သူသည် ရွှမ်ချင်းကို မည်သို့ရှုံးနိမ့်ခဲ့သည်ဟူသော ဆွေးနွေးမှုများရှိနေသကဲ့သို့၊ ယွဲ့မိသားစု၏ တရားဝင်သားကြီးတစ်ဦးဖြစ်ပါလျက် အဘယ်ကြောင့် တောင်းဆိုကာ မိမိကိုယ်ကိုနှိမ့်ချနေရသနည်းဟု ဇဝေဇဝါဖြစ်နေသူများလည်း ရှိနေကြ၏။
"..."
ခေါင်းငုံ့ထားခဲ့သော ယွဲ့ထျန်းကျီ၏ မျက်နှာသည် တစ်ဖန်ပြန်၍ သွေးရောင်လွှမ်းသွားပြန်သည်။
သူ၏ဆုပ်ကိုင်ထားသော လက်ဖဝါးများသည် ပိုမိုတင်းကြပ်လာပြီး သူ၏လက်ဆစ်များ ကြေမွလုနီးပါးဖြစ်နေချေပြီဖြစ်၏။
သို့သော် မကြာမီမှာပင် သူ၏မျက်လုံးများက ပြန်လည် ပြတ်သားသွားသည်။
အကယ်၍ သူသည် ရွှမ်ချင်း၏ နိယာမတစ်သောင်းကို အနိုင်ယူလိုပါက၊ သူကိုယ်တိုင်လည်း ၎င်းတို့ကို သင်ယူရပေမည်။ ယွဲ့မိသားစု၏ ဂုဏ်သတင်းကို အသုံးချကာ အသုံးမဝင်သောအရာများကို လိုက်လံလုယက်ရုံမျှမကဘဲ၊ အဓိကကျသော မသေမျိုးဂိုဏ်းကြီးများ၏ တကယ့်လျှို့ဝှက်ချက်များကိုပါ အမှန်တကယ် သင်ယူရန် လိုအပ်ပေသည်။
နောက်ဆုံးတွင်၊ ယွဲ့မိသားစု၏ ဂုဏ်သိက္ခာကို ငဲ့ကွက်၍ဖြစ်စေ၊ မသေမျိုးဂိုဏ်းအတွင်းမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ယွဲ့ထျန်းကျီကို အတွင်းသို့ ဖိတ်ခေါ်လိုက်လေတော့သည်။
...
ရှန်းယီသည် နတ်ဆိုးသက်တမ်းကို အရှိန်အဟုန်ဖြင့် လောင်းထည့်လိုက်သည်နှင့်အမျှ၊ မြင်ကွင်းများသည် ပို၍ပို၍လျင်မြန်စွာ ပြောင်းလဲလာရာ သူ၏ ထက်မြက်သော အမြင်အာရုံပင်လျှင် မနည်းနောက်လိုက်နေရတော့သည်။
ထိုမြင်ကွင်းများထဲတွင်၊ ယွဲ့ထျန်းကျီသည် လျှို့ဝှက်ချက်များနှင့် လဲလှယ်ရန်အတွက် ယွဲ့မိသားစုမှ နတ်ဆိုးများကို ဦးဆောင်ကာ ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းခဲ့၏။ တန်ဖိုးရှိသော အရာနှင့် လဲလှယ်၍မရနိုင်သောအခါတွင်မူ၊ သူသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို အသုံးပြုကာ သူလိုချင်သောအရာကို အဓမ္မလုယူခဲ့သည်။
သူ ရန်စမိသော အင်အားစုများ များပြားလာသည်နှင့်အမျှ၊ သူ ချောင်းမြောင်းတိုက်ခိုက်ခံရသည့် အကြိမ်အရေအတွက်လည်း တိုးလာခဲ့၏။
ဤအန္တရာယ်များသည့်ထက်များလာသော စိန်ခေါ်မှုကြီးမှာ၊ နတ်ဆိုးခန္ဓာကိုယ်ဖြင့် နိယာမတစ်သောင်းကို မည်သို့သင်ယူရမည်ဟူသော အချက်ကြောင့်ဖြစ်သည်။
"မများလွန်းဘူးလား"
ယွဲ့ထျန်းကျီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးသွေးအားလုံးကို ထုတ်ယူကာ၊ စိတ်ဝိညာဉ်အရှိန်အဝါများကိုပျိုးထောင်ရန်အတွက် မှော်ရတနာများကို အသုံးပြုနေသည်ကို မြင်လိုက်ရသောအခါ၊ ရှန်းယီသည် အံ့အားသင့်ကာ မျက်ခုံးပင့်မိသွားတော့သည်။
