လီယန်ချူ၏ မျက်နှာမှာ မှောင်ကျသွားတော့သည်။
ထိုမျှလောက် ပြင်းထန်လှသော အာဃာတနှင့် သွေးညှီနံ့များ ထွက်ပေါ်နေသည်ကို ကြည့်ခြင်းအားဖြင့် လူပေါင်းမည်မျှများများကို သတ်ဖြတ်ခဲ့ကြသနည်း။
"ဒီလိုနေရာမျိုးကို ဘယ်သူမှ လာမရှင်းကြဘူးလား"
သူက ခပ်တိုးတိုး နှာခေါင်းရှုံ့လိုက်သည်။
သူ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေတော့သည်။
တောင်ပေါ်ရှိ မိစ္ဆာအရှိန်အဝါ အထူထပ်ဆုံးနေရာသို့ ရောက်သောအခါ သူ ခြေလှမ်း ရပ်လိုက်သည်။
ရုပ်ဆိုးအကျည်းတန်လှသော မိစ္ဆာစစ်သည်တစ်ဦး လှံရှည်တစ်စင်းကို ကိုင်ဆောင်၍ ထွက်လာပြီး ခပ်စူးစူး အော်ဟောက်လိုက်သည်
"ဘယ်က တာအိုဆရာလဲ၊ ဟုန်ရှန်းတောင်ကို ဘယ်လိုသတ္တိနဲ့ ကျူးကျော်ဝင်ရောက်လာတာလဲ "
မိစ္ဆာများ လူအသွင်ပြောင်းရာတွင် တစ်မျိုးမှာ အသွင်ပြောင်းအတတ် သက်သက်ဖြစ်ပြီး၊ နောက်တစ်မျိုးမှာ ကျင့်စဉ်လမ်းစဉ်အရ စနစ်တကျ ကျင့်ကြံပြီးမှ လူသားခန္ဓာကိုယ်ကို စစ်စစ်မှန်မှန် ရရှိခြင်း ဖြစ်သည်။
ဒုတိယနည်းလမ်းမှာ အလွန်ခဲယဉ်းပြီး ထူးခြားသည့် ကံအကြောင်းတရားများ လိုအပ်လှသည်။
ယခုတွေ့နေရသည့် မိစ္ဆာငယ်မှာ သိသိသာသာပင် ပထမနည်းလမ်း အသွင်ပြောင်းအတတ် သာ ဖြစ်သည်။
လီယန်ချူ၏ မျက်နှာမှာ အေးစက်နေပြီး စကားတစ်ခွန်းမျှ မဆိုချေ။
မကြာမီမှာပင် ရက်စက်ကြမ်းကြုတ်သည့် မိစ္ဆာစစ်သည် (၁၀) ယောက်ကျော် ထပ်မံထွက်ပေါ်လာပြီး ဓား၊ လှံ၊ လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။
လီယန်ချူ၏ မျက်ဝန်းများတွင် ဝိညာဉ်အလင်းများ လျှပ်ခနဲ ဖြစ်သွားသည်။
အားလုံးမှာ တောခွေး၊ ဝံပုလွေ၊ ကျား၊ သစ်များဖြစ်ကြပြီး တစ်ကိုယ်လုံးတွင် အာဃာတအငွေ့အသက်များ ရစ်ပတ်နေကြသည်။
"အနံ့နံတဲ့ တာအိုဆရာ၊ မင်းကို မေးနေတယ်လေ"
စောစောက မိစ္ဆာငယ်က ဒေါသတကြီး အော်ပြောလိုက်သည်။
ဂျိန်း
တောက်ပလှသော မိုးကြိုးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးနှင့် မီးလျှံအရှိန်အဝါများ ရောယှက်ကာ ထိုမိစ္ဆာအုပ်စုကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
မိုးကြိုးသဲ
သူသည် ထိုယန်ဓာတ်စစ်စစ် ဝိညာဉ်လက်နက်ကို ပြန်သိမ်းလိုက်သောအခါ တောခွေး၊ ဝံပုလွေ အသွင်ပြောင်းထားသည့် မိစ္ဆာအုပ်စုမှာ ပြာအဖြစ်သို့ လွင့်စင်ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
လိမ္မော်ရောင်ကြောင်မှာ မျက်နှာ အနည်းငယ် ပျက်သွားတော့သည်။
