြားက ကြားညှပ် လိုက်ပေးရမှာလဲ"
ကျောက်ခေါက သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။ သူသည် အားလပ်ရက်မှာ အိပ်ချင်သလောက်အိပ်ရန် စီစဉ်ထားပါသော်လည်း ယွမ်ရှီးက သူ့ကို မနက်စောစောစီးစီး နှိုးခဲ့ခြင်းဖြစ်သည်။
ယွမ်ရှီးက သူ့ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်မှသာ ကျောက်ခေါသည် သူပြောလိုက်မိသည့် စကားကို သတိပြုမိသွားတော့သည်။ အိုး... သွားပြီ၊ ယွမ်ရှီး၏ လျှို့ဝှက်ချက်ကို သူဘယ်လိုများ လွှတ်ခနဲ ပြောလိုက်မိတာလဲ။ သူတော့ အသတ်ခံရတော့မည်လား။
ကျောက်ခေါသည် အပြစ်ရှိသလို ခံစားရသဖြင့် ကားဒရိုင်ဘာဘက်သို့ လှည့်ကာ
"ရှောင်ကျိုး... အဲကွန်းလေး နည်းနည်းလောက် ထပ်တင်ပေးဦး ဘာလို့ ဒီလောက် အေးနေရတာလဲ ငါတော့ ဖျားတော့မှာလား မသိဘူး"
ဟု စကားလမ်းကြောင်း လွှဲလိုက်ရသည်။
"တန်ယန်နဲ့ ကျွန်တော်က သာမန် သူငယ်ချင်းတွေပါ ကျောက်ခေါ ခဏနေရင် စကားကို ဆင်ဆင်ခြင်ခြင် ပြောပေးပါဦး"
ယွမ်ရှီးသည် ကျောက်ခေါကို မျက်နှာသေဖြင့် မှာကြားလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ထူးဆန်းသော ခံစားချက်တစ်ခု ကပ်ငြိနေဆဲ ဖြစ်သည်။ သူသည် တန်ယန်အပေါ် တစ်ခုခု ထူးထူးခြားခြား ရှိနေလို့လား။ ဘာကြောင့် ကျောက်ခေါက သူတန်ယန်ကို စိတ်ဝင်စားနေသည်ဟု ထင်နေရတာလဲ။ သူက သူမနှင့် နောက်ထပ် လက်တွဲအလုပ်လုပ်ချင်ရုံ သက်သက်သာြဖစ်သည်။
သူသည် တန်ယန်နှင့် ဆက်ဆံခဲ့သမျှကို အသေအချာ ပြန်လည်စဉ်းစားကြည့်သော်လည်း အရာအားလုံးမှာ အလွန်ပင် ပုံမှန်ဖြစ်နေသည်ကို တွေ့ရသည်။ ကျောက်ခေါကတော့ အလုပ်မအားလို့ လျှောက်တွေးနေတာ နေမှာပါဟု သူ ကောက်ချက်ချလိုက်သည်။
"အေးပါ... အေးပါ ငါပါးစပ်ပိတ်ပြီး စားရုံပဲစားပါ့မယ်၊ စိတ်မပူနဲ့"
ကျောက်ခေါက အလျှော့ပေးလိုက်သော်လည်း စိတ်ထဲတွင်မူ 'ယွမ်ရှီးသာ တန်ယန်လို ထူးချွန်တဲ့ မိန်းကလေးမျိုးကို ရည်းစားအဖြစ် ရခဲ့လျှင်တော့ ဒါက မဆိုးတဲ့ကိစ္စပဲ' ဟု တွေးနေမိသည်။
ချိန်းထားသည့်အချိန် မတိုင်မီ ၁၀ မိနစ်အလိုတွင် တန်ယန်သည် မီကိုနှင့် အခြားသူငယ်ချင်းများကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
"ဝါး မင်္ဂလာပါ ယွမ်ရှီး၊ ကျွန်မက အစ်ကို့ရဲ့ ဖန်တစ်ယောက်ပါ"