သူ့ရှေ့တွင် မြင်တွေ့နေရသမျှ အရာအားလုံးသည် ယွဲ့ထျန်းကျီ၏ နှလုံးသားထဲမှ ဘေးဒုက္ခများပင် ဖြစ်သည်။ ယန်ခန်း ကပ်ဘေးကြီးသည် ထိုအရာအားလုံးကိုပြန်လည်ပုံဖော်ကာ သူ့ကို ထပ်မံခံစားစေရန် အတင်းအကျပ် ပြုလုပ်နေခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်အထိ သူသည် မည်သည့်အတားအဆီးနှင့်မျှ မကြုံတွေ့ရသေးဘဲ အရာအားလုံးကို အတင်းအဓမ္မဖြတ်ကျော်လာနိုင်ခဲ့၏။
ဤနတ်ဆိုး၏ အတွေးအခေါ်များသည် အနည်းငယ် ထူးဆန်းနေနိုင်သော်လည်း၊ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာမူအမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလှပေသည်။
ရှန်းယီ၏ ရှေ့မှ မြင်ကွင်းများ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်းသွားခဲ့၏။
ယွဲ့ထျန်းကျီသည် တောင်ထိပ်သို့ ပြန်ရောက်လာကာနေရာအနှံ့သို့ ဖိတ်ကြားလွှာများ ပေးပို့ခဲ့ပြီး၊ အရေးအကြီးဆုံးဖိတ်ကြားလွှာမှာ တောင်ပိုင်းဟုန်သို့ ပေးပို့ခြင်း ဖြစ်သည်။
သို့သော်ငြားလည်း၊ သူ၏ မြင့်မြတ်သော အဆင့်အတန်းဖြင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှထိုစားသောက်ပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ကြချေ။
ခြောက်ကပ်နေသော တောင်ထိပ်တွင် ယွဲ့မိသားစုမှ လူကြီးအချို့သာ ရောက်ရှိလာပြီး၊ စိတ်ပျက်လက်ပျက်ဖြင့် သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်ကြသည်။
"ဒီလောက်ဆို တော်သင့်ပြီ။ အားလုံး ပြီးသွားပါပြီ၊ မသေမျိုးတွေက မင်းအတွက် ကလဲ့စားချေပေးပြီးပြီပဲ၊ အိမ်ပြန်ကြရအောင်"
ယွဲ့ထျန်းကျီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ရုတ်တရက် မတ်တပ်ရပ်ကာ ရှေ့မှလူများကို အတင်းတွန်းဖယ်လိုက်၏။
သူသည် ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လိုက်ရာ၊ ထိုနေရာတွင်လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော အရပ်ရှည်ရှည် ပုံရိပ်တစ်ခုရှိနေသည်။
ယွဲ့ထျန်းကျီသည် ဝေခွဲမနေဘဲ ကျောက်စိမ်းနဂါးတစ်ကောင်ကို လွှတ်ထုတ်လိုက်ရာ၊ ၎င်းသည် ဟိန်းဟောက်၍ ရွှမ်ချင်း၏ပုံရိပ်ထံ တိုက်ရိုက်တိုးဝင်သွားခဲ့သော်လည်း၊ မည်သည့် ထိခိုက်မှုမျှ မရှိဘဲပုံရိပ်ကိုသာ ဖောက်ထွက်သွားလေသည်။
"ဟူး ..."