ဒီတာအိုဆရာက တကယ့်ကို ရက်စက်တာပဲ။
ဟုန်ရှန်းတောင်အတွင်းမှ မိစ္ဆာငယ်များစွာ တိုးထွက်လာကြရာ ထိုအထဲတွင် နှစ်ပေါင်းရာချီ ကျင့်ကြံထားသည့် မိစ္ဆာများလည်း ပါဝင်သည်။
ထို့နောက် ခြင်္သေ့ခေါင်းနှင့် လူကိုယ်ခန္ဓာရှိသည့် သန်မာထွားကြိုင်းသော လူသန်ကြီးတစ်ဦး ထွက်ပေါ်လာသည်။
သူ၏ မျက်လုံးများမှာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေပြီး ကိုယ်ပေါ်ရှိ မိစ္ဆာအရှိန်အဝါမှာ အလွန်ပင် ထူထပ်လှသည်။
လိမ္မော်ရောင်ကြောင်က ခြင်္သေ့မိစ္ဆာကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ ခြင်္သေ့မိစ္ဆာကလည်း သူမကို သတိထားမိသွားသည်။
"ဘယ်သူလဲလို့ ကြည့်နေတာ၊ မင်းကိုး"
ခြင်္သေ့မိစ္ဆာက လှောင်ပြောင်လိုက်သည်။
သူ၏ မျက်နှာပေါ်တွင် အကြံရှိသော အရိပ်အယောင်များ ပေါ်လာသည်။
"အရင်တစ်ခါ မင်းဆီက မိစ္ဆာစွမ်းအားတွေကို လုယူခဲ့တာ မလုံလောက်သေးဘူး ထင်တယ်၊ ဒီနေ့တော့ မင်းဆီက စွမ်းအားတွေအကုန်လုံးကို ငါ အမြစ်ပြတ် ဆွဲထုတ်ပစ်မယ် "
လိမ္မော်ရောင်ကြောင်က သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်
"မင်း ဒီခြင်္သေ့ပုပ်၊ အရင်တစ်ခါ ငါ့ဆီက စွမ်းအားတွေကို လုသွားပြီးတော့ လက်နက်တုတွေ လုပ်ပြီး မြေခွေးမိစ္ဆာ နှစ်ကောင်ကို ပေးလိုက်တယ်ဆိုတာ ငါ့ကို စော်ကားတာပဲ "
ခြင်္သေ့မိစ္ဆာ ခေတ္တမှိုင်သွားပြီးမှ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်
"မင်း သိသွားပြီပေါ့၊ အဲဒီပစ္စည်းက သုံးလို့ တော်တော်ကောင်းသားပဲ"
လိမ္မော်ရောင်ကြောင်က လီယန်ချူဘက်သို့ လှည့်ကြည့်ကာ မကျေမနပ် ပြောလိုက်သည်
"ငါ ပြောတာ အမှန်ပဲ မဟုတ်လား၊ ဒီခြင်္သေ့မိစ္ဆာ လုပ်ထားတဲ့ အလုပ်တွေပဲ "
လီယန်ချူက ခေါင်းအသာညိတ်ပြလိုက်သည်။
ဤဟုန်ရှန်းတောင်က ခြင်္သေ့မိစ္ဆာမှာ ထိုမျှလောက် မောက်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အမှန်အတိုင်းပင် ဝန်ခံရဲပေသည်။
ထိုသို့ပင် ဖြစ်ပေလိမ့်မည်။
မူလကပင် လိမ္မော်ရောင်ကြောင်မှာ သူ၏ ပြိုင်ဘက် မဟုတ်ခဲ့သလို လီယန်ချူကလည်း အမှောင်ဖုံးကွယ်အတတ် ဖြင့် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် ခြင်္သေ့မိစ္ဆာက သူ့ကို သတိမထားမိခြင်း ဖြစ်သည်။
ခြင်္သေ့မိစ္ဆာ၏ ဘေးတွင် ချောမောလှပသော စာဆိုတော်တစ်ဦး ထွက်လာသည်။
