တန်ယန်က အယ်လီဆာကို ပေးခဲ့သည့် လက်ဆောင်မှာ တန်ဖိုးအားဖြင့် သန်း ၁၀၀ ကျော်ရှိသည့် ထိပ်တန်း အရည်အသွေးရှိသော ကျောက်စိမ်းနီ လက်ဝတ်ရတနာ တစ်စုံဖြစ်သည်။ ထိုရတနာမျိုးမှာ ငွေရှိရုံနှင့် ဝယ်၍မရနိုင်ဘဲ တကယ့်ကို တန်ဖိုးမဖြတ်နိုင်သည့် အရာမျိုးဖြစ်သည်။
သူမသည် ဤရတနာအစုံကို ကံစမ်းမဲတစ်ခုမှ ရရှိထားခြင်းဖြစ်ပြီး ယင်းတွင် ကျောက်စိမ်းနီသာမက ထိပ်တန်း ခရမ်းရောင်ကျောက်စိမ်းနှင့် ဧကရာဇ်စိမ်းများလည်း ပါဝင်သည်။ အယ်လီဆာအတွက် မင်္ဂလာလက်ဆောင် ရွေးချယ်နေစဉ် ဤကျောက်စိမ်းနီ အစုံကို မြင်လိုက်ရပြီး အယ်လီဆာကဲ့သို့ တက်ကြွရွှင်လန်းသော အမျိုးသမီးမျိုးနှင့် အလွန်လိုက်ဖက်မည်ဟု ယူဆသဖြင့် လက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်လူကလည်း ဤရတနာ၏ တန်ဖိုးကို နားလည်ပုံရသဖြင့် နှမြောစရာမရှိဘဲ ပေးရကျိုး နပ်သည်ဟု တန်ယန် ခံစားလိုက်ရသည်။
တန်ယန်: "အယ်လီဆာ... ဒါကနင့်အတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်ပါ ငါ့ရဲ့ ဆုတောင်းမေတ္တာတွေလည်း ပါတာမို့လို့ နင်သဘောကျတယ် ဆိုရင်ပဲ ငါဝမ်းသာလှပါပြီ"
အယ်လီဆာ: "ဝါး... ယာနာရေ၊ နင်က ငါ့အစ်ကို အရင်းထက်တောင် ငါ့အပေါ် ပိုကောင်းသေးတယ် ငါ့မှာသာ ဟာဗန်ဒါမရှိရင် နင့်ကိုပဲ ငါချစ်မိသွားမှာ သေချာတယ်ဟယ်"
ကာရင်း: "အယ်လီဆာ နင့်ရဲ့ မင်္ဂလာဆောင်ဝတ်စုံနဲ့ ဆင်မြန်းမယ့် ရတနာတွေကို ဒီအစုံနဲ့ လဲလိုက်ပါလား ဒါက မူလအတွဲထက်တောင် အများကြီး ပိုကောင်းသေးတယ်"
အယ်လီဆာ: "အဲဒါ အဆင်ပြေပါ့မလား၊ ငါလည်း အဲဒီလိုပဲ လုပ်ချင်နေတာ"
ကာရင်း: "အချိန်မီပါသေးတယ် တို့တွေမှာ ပြန်ပြင်ဖို့သုံးရက် ရှိသေးတာပဲ၊ လုပ်နိုင်ပါတယ်"
အယ်လီဆာ: "ဒါဆို ငါသူတို့ကို အခုပဲ သွားပြောလိုက်ဦးမယ် အားလုံးပဲ... ငါခဏ လိုင်းပေါ်က ဆင်းလိုက်ဦးမယ်နော်"
ကာရင်း: "ယာနာ... နင်အရင်က C နိုင်ငံမှာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ဖွင့်ထားတယ်လို့ ပြောတယ်မလား"
...
