အမြောက်ပြောင်းဝကြီး သူမဆီသို့ တဖြည်းဖြည်း ဦးတည်လာသည်ကို မြင်လိုက်ရချိန်၌ အာကာရှာ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ စိုးမိုးသွားပေသည်။ သူမ အသည်းအသန် ထွက်ပြေးရန် ကြိုးစားသော်လည်း ချားလ်စ်က ထိုသို့လုပ်ဖို့ အခွင့်အရေး မပေးခဲ့ပေ။
သူက ဘယ်ဘက်လက်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် လက်စွပ်မှ မမြင်ရသော လက်တံတစ်ခု ထွက်ပေါ်လာပြီး ဝက်နှာခေါင်းလင်းနို့ကြီးကို ရစ်ပတ်ချုပ်နှောင်လိုက်၏။ လင်းနို့ကြီးမှာ တစ်စက္ကန့်မပြည့်ခင်မှာပင် ပြန်လည်ရုန်းထွက်နိုင်ခဲ့သော်လည်း ထိုအချိန်လေးကပင် သူမအတွက် နောက်ကျသွားခဲ့ပေပြီ။
အုံးးးး...
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလင်းနို့ဆိုးကြီး၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပေါက်ကွဲသွားပြီး သွေးညှီနံ့များနှင့်အတူ အသားစများမှာ နာဝေးလ်သင်္ဘောပေါ်သို့ မိုးရေလိုပင် ကျဆင်းလာတော့သည်။ သေဆုံးခါနီးအချိန်အထိ ထိုသတ္တဝါကြီး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ရှိနေဆဲပင်။
ချားလ်စ်မှာ ပင်လယ်ရေထဲသို့ ပြုတ်ကျနေစဉ်မှာပင် ရုတ်တရက် ဝင်းခနဲဖြစ်သွားသော အလင်းရောင်တစ်ခုကြောင့် မျက်စိကျိန်းသွားရ၏။
သူက ဗီဇအရ လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုအလင်းရောင် အရင်းအမြစ်ကို ဖမ်းဆုပ်လိုက်ပေသည်။ အဲဒါကတော့ လင်းနို့ကြီးဆီကနေ ပြုတ်ကျလာတဲ့ မှန်ချပ်လေးပင် ဖြစ်ပေသည်။
ရေအေးအေးလေးက ချားလ်စ်၏ ခန္ဓာကိုယ်ကို ဆီးကြိုလိုက်ပြီးနောက် သူ ရေပေါ်သို့ ပြန်တက်လာချိန်၌ ကျန်ရှိနေသော လူတစ်ပိုင်းလင်းနို့တစ်ပိုင်း သတ္တဝါကြီးမှာ ဆိပ်ကမ်းဘက်သို့ အသည်းအသန် ထွက်ပြေးသွားသည်ကို မြင်လိုက်ရ၏။ ထိုကောင်က သူ့အဖော်အတွက် ကလဲ့စားချေဖို့ စိတ်ကူးရှိပုံမရပေ။
"ငကြောက်ပဲ။ သတ္တိရှိရင် မပြေးနဲ့လေ"
ချားလ်စ်က ရေကူးနေရင်း လှမ်းပြီး အော်ရန်စလိုက်ပေသည်။
မြို့စားကတော် သေဆုံးသွားခြင်းက သွေးစုပ်ဖုတ်ကောင်များကို တကယ့်ကို ထိတ်လန့်သွားစေပုံရ၏။ အမှောင်ပုလဲကျွန်းကြီး မိုးကုတ်စက်ဝိုင်းအောက် ပျောက်ကွယ်သွားသည်အထိ သူတို့အနားသို့ မည်သည့်လင်းနို့တစ်ကောင်မှ ကပ်မလာဝံ့ကြတော့ပေ။
ရေစိုရွှဲနေသော ချားလ်စ်မှာ သင်္ဘောကုန်းပတ်ပေါ်၌ ပက်လက်လှန်ကာ အမောဖြေနေမိ၏။ သူ တကယ့်ကို ပင်ပန်းနွမ်းနယ်နေပေပြီ။
လူပြက်မျက်နှာဖုံးက လူသားတစ်ယောက်၏ အစွမ်းကုန် စွမ်းဆောင်ရည်ကို ထုတ်ပေးနိုင်သော်လည်း ထိုစွမ်းအားနှင့်အတူ ပါလာသည့် ပင်ပန်းမှုကိုတော့ မဖယ်ရှားပေးနိုင်ပေ။ အခုအချိန်မှာတော့ သူ လက်ချောင်းလေးတစ်ချောင်းကိုတောင် မလှုပ်ချင်တော့ပေ။
သေဘေးမှ လွတ်မြောက်လာကြသဖြင့် အဖွဲ့သားများမှာ ဝမ်းသာအားရ အော်ဟစ်ကာ ချားလ်စ်ကို မြှောက်ပြီး အောင်ပွဲခံကြတော့သည်။