သူ၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အစက် တစ်စက်ရှိနေပြီး ကြည့်ရသည်မှာ နတ်သက်ကြွေလာသည့်အလား အရှိန်အဝါမျိုး ရှိသည်။
အထူးသဖြင့် ကျောပေါ်တွင် ရှေးဟောင်းဓားတစ်စင်း လွယ်ထားသဖြင့် သူ၏ အရှိန်အဝါမှာ ပိုမို အေးစက်ထက်မြက်နေသည်။
"အစ်ကိုကြီး... ဒါ အစ်ကိုပြောတဲ့ ကြောင်မိစ္ဆာလား"
"ဟုတ်တယ်၊ သူ့ကို ဖမ်းပြီး မိစ္ဆာစွမ်းအားတွေကို ထုတ်ယူ၊ အတွင်းစာကို ထုတ်ပစ်လိုက်ရင် ဆေးဖော်ဖို့အတွက် အကောင်းဆုံး ကုန်ကြမ်းပဲ"
ချောမောသည့် စာဆိုတော်က အသာအယာ ပြုံးလိုက်ပြီး
"ဒီမိစ္ဆာက တောင်စောင့်နတ်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပြီး အရင်မျိုးဆက် တောင်စောင့်နတ်ရဲ့ အမွေအနှစ်ကို ရထားတာဆိုတော့ လူသားအသွင်ကို အပြည့်အဝ ပြောင်းနိုင်တယ်လို့ ကြားတယ်၊ သူ့ရုပ်ရည်က ဘယ်လိုနေမလဲ မသိဘူး"
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြသည်။
ခြင်္သေ့မိစ္ဆာက မကောင်းသော အကြံဖြင့် ရယ်မောရင်း
"ညီလေး သဘောကျတယ်ဆိုရင် နောက်မှ ငါ သူ့ကို ဖမ်းပေးမယ်၊ မင်း စိတ်ကြိုက် ကစားနိုင်အောင် သူ့ကို လူအသွင်ပြောင်းခိုင်းပေးမယ်လေ"
လီယန်ချူသည် ထိုစကားကို ကြားသောအခါ လိမ္မော်ရောင်ကြောင်ကို မအောင့်နိုင်ဘဲ တစ်ချက် ကြည့်လိုက်မိသည်။
ဒီကောင်က ကြောင်မလေး ကိုး။ (အခုမှသိတာ ထင်တာပဲ)
လူအသွင်ကိုလည်း အပြည့်အဝ ပြောင်းလို့ရတာလား။
သို့သော် နောက်တစ်ခဏတွင် သူ၏ မျက်နှာမှာ အေးစက်သွားတော့သည်။
ထိုကောင်နှစ်ကောင်၏ လေသံအရဆိုလျှင် သူတို့နှစ်ဦးကို အသေသတ်ပြီးသားဟု မှတ်ယူထားသည့် ပုံစံပင်။
သူ၏ မျက်ဝန်းများတွင် ဝိညာဉ်အလင်းများ လျှပ်ခနဲ ဖြစ်သွားပြီး ဝိညာဉ်မျက်စိကို အစွမ်းကုန် ဖွင့်ကြည့်လိုက်သည်။
ဤချောမောသည့် စာဆိုတော်မှာ မြေခွေးမိစ္ဆာတစ်ကောင် ဖြစ်ပြီး သူ၏ အရှိန်အဝါမှာ ခြင်္သေ့မိစ္ဆာနှင့် သိပ်မကွာလှပေ။
သို့သော် သူ၏ ကျောပေါ်က ဓားမှာမူ သာမန်ပစ္စည်း မဟုတ်ဘဲ အနည်းငယ် အန္တရာယ်ရှိလှသည်။
"မင်းတို့နှစ်ယောက်လုံးက ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က လက်ကျန်ကောင်တွေလား"
လီယန်ချူက ရုတ်တရက် စကားပြောလိုက်သည်။
ခြင်္သေ့မိစ္ဆာ၏ ကိုယ်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်လာပြီး ဖြဲခြောက်လိုက်သည်
"တာအိုဆရာလေးက ပိုင်ကျယ်မိစ္ဆာနိုင်ငံတော် အကြောင်း သိနေပါလား၊ မင်းက တရားရုံးတော်ချုပ် က လူလား"
