"ဝိုး"
အီလိန်းက ရုတ်တရက် အော်ဟစ်လိုက်သဖြင့် ဘေးပတ်ဝန်းကျင်ရှိ အမျိုးသား၊ အမျိုးသမီးများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
"ဘာဖြစ်လို့လဲ အီလိန်း"
မိန်းကလေး တစ်ယောက်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ ယာနာနဲ့ ရိုက်ထားတဲ့ပုံက ရေပန်းစားနေပြီဟ"
သူမက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ သူမအနေဖြင့် ယခင်ကလည်း ထရန်းဒင်း ဖြစ်ဖူးသော်လည်း ဓာတ်ပုံတစ်ပုံတည်းနှင့် ယခုကဲ့သို့ သဘာဝကျကျ အချိန်တိုအတွင်း နာမည်ကြီးလာခြင်းမျိုးမှာ ရှားပါးလှသည်။
တန်ယန်ကတော့ ခေါင်းလေးစောင်းကာ ကြည့်နေမိသည်။ သူမအတွက်မူ လူမှုကွန်ရက်ပေါ်တွင် နာမည်ကြီးခြင်းမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။ တရုတ်နိုင်ငံတွင်လည်း သူမသည် အမြဲတမ်း ရေပန်းစားနေသူ ဖြစ်ခြင်းကြောင့် ဖြစ်သည်။
"ယာနာက တကယ် နာမည်ကြီးတာပဲ အစကတော့ လူစိမ်းတချို့က ငါ့ရဲ့ ဖေးရှင်းမှာ ယာနာက တောင်ကိုရီးယားကလို့ လာရေးကြတာ ဒါပေမဲ့ တရုတ်နိုင်ငံက အင်တာနက် အသုံးပြုသူတွေ ထွက်လာပြီး အမှန်ကို ရှင်းပြပေးလိုက်ကြတယ် နောက်ပြီး သူမက အရမ်းလှနေတော့ တခြားလူတွေလည်း အလုံးအရင်းနဲ့ဝင်လာပြီး ငါ့ပို့စ်ကို လိုက်ခ်ပေးနေကြတာ ငါတော့ တကယ်ကို စိတ်လှုပ်ရှားနေပြီ"
"အီလီနာ... နင် သတိတော့ ထားဦးနော် အင်တာနက်ပေါ်ကလူတွေ ပေါက်ကရတွေ လျှောက်ပြောတာမျိုး အဖြစ်မခံနဲ့ ငါအများကြီး တွေ့ဖူးတယ် တချို့လူတွေက သူများကောင်းစားတာကို မကြည့်နိုင်ဘဲ တမင်သက်သက် ပုတ်ခတ်ဖို့အတွက် သတင်းအမှားတွေ လျှောက်ဖြန့်တတ်ကြတယ်"
အယ်လီဆာက မျက်မှောင်လေးကြုတ်ကာ အီလီနာကို အကြံပေးလိုက်သည်။
"စိတ်မပူပါနဲ့အေ ဘယ်သူမဆို သတင်းအမှားတွေ ဖြန့်ရဲရင် ငါ့ရဲ့ ကိုယ်ပိုင်ရှေ့နေနဲ့ သင်ခန်းစာ ပေးလိုက်မှာပေါ့"
အီလိန်းက ဤကိစ္စတွင် အလွန်ပင် ယုံကြည်မှု ရှိနေသည်။ သူမသည် အွန်လိုင်းဆယ်လီအဖြစ် လုပ်ကိုင်လာသည်မှာ ကြာပြီဖြစ်၍ အစပိုင်းတွင် နားမလည်သောသူ အချို့နှင့် ကြုံခဲ့ဖူးသော်လည်း သူမ၏ နောက်ခံအသိုင်းအဝိုင်းကို လူတိုင်းသိသွားပြီး နောက်တွင်မူ မည်သူကမျှ သူမကို လာရောက်နှောင့်ယှက်ခြင်း မရှိတော့ပေ။
သူတို့အုပ်စုသည် မနက် ၂ နာရီ၊ ၃ နာရီအထိ စကားပြောရယ်မောကာ ပါတီဆင်နွှဲခဲ့ကြသည်။ တန်ယန်သည် ထိုဗီလာ၌ပင် တစ်ညအိပ်ရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ပြီး နှင်းဆီဥယျာဉ် ရဲတိုက်သို့ ကားဖြင့် ပြန်လာခဲ့သည်။