ရှုရှင်းယန်သည် ယွမ်ရှီးကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး အမြန်ပင် ရှေ့သို့တိုးကာ မိတ်ဆက်လိုက်သည်။
"ကျွန်မနာမည်က ရှုရှင်းယန်ပါ တန်ယန်ရဲ့ အတန်းဖော်နဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါ အစ်ကိုတို့ ထမင်းစားဖို့ ချိန်းထားတယ်ဆိုတာကြားလို့ မဖိတ်ဘဲနဲ့ ရောက်လာမိတာပါအနှောင့်အယှက်များ ဖြစ်သွားလားဟင်"
ယွမ်ရှီးကပြုံးလျက် ထရပ်လိုက်ပြီး
"အခုလို ပြောပေးတာ ကျေးဇူးတင်ပါတယ် ဧည့်သည်ဆိုတာ ရောက်လာတဲ့သူပဲလေ၊ ဘယ်လိုလုပ်ပြီး အနှောင့်အယှက် ဖြစ်မှာလဲ နောက်ပြီး ဒီနေ့က မိတ်ဆွေဟောင်းတွေ တွေ့ဆုံပွဲပဲဥစ္စာ ကျွန်တော်လည်း သူငယ်ချင်းအသစ်တွေ ထပ်ရတာကို ဝမ်းသာပါတယ်"
"ယွမ်ရှီး... တို့တွေ ပြန်တွေ့ကြပြန်ပြီနော် အယ်လ်ဘမ် အရောင်းရဆုံး ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်"
မီကိုနှင့် ယွမ်ရှီးတို့မှာ ယခုမှ စတင်တွေ့ဆုံကြခြင်း မဟုတ်ပေ။ ပြီးခဲ့သော သီချင်းဗီဒီယို ရိုက်ကူးခဲ့စဉ် ကတည်းက သူတို့နှစ်ဦးမှာ အတော်လေး အဆင်ပြေပြေ ရှိခဲ့ကြသူများ ဖြစ်ကြသည်။
"ရှောင်မီကို... မတွေ့ရတာကြာပြီ၊ အဆင်ပြေရဲ့လား"
ယွမ်ရှီးသည် ရင်းနှီးပြီးသားသူများကို တစ်မျိုးတစ်ဖုံ နှုတ်ဆက်တတ်သည့် အမူအရာကြောင့် ရှုရှင်းယန်ပင် အနည်းငယ် မနာလို ဖြစ်သွားရသည်။
"ယွမ်ရှီးနဲ့ယှဉ်ရင်တော့ ကျွန်မက အလုပ်များတယ်လို့တောင် မပြောရဲပါဘူး ဒါပေမဲ့ အထက်တန်း ပထမနှစ်တုန်းကထက် စာရင်တော့ တကယ်ကို ပိုပြီးပင်ပန်းတယ်"
မီကိုက နှာခေါင်းလေးရှုံ့ကာ ချစ်စဖွယ် ပြောလိုက်သည်။
"ဆက်ပြီးကြိုးစားပါ၊ မင်းရဲ့ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ငါယုံကြည်ပါတယ်"
ယွမ်ရှီး၏ နူးညံ့ပြီး အားပေးစကားများကြောင့် မီကိုမှာ စိတ်ဓာတ်များ ပြန်လည် တက်ကြွသွားရသည်။ သူမက
"ဟုတ်ကဲ့"
ဟု ခေါင်းကို ငြိမ့်ပြလိုက်သည်။
ထို့နောက် ယွမ်ရှီးသည် သူ၏အကြည့်ကို တန်ယန်ထံသို့ လွှဲလိုက်သည်။ တန်ယန်၏ ဘေးတွင်တော့ အနည်းငယ် ခေါင်းမာပြီး ပေတေတေနိုင်သော ကောင်လေးတစ်ယောက်လည်း တိတ်ဆိတ်စွာ ရှိနေသည်ကို သူသတိပြုမိလိုက်၏။
သူက ဦးဆောင်၍ စကားစလိုက်သည်။
"တန်ယန်... ရှိုပင်အထူးဆု ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီနေ့ ထမင်းစားပွဲကိုတော့ အစ်ကိုကပဲ ဧည့်ခံပါရစေ"
ထို့နောက် သူသည် လောင်ဝေအန်းဘက်သို့ လှည့်ကာ
