လီယန်ချူသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
"မင်းက တောင်ပေါ်ကတစ်ခါမှ မဆင်းဖူးဘူးဆိုရင်၊ ဒီမိစ္ဆာရဲ့ စရိုက်ကို ဘယ်လိုလုပ် သိနေတာလဲ"
လိမ္မော်ရောင်ကြောင်သည် ယခုအချိန်တွင် အလွန်အမင်း အားနည်းနေသော်လည်း သူမ၏ မောက်မာသော အမူအရာကိုမူ ဖုံးကွယ်ထား၍ မရချေ။
"ငါတို့မျိုးနွယ်မှာ နားပါးတဲ့ အကြားအာရုံ ရှိတယ်၊ တောင်ပေါ်က မဆင်းဘဲနဲ့လည်း အပြင်လောကက အကြောင်းအရာတော်တော်များများကို သိနိုင်တယ်"
ဒီလောက်တောင် စွမ်းတာလား
လီယန်ချူက သူမကို သံသယဖြင့် တစ်ချက်ကြည့်လိုက်သည်။
လိမ္မော်ရောင်ကြောင်မှာ ဒေါသထွက်သွားပြီး မအောင့်နိုင်ဘဲ ဟောက်လိုက်တော့သည်
"ငါ့ကို အနိုင်တိုက်နိုင်ရုံနဲ့ ငါ့ကိုလာပြီး သံသယမဝင်နဲ့ "
လီယန်ချူမှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။
ဤမျှလောက် အရိုက်ခံထားရပြီးမှ ယခုထက်တိုင် မောက်မာနိုင်သေးသည့် ထိုလိမ္မော်ရောင်ကြောင်မှာ တကယ်ကို တစ်ခုခုတော့ တစ်ခုခုပင်။
လိမ္မော်ရောင်ကြောင်က ခေါင်းကိုမော့ကာ မကြောက်မရွံ့သော မျက်နှာပေးဖြင့် ပြတ်သားစွာ ပြောလိုက်သည်
"သတ်ချင်ရင်လည်း သတ်လိုက်တော့၊ ငါ တစ်ခွန်းမှ ညည်းမှာမဟုတ်ဘူး "
လီယန်ချူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်
"ငါ မင်းကို ယုံပါတယ်"
သူသည် ဖြည်းညှင်းစွာ နောက်သို့ဆုတ်ကာ လှည့်ထွက်ခဲ့သည်။
ဟုန်ရှန်းတောင် ဘယ်မှာရှိသလဲဆိုသည်ကို လူတစ်ယောက်လောက် မေးကြည့်ရမည်။
အကယ်၍ ထိုခြင်္သေ့မိစ္ဆာသည် တကယ်ပင် ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က ရက်စက်သည့် မိစ္ဆာဖြစ်နေပါက တိုက်ရိုက်ပင် အပြတ်ရှင်းပစ်လိုက်မည်။
၎င်းမှာ ကုသိုလ်မှတ်တိုးရန်... အဲ မဟုတ်သေးဘူး... ပြည်သူတွေအတွက် ဘေးဖယ်ရှားပေးရန်ပင် ဖြစ်သည်။
လိမ္မော်ရောင်ကြောင်၏ မျက်ဝန်းများမှာ နက်မှောင်နေပြီး လှည့်ထွက်သွားသည့် လီယန်ချူ၏ ကျောပြင်ကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်နေတော့သည်။
လီယန်ချူသည် တိမ်စီးအတတ်ကို အသုံးမပြုသေးဘဲ သိုင်းပညာကိုယ်ဟန်ဖြင့်သာ တောင်အောက်သို့ ဆင်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်မျက်စိ ကို ဖွင့်ကြည့်လိုက်ရာ မကြာမီမှာပင် အိမ်ခြေတစ်ခုကို တွေ့ရှိလိုက်ရသည်။
ဟုန်ရှန်းတောင်သို့ သွားသည့်လမ်းကို သူ မေးမြန်းကြည့်လိုက်သည်။
ဗလကောင်းကောင်းနှင့် မုဆိုးတစ်ယောက်က သူ့ကို ဖျောင်းဖျရှာသည်
