တစ်မြို့လုံးရှိ ဝေမြို့၏ မြင်ကွင်းမှာ သူ၏ခြေဖဝါးအောက်တွင် တဖြည်းဖြည်း သေးငယ်သွားတော့သည်။
လီယန်ချူသည် တိမ်စီးအတတ် ကို အသုံးပြုကာ အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် နှင်နှင်ခဲ့သည်။
တောင်တန်းများ၊ မြစ်ချောင်းများမှာ သူ၏အောက်တွင် ပြေးလွှားကျန်ရစ်ခဲ့ပြီး တစ်နာရီခန့်အကြာတွင်မူ တောင်ထိပ်တစ်ခုပေါ်သို့ သူ သက်ဆင်းလိုက်သည်။
လမ်းဘေးဝဲယာရှိ တောအုပ်မှာ နက်ရှိုင်းလှပြီး သစ်ရွက်များ လှုပ်ခတ်သံမှာ တရှဲရှဲနှင့် ထွက်ပေါ်နေသည်။
၎င်းမှာ လမ်းသွားလမ်းလာများကို ချောင်းမြောင်းဖမ်းဆီးရန် စောင့်ကြိုနေသည့် တစ္ဆေအရိပ်များအလား ထင်မှတ်ရပေသည်။
လီယန်ချူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျောက်လှေကားထစ်များအတိုင်း အထက်သို့ တိုက်ရိုက် တက်လှမ်းသွားလိုက်သည်။
ကျောက်လှေကားများပေါ်တွင် မှော်ရုံများ ဖုံးလွှမ်းနေပြီး အထက်တွင် ရှေးဟောင်းကျောင်းဆောင်တစ်ခု ရှိနေသည်။
ထိုကျောင်းဆောင်ကို အုတ်ပြာများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မူလက တံခါးကြီး ရှိဟန်တူသော်လည်း ယခုမူ ထိုတံခါးကြီးမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်မသိချေ။
ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းခြင်း မရှိသော်လည်း အလွန်အမင်း ပျက်စီးယိုယွင်းနေခြင်းမျိုးတော့ မဟုတ်ပေ။
ကျောင်းဆောင်အတွင်းတွင် ဖုန်မှုန့်များ ထူထပ်နေပြီး အပြင်ဘက်တွင်မူ သစ်ရွက်ခြောက်များဖြင့် ပြည့်နှက်နေသည်။
လူသူကင်းမဲ့နေသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိသာလှသည်။
"ရှဲ... ရှဲ... ရှဲ..."
တိတ်ဆိတ်ခြောက်ကပ်လှသော တောင်တန်းကြီးထဲတွင် သူသည် သစ်ရွက်ခြောက်များကို နင်းဖြတ်ကာ ရှေးဟောင်းကျောင်းဆောင်ထဲသို့ ဝင်ရောက်ခဲ့သည်။
ကျောင်းဆောင်တံခါးဝတွင် ဟောင်းနွမ်းနေသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး မှုန်ဝါးဝါးစာလုံး သုံးလုံးကို ရေးထိုးထားသည်။
တောင်စောင့်နတ်ကျောင်း
ထိုစာလုံးများမှာ တစ်ချိန်က ရွှေရောင်ဝင်းပနေသည့် ရွှေပိန်းချစာလုံးကြီးများ ဖြစ်ခဲ့ကာ အလွန်ပင် ခန့်ညားထည်ဝါခဲ့ပေလိမ့်မည်။
ကျောင်းဆောင်ထဲသို့ ဝင်လိုက်သောအခါ အလယ်ဗဟိုတွင် ရွှံ့ဖြင့်ပြုလုပ်ထားသည့် နတ်ရုပ်တစ်ရုပ်ကို ပူဇော်ထားသည်ကို တွေ့ရသည်။