နောက်တစ်နေ့တွင် အယ်လီဆာ၏ အပျိုဖျန်းပါတီကို ကျင်းပခဲ့သည်။ မင်္ဂလာဆောင်နေ့တွင် စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ပါတီကို တစ်ရက်ကြိုတင် ကျင်းပခြင်း ဖြစ်သည်။
တန်ယန်သည် C အမှတ်တံဆိပ်မှ အဆင့်မြင့် Haute Couture ဝတ်စုံကို ဝတ်ဆင်ကာ H အမှတ်တံဆိပ်မှ အရေအတွက် ကန့်သတ်ထုတ်ဝေထားသည့် လက်ကိုင်အိတ်ကို ကိုင်ဆောင်လျက် ပါတီကျင်းပရာ သီးသန့်ဗီလာသို့ ရောက်ရှိလာခဲ့သည်။
အယ်လီဆာသည် တန်ယန်ကို မြင်သည်နှင့် အပြေးအလွှား ရောက်လာပြီး -
"ယာနာ ရောက်ပြီလား ငါ့သူငယ်ချင်းကောင်း အချို့နဲ့ မိတ်ဆက်ပေးချင်လို့"
ဟု ပြောကာ တန်ယန်၏ လက်ကိုဆွဲပြီး လူအုပ်ကြီး၏ အလယ်သို့ ခေါ်ဆောင်သွားတော့သည်။
"အယ်လီဆာ... ဒီလှပတဲ့ အမျိုးသမီးလေးက ဘယ်သူလဲ"
ဥဒေါင်းတစ်ကောင်ကဲ့သို့ အရောင်အသွေး စုံလင်စွာ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးသည် ရှန်ပိန်ဖန်ခွက်ကို ကိုင်လျက် လျှောက်လာသည်။
"ဂျေမီ ... ဒီနားက ထွက်သွားစမ်း ဒါက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ နင့်ရဲ့ မိန်းမကြိုက်တဲ့ နည်းလမ်းတွေကို ဒီမှာ လာမသုံးနဲ့ဦး"
အယ်လီဆာက သူ့ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုအမျိုးသားသည် ရှန်ပိန်ခွက်ကို အောက်ချလိုက်ပြီး အလွန်တည်ကြည် လေးနက်သော ပုံစံသို့ ချက်ချင်း ပြောင်းလဲကာ -
"မင်္ဂလာညချမ်းပါ ချစ်စရာကောင်းတဲ့ မိန်းကလေး ကျွန်တော့်နာမည်က ဂျေမီပါ၊ ညီမလေးရဲ့ နာမည်ကို သိခွင့်ရှိမလားခင်ဗျာ"
"ယာနာပါ... တွေ့ရတာ ဝမ်းသာပါတယ်"
ဟု တန်ယန်က နှုတ်ဆက်လိုက်သည်။ ဤနေရာရှိ လူအားလုံးမှာ အယ်လီဆာ၏ သူငယ်ချင်းများ ဖြစ်ကြသဖြင့် တန်ယန်အနေဖြင့်လည်း အယ်လီဆာ၏ မျက်နှာကို ထောက်ထား၍ ယဉ်ကျေးစွာ ဆက်ဆံခြင်း ဖြစ်သည်။
"ယာနာ... ဒီမိန်းမရှုပ်ကြီးကို ဂရုစိုက်နေဖို့ မလိုဘူးနော် ငါပြောပြမယ်... သူက ရည်းစားကို တစ်ပတ်တစ်ယောက်လဲတဲ့သမိုင်းကြောင်းရှိတာ သတိထားနော်"
အယ်လီဆာသည် ထိုအမျိုးသား ရှိနေသည်ကိုပင် ဂရုမစိုက်ဘဲ သူ၏ အချစ်ရေးရာ ဇာတ်လမ်းဟောင်းများကို တန်ယန်အား တိုင်တောနေတော့သည်။
"အယ်လီဆာရာ... ဒီလိုအလှလေး ရှေ့မှာတော့ ငါ့ကို မျက်နှာလေး နည်းနည်းလောက် ထောက်ပါဦး"
ဟု ဂျေမီက ပြောလိုက်သော်လည်း သူ၏ မျက်လုံးများတွင်မူ အပြုံးများ ပြည့်နှက်နေပြီး လှောင်ပြောင်ခံရခြင်းကို အရေးစိုက်ပုံ မရပေ။
"ကဲပါ... ဒီနေ့ ငါစိတ်ကောင်းရှိနေလို့ နင့်ကို လွှတ်ပေးလိုက်မယ်"
အယ်လီဆာက သဘောထားကြီးစွာဖြင့် ဆိုလိုက်သည်။
"ယာနာက ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပဲ၊ ဒါကြောင့် နောင်ကျရင် သူ့ကို သေချာ ဂရုစိုက်ပေးကြဦးနော်"
"ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"
ဟု ဂျေမီက အလေးအနက် ကတိပေးလိုက်သည်။
အယ်လီဆာသည် နောက်ဆုံးတွင် စိတ်ကျေနပ်သွားကာ တန်ယန်ကို သူမ၏ အခြား သူငယ်ချင်းများနှင့် မိတ်ဆက်ပေးရန် ခေါ်သွားတော့သည်။ မကြာမီမှာပင် တန်ယန်သည် ချစ်စရာကောင်းသော မိန်းကလေးတစ်စုနှင့် ရောနှောကာ ပျော်ရွှင်နေတော့သည်။ တန်ယန်သည် သူငယ်ချင်း ဆိုသည်မှာ တူညီသော စံနှုန်းနှင့် တန်ဖိုးထားမှုများ ရှိသင့်သည်ဟု အမြဲယုံကြည်ထားသူ ဖြစ်သည်။ အယ်လီဆာ ကိုယ်တိုင်က သူမစိတ်ချရသော သူငယ်ချင်း ဖြစ်သည့်အတွက် အယ်လီဆာ၏ သူငယ်ချင်းများမှာလည်း သဘောကောင်းကြမည်မှာ သေချာပါသည်။
"တို့တွေ ဓာတ်ပုံရိုက်ကြမလား?"