"မင်းကလည်း တန်ယန်ရဲ့ အတန်းဖော်ပဲ မဟုတ်လား မင်္ဂလာပါ၊ ငါ့နာမည်က ယွမ်ရှီးပါ"
ဟု နှုတ်ဆက်လိုက်သည်။
လောင်ဝေအန်းသည် ယွမ်ရှီးကမ်းပေးထားသော လက်ကို ဆုပ်ကိုင်လိုက်ရင်း
"မင်္ဂလာပါ၊ ကျွန်တော်က လောင်ဝေအန်းပါ"
ဟု ပြန်လည်မိတ်ဆက်သည်။
အမြဲတမ်း စကားဝိုင်းကို သက်ဝင်အောင် လုပ်တတ်သည့် မန်နေဂျာကျောက်ခေါကလည်း
"ဝါး မင်းတို့လို လူငယ်လေးတွေနဲ့ အတူရှိနေရတာ ငါ့ကိုယ်ငါ ၁၀ နှစ်လောက် ပြန်ငယ်သွားသလိုပဲ အားလုံးပဲ မင်္ဂလာပါ၊ ငါ့နာမည်က ကျောက်ခေါပါ၊ ယွမ်ရှီးရဲ့ မန်နေဂျာပေါ့ သူက ငါ့ကို အစ်ကိုကျောက်လို့ ခေါ်တယ်၊ မင်းတို့လည်း အဲဒီလိုပဲ ခေါ်လို့ရပါတယ် ဟားဟား အားလုံးပဲ ဗိုက်ဆာနေကြပြီလား တစ်ခုခု စားကြမလား"
ဟု ဝင်ရောက်ပြောဆိုလိုက်သည်။
အားလုံး နေရာယူပြီးသည့်နောက်တွင် ဝန်ထမ်းများက ဟင်းလျာများကို စတင် တည်ခင်းပေးပါသည်။ ရွမ်ဝေမှာမူ အပြင်တွင် အလုပ်များနေသဖြင့် အထဲသို့ ဝင်ရောက် နှုတ်ဆက်နိုင်ခြင်း မရှိသေးပေ။
"ဝေ့ယီဂဲရဲ့ နာမည်ကြီးမှုကို ကြားဖူးတာ ကြာပါပြီ၊ ဒါပေမဲ့ ဒီလိုမျိုး လာစားခွင့် ရလိမ့်မယ်လို့တော့ မထင်ထားဘူး ဒီနေ့အတွက် တန်ယန်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ် အစ်ကိုကတော့ အရက်အစား လက်ဖက်ရည်နဲ့ပဲ အားလုံးကို ဂုဏ်ပြုလိုက်ပါရစေ"
ကျောက်ခေါသည် လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်ပြီး ခွက်ကို ချလိုက်သည့်အခါ နှုတ်ခမ်းကိုသပ်ရင်း ချီးကျူးလိုက်သည်။
"လက်ဖက်ရည်ကောင်းပဲ၊ ဝေ့ယီဂဲက လက်ဖက်ရည် ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့"
တန်ယန်က အသာအယာ ပြုံးလိုက်ရင်း
"အစ်ကို ကြိုက်တယ်ဆိုရင် နောက်မှဝယ်သွားလို့ ရပါတယ်ရှင် ဒီလက်ဖက်ရည်က ဒီမက်မွန်ရနံ့သင်းတဲ့ ကိတ်မုန့်လေးနဲ့ တွဲစားရင် ပိုပြီး အရသာရှိတယ်"
ဟု အကြံပြုလိုက်သည်။
အားလုံးက တန်ယန်ပြောသကဲ့သို့ တွဲဖက်စားကြည့်ကြရာ ကိတ်မုန့်တစ်မျိုးတည်း စားခြင်း သို့မဟုတ် လက်ဖက်ရည် တစ်မျိုးတည်း သောက်ခြင်းထက် ပို၍ နက်ရှိုင်းသော အရသာကို ခံစားလိုက်ရသည်။
"ယန်ယန်... ဒီလိုတွဲစားတာ တကယ်ကို အံ့သြဖို့ကောင်းတာပဲ ဒီစိတ်ကူးကို နင်ဘယ်လိုများ ရခဲ့တာလဲ"
မီကိုသည် အစားအသောက်နှင့် ပတ်သက်လျှင် အမြဲတမ်း စူးစမ်းလိုစိတ် ပြင်းပြသူတစ်ဦးဖြစ်ရာ ဝမ်းသာအားရ မေးလိုက်တော့သည်။