နောက်တစ်နေ့တွင် တန်ယန်သည် တစ်နေကုန် ရဲတိုက်ထဲ၌ပင် အနားယူနေခဲ့သည်။ ပြင်သစ်တွင် အလုပ်ကိစ္စများဖြင့် သွားရောက်နေသော ကာရင်း ပြန်ရောက်လာသည့်အခါ တန်ယန်၏ ရဲတိုက်သို့ တိုက်ရိုက်လာခဲ့သည်။
"အယ်လီဆာရဲ့ အပျိုဖျန်းပါတီကို မတက်လိုက်ရတာ တကယ့်ကို နှမြောစရာပဲ၊ ဒါပေမဲ့ မင်္ဂလာဆောင်ကိုတော့ အမီပြန်လာနိုင်လို့ တော်သေးတာပေါ့"
ကာရင်းသည် မီးဖိုဘေးရှိ ဆိုဖာကုလားထိုင်တွင် မှီထိုင်ရင်း လက်ထဲမှ ဝိုင်နီဖန်ခွက်ကို ဝှေ့ယမ်းနေသည်။
"ဒီဝိုင်က တကယ်ကောင်းတာပဲ ပြင်သစ်က ဝီလ်ခြံထွက် စပျစ်သီးတွေနဲ့ လုပ်ထားတာ ဖြစ်ရမယ် ဟုတ်တယ်မလား"
တန်ယန်က အနည်းငယ် အံ့သြသွားသလို မော့ကြည့်လိုက်ပြီး
"နင့်ရဲ့လျှာကတော့ တကယ့်ကို အံ့မခန်းပဲ"
ဟုဆိုကာ ကာရင်းပြောသည်မှာ မှန်ကန်ကြောင်း သွယ်ဝိုက်၍ ဝန်ခံလိုက်သည်။
"နေပါဦး... ဝီလ်ခြံက နင့်ဟာတော့ မဟုတ်ပါဘူးနော်"
ကာရင်းက အံ့သြတကြီး မေးလိုက်သည်။
တန်ယန်က ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ သူမ၏ ရင်ဘတ်ကို ဖိလိုက်ရင်း
"တစ်နေ့ကျရင် နင့်ကြောင့်နဲ့ ငါ နှလုံးရောဂါ ရတော့မှာပဲလို့ တကယ် သံသယဖြစ်မိတယ်"
"နင်ကလည်း ပိုလိုက်တာ ဒါက ခြံဝင်းလေး တစ်ခုပဲဟာကို"
တန်ယန်ကတော့ စိတ်ရင်းအတိုင်းပင် ရိုးရိုးသားသား ထင်မြင်မိခြင်း ဖြစ်သော်လည်း တစ်ဖက်လူ အတွက်မူ ဤသည်မှာ တကယ့်ကို ကြွားလုံးထုတ်နေသည့်အလား ခံစားနေရတော့၏။
"အို... ဘုရားရေ ယာနာရေ... ဘာမှထပ်မပြောနဲ့တော့၊ ငါတောင် မနာလိုဖြစ်လာပြီ"
ကာရင်း၏ အမြင်တွင် တန်ယန်သည် ရုတ်တရက် ကြီးပွားလာသူများကဲ့သို့ သူမ၏ ချမ်းသာကြွယ်ဝမှုကို တမင်ကြွားဝါတတ်သူမျိုး မဟုတ်ပေ။ သို့သော် သူမသည် ဝီလ်ခြံဝင်း၏ အဆင့်အတန်းကို တကယ်ပဲ မသိခြင်းပေလား။
ကာရင်းသည် စိတ်ကိုခဏ ပြန်ထိန်းလိုက်ပြီးနောက် ဆက်ပြောသည်။
"ယာနာ... ဝီလ်ခြံဝင်းဆိုတာ နှစ်ပေါင်းတစ်ထောင် သမိုင်းကြောင်းရှိတဲ့ အစောဆုံးနဲ့ အလျှို့ဝှက်ဆုံး ဝိုင်ထုတ်လုပ်တဲ့ နေရာတစ်ခုပဲ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဝိုင်က ဝီလ်ခြံကထုတ်တဲ့ 'ဝီလ်ပို့တ် ၁၇၈၂' လို့ ပြောကြပေမဲ့ အဲဒါက တကယ်ကို ရှားပါးလွန်းတယ်"