၎င်းမှာ လူကိုယ်ထည်နှင့် ကြောင်ခေါင်းပုံသဏ္ဌာန် ရှိပြီး နတ်ရုပ်တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များနှင့် အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။
မူလက လူအများ၏ အမွှေးတိုင်မီး၊ ပူဇော်ကန်တော့မှုများကို ခံယူရသည့် တောင်စောင့်နတ်ကျောင်း ဖြစ်သော်လည်း၊ ထိုကဲ့သို့ ခြောက်ကပ်ပျက်စီးနေသည့် ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်သောအခါ နေ့ခင်းကြောင်တောင်မှာပင် ကြက်သီးထဖွယ် အေးစက်စုတ်ပြတ်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ရင်ထဲတွင်လည်း ကျောက်တုံးကြီးတစ်တုံးဖြင့် ဖိထားသကဲ့သို့ အလွန်ပင် လေးလံအုံမှိုင်းလှသည်။
"ဒီတောင်စောင့်နတ်ရဲ့ ပုံသဏ္ဌာန်က ကြောင်စစ်သူကြီးလား"
လီယန်ချူသည် နံရံများ ကွာကျနေသည့် ကျောင်းဆောင်အတွင်းပိုင်းကို ကြည့်လိုက်သည်။
နတ်ရုပ်၏ ဘေးတစ်ဖက်တစ်ချက်တွင် ကုသိုလ်မှတ်တမ်း သစ်သားပြား နှစ်ချပ်ကို ချိတ်ဆွဲထားသည်။
ဘယ်ဘက်ခြမ်းတွင် ထိုနတ်ကျောင်းကို လှူဒါန်းခဲ့ကြသည့် သူဌေးသူကြွယ်များ၏ အမည်များကို မှတ်တမ်းတင်ထားပြီး ညာဘက်ခြမ်းတွင်မူ တောင်စောင့်နတ်၏ ကုသိုလ်တော်များကို မှတ်တမ်းတင်ထားသည်။
လီယန်ချူသည် အပေါ်ယံဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး အသေးစိတ် ဖတ်ရှုလိုက်သည်။
ထို့နောက် သူက အံ့သြစွာ ရေရွတ်လိုက်မိသည်
"ဟမ်... ဒီနတ်ကျောင်းက ရှေးဟောင်း မဟာရှမင်းဆက် နှောင်းပိုင်းက အဆောက်အအုံ ဖြစ်နေတာလား"
သူသည် ခေါင်းကိုအသာမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
မူလက ထိုကျောင်းဆောင်မှာ ဟောင်းနွမ်းပျက်စီးနေသည်ဟု ထင်ခဲ့သော်လည်း ယခုအထိ နှစ်ပေါင်း (၇၀၀) ကျော် တည်တံ့နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုသို့တွက်ချက်ကြည့်လျှင် ဤနတ်ကျောင်းမှာ အတော်လေး ပြည့်ပြည့်စုံစုံ ကျန်ရစ်နေသည်ဟု ဆိုရမည်။
ညာဘက်ရှိ ကုသိုလ်မှတ်တမ်းပြားတွင် တောင်စောင့်နတ်၏ အဖြစ်အပျက်အချို့ကို ရေးထိုးထားပြီး၊ ၎င်းတို့မှာ ဒေသတစ်ခုလုံး မိုးလေဝသမှန်ကန်စေရန်နှင့် သီးနှံများ အောင်မြင်စေရန် စောင့်ရှောက်ပေးခဲ့ခြင်းများသာ ဖြစ်သည်။
