“၁၂ နာရီလောက် ကြာမယ်ဆိုပြီးတော့... ဘာလို့ ၂ နာရီအတွင်း ရောက်လာတာလဲ”
ချားလ်စ်၏ မေးခွန်းကြောင့် မျက်မမြင် သွေးစုပ်ဖုတ်ကောင် အော်ဒရစ်မှာ ပျာပျာသလဲ ဖြစ်သွားရပေသည်။ သူ ဘာပြန်ပြောရမှန်းမသိဘဲ ထစ်ထစ်ငေါ့ငေါ့နှင့် ပါးစပ်ထဲမှာတင် တတွတ်တွတ် ရေရွတ်နေမိ၏။ ချားလ်စ်ကတော့ ထပ်မေးမနေတော့ဘဲ အဖွဲ့သားတွေကို လက်ယှက်ခေါ်ကာ အပြတ်အသတ် အမိန့်ပေးလိုက်ပေသည်။ “ထပ်စောင့်နေလို့ မဖြစ်တော့ဘူး၊ အားလုံး သင်္ဘောပေါ် အမြန်တက်ကြ”
သွေးစုပ်ဖုတ်ကောင် မြို့စားကတော် အာကာရှာကတော့ ပိတ်ထားသော သင်္ဘောကျင်းကြီးကို ကြည့်ရင်း မျက်လုံးထဲမှာ သဘောကျရိပ်များ ယှက်သန်းနေပေသည်။ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပုလဲရောင်တောက်ပနေသော ချွန်ထက်သည့် အစွယ်များကို ထုတ်ပြလိုက်၏။
“စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ဒီလူသားတွေက အတော်လေး အစွမ်းအစ ရှိပုံရတယ်၊ အာမန်... ဒီတစ်ခါတော့ ငါ့ကို မြည်းစမ်းခွင့်ပေးပါလား၊ လတ်ဆတ်တဲ့သွေး မသောက်ရတာ ကြာပြီလေ”
အာကာရှာက ကလူမြူစွယ်သောလေသံဖြင့် ဆိုလိုက်ပေသည်။
သူမဘေးက မြို့စားကြီး အာမန်ကတော့ ခေါင်းခါပြလိုက်၏။ “အချစ်ရယ်... အဲဒါတော့ မဖြစ်ဘူးလေ၊ ငါတို့ ကတိရှိထားကြတာမဟုတ်လား”
“နင်က နင့်ညီမအတိုင်းပဲ... သိပ်ကပ်စီးကုပ်တာပဲ”
အာကာရှာက နှာခေါင်းရှုံ့ကာ ပြန်ပြောရင်း ပိတ်ထားသော တံခါးကြီးဆီသို့ လျှောက်သွားလိုက်ပေသည်။ အရပ် ၁၅၀ စင်တီမီတာသာရှိသော ထိုသွေးစုပ်ဖုတ်ကောင်မလေးက ထူထဲလှသော သံတံခါးကြီးကြားထဲသို့ လက်ချောင်းလေးများ ထိုးထည့်ကာ အသာအယာ ဆွဲဖွင့်လိုက်၏။
သံတံခါးနှင့် ကြမ်းပြင် ပွတ်တိုက်သံက နားကွဲမတတ် ထွက်ပေါ်လာပေသည်။ တစ်လက်မခွဲခန့် ထူသော သံမဏိတံခါးကြီးမှာ သူမ၏ ခွန်အားရှေ့၌ စက္ကူဖတ်လေးတစ်ခုကဲ့သို့ လွယ်လွယ်ကူကူ ပွင့်ထွက်သွားပေသည်။
သို့သော် တံခါးပွင့်သွားချိန်၌ မြင်လိုက်ရသော မြင်ကွင်းက မြို့စားမောင်နှံကို အံ့အားသင့်သွားစေ၏။ သူတို့ရှေ့၌ ယမ်းခွေများ ပုံထားပြီး ထိပ်ဆုံး၌ မီးစွဲနေသော ယမ်းကြိုးလေးက တိုတောင်းလာနေသည်ကို တွေ့လိုက်ရပေသည်။
သူတို့ ဘာမှမလုပ်နိုင်ခင်မှာပင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်များက သင်္ဘောကျင်းတစ်ခုလုံးကို ဝါးမြိုသွားတော့သည်။ မီးခိုးလုံးကြီးများကြားမှ မီးလောင်ကျွမ်းနေသော အလောင်းတစ်ခု ထွက်ပေါ်လာပြီး ဝေးကွာသွားသော နာဝေးလ်သင်္ဘောကို လှမ်းကြည့်နေ၏။