ဟု အီလိန်းအမည်ရှိ မိန်းကလေးက ဆိုလိုက်သည်။
"အီလီနာ ... နင်က ဒါကို ဖေးရှင်းပေါ် ထပ်တင်ဦးမလို့လား"
ဟု ချစ်စရာကောင်းသော ဖီးလ်က မေးလိုက်သည်။
တန်ယန်မှာ အခြေအနေကို နားမလည်ဘဲ ကြောင်နေသဖြင့် အယ်လီဆာက ဘေးမှ ရှင်းပြပေးသည်။
"အီလီနာက ဖေးရှင်းမှာ ဖန်တွေအများကြီးရှိတဲ့ အလှအပဆိုင်ရာ ဘလော့ဂါ တစ်ယောက်လေ အဲဒါကြောင့် သူက သူ့ရဲ့ နေ့စဉ်ဘဝတွေကို အမြဲတင်လေ့ရှိတာ"
"ဒါဆို အွန်လိုင်းဆယ်လီလိုမျိုးပေါ့"
တန်ယန်က နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။
"ယာနာ... ငါနင်နဲ့ ဓာတ်ပုံတွဲရိုက်ပြီး ဖေးရှင်းပေါ် တင်လို့ရမလားဟင်"
အီလိန်းက သူမ၏ ဝိုင်းစက်နေသော မျက်လုံးကြီးများဖြင့် မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။
"ရတာပေါ့"
အုပ်စုလိုက် ဓာတ်ပုံရိုက်ခြင်းမှာ ဘာမှမမှားဟု ယူဆသဖြင့် တန်ယန်က လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
"ဝိုး ငါလည်းရိုက်ချင်တယ် နင့်ရဲ့ အသွင်အပြင်ကို ငါအရမ်းသဘောကျတာပဲ"
ဖီးလ်ကလည်း ချက်ချင်းပင် လက်ညှိုးထောင်ကာ ပါဝင်လာတော့သည်။
"ဒါဆို တို့တစ်ယောက်ချင်းစီ ယာနာနဲ့ ပုံရိုက်မယ်၊ ပြီးတော့မှ အားလုံးစုပြီး အုပ်စုပုံ ရိုက်ကြတာပေါ့"
ဟု အီလိန်းက အကြံပြုရာ အားလုံးက သဘောတူလိုက်ကြသည်။
တန်ယန်: ကောင်းပြီလေ... ငါကတော့ ဓာတ်ပုံရိုက်ခံရတဲ့ ကိရိယာတစ်ခု ဖြစ်သွားပြီပေါ့။
အုပ်စုပုံ ရိုက်ပြီးနောက် အီလိန်းသည် ဖုန်းထဲမှ ပုံကိုကြည့်ကာ အလွန်ပင် စိတ်ကျေနပ်သွားသည်။ တန်ယန်၏အလှမှာ သဘာဝအတိုင်း အလွန်လှပလွန်းသဖြင့် ပြုပြင်ရန်ပင် မလိုတော့ပေ။ လူတစ်ယောက်က ဒီလောက်အထိ ပြည့်စုံနိုင်ပါ့မလားဟု တွေးမိကာ သူမတောင် အနည်းငယ် မနာလို ဖြစ်မိသွားသည်။
ဓာတ်ပုံများကို အစီအစဉ်တကျ စီပြီးနောက် အီလိန်းက စာသားလေး တစ်ခုနှင့်အတူ တင်လိုက်သည်။
"အပျိုဘဝကို မကြာခင် အဆုံးသတ်တော့မယ့် အယ်လီဆာအတွက် ဂုဏ်ယူပါတယ်၊ ဒီနေ့တော့ ငါ့ရဲ့ နတ်ဘုရားမလေး ယာနာ (တန်ယန်) နဲ့ ဆုံခွင့်ရလို့ အရမ်းပျော်နေပြီ" (ဓာတ်ပုံ ၉ ပုံ)