သို့သော် ထိုအထဲတွင် စိတ်ဝင်စားဖွယ်ရာ မှတ်တမ်းတစ်ခု ပါဝင်နေသည်။
ထိုမှတ်တမ်းအရ ဤနေရာတွင် လမ်းသွားလမ်းလာများကို ဖမ်းဆီးသတ်ဖြတ်စားသောက်နေသည့် မြွေမိစ္ဆာတစ်ကောင် ရှိခဲ့ဖူးပြီး၊ တောင်စောင့်နတ်က ကိုယ်ယောင်ပြ၍ သုတ်သင်ခဲ့ကြောင်း၊ ထိုစဉ်က ပြည်သူအမြောက်အမြား ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ရေးသားထားသည်။
ဖတ်ရှုပြီးနောက်တွင်မူ လီယန်ချူသည် ထိုနေရာမှာ မည်သည့်နေရာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသွားတော့သည်။
ဤနေရာမှာ စုကျိုးနယ် နယ်နိမိတ်အတွင်းရှိ ရှီလင်မြို့နယ်ဖြစ်ပြီး၊ ဤတောင်မှာ ရှောက်ဖုန်းတောင် ဖြစ်သည်။
လီယန်ချူ အာရုံခံလိုက်သည့် အရှိန်အဝါမှာ သူ ထိုရှောက်ဖုန်းတောင်ထဲသို့ ဝင်လိုက်သည်နှင့် ပြတ်တောက်သွားခဲ့သည်။
တစ်စုံတစ်ယောက်က တမင်တကာ ဖြတ်တောက်ပစ်လိုက်ပုံရသည်။
ထိုကြောင်စစ်သူကြီးသည် တစ်စုံတစ်ယောက်က မိမိနောက်ကို ခြေရာခံနေကြောင်း သိရှိသွားသဖြင့် တမင်တကာ အတတ်ပညာသုံး၍ နှောက်ယှက်လိုက်ခြင်း ဖြစ်မည်ဟု သူ ယူဆလိုက်သည်။
မည်သို့ ပင်ဆိုစေ ယခုမှာ သူ၏ နယ်မြေထဲသို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
"မြောင်... မြောင်... မြောင်..."
ထိုစဉ် ခြောက်ကပ်လှသော ကျောင်းဆောင်ပျက်ထဲမှ တောကြောင်များ၏ စူးရှသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
တောရွာလက်ခံ ယုံကြည်မှုများနှင့် ထူးဆန်းထွေလာ ပုံပြင်များတွင် ကြောင်သည် ယင် ဓာတ်ရှိသည့် တိရစ္ဆာန်ဖြစ်ပြီး၊ ယင်နှင့်ယန် လောကနှစ်ခုကြား ကူးလူးသွားလာနိုင်သည့် အစွန်းကုန် ယင်ဓာတ်ရှိသော သတ္တဝါအဖြစ် သတ်မှတ်ကြသည်။
လျောင်တုန်းဒေသရှိ ရှာမန်ကျင့်စဉ်စနစ်တွင် ကြောင်ခေါင်းများနှင့် ကြောင်အလောင်းခြောက်များကို ဝိညာဉ်လက်နက်များအဖြစ် အသုံးပြုကြသည်ပင် ရှိသည်။
နတ်ကျောင်းပြင်ပတွင် လေများ စတင်တိုက်ခတ်လာသည်။
သစ်ရွက်ခြောက်များ လွင့်ပျံလာပြီး သစ်ပင်များမှာလည်း တရှဲရှဲနှင့် မြည်ဟည်းနေကာ တစ်တောင်လုံး အသက်ဝင်လာသကဲ့သို့ ရှိနေသည်။
လီယန်ချူက မျက်ခုံးပင့်လိုက်သည်။
ခြေရာခံအတတ်ကို ဖြတ်တောက်ပစ်ခဲ့ပြီးမှ အဘယ်ကြောင့် ယခုမှ ကိုယ်ထင်ပြရန် ကြိုးစားနေသနည်း။