"အရွယ်ရောက်ပြီးသား အမျိုးသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တောင် ဒါကို တကယ် အရသာရှိတယ်လို့ ထင်မိတယ်နာမည်ကျော် ဝေ့ယီဂဲကတော့ တကယ်ကို နာမည်နဲ့လိုက်အောင် ကောင်းတာပဲ"
ရှုရှင်းယန်က အားရပါးရ ပြောဆိုလိုက်ရင်း ဒီနေ့မှ ထူးထူးခြားခြား စိတ်မပါလက်မပါ ဖြစ်နေပုံရသော လောင်ဝေအန်းကို ပုခုံးဖြင့် အသာတွန်းလိုက်သည်။
"တကယ်ကောင်းတယ်"
လောင်ဝေအန်းက လက်ဖက်ရည်ခွက်ကိုချကာ လေသံပျော့ပျော့ဖြင့် ချီးကျူးလိုက်သည်။
"ဟဲ့ ကုလားအုတ်.... နင်ဒီနေ့ ဘာဖြစ်နေတာလဲ"
မီကိုက နားမလည်နိုင်သလို မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ နည်းနည်းပင်ပန်းနေလို့ပါ"
တန်ယန်လည်း ကြောင်တောင်တောင် ဖြစ်သွားရသော်လည်း လောင်ဝေအန်းက ဆက်မပြောတော့ပေ။
"ဟားဟား... သူ့ကိုယ်စား ငါပဲ ပြောပြလိုက်မယ်"
ရှုရှင်းယန်က ပြုံးစိစိဖြင့် စကားဝိုင်းကို လွှဲယူလိုက်ကာ
"အရင်က တန်ယန်မှာ ဘီချွန်ဖရီးစ် ခွေးလေးတစ်ကောင် ရှိတယ်မဟုတ်လား တို့တွေအားလုံးက အဲဒီခွေးလေးကို ချစ်စရာကောင်းတယ်လို့ ထင်ကြတော့ ကုလားအုတ်ကလည်း အိမ်မှာမွေးဖို့ဆိုပြီး တိရစ္ဆာန်ရောင်းတဲ့ဆိုင်မှာ ခွေးတစ်ကောင် ဝယ်ခဲ့တယ်လေ"
"ခွေးမွေးတာ ဘာပြဿနာရှိလို့လဲ နင်တို့အိမ်က ခွင့်မပြုလို့လား"
တန်ယန်က မေးကြည့်လိုက်သည်။
လောင်ဝေအန်းက သူမကို ကြည့်လိုက်သည့် အကြည့်မှာ ဝမ်းနည်းပက်လက် ဖြစ်နေပြီး သူမကပဲ သူ့အပေါ် တစ်ခုခု မှားယွင်းစွာ လုပ်ဆောင်ခဲ့သလိုမျိုး ဖြစ်နေသည်။
"ဟူး... ဒါပေမဲ့ သူဝယ်လာတဲ့ခွေးက ဟက်စကီး ဖြစ်နေတာလေ"
ရှုရှင်းယန်က သူငယ်ချင်းဖြစ်သူကို လှောင်ပြောင်ရန် ဝန်မလေးပေ။
"သူက အဲဒီဟက်စကီးကို 'ဂျင်နရယ်' လို့တောင် နာမည်ပေးထားသေးတာ ဟားဟားဟား... ခွေးပေါက်လေး ဘဝတုန်းကတော့ အဆင်ပြေပါသေးတယ်၊ အခု ခွေးကကြီးလာတော့ နေ့တိုင်း အားတွေလျှံနေတာ တစ်နေ့ကို တစ်နာရီထက်ပိုပြီး အပြင်ထွက် လမ်းမလျှောက်ပေးရင် အိမ်ကို ဖျက်ဆီးတော့တာပဲ"
"ဒါပေမဲ့ တစ်နာရီလောက် လမ်းလျှောက်တာ ဘာခက်လို့လဲ ငါတောင် လေ့ကျင့်ခန်းလုပ်ဖို့ တစ်နေ့ကို တစ်နာရီလောက် ပြေးနေတာပဲဥစ္စာ"
မီကိုက သူမ၏ အပြစ်ကင်းစင်သော မျက်လုံးလေးများကို ပုတ်ခတ်ရင်း မေးလိုက်သည်။