"ဆရာလေး... ဟုန်ရှန်းတောင်မှာ လူသားတွေကို စားတဲ့ မိစ္ဆာရှိတယ်၊ အလွန်အန္တရာယ်များတဲ့ သေမင်းတမန် နယ်မြေပဲ၊ ဘယ်လိုမှ မသွားပါနဲ့ဗျာ"
လီယန်ချူက လက်အုပ်ချီကာ
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ကျုပ် မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ်"
မုဆိုးမှာ မျက်နှာပျက်သွားပြီး အလောတကြီး ထပ်ပြောသည်
"ဟုန်ရှန်းတောင် ပတ်ပတ်လည် မိုင်တစ်ရာအတွင်းမှာ လူသူတစ်ယောက်မှ မရှိဘူး၊ ဟိုးအရင်က နာမည်ကြီး ကိုယ်တော်တွေ၊ တာအိုပညာရှင်တွေတောင် အလွယ်တကူ မသွားရဲကြဘူး။ ဆရာလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး"
ထိုစဉ် အိမ်ထဲမှ ခပ်သဲ့သဲ့ ချောင်းဆိုးသံတစ်ခု ထွက်ပေါ်လာသည်။
အမျိုးသမီးတစ်ဦး ဖြစ်ပုံရသည်။
နွမ်းနယ်နေသော်လည်း ရုပ်ရည်အတော်အတန် ရှိသည့် အမျိုးသမီးတစ်ဦး လိုက်ကာကို မကာ ထွက်လာပြီး အားနည်းစွာဖြင့် ပြောသည်
"လျူအစ်ကို ပြောတာ မှန်ပါတယ်၊ ဟုန်ရှန်းတောင်က အန္တရာယ်များလွန်းတယ်၊ ဆရာလေး မသွားတာ အကောင်းဆုံးပါပဲ"
လီယန်ချူက ထိုအမျိုးသမီးကို စေ့စေ့ကြည့်ကာ တစ်ဖန် နှုတ်ဆက်လိုက်သည်။
"ကျနော် အရှိအတိုင်း ပြောရရင်... အစ်မကြီးရဲ့ ရောဂါက မပေါ့ဘူးနော်၊ အမည်းရောင် အရှိန်အဝါတွေက ဖုံးလွှမ်းနေပြီ၊ သေချာ မကုသရင် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်"
ဟု လီယန်ချူက ဆိုသည်။
မုဆိုးမှာ မျက်နှာပျက်သွားပြီး အတင်းမေးတော့သည်
"ဆရာလေးက ဆေးကုတတ်လို့လားဗျ"
လီယန်ချူက ခေါင်းအသာညိတ်ကာ
"ဆေးပညာကိုတော့ အသေးစိတ် မတတ်ပါဘူး၊ ဒါပေမဲ့ အစ်မကြီးရဲ့ရောဂါကို ကုပေးဖို့တော့ ကျနော် ယုံကြည်ချက် ရှိပါတယ်"
မုဆိုးမှာ စိတ်လှုပ်ရှားစွာဖြင့်
"ကျနော် မိန်းမရဲ့ရောဂါကိုသာ ကုပေးနိုင်မယ်ဆိုရင် ဆရာလေးဟာ ကျနော် မိသားစုရဲ့ ကျေးဇူးရှင်ကြီးပါပဲဗျာ "
"အားမ နာပါနဲ့ "
လီယန်ချူက ပြုံးလိုက်သည်။
စကားဆုံးသည်နှင့် သူသည် ရင်ဘတ်ထဲမှ ဝါရောင်အဆောင် တစ်ရွက်ကို ထုတ်လိုက်ပြီး ထိုအမျိုးသမီး၏ နဖူးပေါ်သို့ လျင်မြန်စွာ ကပ်လိုက်သည်။
ရှဲ ရှဲ ရှဲ
အမျိုးသမီး၏ နဖူးပေါ်မှ အဖြူရောင် မီးခိုးတန်းလေးတစ်ခု ထွက်ပေါ်လာသည်။
သို့သော် တစ်ချိန်တည်းမှာပင် နွေးထွေးသည့် သက်စောင့်အားအရှိန်အဝါတစ်ခုမှာ အမျိုးသမီး၏ ကိုယ်တွင်းအင်္ဂါများထဲသို့ စီးဝင်သွားပြီး ဖော်မပြနိုင်လောက်အောင် သက်သောင့်သက်သာ ဖြစ်သွားစေသည်။
လီယန်ချူ အသုံးပြုလိုက်သည့် အဆောင်မှာ စစ်မှန်သော
"မကောင်းဆိုးဝါးနှင်အဆောင်"
ဖြစ်ပြီး အောက်လမ်းအရှိန်အဝါများကို ဖယ်ရှားရာတွင် အလွန်ပင် စွမ်းထက်လှသည်။