ယခုအခါ ကျောင်းဆောင်ပြင်ပတွင် မိစ္ဆာလေ များ တိုက်ခတ်နေပြီး၊ စူးရှသော ကြောင်အော်သံများမှာ ထိုလေသံထဲတွင် ပုန်းကွယ်လျက် နီးတစ်လှည့် ဝေးတစ်လှည့်နှင့် ငိုကြွေးနေသကဲ့သို့ ကြားနေရသည်။
အများအားဖြင့် မိစ္ဆာများ ထွက်ပေါ်လာတော့မည်ဆိုလျှင် မိစ္ဆာလေများ အမြဲ လိုက်ပါ လာတတ်စမြဲ ဖြစ်သည်။
လီယန်ချူ စိတ်အာရုံတစ်ခု လှုပ်ရှားလိုက်သည်
လေငြိမ်ပုတီး
ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး လေတစ်ချက်မျှပင် မတိုက်တော့ချေ။
ငါ ချင်းယွန်းကျောင်းရဲ့ လက်ရှိဂိုဏ်းချုပ် ကိုယ်တိုင်တောင် ထွက်လာရင် ဒီလောက် အထူးပြုချက် တွေ မပါဘူး။
မိစ္ဆာတစ်ကောင်ကတော့ ဒီလောက်အထိ အထာပေးဖို့ ခွင့်မပြုနိုင်ဘူး။
ကြောင်အော်သံများမှာလည်း ရုတ်တရက် ရပ်တန့်သွားပြီး အနည်းငယ် ကြောင်အမ်းသွားပုံရသည်။
လီယန်ချူက အေးစက်သော အမူအရာဖြင့် မှောင်မည်းနေသော သစ်ပင်ရိပ်များကြားသို့ ကြည့်လိုက်သည်။
သစ်ကိုင်းများ ချိုးဖျက်သံနှင့် သစ်ရွက်နင်းသံ သဲ့သဲ့နှင့်အတူ ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေသည့် မျက်လုံးတစ်စုံ ပေါ်ထွက်လာသည်။
ထို့နောက် လှပကျော့ရှင်းသော လမ်းလျှောက်ဟန်နှင့်အတူ လိမ္မော်ရောင်ကြောင် တစ်ကောင် ထွက်လာသည်။
၎င်း၏ ကိုယ်ဟန်မှာ သွယ်လျပြီး အရှိန်အဝါမှာမူ တောနက်ထဲက ကျားသစ်တစ်ကောင်ကဲ့သို့ပင်။
သဘာဝအတိုင်း ထွက်ပေါ်နေသည့် ခန့်ညားထည်ဝါမှုမျိုး ရှိနေသည်။
"တောင်စောင့်နတ်လား"
လီယန်ချူက ကျောင်းဆောင်ထဲက နတ်ရုပ်ကို ညွှန်ပြရင်း
"မင်းက ဒီကျောင်းထဲမှာ ပူဇော်ခံနေတဲ့ ကြောင်စစ်သူကြီးတော့ မဟုတ်တန်ဘူးနော်"
"ဟွန်း... လူသားတွေရဲ့ အသိဉာဏ်မဲ့မှုပဲ"
လိမ္မော်ရောင်ကြောင်က မောက်မာစွာ ဆိုသည်
"ငါက ငါပဲ..."
"မတူညီတဲ့ အရောင်အသွေးတွေနဲ့ မီးရှူးမီးပန်းတစ်ခုပေါ့ ဟုတ်လား"
လီယန်ချူက ကြားဖြတ်ပြောလိုက်သည်။
"တာအိုဆရာလေး၊ ငါစကားပြောနေတုန်း ရုတ်တရက် ကြားဖြတ်မပြောနဲ့"
လိမ္မော်ရောင်ကြောင်က အလွန်မကျေမနပ် ဖြစ်သွားသည်။
"ဟက်..."
လီယန်ချူက လှောင်ပြောင်လိုက်သည်
"ဒီနတ်ကျောင်းက မဟာရှမင်းဆက်တုန်းက တည်ဆောက်ခဲ့တာ၊ အခုဆိုရင် နှစ်ပေါင်း (၇၈၀) တောင် ရှိနေပြီ၊ မင်းက လူလို စကားပြောနိုင်တယ် ဆိုပေမဲ့ မင်းကိုယ်ပေါ်က မိစ္ဆာအရှိန်အဝါက သာမန်ပဲရှိတာ၊ ဘယ်လိုလုပ်ပြီး ပူဇော်ခံနေရတဲ့ တောင်စောင့်နတ် ဖြစ်နိုင်မှာလဲ၊ အရှိန်အဝါအတုတွေနဲ့ ဟန်မဆောင်စမ်းပါနဲ့ "