"မနေ့က ငါ အိမ်ပြန်နောက်ကျသွားလို့ ဂျင်နရယ်က မေမေ့အခန်းထဲ ခိုးဝင်သွားတာလေ အဲဒါနဲ့ မေမေ့ရဲ့ အလှကုန်ပစ္စည်းအသစ်တွေ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်တာတင် မကဘူး၊ 'D Brand' က အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ဖိနပ်တစ်စုံကိုပါ ကိုက်ဖြတ်ပစ်လိုက်တာ အဲဒါကြောင့် မနေ့ညက ဂျင်နရယ်နဲ့ငါ အိမ်ပေါ်က အနှင်ခံလိုက်ရပြီး 'ဂေါ်ရီလာ' ရဲ့အိမ်မှာ သွားအိပ်ခဲ့ရတယ် ငါကလည်း သူစိမ်းအိမ်ဆို မအိပ်တတ်တော့ တစ်ညလုံး မျက်စိကြောင်နေတာပေါ့"
လောင်ဝေအန်းက နစ်နာသူ တစ်ယောက်ကဲ့သို့ လေသံဖြင့် ပြောပြသည်။
"ဖူး... ဟားဟားဟား"
မီကိုက မထိန်းနိုင်တော့ဘဲ ဟားတိုက်၍ ရယ်မောလိုက်တော့သည်။
"အဲဒီတော့... နင် ဒီနေ့လည်း အိမ်ပြန်လို့ မရသေးဘူးပေါ့ ဟားဟားဟား"
လောင်ဝေအန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ပြသည်။
"မေမေကတော့ ငါတို့နှစ်ကောင်လုံးကို တစ်လလောက် မျက်နှာမမြင်ချင်ဘူးတဲ့"
"ဖူး"
ကျောက်ခေါသည်လည်း မအောင့်နိုင်ဘဲ ရယ်မိသွားရာ လောင်ဝေအန်းက လှမ်းကြည့်လာသဖြင့် အမြန်ပင် ဆင်ခြေပေးလိုက်ရသည်။
"အစ်ကိုက... ရုတ်တရက် ဟာသတစ်ခု သတိရသွားလို့ပါ... မင်းကိုရယ်တာ မဟုတ်ပါဘူး"
လောင်ဝေအန်း၏ အကြည့်ကတော့
'ခင်ဗျား ကျွန်တော့်ကို ငတုံးထင်နေတာလား၊ ခင်ဗျားပြောတာ ခင်ဗျားကိုယ်တိုင်ရော ယုံရဲ့လား'
ဟု မေးနေသယောင် ရှိသည်။
"ဒါဆို... နင်တကယ်ပဲ အိမ်မပြန်တော့ဘူးလား"
တန်ယန်က အရေးကြီးဆုံး မေးခွန်းကို မေးလိုက်သည်။ သူမအထင်တော့ လောင်ဝေအန်း၏ မိခင်မှာ စိတ်ဆိုးပြီး ပြောလိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သားဖြစ်သူကို အိမ်ပြန်မလာအောင် တကယ်ကြီး တားဆီးထားမည် မဟုတ်ပေ။ အကယ်၍ လောင်ဝေအန်းသာ နှစ်ရက်၊ သုံးရက်လောက် အိမ်ပြန်မလာလျှင် သူမ၏မိခင်ကပင် စတင် စိုးရိမ်လာပေလိမ့်မည်။
"နင်နားမလည်ပါဘူး၊ ငါ့မေမေက တကယ့်ကို အဲဒီလို လူစားမျိုးပါ ငါထင်တာတော့ သူက ဂျင်နရယ်ကို အကြောင်းပြပြီး ငါ့ကို အိမ်ကနေ မောင်းထုတ်လိုက်တာပဲ အဲဒါမှ ငါက ငါ့အဖေဆီမှာသွားပြီး အချိန်ဖြုန်းရမှာလေ တစ်ခါတလေကျရင် ငါ့ကိုယ်ငါ ဒီကမ္ဘာပေါ်ကို မတော်တဆ ရောက်လာတဲ့ သူလို့တောင် ခံစားရတယ်... ဟူး" လောင်ဝေအန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။
***