လောင်ဝေအန်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုကုပ်လိုက်ရင်း
"ရပါတယ်၊ ငါကတော့ ဘယ်မှာဖြစ်ဖြစ် နေလို့ရပါတယ် ဂျင်နရယ်အတွက် နေစရာ အဆင်ပြေသွားပြီ ဆိုရင်ပဲ ငါစိတ်အေးရပါပြီ ဟီးဟီး ကျေးဇူးတင်ပါတယ် သူဌေးမလေး ယန်ယန်ရေ နင့်ဆီကို 'အနီရောင်စာအိတ်' လေးတစ်ခု ပို့ထားတယ်၊ လက်ခံပေးပါဦးနော်၊ ဒါက လောလောဆယ် ဂျင်နရယ်ရဲ့ စားစရိတ်ပေါ့"
တန်ယန်မှာ ငွေမရှားသော်လည်း ဂျင်နရယ်မှာ နောက်ဆုံးတော့ သူ့ခွေးသာဖြစ်သည်။ စောင့်ရှောက်ခမှာ တစ်ပိုင်း၊ အစားအသောက် စရိတ်မှာ တစ်ပိုင်းဖြစ်ရာ ၎င်းကိုပေးချေရန် လိုအပ်သည်ဟု သူခံစားရသည်။ လောင်ဝေအန်းသည် သူငယ်ချင်းများကို ဘယ်သောအခါမှ အနစ်နာမခံစေလိုသူ ဖြစ်သည်။
"ကောင်းပြီလေ"
တန်ယန်က တစ်ခုခုကို တွေးမိသလို အသာအယာ ပြုံးလိုက်သည်။ သူမ မငြင်းလိုက်ပေ။ လောင်ဝေအန်း၏ ခံစားချက်ကို သူမနားလည်သကဲ့သို့ စားစရိတ်ကို လက်ခံလိုက်မှသာ သူ စိတ်အေးလက်အေး ရှိမည်ကိုလည်း သိနေသည်။
သူမသည် ဂျင်နရယ်ကို အိမ်သို့ခေါ်လာခဲ့ရာ ယိတျန်တျန်က အပြင်သို့ ထွက်ကြိုလေသည်။
【အရှင် ပြန်လာပြီပဲ ဒီခွေးက ကြည့်ရတာတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ကျွန်တော့်လောက်တော့ မချောပါဘူးလေ】
မာန်ပါသော အသံလေးတစ်ခု စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
တန်ယန်သည် သူမ၏ အိမ်မွေးတိရစ္ဆာန်လေးက မောက်မာပြီး အထက်စီးဆန်သော သဘာဝကို သိရှိထားသဖြင့် နူးညံ့ဖြူဖွေးသော အမွှေးလေးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
【ဒါပေါ့၊ တို့ရဲ့ ယိတျန်တျန်လေးက ချစ်စရာကောင်းဆုံး ခွေးလေးပါ၊ ဘယ်သူနဲ့မှ မနှိုင်းသာပါဘူး】
【ဟီးဟီး၊ တကယ်တော့ အဲဒီလောက်လည်း မဟုတ်ပါဘူး】
ယိတျန်တျန်သည် အနည်းငယ် ရှက်သွားကာ တန်ယန်၏ လက်ဖဝါးကို ပွတ်သပ်လိုက်သည်။
"ဂျင်နရယ်... ဒါက ယိတျန်တျန်လေ၊ သူနဲ့ အဆင်ပြေအောင် နေရမယ်နော်"