ထိုအချိန်တုန်းက ဘလူးစတားဂြိုဟ် တစ်ခုလုံးတွင် ထိုဝိုင်ပုလင်း စုစုပေါင်း ထုတ်လုပ်မှုမှာ အလုံးတစ်ရာပင် မပြည့်ခဲ့ဘဲ ယနေ့အထိ မည်မျှ ကျန်ရှိနေသေးသည်ကို မည်သူမျှ မသိနိုင်ပေ၊ အလွန်ဆုံးရှိလှမှ အလုံးအနည်းငယ်သာ ဖြစ်ပေလိမ့်မည်။ YL တော်ဝင်မိသားစုတွင်ပင် တစ်ပုလင်းသာရှိပြီး ယင်းကပင် နိုင်ငံအသီးသီးရှိ သူဌေးကြီးများ၏ မနာလိုမှုကို ခံနေရခြင်းဖြစ်သည်။ တစ်ခါက လူတစ်ယောက်သည် စတားဒင်္ဂါး သုံးသန်းအထိ ပေးကမ်းကာ ကမ်းလှမ်းခဲ့သော်လည်း ဝိုင်အယ်လ်တော်ဝင် မိသားစုက လုံးဝ မတုန်လှုပ်ခဲ့ပေ။
တန်ယန် ခဏလောက် စဉ်းစားလိုက်သည်။ စတားဒင်္ဂါး သုံးသန်းဆိုသည်မှာ C နိုင်ငံသုံး ငွေဖြင့်ဆိုလျှင် ယွမ် သန်း ၂၀ ခန့်နှင့် ညီမျှသည်။ ဝိုး၊ သူမ၏ စနစ်ကပေးသော ဤဆုလာဘ်မှာ တကယ့်ကို အံ့မခန်းပါပေ။
【အရှင်... ဒီစနစ်ကတော့ တကယ့်ကို ဘယ်သူနဲ့မှမတူဘဲ အစွမ်းထက်လှပါတယ်】
【နင်ဘာလို့ ငါ့စိတ်ကို ထပ်ပြီး ချောင်းကြည့်နေပြန်တာလဲ】
【ကျွန်တော် ပျင်းလို့ပါ၊ ဒီနေ့ အရှင်တို့အိမ်ကို လူတွေအများကြီး ရောက်နေကြတယ်】
【ဘယ်သူတွေ ရောက်နေတာလဲ】
【ချင်းရွှဲ့ဒေါ်လေးရဲ့ ရည်းစားဘက်က မိသားစုဝင်တွေထင်တယ်】
တန်ယန် အံ့သြသွားရသည်။ သူမ ဘာလို့မသိရသနည်း၊ သူမ၏မိခင်ပင် သူမကို ဘာမှမပြောခဲ့ပါ၊ ထားလိုက်ပါတော့၊ နောက်မှပဲ ပြန်မေးကြည့်တော့မည်။
"အကယ်၍ 'ဝီလ်ပို့တ် ၁၇၈၂' ကို ပြောတာဆိုရင်တော့ ငါ့ဆီမှာ လက်ကျန်အချို့ ရှိသေးတယ် နင်ပြန်တဲ့အခါ ရတ်ဒ်ဝင်းကို တစ်ပုလင်း ထည့်ပေးလိုက်ဖို့ ပြောလိုက်မယ်လေ"
တန်ယန်က သူမအပေါ် လုံးဝပွင့်လင်းသည်ကို မြင်ရသောအခါ ကာရင်းမှာ စိတ်လှုပ်ရှား ဝမ်းသာသလို တစ်ဖက်တွင်လည်း အားမလိုအားမရ ဖြစ်သွားသည်။
"ယာနာ... ငါက ဝီလ်ခြံရဲ့ ထူးခြားချက်တွေကို ပြောပြချင်ရုံတင်ပါ နင်က အဲဒီခြံရဲ့ ပိုင်ရှင်ဆိုတာကို သူစိမ်းတွေကို အလွယ်တကူ မပြောမိစေနဲ့နော်၊ နားလည်လား"
"အင်းပါ... ငါက ဘယ်သူ့ကိုမဆို လျှောက်ပြောနေမှာ မဟုတ်ပါဘူး"
တန်ယန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ အယ်လီဆာကိုလည်း တစ်ပုလင်းလောက် လက်ဆောင်ပေးချင်သေးတယ် အဲဒါက အရမ်းကြီး လူသိထင်ရှား ဖြစ်သွားမလားလို့ စဉ်းစားနေတာ"
ကာရင်းက ရယ်မောလိုက်ရင်း
"နင့်ရဲ့ ရတနာတွေကတောင် ဒီလောက် လူအာရုံ စိုက်ခံနေရတာပဲ၊ ဝိုင်တစ်ပုလင်းလောက် ထပ်တိုးတာကတော့ မထူးဆန်းတော့ပါဘူး"