ရှန်းယီသည် သက်ပြင်းကို ခပ်ဖွဖွချလိုက်၏။
အချိန်ကာလအရဆိုလျှင်၊ ရွှမ်ချင်းသည် ဤနေရာတွင် ရှိနေရန် မည်သို့မျှမဖြစ်နိုင်ပေ။
ထို့ကြောင့် ဤသည်မှာ ယွဲ့ထျန်ကျီ၏ ဆင်းရဲဒုက္ခကပ်ဘေးပင် ဖြစ်တော့သည်။
မိမိအလိုချင်ဆုံးသောအရာကို မိမိရှေ့တွင် ရောက်ရှိနေသော်လည်း၊ မည်သို့ပင် ကြိုးစားစေကာမူ မရယူနိုင်ခြင်းကို မပြည့်စုံသောတောင့်တမှုဟု ခေါ်ဆိုကြသည်။
လောကတွင် အနက်ရှိုင်းဆုံးသော ဝမ်းနည်းဖွယ်ရာမှာ ပြန်လည်စတင်ရန် အခွင့်အရေးမရှိခြင်းမဟုတ်ဘဲ၊ ထိုအရာကို မေ့ဖျောက်၍ မရနိုင်ခြင်းကြောင့်သာဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ယွဲ့ထျန်းကျီ၏ အသက်ရှူသံများပိုမိုပြင်းထန်လာပြီး ရွှမ်ချင်းအပေါ် ထားရှိသော သူ၏အကြည့်များမှာလည်း ပို၍ပို၍ ဗလာဖြစ်လာခဲ့သည်။ သူသည် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခြင်း မပြုတော့ပေ။
ထိုအစား သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ကိုင်းညွတ်သွားပြီး မြေပြင်ပေါ်သို့ပြန်လည်လဲကျသွားကာ မြင်ကွင်းတစ်ခုလုံး ပြင်းထန်စွာကွဲအက်ပျက်စီးသွားတော့သည်။
ယန်ခန်းကပ်ဘေးကြီးသည် သူ့ကို ယခင်လမ်းကြောင်းအတိုင်း ပြန်လည်ခေါ်ဆောင်သွားခဲ့သော်လည်း၊ သူသည် လက်ရှိအသိစိတ်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး၊ သူဆုံးရှုံးခဲ့သောအရာကို ပြန်မရနိုင်တော့ကြောင်း ကောင်းစွာနားလည်သွားခဲ့ပြီ ဖြစ်သည်။
ရွှမ်ချင်းသည် သေဆုံးသွားခဲ့လျှင်ပင်၊ မသေမျိုးတစ်ပါး၏ လက်ချက်ဖြင့် ကျရှုံးခဲ့လျှင်ပင် ၎င်းမှာ မည်သည့်အခါမျှ အရှက်ရစရာဖြစ်ခဲ့မည်မဟုတ်ပေ။
မြင်ကွင်းတစ်ခုလုံး ပြန်လည်စတင်လာပြန်သည်။
ယွဲ့ထျန်းကျီသည် မြေပြင်ပေါ်တွင် တစ်ဖန်ပြန်၍ ဒူးထောက်နေပြန်ပြီး၊ သူ၏ဦးခေါင်းကို မော့ရန် နောက်တစ်ကြိမ်အတင်းအကျပ် ခိုင်းစေခြင်း ခံရပြန်သည်။
ရှန်းယီသည် ကံကြမ္မာကို လက်လျှော့လိုက်သည့်ဟန်ဖြင့် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်၏။
ဤကမ္ဘာကြီးသည် သူ၏ နတ်ဆိုးသက်တမ်းကို ဤနေရာတွင်ဖြုန်းတီးပစ်ရန် မည်သို့သော ရက်စက်သည့် ဟာသမျိုးကို လုပ်ဆောင်နေသနည်း။
အကြိမ်ပေါင်း တစ်ရာခန့် ပြန်လည်စတင်နေလျှင်ပင်၊ ယွဲ့ထျန်းကျီသည် ဤအခြေအနေမှ ရုန်းထွက်နိုင်ပါ့မည်လော။
ဤအချက်ကို စဉ်းစားမိသောအခါ ရှန်းယီ၏ စိတ်ထဲတွင် အကြံတစ်ခု ရုတ်တရက်ပေါ်လာခဲ့၏။
အနှစ်ချုပ်ရလျှင်၊ ဤကိစ္စတစ်ခုလုံးသည် သူတစ်ပါး၏ လက်ချက်ဖြင့် တာအိုနှလုံးသားပျက်စီးသွားရသော မာနကြီးသည့် အမျိုးသားတစ်ဦးအကြောင်း ဖြစ်သည်။
သူသည် ထိုနှလုံးသားကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသော်လည်း၊ ထိုကြိုးပမ်းမှုထဲတွင် မိမိကိုယ်ကို လုံးဝပျောက်ဆုံးသွားကာဖြေမရသော အရှုပ်အထွေးတစ်ခု ဖြစ်လာရခြင်းပင်။
သို့သော်လည်း၊ တစ်စုံတစ်ဦး၏ တာအိုနှလုံးသား ကို ရိုက်ချိုးဖျက်ဆီးပစ်သည့် ကိစ္စတွင်မူ
သူ့မှာလည်း ထိုက်သင့်သလောက် အတွေ့အကြုံ ရှိထားသည် မဟုတ်ပါလား။
ရှန်းယီသည် သူ၏မျက်လုံးများကို ပင့်လိုက်ပြီး၊ သူ၏ နတ်ဝိညာဉ်ကို ကျယ်ပြောလှသော ယန်ခန်းနယ်မြေထဲသို့ ညင်သာစွာထည့်သွင်းရန် ကြိုးပမ်းလိုက်သည်။
ထိုအခိုက်အတန့်မှာပင်၊ မိုးမြေသည် ပြင်းထန်စွာ တုံ့ပြန်လာပြီး၊ လေနှင့် တိမ်တိုက်များမှာလည်း ဒေါသတကြီးလှည့်ပတ်လာကာ ရှန်းယီ၏ နတ်ဝိညာဉ်ကို အပြင်သို့တွန်းထုတ်ရန် ကြိုးစားနေကြတော့သည်။
"တောက်"
ရှန်းယီ၏ မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။ သူသည် ယွဲ့ထျန်းကျီကို ကပ်ဘေးကျော်လွှားနိုင်အောင် ကူညီရန်ပင်ရည်ရွယ်ထားခြင်း မဟုတ်ပေ။
သတိပေးချက်လေး တစ်ခုပင် ပေးခွင့်မရှိဘူးလော။
ကျယ်ပြောလှသော မိုးနှင့်မြေသည် ဤမျှပင် သဘောထားသေးသိမ်လှသည်လော။
ရှူး ရှူး
မသေမျိုးမြို့တော် ငါးခု၏ အထက်တွင်၊ ရုတ်တရက် အနက်ရောင်လေပြင်းများတိုက်ခတ်လာပြီး၊မူလက ခမ်းနားထည်ဝါလှသော မြို့တော်များသည်လည်း ချက်ချင်းပင် မှောင်မိုက်အုံ့မှိုင်းသွားတော့သည်။
မြို့တော်များ၏ ဆိုင်းဘုတ်ပေါ်ရှိ အမည်နာမများသည် စီးဆင်းနေသောရေလှိုင်းများကဲ့သို့ တဖြည်းဖြည်းပြောင်းလဲသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စာလုံးများအဖြစ်သို့ ကူးပြောင်းသွား၏။
နတ်ဆိုးတစ်သောင်းခန်းမ
ထိုအနက်ရောင်လေပြင်းသည် မိုးနှင့် မြေ၏ အသိစိတ်ကို ဖုံးကွယ်လိုက်သကဲ့သို့ ရှိနေပြီး၊ လေနှင့် တိမ်တိုက်များကိုလည်း လျင်မြန်စွာငြိမ်သက်သွားစေခဲ့သည်။
ကြီးကျယ်ခမ်းနားသော ယန်ခန်းမြို့တော်အတွင်း၌
ယွဲ့ထျန်းကျီသည် သူ ပြန်လည်လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း ရုတ်တရက်သိရှိသွား၏။ သူသည် ခေတ္တမျှရပ်တန့်သွားပြီးနောက်၊ လျှင်မြန်စွာလှုပ်ရှားလိုက်သည်။
သူ နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော နိယာမတစ်သောင်းသည် ဝှူးခနဲထွက်ပေါ်လာပြီး၊ ရွှမ်ချင်းစကားမပြောနိုင်မီမှာပင် ထိုနည်းစနစ်ဖြင့် သူ၏ဝမ်းဗိုက်ထဲသို့ ပြန်လည်ထိုးထည့်ရန် ရည်ရွယ်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ၊ ခမ်းနားလှသော အတတ်ပညာများသည် ပုံရိပ်ယောင်ဖြတ်သန်းမသွားတော့ဘဲ၊ ခိုင်မာသောအရာဝတ္ထုတစ်ခုနှင့် ပြင်းထန်စွာ ထိတွေ့မိသွားခဲ့သည်။