စောစောက သူ ဝိညာဉ်မျက်စိအတတ် ဖြင့် ကြည့်လိုက်ရာ ထိုလိမ္မော်ရောင်ကြောင်ပေါ်တွင် မိစ္ဆာအရှိန်အဝါမှာ မပြင်းထန်လှသလို၊ အာဃာတနှင့် သွေးညှီနံ့များလည်း မရှိချေ။
ကြည့်ရသည်မှာ ဆိုးယုတ်သည့် လုပ်ရပ်များ လုပ်ဆောင်ထားပုံ မရဘဲ၊ ဉာဏ်အလင်း စတင်ပွင့်ကာစ မိစ္ဆာလေးတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
"အသိဉာဏ်မဲ့တဲ့ တာအိုဆရာ"
လိမ္မော်ရောင်ကြောင်က တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာကို (၄၅) ဒီဂရီ အထက်သို့မော့ကာ အလွန်ပင် ဂုဏ်ယူနေတော့သည်။
သူမသည် အရှိန်အဝါအချို့ကို အနည်းငယ် ထုတ်ဖော်လိုက်ရာ၊ အားကောင်းလှသော မိစ္ဆာအရှိန်အဝါတစ်ခု ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
ထို့ပြင် ထိုအရှိန်အဝါထဲတွင် လူအများ၏ ပူဇော်မှု စွမ်းအား များလည်း ရောနှောပါဝင်နေသည်။
ထိုမိစ္ဆာအရှိန်အဝါမှာ ချင်းဖုန်းတောင်က တောင်သခင် ထက်ပင် များစွာ ပိုမိုအားကောင်းနေသည်။
ကြည့်ရသည်မှာ ဤအရာကသာ သူမ၏ မူလအရှိန်အဝါ ဖြစ်ပုံရသော်လည်း၊ အာဃာတနှင့် သွေးညှီနံ့များမူ ယခုထက်တိုင် မရှိသေးချေ။
"မင်းက တကယ်ပဲ ရှောက်ဖုန်းတောင်ရဲ့ တောင်စောင့်နတ် ဖြစ်နေတာလား"
လီယန်ချူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
"တောင်စောင့်နတ် ဖြစ်နေပြီးတော့၊ မင်းရဲ့ အမွှေးအမျှင်တွေကို ဘာလို့ လူသတ်မိစ္ဆာတွေကို ပေးပြီး သူတို့ရဲ့ အစွမ်းတွေ တိုးလာအောင် ကူညီပေးရတာလဲ"
လိမ္မော်ရောင်ကြောင်က ခေါင်းမော့ကာ (၄၅) ဒီဂရီ ကောင်းကင်ကို ကြည့်ရင်း
"ငါက ဘာလို့ မင်းကို ပြောပြရမှာလဲ"
ဒီကြောင်ရဲ့ စရိုက်က တော်တော်လေး ဆိုးတာပဲ... လီယန်ချူက
"မင်းကိုယ်ပေါ်မှာ စင်ကြယ်တဲ့ အရှိန်အဝါတွေ ရှိနေလို့သာ ငါက ဒီလောက်အထိ ပြောနေတာ၊ အကောင်းပြောနေတုန်း အဆိုးမခံနဲ့"
ဟု ဆိုလိုက်သည်။
လိမ္မော်ရောင်ကြောင်က ဒေါသတကြီးဖြင့်
"တာအိုဆရာလေး... မင်း အခု မီးနဲ့ ကစားနေတာနော် "
ဒါက မာနကြီးတဲ့ သူဌေးကြီးကြောင် စတိုင်ပဲ... လီယန်ချူ၏ နှုတ်ခမ်းများမှာ မသိမသာ တုန်ရီသွားသည်
"မင်း တကယ်ပဲ မပြောဘူးလား"
လိမ္မော်ရောင်ကြောင်က ဒေါသထွက်သွားသည်
"မပြောဘူး၊ ငါက မင်းလို တာအိုဆရာလေးကို ကြောက်နေရမှာလား "