ထိုခန္ဓာကိုယ်မှာ မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ပြန်လည်ရှင်သန်လာပြီး အဝတ်အစားမပါသော အာကာရှာအဖြစ် ပြန်ပြောင်းသွားပေသည်။
“ကြည့်ရတာ... သန်မာတဲ့သားကောင်က ပိုပြီး အရသာရှိမယ့်ပုံပဲ”
အာကာရှာက ရက်စက်သောလေသံဖြင့် ရေရွတ်လိုက်ပေသည်။ စကားဆုံးသည်နှင့် သူမ၏ ဖြူဖွေးသော အသားအရေပေါ်၌ အနက်ရောင် အမွေးအမှင်များ ဖုံးလွှမ်းလာပြီး ခန္ဓာကိုယ်မှာလည်း အလျင်အမြန် ပြောင်းလဲလာ၏။ ခဏချင်းမှာပင် အရပ် ၃ မီတာခန့် မြင့်သော လူတစ်ပိုင်း လင်းနို့တစ်ပိုင်း သတ္တဝါကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသတ္တဝါကြီးက စူးရှစွာ အော်ဟစ်လိုက်ရာ ခန္ဓာကိုယ်မှာ လင်းနို့အုပ်စုငယ်လေးများအဖြစ် ကွဲထွက်သွားပြီး နာဝေးလ်သင်္ဘောဆီသို့ ပျံသန်းသွားကြပေသည်။ အနက်ရောင် မီးခိုးများကြားမှ နောက်ထပ် လင်းနို့အုပ်ကြီး တစ်အုပ်ကလည်း ထပ်မံ လိုက်ပါလာကြ၏။
ကောင်းကင်မှ ပျံသန်းလာသော လင်းနို့များကို ကြည့်ရင်း ချားလ်စ်က အမြောက်နား၌ရှိနေသော လီလီကို လှမ်းအော်လိုက်ပေသည်။
“လီလီ။ ပစ်ချလိုက်စမ်း”
အမြောက်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လင်းနို့အသေကောင်များ ရေထဲသို့ မိုးရေလိုပင် ကျဆင်းလာ၏။ သို့သော် လင်းနို့အရေအတွက်က များလွန်းသဖြင့် နာဝေးလ်၏ အမြောက်ဒဏ်ကို မမှုကြပေ။ တောင်ပံခတ်သံများမှာ သေမင်း၏ တေးသံကဲ့သို့ သင်္ဘောပေါ်က လူတိုင်း၏ ရင်ကို တုန်လှုပ်စေပေသည်။
မကြာမီမှာပင် လင်းနို့များက သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး လေထဲ၌ လူတစ်ပိုင်း လင်းနို့တစ်ပိုင်း သတ္တဝါကြီးအဖြစ် ပြန်လည် ပေါင်းစည်းလိုက်ကြ၏။
ထိုသတ္တဝါကြီးက သင်္ဘောကုန်းပတ်ပေါ်သို့ ထိုးဆင်းလာပြီး အမြောက်ကို ကိုင်ထားသော အညိုရောင်ကြွက်များကို ရက်ရက်စက်စက် ကုတ်ခြစ်လိုက်ပေသည်။ သွေးများနှင့် အသားစများ လွင့်စင်သွားသည်ကို မြင်ရသောအခါ လီလီမှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်မိတော့သည်။
အာကာရှာက ပြေးလွှားနေသော ကြွက်များကို သူမ၏ သွေးရောင်မျက်လုံးများဖြင့် စိုက်ကြည့်ရင်း လက်ထဲ၌ မီးလုံးတစ်လုံးကို ဖန်တီးလိုက်၏။ သူမ မီးလုံးကို ပစ်ရန် ပြင်နေချိန်မှာပင် လူပြက်မျက်နှာဖုံး စွပ်ထားသော ချားလ်စ်က သူမ၏ အောက်သို့ ရောက်ရှိနေပေသည်။