ယွဲ့ထျန်းကျီသည် ကြောင်တောင်တောင်ဖြင့် ကြည့်နေစဉ်မှာပင်၊ ကျောက်စိမ်းနဂါးမှာ ကွဲအက်သွားပြီး၊အနီရောင်မီးတောက်များ ငြိမ်းသတ်ခံလိုက်ရကာ၊သူ၏လက်ထဲမှ ဓားသည်လည်း တစ်လက်မချင်းစီကြေမွပျက်စီးသွားတော့သည်။
သို့သော်ငြားလည်း၊ ထိုသူ၏ လျှို့ဝှက်ချပ်ဝတ်ကာပေါ်တွင်မူ မည်သည့် အစအနမျှထင်ကျန်ရစ်ခြင်း မရှိခဲ့ချေ။
လူငယ်လေးသည် တဖြည်းဖြည်း လှည့်လာခဲ့၏။ သူ၏ ဖြူဖျော့ကာချောမောလှသော မျက်နှာတွင် ဝမ်းသာခြင်းသို့မဟုတ် အမျက်ထွက်ခြင်း မရှိပေ။
သူသည် ယွဲ့ထျန်းကျီကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက်၊ သူ၏ လက်မောင်းကာပေါ်မှ မရှိသော ဖုန်မှုန့်များကို ညင်သာစွာပုတ်ထုတ်လိုက်၏။
သူက ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။
"ဒါ မင်းရဲ့ နိယာမတစ်သောင်း လား"
"ဟမ်"
ယွဲ့ထျန်းကျီ၏ လည်ချောင်းမှာ လှုပ်ရှားသွားပြီး လျှာပေါ်တွင်ချိုမြိန်သော အရသာတစ်ခုကို ခံစားလိုက်ရ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ လုံးဝတိတ်ဆိတ်နေကြသော်လည်း၊ သူသည် လှောင်ပြောင်ရယ်မောသံများကို ကြားနေရသကဲ့သို့ ခံစားနေရသည်။
သူသည် ရှေ့သို့ တိုးသွားကာ လူငယ်လေး၏ လျှို့ဝှက်ချပ်ဝတ်ကာကို ညင်သာစွာထိတွေ့လိုက်ရင်းမျက်လုံးများကို မှိတ်လိုက်သောအခါ၊ သူသည် အမှန်တကယ်ပင် အေးစက်မှုကို ခံစားလိုက်ရ၏။
ယွဲ့ထျန်းကျီသည် ပြုံးလိုက်ရာ၊ သူ၏ ဖြူဖွေးသော သွားများမှာ ယခုအခါသွေးရောင်များ စွန်းထင်နေပြီး၊ သူ၏ အသံမှာလည်း အက်ရှကာ တိုးညှင်းနေသည်။
"မသေနဲ့ဦး... မင်း လုံးဝမသေရဘူး... ငါ့ကို စောင့်နေဦး..."
သူ မျက်လုံးဖွင့်လိုက်သောအခါတွင်မူ၊ပတ်ဝန်းကျင်ရှိ အရာအားလုံး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ထူထပ်သော ရွှေရောင်အလင်းတန်းများ စုစည်းလာပြီး အနက်ရောင်တိမ်တိုက်အဖြစ်သို့ ပြောင်းလဲကာ ယန်ခန်းမြို့တော်ကြီးအတွင်းမှ လွင့်ထွက်သွားခဲ့သည်။
၎င်းသည် ပြင်းထန်သော ဘေးဒုက္ခအငွေ့အသက်များကို သယ်ဆောင်သွားပြီး၊ ကျမ်းစာတိုက်၏ အပေါ်ဆုံးအလွှာတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးနယ်မြေအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။
ပဉ္စမမြောက် တာအိုလက်နက် ထွက်ပေါ်လာခဲ့ပြီဖြစ်၏။
ယွဲ့ထျန်းကျီသည် သူ၏ဦးခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။ ဆင်းရဲဒုက္ခကပ်ဘေး၏ လွှမ်းမိုးမှု မရှိတော့သောအခါ၊ သူ၏စိတ်မှာ ရုတ်တရက် ကြည်လင်သွားခဲ့သည်။