တန်ယန်က ဂျင်နရယ်ကို ပုတ်ပေးလိုက်သည်။ ဂျင်နရယ်၏ ကြောင်တောင်တောင် မျက်နှာပေးကိုကြည့်ကာ သူမ ရယ်ချင်သွားရသည်။ ဟက်စကီးတွေက အိမ်ကိုမဖျက်ဆီးတဲ့ အချိန်မျိုးမှာဆို တကယ်ကို ချစ်စရာ ကောင်းလှသည်။
"ဝု... ဝု... ဝု"
ဂျင်နရယ်က ယိတျန်တျန်ကို နှစ်ချက်မျှ ဟောင်လိုက်သည်။
ဟက်စကီး၏ ဟောင်သံကို ကြားလိုက်ရသည့်အခါ ယိတျန်တျန်သည် ရုတ်တရက် ခုန်ထလိုက်ပြီး
"ဝု ဝု ဝု ဝု ဝု"
ဟု ပြန်လည် အော်ဟစ်တော့သည်။
ခဏကြာသည်အထိ ခွေးဟောင်သံများမှာ တစ်လှည့်စီ ထွက်ပေါ်နေခဲ့ပြီး အတော်ကြာမှ ငြိမ်သက်သွားတော့သည်။
【ဟွန့် ဒီခွေးက ဆရာကြီး လုပ်ချင်နေတာကိုး ကျွန်တော်က နည်းနည်းလေး ပညာပေးလိုက်တော့ အခု ကျွန်တော့်ကို 'အစ်ကိုကြီး' လို့တောင် ခေါ်နေပြီ အရှင်... နောက်ကျရင် သူဆိုးတာနဲ့ ကျွန်တော်ပဲ အရှင့်ကိုယ်စား ဆုံးမပေးမယ်】
သူ့လေသံမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး
"ငါ့ကို ချီးကျူးလိုက်စမ်းပါ"
ဟု တောင်းဆိုနေသကဲ့သို့ပင်။
တန်ယန်သည် ခွေးနှစ်ကောင် မည်သို့သောအရာကို အသုံးချကာ ဆက်သွယ် စကားပြောကြသနည်းဟု သိလိုသဖြင့် မေးကြည့်လိုက်သည်။
သို့သော် ယိတျန်တျန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် -
【ကျွန်တော်... ကျွန်တော်က သူ့ကို ချောမောလှပတဲ့ 'ဇနီးမယား' တစ်ယောက် ရှာပေးမယ်လို့ ပြောလိုက်တာလေ၊ အဲဒီတော့ သူက ဇနီးဆိုတာ ဘာလဲလို့ ပြန်မေးတယ် ကျွန်တော်က နေ့တိုင်း အတူတူ ဆော့လို့ရတဲ့ ခွေးမလေး တစ်ကောင်လို့ ပြောပြလိုက်တာ အဲဒီတော့ သူက... အိုး၊ အရှင်မ... ကျွန်တော်က ဘယ်တော့ရှာပေးမယ်လို့တော့ အတိအကျ မပြောထားပါဘူးနော်】
အကယ်၍သာ မြင်ကွင်းအဖြစ် ဖော်ပြရမည်ဆိုလျှင် တန်ယန်၏ နဖူးပေါ်တွင် အမည်းစက်သုံးကြောင်း ထင်သွားလောက်ပေသည်။ သူမ မှတ်မိသလောက်ဆိုလျှင် ဤဟက်စကီးကြီးက တစ်နှစ်ပင် မပြည့်သေးပါ။