【ဝိုး... အီလိန်းက အရမ်းလှတာပဲ တို့ရဲ့ မင်းသမီးလေး အယ်လီဆာလည်း ပျော်ရွှင်ပါစေနော်】
【လှပတဲ့ မိန်းကလေးတွေချည်း စုနေတာပဲ၊ အလှလေးတွေက အလှလေးတွေနဲ့ပဲ ပေါင်းကြတာလား】
【အီလိန်းဘေးက မိန်းကလေးက တောင်ကိုရီးယားကလားတော်တော်လှတာပဲ】
【ဂျပန်ကထင်တယ်၊ ကြည့်ရတာ အရမ်းနုနယ်ပြီး သေးသေးလေးနဲ့ ချစ်စရာကောင်းတယ်】
【တောင်ကိုရီးယားက အိုင်ဒေါတွေကလည်း ရုပ်ရည်ပိုင်းမှာ ထူးထူးခြားခြား လှပကြတာပဲနော်】
【နေပါဦး... တို့ရဲ့ အီလိန်းကမှ အစစ်အမှန် အလှတရားပါ ကိုယ်လုံးကိုယ်ပေါက်ရော မိသားစုနောက်ခံပါ ပြည့်စုံတာ】
【ယာနာက တရုတ်နိုင်ငံကပါ၊ ရှိုပင်အထူးဆုကို ဆွတ်ခူးထားတဲ့သူလေ သူမက အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ ပါရမီရှင် အမျိုးသမီးငယ်လေးပါ】
【ငါက C နိုင်ငံကပါ၊ ငါသိတယ် တန်ယန်က တို့နိုင်ငံရဲ့ ဂုဏ်ဆောင်ပဲ မနှစ်က ဆုရတုန်းက ၁၇ နှစ်၊ အခုဆို ၁၈ ထဲ ရောက်ပြီပေါ့ ဒါပေမဲ့ တို့နိုင်ငံရဲ့ ဓလေ့အရ မွေးနေ့ကျော်မှ အသက်တစ်နှစ်တိုးတာ တန်ယန်ရဲ့ အချက်အလက်တွေအရ သူမမွေးနေ့က မတ်လ ၁၄ ရက်ဆိုတော့ နောက်ထပ် နှစ်လနေမှ ၁၈ ပြည့်မှာပါ】
အီလိန်း၏ပို့စ်မှာ နိုင်ငံရပ်ခြား လူမှုကွန်ရက်များတွင် ပျံ့နှံ့သွားခဲ့ပြီး တရုတ်နိုင်ငံရှိ လူအများအပြားလည်း မြင်တွေ့သွားကြသည်။ အကြောင်းမှာ အီလိန်းသည် အွန်လိုင်းဆယ်လီ တစ်ဦးသာမက ချမ်းသာကြွယ်ဝသော သူဌေးသမီး တစ်ဦးလည်း ဖြစ်သောကြောင့်ပင်။ ရေပန်းစားနေသော အကြောင်းအရာများကို အခြေခံ၍ တရုတ်မီဒီယာများက တန်ယန်နှင့် အီလိန်းတို့၏ တွဲဖက်ဓာတ်ပုံကို ရှာဖွေတွေ့ရှိပြီးနောက် တရုတ်နိုင်ငံ၏ အကြီးဆုံး လူမှုကွန်ရက်ဖြစ်သော Weibo ပေါ်တွင် ပြန်လည် မျှဝေခဲ့ကြသည်။