သူသည် ယန်ခန်းနယ်မြေအတွင်းမှ ထွက်လာပြီး၊ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ ထို့နောက် သူသည် မိမိကိုယ်ကိုပါးရိုက်ရန်ပင် စဉ်းစားမိသွားတော့သည်။
တောက် ငါ အရူးလုပ်ခံလိုက်ရတာပဲ။
မိမိ၏ ကလဲ့စားချေမှုအတွက် နောက်ဆုံးတွင် မျှော်လင့်ချက်ရှိလာပြီဟု သူ ထင်မှတ်ခဲ့သော်လည်း၊ သူသည် လုံးဝ ကန်းနေခဲ့ခြင်း ဖြစ်သည်။
ထို လျှို့ဝှက်ချပ်ဝတ်ကာနှင့် လူငယ်လေးသည် အခြားသူမဟုတ်ဘဲ၊ သူ၏အသက်ကို စိတ်ကူးတစ်ချက်ဖြင့်ပင်ရုတ်သိမ်းပစ်နိုင်သော သူ၏ သခင်သာလျှင် ဖြစ်သည်။
ကလဲ့စားချေမှုတဲ့လား၊ ငါ တကယ်ကို အရူးပဲ။
[ခန်းမသခင်- ကပ်ဘေးချီလင် ယွဲ့ထျန်းကျီ]
[လက်ကျန် နတ်ဆိုးသက်တမ်း- ၁၈၂၀၀၀၀ နှစ်]
ရှန်းယီသည် စနစ်မျက်နှာပြင်ပေါ်ရှိ နတ်ဆိုးသက်တမ်းကိုကြည့်ကာ အလွန်ကျေနပ်သွားခဲ့၏။ သူ၏ ကြိုးပမ်းမှုများသည် အမှန်တကယ်ပင် ထိရောက်ခဲ့ပေသည်။
ဤတစ်ကြိမ် ဆင်းရဲဒုက္ခကပ်ဘေးသည် သက်တမ်းတစ်သိန်းခန့်သာကုန်ဆုံးခဲ့ရာ မျှော်လင့်ထားသည်ထက်များစွာ သက်သာခဲ့သည်။
ရှန်းယီသည် သူ၏ ဝမ်းမြောက်မှုကြားမှာပင်၊ ဆင်းရဲဒုက္ခကပ်ဘေးကို ကြည့်ခြင်းဖြင့် တစ်စုံတစ်ရာကို ဆင်ခြင်မိခဲ့သည်။ သို့သော် ထိုအကြောင်းကို စီနီယာရွှမ်ချင်းအား ပြောပြရန်မှာမူ လောလောဆယ်တွင် မသင့်တော်သေးပေ။
သာမန် အသိပညာအရဆိုလျှင်၊ ရှေ့မှ ကပ်ဘေးလေးခုကို ဖြတ်သန်းပြီးနောက်၊ နောက်ထပ်လာမည့် ကပ်ဘေးတိုင်းသည် ယခင်ကထက် ပိုမိုခက်ခဲလိမ့်မည်ဟု လူတို့က မသိစိတ်ဖြင့် ထင်မှတ်တတ်ကြ၏။
သေခြင်းကပ်ဘေးထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာတစ်ခုကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။
သို့သော် ရှန်းယီသည် ပထမဆုံးသော ကပ်ဘေးလေးခုသည်သာ အစစ်အမှန်စိန်ခေါ်မှုများ ဖြစ်သည်ဟု ခံစားလိုက်ရ၏။ နောက်ဆုံးကပ်ဘေးမှာမူ ကျင့်ကြံသူ၏ စိတ်ထဲတွင် စွဲလမ်းမှုများ ရှိနေသေးသလားဟူသည်ကို ပုံမှန်စစ်ဆေးခြင်းသာ ဖြစ်ဟန်တူသည်။
ယွဲ့ထျန်းကျီကဲ့သို့ပင်၊ သူ၏ နှလုံးသားထဲတွင် ဆင်းရဲဒုက္ခများကို သယ်ဆောင်ထားသောကြောင့်သာစမ်းသပ်မှုများနှင့် အခက်အခဲများ များပြားနေခြင်း ဖြစ်သည်။ ပုံရိပ်ယောင်နယ်မြေထဲရှိ အရာများသည် သူ၏ အတိတ်က အတွေ့အကြုံများသာ ဖြစ်ပြီး၊ ယန်ခန်းကပ်ဘေးက ဖန်တီးထားခြင်း မဟုတ်ပေ။
သို့သော် တစ်စုံတစ်ဦး၏ နှလုံးသားထဲတွင် ဆင်းရဲဒုက္ခများ အမှန်တကယ်မရှိခဲ့လျှင်၊ ၎င်းမှာ သူ၏ တာအိုနှလုံးသားသည် စင်ကြယ်သန့်ရှင်းနေပြီး ကျော်လွှားရန် အတားအဆီးများမရှိတော့ကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။