မှန်ပါသည်။
ထိုအမျိုးသမီးမှာ ဖျားနာနေခြင်း မဟုတ်ဘဲ မိစ္ဆာအရှိန်အဝါများ ကိုယ်ထဲသို့ ဝင်ရောက်နေခြင်း ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများကို အားနည်းစေခြင်း ဖြစ်သည်။
အကယ်၍ ထိုယင်ဓာတ်အရှိန်အဝါကို ဆက်လက်ထားရှိပါက နောက်သုံးလအတွင်း သူမ သေဆုံးသွားမည်မှာ သေချာလှသည်။
သူသည် စောစောက ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်ရာ ထိုလင်မယားနှစ်ဦးမှာ အာဃာတ တရားများ မရှိဘဲ စိတ်ထားနွေးထွေးသူများဖြစ်ကြောင်း သိလိုက်ရသဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းလာပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားကာ ကိုယ်တွင်းက အဆိပ်အတောက်များ ကင်းစင်သွားတော့သည်။
မုဆိုးမှာ အံ့သြဝမ်းသာစွာဖြင့် ဇနီးသည်အနားသို့ သွားရောက်ကြည့်ရှုကာ ပြုံးပျော်နေတော့သည်။
"အစ်မကြီးရဲ့ ကိုယ်ပေါ်မှာ ယင်ဓာတ်တစ်ခု ပုန်းကွယ်နေတာ၊ ဘယ်လိုနေရာမျိုးကို သွားခဲ့မိလဲတော့ မသိဘူး။ ကျနော် ကတော့ သရဲတစ္ဆေနှင်တဲ့နေရာမှာ နည်းနည်းပါးပါး တတ်မြောက်ထားတော့ နောက်တစ်ခါ ထပ်ပြီး အန္တရာယ်မဖြစ်အောင် အမြစ်ပြတ်အောင် ရှာပေးလို့ ရပါတယ်"
ဟု လီယန်ချူက ခပ်အေးအေးပင် ပြောလိုက်သည်။
မုဆိုးသည် ထိုစကားကို ကြားသောအခါ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မျက်နှာပျက်သွားကာ အတင်း ပြုံးလိုက်သည်
"ကျေးဇူးတင်ပါတယ် ဆရာလေး၊ တောင်ထဲမှာ သစ်ပင်အိုကြီးတွေ များလွန်းလို့ လေဖြတ်တာမျိုး ဖြစ်မှာပါ၊ ဆရာလေးကို အားနာလိုက်တာ "
လီယန်ချူသည် ထိုပုံစံကို ကြည့်ခြင်းဖြင့် သူတို့တွင် ပြောရခက်သည့် အခက်အခဲ တစ်ခုခု ရှိနေကြောင်း သိလိုက်ရသဖြင့် ထပ်မမေးတော့ချေ။
သူ၏ မျက်ဝန်းများကို အစွမ်းလှုံ့ဆော်ကာ ဝိညာဉ်မျက်စိဖြင့် တစ်အိမ်လုံးကို ဝေ့ကြည့်လိုက်သော်လည်း ထူးခြားသည့် မိစ္ဆာအရှိန်အဝါမျိုး မတွေ့ရတော့ချေ။
"ဒါဆိုရင် ကျနော် သွားတော့မယ်"
လီယန်ချူက လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
မုဆိုးက အိမ်ရှိ စုဆောင်းထားသည့် ငွေကြေးအချို့ဖြင့် လီယန်ချူကို ကျေးဇူးဆပ်ရန် ကြိုးစားသော်လည်း လီယန်ချူက ယဉ်ကျေးစွာ ငြင်းပယ်ပြီး ထွက်ခွာခဲ့သည်။
အမျိုးသမီးက လီယန်ချူ၏ ကျောပြင်ကို ကြည့်ကာ
"လျူအစ်ကို ... စံအိမ် ထဲက ကိစ္စတွေကို ဒီဆရာလေးကို ဘာလို့ အမှန်အတိုင်း မပြောပြလိုက်တာလဲ၊ ဒီဆရာလေးဆိုရင် ဖြေရှင်းပေးနိုင်မှာပါ"
မုဆိုး၏ အမည်ရင်းမှာ လျူယွီ ဖြစ်သည်။
သူက ခေါင်းခါယမ်းကာ