သူ၏ ထက်မြက်သော အနက်ရောင်ဓားဖြင့် အာကာရှာ၏ လက်မောင်းကို အလျားလိုက် ခုတ်ချလိုက်ရာ မီးလုံးကို ကိုင်ထားသော လက်မောင်းမှာ ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
“ဟေ့ အလှလေး... ဒီလက်ကို မေ့ကျန်ခဲ့တာလား”
ချားလ်စ်က နောက်ပြောင်လိုက်ပေသည်။
“ အဲဒီလိုအပြုံးကို ငါ သိပ်မုန်းတာ”
အာကာရှာက ဆိုကာ ချားလ်စ်ဆီသို့ ခုန်အုပ်လိုက်ပြီး နှစ်ဦးသား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြတော့သည်။ ထိုစဉ် အခြားသော လင်းနို့သတ္တဝါကြီး တစ်ကောင်ကလည်း ကုန်းပတ်ပေါ်သို့ ရောက်ရှိလာ၏။
အရပ် ၄ မီတာခန့်ရှိပြီး နှပ်များ တစိုစိုနှင့်ဖြစ်နေသော ဂျိမ်းစ်က သံချောင်းကြီးကို ကိုင်ကာ ထိုသတ္တဝါကို ဆီးကြိုလိုက်ပေသည်။ ကျန်ရှိသောအဖွဲ့သားများကလည်း အဝေးမှနေ၍ လက်နက်မျိုးစုံဖြင့် ပစ်ခတ် ကူညီကြ၏။
ချားလ်စ်က အာကာရှာ၏ လက်သည်းချက်များကို နောက်ပြန်ဂျွမ်းထိုးကာ ရှောင်တိမ်းလိုက်ပြီး လက်ထဲက အနက်ရောင်ဓားဖြင့် ပြန်လည် တိုက်စစ်ဆင်လိုက်ပေသည်။
သူတို့နှစ်ဦးမှာ လျင်မြန်လှသော လှုပ်ရှားမှုများဖြင့် အပြန်အလှန် ခုတ်ပိုင်းနေကြ၏။ ချားလ်စ်က နောက်ပြန်ခုန်ကာ သင်္ဘောလက်ရန်းပေါ်သို့ ကျွမ်းကျင်စွာ ဆင်းသက်လိုက်ပေသည်။
အာကာရှာက ချားလ်စ်ကို ဆက်မတိုက်တော့ဘဲ ရပ်ကြည့်နေ၏။ ပြတ်သွားသော လက်မောင်းမှာ ပြန်လည် ပေါက်ဖွားလာသည်ကို မြင်ရသောအခါ ချားလ်စ်က စိတ်ထဲမှ ကျိန်ဆဲမိတော့သည်။
“တကယ့်ကို စိတ်ကင်ဆာပဲ”
“လူငယ်လေး... မင်းမျက်နှာက မျက်နှာဖုံးက စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ဒါပေမဲ့ ပိုင်ရှင်မှားနေတာတော့ နှမြောဖို့ကောင်းတယ်”
မျက်နှာဖုံးကြောင့် ပိုမို တက်ကြွနေသော ချားလ်စ်က “ဒါဆိုရင် ငါ ဒါကို မင်းကို ပေးမယ်လေ၊ ငါတို့ကိုတော့ လွှတ်ပေးမလား” ဟု ပြန်မေးလိုက်ပေသည်။ အာကာရှာက လက်ခုပ်တီးကာ ရယ်မောလိုက်၏။
“မင်း ထင်လို့လား... ရပါတယ်၊ ငါ မလောပါဘူး၊ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
“အား... နာတယ်။ နာတယ်”
နောက်ဘက်မှ ဂျိမ်းစ်၏ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ချားလ်စ်၏ ရင်ထဲ၌ စိုးရိမ်စိတ်များ ဝင်လာပေသည်။ တစ်ဖက်က အခြေအနေက မဟန်တော့ပေ။ အချိန်ကြာလာလျှင် သူက လင်းနို့သတ္တဝါ နှစ်ကောင်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သူက ပဲ့ထိန်းခန်းထဲ၌ ပုန်းနေသော အော်ဒရစ်ကို လှမ်းအော်လိုက်၏။
“ဟေ့ မျက်မမြင်။ ဒီသွေးစုတ်ကောင်တွေရဲ့ အားနည်းချက်ကို မင်း သိလား”