ဂျင်နရယ်တစ်ကောင် တန်ယန်၏အိမ်တွင် နေထိုင်ပြီး ယိတျန်တျန်နှင့် အတူတူ သွားလာနေထိုင်ရသည့် အချိန်များသည် "အပြစ်ဖို့ခံရသူ" ဘဝသက်သက်သာ ဖြစ်သည်။ ခွေးနှစ်ကောင် ပြဿနာတစ်ခုခုရှာတိုင်း ဂျင်နရယ်ကသာ အမြဲတမ်း အပြစ်ပုံချခံရစမြဲ ဖြစ်သည်။ အပြစ်ပေးခံရသည် ဆိုသည်မှာလည်း အခြားမဟုတ်၊ မုန့်စားခွင့် ပိတ်ပင်ခံရခြင်းသာ ဖြစ်သည်။
ထိုအခါမျိုးတွင် ယိတျန်တျန်သည် ဂျင်နရယ်၏ရှေ့၌ မုန့်များကို အေးအေးလူလူနှင့် မြိန်ရည်ယှက်ရည် စားပြလေ့ရှိရာ ဂျင်နရယ်မှာတော့ ကြည့်ရင်းနှင့် သွားရည်တောက်တောက် ကျနေရတော့သည်။
နောက်ပိုင်းတွင် ထိုခွေးနှစ်ကောင်မှာ တန်မိသားစု၏ ဗီလာဝင်းအတွင်း၌သာ ဆော့ကစားရသည်ကို အားမရတော့ဘဲ လူလစ်လျှင်လစ်သလို အိမ်ပြင်သို့ ခိုးထွက်ကာ ရပ်ကွက်ထဲတွင် လျှောက်ပြေးကြတော့သည်။ အိမ်ခြံမြေ စီမံခန့်ခွဲရေးအဖွဲ့မှ ဝန်ထမ်းများ အိမ်တံခါးဝသို့ ရောက်လာချိန်အထိ တန်ယန်တို့တစ်မိသားစုလုံး ဤအကြောင်းကို လုံးဝ မသိရှိခဲ့ကြပေ။
အနည်းငယ် အေးစိမ့်သော ပိတ်ရက် နံနက်ခင်းတစ်ခုတွင် တန်ယန်သည် ခြံထဲရှိ ပန်းစင်အောက်၌ စာဖတ်နေစဉ် စီမံခန့်ခွဲရေးအဖွဲ့မှ ဝန်ထမ်းနှစ်ဦး ရောက်ရှိလာခဲ့သည်။
"မစ္စတန်... မကြာသေးခင်က ညီမလေးရဲ့ ခွေးနှစ်ကောင် အိမ်မှာမရှိဘဲ အပြင်ထွက်သွားတာမျိုး ရှိပါသလား"
ဟု ဝန်ထမ်းတစ်ဦးက ပြုံးလျက် မေးမြန်းလာသည်။
တန်ယန်မှာ အနည်းငယ် ကြောင်သွားရသည်။ ခွေးတွေက အိမ်မှာမရှိဘူးလား။
"ဒီလိုပါ၊ ကျွန်တော်တို့ ကင်းလှည့်နေတဲ့ လုံခြုံရေး ဝန်ထမ်းတွေ သတိထားမိတာက... မကြာသေးခင်က နေ့လယ်ခင်းတိုင်းမှာ အဖြူရောင် ဘီချွန်ဖရီးစ် ခွေးလေးတစ်ကောင်နဲ့ အရမ်းချောတဲ့ ဟက်စကီးကြီး တစ်ကောင်က ရပ်ကွက်ထဲမှာ လျှောက်ပြေးနေပြီး ပန်းပင်တွေ၊ သစ်ပင်တွေကို အတော်များများ ဖျက်ဆီးနေကြလို့ပါ"
"နောက်ပြီး အိမ်ရှင်တစ်ယောက်ကလည်း အဲဒီခွေးတွေက သူ့ကလေးကို ခြောက်လှန့်တယ်လို့ လာတိုင်ပါတယ် ကျွန်တော်တို့ စီစီတီဗွီ မှတ်တမ်းတွေကို ပြန်ကြည့်လိုက်တော့ အဲဒီခွေး နှစ်ကောင်လုံးက နောက်ဆုံးမှာ ညီမလေးတို့ ခြံထဲကို ဝင်သွားတာ တွေ့ရလို့ပါ"