All-Star Fashion V: "အိပ်မက်ဆန်တဲ့ ပေါင်းစည်းမှု ရှိုပင်အထူးဆုရှင် ပီယာနိုပညာရှင် တန်ယန်ကို YL နိုင်ငံရဲ့ နာမည်ကြီး အီလိန်းရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာ မထင်မှတ်ဘဲ တွေ့လိုက်ရပါတယ် တန်ယန်ဟာ YL နိုင်ငံရဲ့ နာမည်ကြီး မြို့စားမင်း အိုင်းရစ်ရဲ့သမီး အယ်လီဆာရဲ့ အပျိုဖျန်းပါတီမှာ အီလိန်းနဲ့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်" 【ပုံ】
【တန်ယန်ရဲ့ဖန်တွေ ရောက်လာပြီ တကယ့်ကို အိပ်မက်ဆန်တဲ့ တွဲဖက်မှုပဲ တို့ရဲ့ တန်ယန်ကတော့ အလယ်ဗဟိုမှာ အမြဲတမ်း ထင်ရှားနေတာပဲ】
【တန်ယန်ရဲ့ လူမှုကွန်ရက် အသိုင်းအဝိုင်းကတော့ တကယ်ကို အံ့မခန်းပဲ၊ ချမ်းသာကြွယ်ဝပြီး အာဏာရှိတဲ့ သူတွေချည်းပဲ (ပြုံးနေသောမျက်နှာ)】
【အပေါ်ကလူ ပြောတာက နည်းနည်း ရွဲ့နေသလိုပဲနော်】
【တို့ရဲ့ တန်တန်ကလည်း သူဌေးသမီးပဲလေ ဟုတ်ပြီလား၊ ရှိုပင်ပြိုင်ပွဲတုန်းက သူမဝတ်ခဲ့တဲ့ ဝတ်စုံတစ်စုံတည်းတင် ရှစ်သန်းတန်တာ (ပုံ)】
【ကျောင်းနေဖက် တစ်ယောက်အနေနဲ့ ပြောရရင် တန်ယန်က အထက်တန်း ပထမနှစ်တုန်းက တစ်တန်းလုံးကို အပန်းဖြေစခန်းမှာ တစ်ညအိပ်နှစ်ရက် ခရီးစဉ် လိုက်ပို့ခဲ့ဖူးတယ် အဲဒီတုန်းက အတန်းထဲမှာ အားလုံးမကြိုက်တဲ့ တောင်တက်ခရီးစဉ်ကို အစားထိုးပြီး ပျော်စရာဖြစ်အောင် လုပ်ပေးခဲ့တာ (ငိုနေသော အီမိုဂျီ) 】
【နောက်ထပ် ကျောင်းနေဖက် တစ်ယောက်အနေနဲ့ ထပ်ပြောပါရစေ တန်ယန်က ကျောင်းကို အမြဲတမ်း ဇိမ်ခံကားနဲ့ အကြိုအပို့လုပ်တာ၊ ပြီးတော့ သူမဝတ်သမျှ အဝတ်အစားတွေကလည်း နာမည်ကြီး တံဆိပ်တွေချည်းပဲ】
【တန်ယန်က ရှိုပင်အထူးဆုကို ရထားတာလေ၊ ဒါက တကယ့်ကို ဂုဏ်သရေရှိတဲ့ ဆုကြီးပါ သူမက YL နိုင်ငံက နာမည်ကြီးအမျိုးသမီးတွေထက် ဘာနိမ့်ကျလို့လဲ】
【နိုင်ငံခြား ဝက်ဘ်ဆိုက်တွေမှာတောင် အားလုံးက ချီးကျူးနေကြတာကို ဒီမှာဘာလို့ အငြင်းပွားနေကြတာလဲ (မေးခွန်းပုံ)】
【အပေါ်က မှတ်ချက်ကြောင့် အထင်လွဲသွားကြလို့ ကျွန်တော် နည်းနည်းတော့ ကြောက်သွားပြီ အားလုံးထင်သလို ဆိုလိုတာ မဟုတ်ပါဘူး၊ တန်ယန်ရဲ့ အံ့အားသင့်စရာကောင်းတဲ့ လူမှုအသိုင်းအဝိုင်းကို ကြည့်ပြီး အံ့သြမိရုံ သက်သက်ပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးကြပါဦး】
***