ကြည့်ရတာ မကြာသေးခင်က တရားရုံးတော်က ဒီအဖွဲ့အစည်းနဲ့ တော်တော်လေး ပြင်းပြင်းထန်ထန် ချနေပုံရတယ်... လီယန်ချူက အသံကို လေးလေးနက်နက်ဖြင့်
"ဟုတ်တယ်၊ တရားရုံးချုပ် ဒုတိယတရားသူကြီး ဝမ်ချွမ်ပါ့ယဲ့ ပဲ "
ဤစကား ထွက်လာသည်နှင့် ခြင်္သေ့မိစ္ဆာနှင့် စာဆိုတော်မှာ မျက်နှာ ပျက်သွားကြသည်။
ဒုတိယတရားသူကြီး
ဝမ်ချွမ်ပါ့ယဲ့
ဘာဖြစ်လို့ နာမည်က တော်တော်လေး အစွမ်းထက်သလို ခံစားနေရတာလဲ
ခြင်္သေ့မိစ္ဆာက မျက်မှောင်ကြုတ်ကာ အော်ဟောက်လိုက်သည်
"တရားရုံးတော် မှာ ဝမ်ချွမ်ဆိုတဲ့ မျိုးရိုးနဲ့ ဒုတိယတရားသူကြီး ဘယ်တုန်းက ပေါ်လာလို့လဲ မင်း ငါ့ကို လိမ်နေတာပဲ "
လီယန်ချူက အံ့သြဟန်ဖြင့်
"ဒီလောက်တောင် စမတ်ကျတာလား"
ခြင်္သေ့မိစ္ဆာ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး သူ၏ ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါများကို တစ်ခဏချင်း ထုတ်ဖော်လိုက်တော့သည်။
"ဝေါင်း "
သူသည် ခန္ဓာကိုယ် ထွားကျိုင်းလှသော ခြင်္သေ့ကြီးတစ်ကောင်အဖြစ် ချက်ချင်း အသွင်ပြောင်းလိုက်ရာ လိမ္မော်ရောင်ကြောင် အသွင်ပြောင်းစဉ်ကထက် နှစ်ဆခန့် ပိုကြီးမားလှသည်။
သူ၏ ကိုယ်ထည်မှာ (၁၃) မီတာခန့် ရှည်လျားပြီး ပခုံးအမြင့်မှာ (၄) မီတာခန့် ရှိသည်။
အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဒီတာအိုဆရာကို ငါ စားပစ်မယ် "
ဟိန်းဟောက်သံကြီးမှာ တောင်စဉ်တစ်ခုလုံးကို တုန်ခါသွားစေသည်။
ခြင်္သေ့မိစ္ဆာက သူ၏ သွေးအိုင်သဖွယ် ပါးစပ်ကြီးကို ဟလိုက်ရာ ပြင်းထန်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ပါးစပ်အတွင်း၌ အနက်ရောင် ဝဲဂယက်တစ်ခု ရှိနေသကဲ့သို့ပင်။
လိမ္မော်ရောင်ကြောင်မှာလည်း မျက်နှာ ပျက်သွားရသည်၊ ဤမူလစွမ်းရည် က ထပ်လာပြန်ပြီ သူမသည် ထိုစွမ်းရည်ဖြင့်ပင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ခြင်္သေ့မိစ္ဆာအပြင် သူ့ထက်မနိမ့်သည့် အကူအညီတစ်ခုပါ ရှိနေပြီ ဖြစ်ရာ
ငါ နည်းနည်း စိတ်လိုက်မာန်ပါ လုပ်မိသွားပြီ ထင်တယ် ဟု လိမ္မော်ရောင်ကြောင်က စိတ်ထဲမှ နောင်တရမိသွားသည်။
ချလွမ်း
သူမ၏ နားထဲတွင် နဂါးဟိန်းသံကဲ့သို့ ကြည်လင်ပြတ်သားသော အသံတစ်ခု ကြားလိုက်ရသည်။
ထို့နောက်တွင် အေးစက်ထက်မြက်သည့် ဓားအလင်းတန်းတစ်ခု ဝင်းခနဲ ဖြစ်သွားသည်ကို သူမ မြင်လိုက်ရသည် ထိုဓားအလင်းမှာ ရွှေရောင်အဆင်းရှိသော နဂါးတစ်ကောင်အလား
နောက်တစ်ခဏတွင်...