"ဒီကိစ္စက အန္တရာယ်ကြီးလွန်းတယ်၊ အဲဒီမိစ္ဆာလူသားကို ကုန်းကျူ ဆရာတော် တောင် မယှဉ်နိုင်ဘူး။ ဒီဆရာလေးက ငယ်ငယ်လေးရှိသေးတာ၊ သွားရင် အသက်အချည်းနှီး ပေးရလိမ့်မယ်"
အမျိုးသမီးက ဝမ်းနည်းပူဆွေးသည့် မျက်နှာပေးဖြင့် သက်ပြင်းချလိုက်သည်
"အခု ကျမရောဂါ ပျောက်သွားပြီဆိုတော့ လျူအစ်ကို နဲ့ အတူတူ သက်ဆုံးတိုင် နေချင်တာပေါ့၊ ဒါပေမဲ့ ကျမ တို့တွေ အဲဒီစံအိမ်ကြီးရဲ့ လက်ကနေ လွတ်နိုင်ပါ့မလားမသိဘူး"
လျူယွီ၏ မျက်နှာမှာ လေးလံအုံမှိုင်းသွားတော့သည်။
လီယန်ချူ လမ်းလျှောက်နေစဉ် လိမ္မော်ရောင်ကြောင်တစ်ကောင်က လမ်းလယ်တွင် ရုတ်တရက် ပေါ်လာပြီး လမ်းပိတ်လိုက်သည်။
သူမ၏ လမ်းလျှောက်ပုံက ကျော့ရှင်းနေဆဲဖြစ်ပြီး မောက်မာသည့် အမူအရာကလည်း ရှိနေဆဲပင်။
သို့သော် သူမ၏ ကိုယ်ပေါ်တွင်မူ ဒဏ်ရာဗရပွနှင့် သနားစဖွယ် ဖြစ်နေသည်။
လီယန်ချူ၏ မျက်ဝန်းများမှာ ဓားကဲ့သို့ ထက်မြက်သွားသည်
"မင်း ဘာလို့ လာတာလဲ၊ ထပ်ချချင်သေးလို့လား"
လိမ္မော်ရောင်ကြောင်က မေးစေ့ကို အသာမော့ကာ မောက်မာစွာ ပြောသည်
"မင်းရဲ့ လက်စလက်နက မဆိုးဘူးလို့ ငါထင်လို့ လိုက်လာတာ၊ ဒါပေမဲ့ အဲဒီခြင်္သေ့မိစ္ဆာရဲ့ မူလစွမ်းရည်က အလွန်ကြမ်းတမ်းတယ်၊ မင်း သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဲဒီခြင်္သေ့မိစ္ဆာနဲ့ ငါနဲ့ကလည်း အရင်ကတည်းက ရန်ငြိုးရှိတယ်..."
"မင်း ငါနဲ့ လိုက်ချင်တာလား"
လီယန်ချူက အချက်ကျကျ မေးလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
လိမ္မော်ရောင်ကြောင်က အလောတကြီး ငြင်းဆိုသည်
"ငါ တောင်ပေါ်မှာ နေတာ ကြာပြီဆိုတော့ တောင်အောက်ကို ဆင်းပြီး လှုပ်လှုပ်ရှားရှား လုပ်ချင်ရုံတင်ပါ။ နောက်ပြီး ငါ့မှာ အစေခံတစ်ယောက် လိုနေတာ၊ မင်း ကြည့်ရတာလည်း မဆိုးဘူး၊ အပြောအဆိုလည်း တတ်တယ်ဆိုတော့ မင်းကို အခွင့်အရေး တစ်ခု ပေးမလို့လေ"
အစေခံ ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ လီယန်ချူ၏ မျက်ခုံးများ ပင့်တက်သွားသည်။
"မင်းကတော့ အရိုက်ခံရတာ နည်းနေသေးပုံရတယ်"
လီယန်ချူ၏ မျက်နှာက အေးစက်သွားပြီး လက်တစ်ဖက်က ကျန့်ကျောင်းဓား ၏ ဓားရိုးပေါ်သို့ ရောက်သွားသည်။
မှောင်မည်းနေသော တောင်လမ်းလေးပေါ်တွင် လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီး လေထုမှာ တင်းမာနေတော့သည်။
လိမ္မော်ရောင်ကြောင်က ဇွတ်တိုး၍
"ငါက မင်းကို ကြောက်နေတယ်လို့ မထင်နဲ့၊ ငါသာ ဒဏ်ရာမရထားဘူးဆိုရင် မင်းလို တာအိုဆရာလေးကို တစ်ကွက်တည်းနဲ့ အလဲထိုးနိုင်တယ်..."