တန်ယန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အတော်လေး အံ့သြသွားသော်လည်း နောက်မှ ပြန်စဉ်းစားကြည့်ရာတွင် ဤသည်မှာ သဘာဝကျသည်ဟု ယူဆလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သူမအိမ်ကခွေးသည် ပုံမှန်ခွေးမဟုတ်ပါ။
【ဒါတွေက ဘာဖြစ်နေကြတာလဲ】
【အရှင်မ... ကျွန်တော်တို့ မလုပ်ပါဘူး ကျွန်တော်တို့က... ဒီအတိုင်း ရပ်ကွက်ထဲမှာ လျှောက်ပြေးရုံတင်ပါ ဟက်စကီးလေးက အားတွေအရမ်းလျှံနေလို့ ကျွန်တော်က သူ့ကို အပြင်ခေါ်ပြီး ဆော့ပေးတာပါ မဟုတ်ရင် သူအိမ်ကို ဖျက်ဆီးပစ်မှာ သေချာတယ်လေ】
【ဒါဆို တခြားသူရဲ့ ကလေးကို ဘယ်လိုဖြစ်ပြီး သွားခြောက်လှန့်ရတာလဲ】
【အဲဒီလူက တကယ်ကို အဓိပ္ပာယ်မရှိတာပါ သူ့ကလေးက အရင်လာပြီး ဂျင်နရယ်ကို ကန်တာလေ ဒါပေမဲ့ ဂျင်နရယ်က လစ်ခနဲ ရှောင်လိုက်လို့ မထိသွားဘူး သူ့ကို နှစ်ချက်လောက် ပြန်ဟောင်လိုက်တာကိုပဲ အဲဒီကလေးက ထအော်ငိုတော့တာပဲ】
【နင်တို့နှစ်ကောင်ကို နောက်မှ ငါကိုင်ရမယ်】
ယိတျန်တျန်ကို မေးမြန်းပြီးနောက်တွင် တန်ယန်သည် အခြေအနေကို ပိုမို သဘောပေါက်သွားသည်။
"တောင်းပန်ပါတယ်ရှင်၊ လူလစ်နေတုန်း သူတို့အပြင်ကို ခိုးထွက်သွားကြတာ ဖြစ်မှာပါ သူတို့ ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေအတွက် ကျွန်မတို့ အကုန်လျော်ပေးပါ့မယ်"
"မစ္စတန်... ပန်းပင်တွေ၊ သစ်ပင်တွေ ပျက်စီးသွားတာကတော့ ကျွန်တော်တို့ဘက်က လျစ်လျူရှုပေးလို့ ရပါတယ်၊ ဒါပေမဲ့ လာတိုင်တဲ့ အိမ်ပိုင်ရှင်ကတော့... ကျွန်တော်တို့လည်း တကယ်ကို အခက်တွေ့နေလို့ပါ"
စီမံခန့်ခွဲရေးအဖွဲ့မှ ဝန်ထမ်းများမှာ အတော်လေး အနေရခက်နေပုံရပြီး အခြားနည်းလမ်း မရှိတော့၍သာ လာရောက်ပြောဆိုခြင်း ဖြစ်ဟန်တူသည်။
"ရပါတယ်၊ အားလုံးကို ဒုက္ခပေးမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ် အဲဒီမိသားစုက ဘယ်လိုမျိုး ဖြေရှင်းပေးစေချင်တာလဲဟင်"
"ဒါကတော့..."