မိစ္ဆာလေတစ်ချက် တိုက်ခတ်သွားပြီး လိမ္မော်ရောင်ကြောင်၏ ကိုယ်လုံးမှာ ရှူး ခနဲ ပျောက်ကွယ်သွားကာ ကျောင်းဆောင်အပြင်ဘက်သို့ ရောက်ရှိသွားသည်။
လီယန်ချူလည်း ချက်ချင်းပင် နောက်မှ လိုက်သွားခဲ့သည်။
သို့သော် သူ၏ မျက်ဝန်းများမှာ လေးလံသွားရသည်။
ပထမဆုံး မြင်လိုက်ရသည်မှာ အေးစက်လှသော မျက်လုံးနီနီ အစုံပင် ဖြစ်သည်။
၎င်းမှာ လီယန်ချူ တစ်သက်တွင် မြင်ဖူးသမျှ အကြီးဆုံး ကြောင်ကြီး ဖြစ်နေသည်။
ကိုယ်ထည်မှာ (၆) မီတာနီးပါး ရှည်လျားပြီး အမြီးမှာ (၂) မီတာခန့်၊ ပုခုံးအမြင့်မှာလည်း (၂) မီတာကျော် ရှိသည်။
ထိုကြောင်ကြီးက ပေးစွမ်းသည့် ဖိအားမှာ အလွန်ပင် ကြီးမားလှပြီး သာမန် မိစ္ဆာကြီးမျိုး မဟုတ်ပေ။
ဤသည်မှာ သူမ၏ မူလရုပ်သွင် အစစ်အမှန် ဖြစ်ပေလိမ့်မည်။
"မင်းရဲ့ ဒီပုံစံက တောင်စောင့်နတ်နဲ့ မတူတော့ဘူး၊ လူသားတွေကို စားမယ့် မိစ္ဆာကြီး တစ်ကောင်နဲ့ ပိုတူနေပြီ "
လီယန်ချူက ငေါက်ငမ်းလိုက်သည်။
"ဟွန်း... ငါက ပြည်သူတွေအတွက် အများကြီး လုပ်ပေးခဲ့ပေမဲ့၊ ပြည်သူတွေက ငါ့ကို ပူဇော်ဖို့ မေ့နေကြပြီ၊ ဒီတော့ တောင်စောင့်နတ် လုပ်နေလို့ရော ဘာထူးမှာလဲ၊ နောက်ပြီး ငါက မူလကတည်းက မိစ္ဆာပဲဥစ္စာ"
လိမ္မော်ရောင်ကြောင်က အေးစက်စွာ ပြောလိုက်သည်။
"မင်းသာ လူတွေရဲ့ ပူဇော်မှုကို ပြန်လိုချင်ရင်၊ လူသတ်မိစ္ဆာတွေကို အားပေးကူညီတာမျိုး မလုပ်နဲ့"
လီယန်ချူက ဆိုသည်။
လိမ္မော်ရောင်ကြောင်၏ အသံမှာ ဟိန်းထွက်သွားပြီး ခန့်ညားလှသည်
"ဟွန်း... ငါက အဲ့ဒီလောက် အမွှေးတိုင်မီး စွမ်းအားတွေကို ဂရုမစိုက်ဘူး၊ ငါ ဘာလုပ်လုပ် မင်းက ငါ့ကို လာသင်ပေးစရာ မလိုဘူး "
လီယန်ချူက တည်ငြိမ်စွာပင်
"အဲ့ဒီ မိစ္ဆာနှစ်ကောင်က လူသားလောကမှာ မိစ္ဆာနိုင်ငံတော် တည်ထောင်ဖို့ ကြိုးစားနေတဲ့ အောက်တန်းစားတွေ၊ မင်းက မင်းရဲ့ မိစ္ဆာစွမ်းအားတွေကို သူတို့ဆီ ပေးလိုက်တာက လူအမြောက်အမြား သေကျေပျက်စီးဖို့ လမ်းစပဲ၊ မင်းကိုယ်တိုင် လူမသတ်ဘူး ဆိုရင်တောင်မှ ဒါက အပြစ်တစ်ခုပဲ "
အကယ်၍ ထိုကြောင်ကြီး၏ ကိုယ်ပေါ်တွင် စင်ကြယ်သည့် အရှိန်အဝါများ ရှိမနေဘဲ အာဃာတများသာ ရှိနေမည်ဆိုလျှင် လီယန်ချူမှာ ဤမျှလောက် စကားအရှည်ကြီး ပြောနေလိမ့်မည် မဟုတ်ဘဲ လက်သီးဖြင့်သာ အဆုံးသတ်လိုက်မည် ဖြစ်သည်။
***