ဟု ဆိုလိုက်သည်။ အမှန်စင်စစ် တန်ယန်၏ ချမ်းသာကြွယ်ဝမှုကို လူတိုင်းသိပြီးသား ဖြစ်သည်။ သူမ၏ မြင့်မြတ်သော မိသားစု နောက်ခံကြောင့်ဟုသာ အားလုံးက ယူဆကြမည် ဖြစ်သဖြင့် သူမကို မည်သူကမျှ လျှော့တွက်ရဲကြမည် မဟုတ်ပေ။
"သိပ်ကောင်းတာပဲ ဒါဆို အခုပဲ တစ်ယောက်ယောက်ကို လွှတ်ပြီး ပို့ခိုင်းလိုက်မယ်"
တန်ယန်အတွက်မူ ဝိုင်ဖြစ်စေ၊ ရတနာဖြစ်စေ အထူးတလည် ရှားပါးလှသည့် အရာများ မဟုတ်သဖြင့် သူမသည် မျက်တောင်တစ်ချက် မခတ်ဘဲ ပေးကမ်းနိုင်ခြင်း ဖြစ်သည်။ အကယ်၍သာ ရင်းနှီးမှု မရှိလျှင်တော့ သူမသည် ဤမျှအထိ အရူးလုပ်ခံမည်မဟုတ်သည်မှာ သေချာလှပါသည်။
အယ်လီဆာက သူမအား သူငယ်ချင်း အသိုင်းအဝိုင်းနှင့် မိတ်ဆက်ပေးခြင်းအပေါ် တန်ယန်က ကျေးဇူးတင်မိသည်။ ကာရင်းရော အယ်လီဆာပါ သူငယ်ချင်းများအပေါ် အလွန်ရိုးသားပွင့်လင်းကြသူများဖြစ်ရာ ထိုသို့သော သူများနှင့် ခင်မင်ရသည်ကို သူမသဘောကျသည်။ ထို့အပြင် သူမတွင် ကိုယ်ပိုင်ရည်ရွယ်ချက် တစ်ခုလည်း ရှိနေသေးသည်။ နောင်တစ်ချိန်တွင် သူမကုမ္ပဏီမှ အနုပညာရှင်များ ဖက်ရှင်လောကသို့ ခြေလှမ်းစတင်ရာတွင် ကာရင်းသည် အကူအညီ အပေးနိုင်ဆုံးပုဂ္ဂိုလ်ဖြစ်လာပေလိမ့်မည်။
ဇန်နဝါရီလ ၁၇ ရက်၊ YL စံတော်ချိန် နံနက် ၁၁ နာရီတွင် အယ်လီဆာနှင့် သူမ၏ချစ်သူ ဟတ်ဒန်တို့သည် YL တော်ဝင်ဘုရားကျောင်းကြီး၌ ခမ်းနားထည်ဝါသော မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြသည်။ နှစ်ဖက်မိသားစုနှင့် စီးပွားဖက်ဖြစ်သော သူဌေးကြီးများသာမက တော်ဝင်မိသားစုဝင်များကပါ တက်ရောက် ဆုတောင်းပေးခဲ့ကြသည်။
တန်ယန်သည် ဘုရားကျောင်း အတွင်း၌ ထိုင်နေရင်း သူမ၏ခင်ပွန်းသစ်ဘေးတွင် ပျော်ရွှင်စွာ ခိုဝင်နေသော အယ်လီဆာကို ကြည့်ကာ သူမအတွက် များစွာ ဝမ်းသာပေးမိသည်။
အခမ်းအနား အပြီးတွင် အားလုံးသည် စီစဉ်ထားသော နေရာသို့ နေ့လယ်စာ စားပွဲအတွက် ဆက်လက် ထွက်ခွာခဲ့ကြသည်။ ယနေ့တွင် အယ်လီဆာသည် တန်ယန် လက်ဆောင်ပေးထားသော အဖိုးတန် ကျောက်စိမ်းနီ ရတနာများကို ဆင်မြန်းထားသဖြင့် ထူးထူးခြားခြား ပို၍ လှပနေတော့သည်။ ချမ်းသာကြွယ်ဝသော အမျိုးသမီး အများအပြားက ထိုရတနာများ၏ ရင်းမြစ်ကို စတင်စုံစမ်းနေကြပြီ ဖြစ်သည်။ အမျိုးသမီးဟူသည် လှပသော ရတနာများကို မည်သို့မျှ မတွန်းလှန်နိုင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။