ဝန်ထမ်းများမှာ ပြောထွက်ရန်ပင် အနည်းငယ် ဝန်လေးနေသော်လည်း နောက်ဆုံးတွင် အောင့်သက်သက် အပြုံးဖြင့်ပင် -
"အဲဒီမိသားစုက နည်းနည်းတော့ အပြောရ ခက်တယ်ခင်ဗျ သူတို့ပြောတာကတော့ နောက်နောင် ကလေးတွေကို မခြောက်လှန့်နိုင်အောင် ခွေးကို သတ်ပစ်ရမယ်တဲ့"
ထိုစကားကို ကြားလိုက်ရသည့်အခါ တန်ယန်သည် စိတ်ထဲမှပင် လှောင်ရယ်လိုက်မိသည်။ သူမ၏ခွေး အပြင်ထွက်သွားပြီး လူကိုလန့်စေသည်မှာ မှားယွင်းသော်လည်း ‘ပြဿနာဆိုသည်မှာ အကြောင်းမဲ့ မပေါ်ပေါက်တတ်ပေ’ အကယ်၍ ထိုကလေးက ဂျင်နရယ်ကို အရင်မကန်ခဲ့လျှင် ဂျင်နရယ်ကလည်း ပြန်ဟောင်မည်မဟုတ်။ ဂျင်နရယ်သည် သူမတို့ထံတွင် နေသည်မှာ ရက်ပေါင်း ၂၀ နီးပါး ရှိနေပြီဖြစ်ကာ ယိတျန်တျန်၏ ထိန်းကျောင်းမှုအောက်တွင် အကြောင်းမဲ့ ဟောင်တတ်သည့် ခွေးမျိုးမဟုတ်ပေ။
ထို့အပြင် ယိတျန်တျန်သည် သာမန်ခွေးကလေး မဟုတ်သည့်အတွက် သူမကို လိမ်ပြောလိမ့်မည် မဟုတ်သည်ကိုလည်း သိနေသည်။
"ခွေးကိုသတ်ဖို့ ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး ဖြစ်ခဲ့တဲ့အခြေအနေတွေ စီစီတီဗွီမှတ်တမ်းမှာ ရှိတယ်မဟုတ်လား ကျွန်မရဲ့ခွေးက ကလေးကို ဘယ်လိုမျိုး ခြောက်လှန့်ခဲ့လဲဆိုတာ သိချင်လို့ပါ"
တန်ယန်၏ လေသံမှာ တည်ငြိမ်နေပြီး စိတ်ဆိုးနေပုံ မရသဖြင့် ဝန်ထမ်းနှစ်ဦးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူတို့သည် တန်မိသားစုကို အလွန်အမှတ် ရနေကြသူများ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤရပ်ကွက် အတွင်းရှိ ဇိမ်ခံတိုက်ခန်း ခုနစ်ခန်း၊ ရှစ်ခန်းခန့်ကို တစ်ပြိုင်နက်တည်း ဝယ်နိုင်သူမှာ နောက်ခံနှင့် အရင်းအမြစ် မသေးလှသည်မှာ သေချာသည်။ သူတို့သည် ဤကဲ့သို့သော သူဌေးမျိုးကို အငြိုအငြင် မခံလိုကြပေ။
"ခွေးနဲ့ ကလေးက မြက်ခင်းပြင်ထဲမှာ ရှိနေတာဆိုတော့ စောင့်ကြည့်ကင်မရာ မှတ်တမ်းက သိပ်ပြီး မရှင်းလင်းလှဘူးခင်ဗျကျွန်တော်တို့ မြင်ရတာကတော့ ကလေးက လမ်းလျှောက်သွားတယ်၊ ခွေးက ဘေးကို ခုန်ရှောင်သွားပြီး လှည့်ဟောင်တယ်၊ အဲဒီနောက်မှာ ကလေးက အကျယ်ကြီး အော်ငိုတော့တာပဲ ပြီးမှ သူ့မိဘတွေက ရောက်လာကြတာပါ"
"အော်... ဒါဆိုရင်တော့ သိပါပြီ ကျွန်မခွေးမှာ ကင်မရာလေး တပ်ထားပေးတယ်လေ၊ သူတို့ ပျောက်သွားမှာ စိုးရိမ်လို့ပါ အခု တခြားအရာတွေ မပြောခင် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို အရင်ကြည့်ကြည့်ရအောင်"