သူမက တတွတ်တွတ်နှင့် စကားတွေ အများကြီး ပြောနေသော်လည်း လီယန်ချူ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး မအောင့်နိုင်ဘဲ ပြုံးလိုက်မိသည်။
"ငါနဲ့အတူ လိုက်ခဲ့လို့ ရတယ်၊ ဒါပေမဲ့ အစေခံဆိုတာမျိုးကိုတော့ ထပ်မပြောနဲ့တော့"
လိမ္မော်ရောင်ကြောင်က ခေါင်းကို (၄၅) ဒီဂရီ မော့ကာ ဂုဏ်ယူစွာဖြင့်
"မင်းကတော့ အခွင့်အရေးကို တန်ဖိုးမထားတတ်ဘူးပဲ... ကောင်းပြီလေ၊ ဒါဆိုလည်း ဒီအတိုင်းပဲပေါ့"
လီယန်ချူ၏ မျက်နှာ အမူအရာ မကောင်းသည်ကို တွေ့သောအခါ သူမ၏ အသံမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။
စုကျိုးနယ်က ရှောက်ဖုန်းတောင်မှ ဟုန်ရှန်းတောင်သို့ သွားရသည်မှာ သိပ်မဝေးလှပေ။
လီယန်ချူ စဉ်းစားလိုက်ပြီးနောက် လိမ္မော်ရောင်ကြောင်ကို လက်ဖြင့် မ-ချီလိုက်ပြီး တိမ်စီးအတတ်ဖြင့် တိုက်ရိုက် ပျံသန်းသွားတော့သည်။
လိမ္မော်ရောင်ကြောင်မှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်
"ဟေး... ဟေး... မင်း ဘာလုပ်တာလဲ "
လီယန်ချူက သူမကို ဂရုမစိုက်ဘဲ ဟုန်ရှန်းတောင်ဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။
နားထဲတွင် လေတိုးသံများမှာ ဝူးဝူးဝါးဝါးနှင့် ကြားနေရပြီး လိမ္မော်ရောင်ကြောင်၏ အသံမှာလည်း ပုံစံပျက်သွားတော့သည်။
"ဝါး ဝါး ဝါး ဝါး ဝါး ဝါး"
သူမ၏ ပါးစပ်ထဲသို့ လေတွေ အတင်းတိုးဝင်ကုန်သည်။
လီယန်ချူက ကျေနပ်စွာ ပြုံးလိုက်ပြီး အရှိန်ကို ထပ်မြှင့်လိုက်သည်
ဟုန်ရှန်းတောင်သို့ ရောက်သောအခါ လိမ္မော်ရောင်ကြောင်၏ အမွှေးအမျှင်များမှာ အကုန်လုံး ထောင်ထနေပြီး ထိတ်လန့်တုန်လှုပ်နေဆဲပင်။
သူမသည် ခေါင်းမော့ကာ ထိုကောက်ကျစ်သည့် လူငယ်တာအိုဆရာကို ဗရမ်းဗတာလက်သီးချက် ဖြင့် ဆုံးမရန် ပြင်သော်လည်း သူမကိုယ်တိုင် ဒဏ်ရာရထားသည့်အပြင် လီယန်ချူ၏ ထုရိုက်ခြင်းကို ခံထားရသည်က တစ်ကြောင်း၊ ယခုကဲ့သို့ အရှိန်ပြင်းပြင်း ပျံသန်းခဲ့ရသည်က တစ်ကြောင်းကြောင့် အလွန်ပင် အားနည်းသွားရသည်။
သူမသည် စဉ်းစားလိုက်ပြီးနောက် တစ်ချက်သာ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာကို အခြားတစ်ဖက်သို့ လွှဲလိုက်တော့သည်။
ဟုန်ရှန်းတောင်ကို ရှာရသည်မှာ မခက်ခဲပေ။
အဘယ်ကြောင့်ဆိုသော် ထိုတောင်မှာ ပတ်ဝန်းကျင် မိုင်ငါးရာအတွင်း တစ်ခုတည်းသော သီးခြားတောင်ထိပ် ဖြစ်နေသောကြောင့်ပင်။
ထို့ပြင် ဤတောင်ထိပ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက် များနှင့် မိစ္ဆာအရှိန်အဝါ များမှာ ကောင်းကင်သို့ လွှမ်းခြုံနေပြီး၊ လူသတ်မိစ္ဆာများစွာ စုဝေးနေကြောင်း သိသာလှပေသည်။
***