အော်ဒရစ်က ကြောက်ကြောက်လန့်လန့်ဖြင့် “သူမရဲ့ နှလုံးသားက တစ်ခုတည်းသော အားနည်းချက်ပဲ၊ အဲဒါကို အစအနမကျန် ချေမှုန်းပစ်မှ သူမ ပြန်မရှင်နိုင်မှာ” ဟူ၍ အော်ပြောလိုက်ပေသည်။
“ဟင်းး”
အာကာရှာ၏ မျက်နှာပေါ်၌ ဒေါသရိပ်များ ပေါ်လာ၏။ သူမ၏ တောင်ပံကြီးများကို ခတ်ကာ ပဲ့ထိန်းခန်းဆီသို့ ပြေးဝင်သွားပေသည်။
အမျိုးအနွယ်ကို သစ္စာဖောက်သူကို ရန်သူထက် ပိုမို မုန်းတီးသည် မဟုတ်ပါလား။ အာကာရှာက ပဲ့ထိန်းခန်း မှန်ပြတင်းပေါက်ကို ရိုက်ခွဲကာ အော်ဒရစ်ကို ဖမ်းဆီးလိုက်ပေသည်။ အော်ဒရစ်မှာ ဘယ်လိုမှ မရှောင်နိုင်ဘဲ အာကာရှာ၏ အစွယ်များက သူ့လည်ပင်းကို ကိုက်ဖြတ်သွားတော့သည်။
သစ္စာဖောက်ကို ဝါးမြိုရန် ပြင်နေချိန်မှာပင် ချားလ်စ်က သူမနောက်သို့ တိတ်တဆိတ် ရောက်ရှိလာပြီး အနက်ရောင်ဓားဖြင့် ရင်ဘတ်ကို ထိုးဖောက်လိုက်ပေသည်။ အာကာရှာက တောင်ပံခတ်ကာ ချားလ်စ်ကို တွန်းထုတ်လိုက်၏။ သူမ၏ ရင်ဘတ်က ဒဏ်ရာကို ကြည့်ရင်း အာကာရှာ၏ မျက်နှာမှာ ပိုမို ရက်စက်လာပေသည်။
“ငါ စိတ်ပြောင်းသွားပြီ၊ မင်းတို့ လူသားတွေကို ပင်လယ်ကြမ်းပြင်ဆီ အမြန်ဆုံး ပို့ပေးမယ်”
သူမက လက်ကိုင်မှန်လေးတစ်ချပ်ကို ထုတ်လိုက်ရာ လေထဲ၌ သွေးနံ့များ ပိုမို ပြင်းထန်လာပေသည်။
“တောက်... ဒီကောင်မမှာလည်း ရှေးဟောင်းပစ္စည်း ရှိနေတာပဲ”
ချားလ်စ်က ကျိန်ဆဲလိုက်ပေသည်။ အာကာရှာက ကောင်းကင်သို့ ပျံတက်သွားပြီး ၅ မီတာခန့်ရှည်သော ဝက်နှာခေါင်းနှင့် လင်းနို့ကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုလင်းနို့ကြီးက စူးရှစွာ အော်ဟစ်လိုက်ရာ ငရဲပြည်က တေးသံကဲ့သို့ပင်။
အားလုံးက နားကို လက်နှင့် ပိတ်ထားကြသော်လည်း နားထဲမှ သွေးများ စီးကျလာပေသည်။ ထိုစဉ် ချားလ်စ်က သင်္ဘောလက်ရန်းများ အက်ကွဲကာ ပျက်စီးလာသည်ကို တွေ့လိုက်ရ၏။ အသံလှိုင်းတိုက်ခိုက်မှုက လူတွေကိုတင်မကဘဲ သင်္ဘောကိုပါ ဖျက်ဆီးနေခြင်း ဖြစ်ပေသည်။
ချားလ်စ်က ဂျိမ်းစ်၏ ရင်ဘတ်ပေါ်သို့ ခုန်တက်လိုက်ပြီး ကောင်းကင်က လင်းနို့ကြီးကို လက်ညှိုးထိုးပြလိုက်၏။ ဂျိမ်းစ်က ချားလ်စ်၏ ခြေထောက်ကို ကိုင်ကာ လေထဲသို့ အားကုန် လွှဲပစ်လိုက်ပေသည်။
ချားလ်စ်က အမြောက်ဆန်တစ်ခုလို လင်းနို့ကြီးဆီသို့ ပျံတက်သွားပြီး အသံလှိုင်းများ ရပ်တန့်သွား၏။ သူ၏ ဓားကို လင်းနို့ခန္ဓာကိုယ်ထဲသို့ အားကုန် ထိုးစိုက်လိုက်ရင်း ချားလ်စ်က အော်လိုက်ပေသည်။
“လီလီ။ အမြောက်နဲ့ ပစ်လိုက်စမ်း”
***