တန်ယန်သည် ယိတျန်တျန်ကို ခွေး၏အမြင့်နှင့် အမြင်အာရုံအတိုင်း ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို သူမ၏ဖုန်းထဲသို့ ပေးပို့ရန် ခိုင်းလိုက်သည်။
သူမသည် ဖုန်းကို အနည်းငယ် နှိပ်လိုက်ပြီးနောက် ဓာတ်ပုံအယ်လ်ဘမ်ထဲမှ ဗီဒီယိုတစ်ခုကို ရှာတွေ့သွားကာ စီမံခန့်ခွဲရေး ဝန်ထမ်းများကို ပြသလိုက်သည်။
ဗီဒီယိုထဲတွင် ခွေးနှစ်ကောင်မှာ မြက်ခင်းပေါ်၌ ပျော်ရွှင်စွာ ဆော့ကစားနေကြစဉ် အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်ခန့်ရှိသော ကောင်လေးတစ်ဦးက လျှောက်လာပြီး ကင်မရာရှိရာ (ခွေးဆီသို့) လှမ်းကန်လိုက်သည်။ ထို့နောက် ဗီဒီယိုမှာ လှုပ်ခါသွားပြီး ပတ်ဝန်းကျင် မြင်ကွင်းများကိုသာ ဖမ်းယူနိုင်တော့သည်။
ဗီဒီယို မှတ်တမ်းထဲတွင် ထိုသို့ဖြစ်ပြီးနောက် ခွေးက နှစ်ချက်မျှ ဟောင်လိုက်ရာ ကောင်လေးက စတင် အော်ငိုတော့သည်။ ထို့နောက် အသက် ၅၀ ခန့်ရှိသော အမျိုးသမီး တစ်ဦးသည် မြေပြင်မှ သစ်ကိုင်းတစ်ချောင်းကို ကောက်ယူကာ ကင်မရာကို (ခွေးကို) ရိုက်နှက်လိုက်သည်ကို တွေ့ရသည်။ ထိုအခါမှ ခွေးက ထွက်ပြေးသွားပြီး ဗီဒီယိုထဲတွင်လည်း ခွေးပြေးသွားရာ လမ်းတစ်လျှောက် မြင်ကွင်းများကိုသာ မြင်ရတော့သည်။
စီမံခန့်ခွဲရေး ဝန်ထမ်းများမှာ ဗီဒီယိုကို ကြည့်ပြီးနောက် ဆွံ့အသွားကြသည်။ ကလေးကိုယ်တိုင်က မြက်ခင်းပြင်ထဲ ခိုးဝင်ပြီး ခွေးကို အရင်ကန်ခဲ့ခြင်းဖြစ်ကာ ခွေးက ပြန်ဟောင်လိုက်ရုံနှင့် ကလေးက ခြောက်လှန့်ခံရသည်ဟု ဆိုခြင်းမှာ အဓိပ္ပာယ်မရှိပေ။ သူတို့အမြင်တွင် ထိုကလေးမှာ ခြောက်လှန့်ခံရပုံ မပေါ်ဘဲ ခွေးကို ကန်လိုက်သော်လည်း မထိသည့်အတွက် စိတ်တိုကာ ဂျောက်ဂျက်ကျနေသည့် ပုံစံမျိုးသာ ဖြစ်နေသည်။
ယခုအခါတွင်မူ စီမံခန့်ခွဲရေး ဝန်ထမ်းများ အနေဖြင့် တန်ယန်အား ခွေးကိုသတ်ရန် သို့မဟုတ် အခြားအရေးယူရန် မပြောရဲတော့ပေ။ ထို့ကြောင့် သူတို့သည် တန်ယန်ထံမှ ထိုဗီဒီယိုမှတ်တမ်းကို တောင်းယူကာ နှုတ်ဆက်၍ ပြန်သွားကြတော့သည်။
တန်ယန်သည် ဤကိစ္စမှာ ဤမျှနှင့် အလွယ်တကူ ပြီးဆုံးသွားလိမ့်မည် မဟုတ်ဟု ခံစားနေရသော်လည်း လောလောဆယ်တွင် ဘာမှမလုပ်သေးဘဲ အခြေအနေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
***