ထွားကျိုင်းလှသော ခြင်္သေ့မိစ္ဆာကြီးမှာ ဓားအလင်းတန်းကြောင့် တိုက်ရိုက်ပင် နှစ်ခြမ်းကွဲသွားတော့သည်။
သူ၏ နဖူးမှစတင်၍ သွေးကြောင်းတစ်ခု ထွက်ပေါ်လာပြီး တိတိရိရိပင် အလယ်တည့်တည့်မှ ကွဲအက်သွားခြင်း ဖြစ်သည်။
ဓားအလင်းမှာ မရပ်တန့်ဘဲ ခြင်္သေ့မိစ္ဆာကို ဖြတ်ကျော်ကာ ဟုန်ရှန်းတောင်ပေါ်ရှိ တောင်ထိပ်ငယ်တစ်ခုကိုပါ တိုက်ရိုက်ပင် ပွတ်တိုက်ဖြတ်တောက်သွားတော့သည်။
ကျန့်ကျောင်းဓား တစ်ချက်တည်းဖြင့် စစ်သည်တစ်ထောင်ကို ချေမှုန်းခြင်း
ထိုဓားချက်မှာ အရှိန်အဝါ ကို အဓိကထားခြင်းဖြစ်ပြီး လီယန်ချူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒအားလုံးကို ဤဓားချက်တစ်ချက်တည်းတွင် စုစည်းထားခြင်း ဖြစ်သည်။
"လာစမ်း "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သံကဲ့သို့ ဟိန်းထွက်သွားသည်။
သူ၏ မျက်ဝန်းများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ဆူဝေနေပြီး ကျောပေါ်တွင် ရှေးဟောင်းဓားလွယ်ထားသည့် ချောမောသော စာဆိုတော်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
မြေခွေးမိစ္ဆာစာဆိုတော်မှာ မအောင့်နိုင်ဘဲ တစ်ကိုယ်လုံး တုန်ခါသွားရသည်။
သူ၏ မျက်နှာပေါ်တွင် အားတင်းထားရသည့် အပြုံးတုတစ်ခု ပေါ်လာသည်။
"ဒီ... ဒီဆရာလေး၊ စောစောက သူပြောတာတွေက ပေါက်ကရတွေပါ၊ ကျနော်က ဒီအတိုင်း လမ်းကြုံလို့ ဝင်လာတာ..."