အယ်လီဆာနှင့် ဟတ်ဒန်တို့၏ မင်္ဂလာဆောင် ဓာတ်ပုံများသည် နိုင်ငံတကာ သတင်းမီဒီယာများ၏ မျက်နှာဖုံးတွင် နေရာယူထားပြီး ဖြစ်သည်။ အချို့က ဤမင်္ဂလာပွဲမှာ နိုင်ငံရေးနှင့် စီးပွားရေးအရ စီစဉ်ထားခြင်းသာဖြစ်ပြီး သူတို့နှစ်ဦးကြားတွင် သံယောဇဉ်မရှိဟု ဆိုကြသော်လည်း ဝေဖန်သူ အများစုက ထိုစကားကို ချက်ချင်းပင် ပယ်ချလိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင်ရှိသော အချစ်ရိပ်များကို ဖန်သားပြင်မှ တစ်ဆင့်ပင် ထင်ထင်ရှားရှား မြင်တွေ့နေရသောကြောင့် ဖြစ်သည်။
ထို့အပြင် မီဒီယာအချို့က ဤမင်္ဂလာပွဲအတွက် ကုန်ကျစရိတ်ကြီးမားပုံကိုလည်း ဖော်ပြခဲ့ကြသည်။ ပန်းရောင်နှင့် အဖြူရောင် အော်စတင်နှင်းဆီပန်းပေါင်း သိန်းနှင့်ချီ၍ လေယာဉ်ဖြင့် သယ်ယူကာ အလှဆင်ထားခြင်းသာမက သတို့သမီး၏ မင်္ဂလာဝတ်စုံ၊ သရဖူနှင့် လက်ဝတ်ရတနာ များမှာလည်း လက်ရာမြောက်လှသည်။ အထူးသဖြင့် သတို့သမီး ဆင်မြန်းထားသော ထိပ်တန်းအရည်အသွေးရှိ ကျောက်စိမ်းနီ ရတနာမှာ ဈေးကွက်အတွင်း ဝယ်ယူ၍ မရနိုင်လောက်အောင် တန်ဖိုးကြီးလှသည်။
အယ်လီဆာ၏ အလှပြင်အဖွဲ့နှင့် မီဒီယာများ အင်တာဗျူးရာတွင် အဓိကဒီဇိုင်နာက သတို့သမီးအတွက် မူလက စီစဉ်ထားသော ရတနာမှာ ဤအစုံမဟုတ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ မူလက စီစဉ်ထားသည်မှာလည်း အလွန်ရှားပါးသော နီလာရတနာအစုံ ဖြစ်သော်လည်း မင်္ဂလာပွဲတွင် ဆင်မြန်းခဲ့သော ကျောက်စိမ်းနီ အစုံလောက် မပြည့်စုံကြောင်း ဆိုသည်။
ဤလက်ရာ မြောက်လှသော ကျောက်စိမ်းနီအစုံမှာ အယ်လီဆာ၏ သူငယ်ချင်းတစ်ဦးက ပေးအပ်သော မင်္ဂလာလက်ဆောင်ဖြစ်ကြောင်း သိရသည်။
မည်သူက ပေးခဲ့ခြင်း ဖြစ်သည်ကို မီဒီယာများက စူးစမ်းရန် ကြိုးစားသော်လည်း ဒီဇိုင်နာကမူ နားလည်ရခက်သော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်ခဲ့သည်။
ထို့ကြောင့် အင်တာနက်ပေါ်တွင် မည်သည့် လျှို့ဝှက်သူဌေးကြီးက အယ်လီဆာအား ဤမျှ တန်ဖိုးကြီးသော ရတနာကို ပေးခဲ့သနည်းဟု ဝိုင်းဝန်း မှန်းဆနေကြတော့သည်။ အချို့က သူမ၏အချစ်ကို မရနိုင်ခဲ့သော ပိုးပန်းသူ တစ်ဦးဟု ဆိုကြသလို အချို့ကလည်း အယ်လီဆာမှာ ဘုရင်မကြီး၏ အချစ်တော် ဖြစ်သဖြင့် ဘုရင်မကြီးကိုယ်တိုင် ပေးသနားခြင်း ဖြစ်မည်ဟု ဆိုကြသည်။
ဤအကြောင်းအရာများမှာ တန်ယန်အတွက်တော့ စိတ်ဝင်စားစရာ မဟုတ်တော့ပေ။ မင်္ဂလာပွဲ တက်ရောက်ပြီးနောက်တွင် သူမသည် ကိုယ်ပိုင်လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။
***