ရှန်းယီအတွက်မူ ၎င်းမှာ... ဆင်းရဲဒုက္ခ မဟုတ်သလိုပင် ခံစားနေရ၏။
"မင်းက ဒါကိုဒီလောက်လွယ်တယ် ထင်နေရင်လည်း၊ လာကြည့်လေ" ဟု ပြောနေသကဲ့သို့ပင်။
စီနီယာရွှမ်ချင်းသည် မိမိတွင် အတွေ့အကြုံအချို့ လိုအပ်နေပြီး ခက်ခဲသောဒုက္ခအချို့ လိုအပ်နေသည်ဟု ခံစားခဲ့ရသောကြောင့်၊ ထိုအရာကို ဖြည့်ဆည်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဖြစ်နိုင်သည်မှာ၊ သူ မြို့တော်ငါးခု ကျင့်ကြံခြင်းသို့ ရောက်ရှိရန်လိုအပ်နေသော တစ်ခုတည်းသော အရာမှာ ထိုတံခါးကို တွန်းဖွင့်ရန် လက်တွေ့လုပ်ဆောင်ချက်သာ ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာဖြင့်၊ ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘဲ သူ အမှန်တကယ်ဒုက္ခရောက်ချိန်တွင် နန်ယန်ဂိုဏ်းသည်လည်း ကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ သူ၏ စိတ်ဓာတ်သည်လည်း ထိုအတူပင် ကွယ်ပျောက်ခဲ့ရတော့သည်။
ရှန်းယီသည် သူ၏စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး၊ခေါင်းကို အနည်းငယ် စောင်းကာ ခန်းမသခင်ကို ညင်သာစွာခေါင်းညိတ်ပြလိုက်၏။ သူ၏ နှုတ်ခမ်းများမှာလည်း နှစ်သိမ့်သည့်ဟန်ဖြင့် အနည်းငယ် ကွေးညွှတ်သွားကာ "သိပ်ပြီး အများကြီးမတွေးနဲ့တော့၊ စိတ်ကို လျှော့ထားလိုက်"
"ဗျာ"
ယွဲ့ထျန်းကျီသည် သူ၏သခင်၏ မျက်နှာပေါ်တွင် မသိမသာပေါ်နေသော အပြုံးကို မြင်လိုက်ရသောအခါ၊ အဘယ်ကြောင့်မှန်းမသိဘဲ သူ၏ခြေဖဝါးမှသည် ဦးခေါင်းအထိ အေးစိမ့်သွားကာခန္ဓာကိုယ်မှာလည်း တောင့်တင်းသွားတော့သည်။
သူ့မှာ မကောင်းသော ခံစားချက်တစ်ခု ရရှိနေ၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်၊ ရှန်းယီသည် လက်ကလေးကို အနည်းငယ်ဝှေ့ယမ်းလိုက်ရာ၊ သူ့ကို စနစ်မျက်နှာပြင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
အရှေ့ခန်းမမှ ခယ်ရှစ်စန်းကိုသာ အရာအားလုံး ခိုင်းနေရခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ ထိရောက်မှု အနည်းငယ်လျော့နည်းလာခဲ့သည်။ နောက်ဆုံးတွင် ပါးနပ်သူတစ်ဦး လက်ထဲသို့ ရောက်ရှိလာပြီဖြစ်ရာ၊ စမ်းသပ်ကြည့်ရန်မှာ အမှန်တကယ်ပင်ဆွဲဆောင်မှု ရှိနေပေသည်။
ရှန်းယီသည် မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ နတ်ဝိညာဉ်ကို အသိစိတ်ပင်လယ်ထဲရှိ ရတနာပုတီးစေ့ဆီသို့ ရွှေ့ပြောင်းလိုက်သည်။
၎င်းမှာ ဂိုဏ်းချုပ်ချင်းက စီနီယာရွှမ်ချင်းအတွက် အထူးပြင်ဆင်ပေးထားသော အရာဖြစ်ပြီး... တာအိုပေါင်းစည်းခြင်းနည်းလမ်းများလည်း ပါဝင်နေပေသည်။
***