ချောမောသည့် စာဆိုတော်က ဆင်ခြေပေးလိုက်သည်။
အလွန်ပင် အားကိုးရာမဲ့သည့် ဆင်ခြေမျိုး ဖြစ်သော်လည်းပေါ့။
"မသေချင်ရင် ငြိမ်ငြိမ်နေစမ်း "
လီယန်ချူက ရှေ့သို့ တစ်လှမ်းချင်း တက်လှမ်းလာသည်။
ကျန့်ကျောင်းဓားမှာ အလွန်ပင် ထက်မြက်လှပြီး မိစ္ဆာများကို သတ်ဖြတ်ရာတွင် ဟင်းသီးဟင်းရွက် လှီးဖြတ်နေသကဲ့သို့ပင်။
ဓားတစ်ချက် ဝှေ့လိုက်တိုင်း မိစ္ဆာတစ်ကောင် ကျဆုံးသွားသည်။
ခဏချင်းအတွင်းမှာပင် ဟုန်ရှန်းတောင်ပေါ်ရှိ မိစ္ဆာငယ်အားလုံးကို အမြစ်ပြတ် သုတ်သင်လိုက်ရာ တစ်ကောင်မျှ မကျန်တော့ချေ။
ဝိညာဉ်မျက်စိဖြင့် ကြည့်လိုက်ရာ ထိုနေရာရှိ ကျား၊ သစ်၊ တောခွေး မိစ္ဆာအားလုံးမှာ အာဃာတ တရားများဖြင့် ဖုံးလွှမ်းနေသူများ ဖြစ်ကြသည်။
သူတို့ သေရခြင်းမှာ မတရားသဖြင့် မဟုတ်ပေ
ထိုအချိန်တွင် သူသည် ကုသိုလ်မှတ် (၁၈,၀၀၀) ကို ရရှိသွားပြီ ဖြစ်သည်။
စောစောက ခြင်္သေ့မိစ္ဆာ တစ်ကောင်တည်းကပင် ကုသိုလ်မှတ် (၉,၀၀၀) တိတိ ပေးခဲ့ခြင်း ဖြစ်သည်။
"အခု... မင်း ပြောလို့ရပြီ၊ မင်းက ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်က ဘယ်သူလဲ၊ ပိုင်ကျယ်မိစ္ဆာနိုင်ငံတော်ဆိုတာ ဘယ်လိုနေရာလဲဆိုတာ"
"မင်းတို့နှစ်ယောက်လုံးကို သတ်လိုက်ရင်လည်း ငါ့ရဲ့ တာဝန်က အပိုဆောင်းပြီး ပြီးမြောက်သွားမှာပဲ။ ဒါကြောင့် ငါ နဲ့ လာပြီး ဈေးမဆစ်နဲ့၊ ငါ တစ်ခါပဲ မေးမယ်၊ မပြောရင်တော့ သေဖို့သာ ပြင်ထားတော့"
လီယန်ချူက တစ်ခါတည်း အပြတ်ပြောလိုက်ရာ သူ၏ မျက်နှာမှာ အေးစက်ကာ တင်းမာသွားတော့သည်။
ချောမောသည့် စာဆိုတော်မှာ ခြေဖျားလက်ဖျားများ အေးစက်လာတော့သည်။
သူကိုယ်တိုင်လည်း ခြင်္သေ့မိစ္ဆာထက် မနိမ့်ကျလှကြောင်း ယူဆထားသလို၊ ထိုရှေးဟောင်းဓားကို အသုံးပြုပါက ခြင်္သေ့မိစ္ဆာကိုပင် ဒဏ်ရာအပြင်းအထန် ပေးနိုင်သည်ဟု ယုံကြည်ထားသူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ သူ ကြောက်သွားလေပြီ။
အလွန်ပင် ပြတ်သားစွာ ကြောက်သွားခြင်း ဖြစ်သည်။
ထိုလူငယ်တာအိုဆရာ၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် ရဲရင့်ပြတ်သားမှုကို သူ ခံစားလိုက်ရသည်။
ကံကောင်းလို့ စောစောက အလောတကြီး ဝင်မတိုက်မိတာ၊ မဟုတ်ရင် အခု သေနေတာ ငါ ဖြစ်နေမှာ ဟု စာဆိုတော်က ထိတ်လန့်စွာ တွေးလိုက်မိသည်။
လီယန်ချူ၏ မေးခွန်းကို ကြားသောအခါ စာဆိုတော်သည် အစပိုင်းတွင် မာနလေး အနည်းငယ်ပြပြီး မိမိ၏ သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားဦးမလားဟု စဉ်းစားလိုက်သေးသည်။
အလွယ်တကူ သစ္စာဖောက်လိုက်လျှင် အထင်သေးခံရမည် မဟုတ်ပါလား။
သို့သော် မော့ကြည့်လိုက်သောအခါ လီယန်ချူ၏ အေးစက်လှသော မျက်နှာထားကို မြင်လိုက်ရသဖြင့် သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး... အကြောင်းစုံကို ဖွင့်ဟပြောဆိုရန် ပြင်ဆင်လိုက်တော့သည်။
***