နောက်တစ်နေ့ မနက်တွင် ချားလ်စ် နိုးလာ၏။ အင်အားအနည်းငယ် ပြန်ပြည့်လာသော်လည်း ကြွက်သားများ၏ နာကျင်မှုကို အောင့်ခံကာ ကုန်းပတ်ပေါ်သို့ ထွက်လာခဲ့ပေသည်။
ကုန်းပတ်ပေါ်သို့ ရောက်ချိန်၌ သူ၏ ပထမအရာရှိ ပတ်တီးတစ်ယောက်တည်း သင်္ဘောကို ပြုပြင်နေသည်ကို တွေ့လိုက်ရသဖြင့် ချားလ်စ် သက်ပြင်းချမိ၏။ ဤခရီးစဉ်တွင် သူတို့ဘက်က အကျအဆုံး များလှပေသည်။
လိပ်ပြာကြီးနှင့် တွေ့ဆုံစဉ်က သင်္ဘောသား နှစ်ဦးနှင့် တတိယစက်ပြင်အရာရှိကို ဆုံးရှုံးခဲ့ရပြီး၊ အမှောင်ပုလဲကျွန်းမှာလည်း နောက်ထပ် သင်္ဘောသား နှစ်ဦးနှင့် စားဖိုမှူးလက်ထောက်တို့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစာ ဖြစ်ခဲ့ရပေသည်။
ထို့ပြင် အသစ်စက်စက် နာဝေးလ်သင်္ဘောကြီးမှာလည်း အခုတော့ ပျက်စီးယိုယွင်းနေပေပြီ။ ထို့ကြောင့် နယ်မြေအသစ် ရှာဖွေရေးခရီးစဉ်မှာ ကျရှုံးမှုကြီးတစ်ခုဟုပင် ဆိုနိုင်ပေသည်။
ချားလ်စ်အတွက် ရရှိခဲ့သော အကျိုးအမြတ်ဆိုလို့ မှန်ချပ်ပုံစံ ရှေးဟောင်းပစ္စည်းတစ်ခုနှင့် မျက်မမြင် သွေးစုပ်ဖုတ်ကောင်တစ်ကောင်သာ ရှိပေသည်။
ချားလ်စ်က ဝိုင်းစက်နေသော မှန်ချပ်လေးကို ထုတ်ကြည့်လိုက်၏။ မှန်သားမှာ ဝါးတားတားဖြစ်နေသဖြင့် သူ့ပုံရိပ်ကိုပင် သူ ပြန်မမြင်ရပေ။
ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူက အဖွဲ့သားများ နားနေဆောင်ဆီသို့ လျှောက်သွားလိုက်ပေသည်။ အကယ်၍ ဤပစ္စည်းအကြောင်း သိနိုင်မည့်သူ ရှိလျှင် အမှောင်ပုလဲကျွန်းသား အော်ဒရစ်သာ ရှိပေလိမ့်မည်။
နားနေဆောင်ထဲသို့ ဝင်လိုက်သည်နှင့် သွေးညှီနံ့က သူ့နှာခေါင်းထဲသို့ အလုံးအရင်းနှင့် ဝင်လာပေသည်။ မျက်မမြင် အော်ဒရစ်မှာ သွေးစိုနေသော ပတ်တီးစတစ်ခုကို စုပ်ယူနေ၏။ ထိုပတ်တီးပိုင်ရှင် ဂျိမ်းစ်ကတော့ ဘေးက ပုခက်ထဲမှာ ဟောက်သံပေးကာ အိပ်ပျော်နေပေသည်။
အော်ဒရစ်၏ လည်ပင်းက ဒဏ်ရာများမှာ အသားစသစ်များ ပြန်လည် ပေါက်ဖွားလာနေပြီး မကြာမီမှာပင် အရှင်းပျောက်ကင်းမည့်ပုံ ရှိပေသည်။ ခြေသံကို ကြားသည်နှင့် အော်ဒရစ်က အလန့်တကြား ထရပ်ကာ နှုတ်ဆက်လိုက်၏။
"ကပ္ပတိန်ချားလ်စ်... ရောက်လာပြီလား"
ချားလ်စ်က အနက်ရောင်ဓားကို ဂျိမ်းစ်၏ လက်ထဲသို့ ထည့်ပေးလိုက်ပေသည်။ လင်းနို့သတ္တဝါကြီးကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသဖြင့် ဂျိမ်းစ်မှာ ဒဏ်ရာပြင်းထန်လှ၏။
ကံကောင်းသည်မှာ ခန္ဓာကိုယ် ကြီးထွားလာချိန်၌ အရေပြားနှင့် ကြွက်သားများလည်း ထူထဲလာသဖြင့် ဒဏ်ရာများမှာ အတွင်းအင်္ဂါများကို မထိခိုက်ခဲ့ခြင်းပင်။
ဂျိမ်းစ်၏ နဖူးကို စမ်းကြည့်ပြီး အဖျားမရှိသည်ကို အတည်ပြုပြီးနောက် ချားလ်စ်က အော်ဒရစ်၏ လက်ထဲသို့ မှန်ချပ်ကို ထည့်ပေးလိုက်ပေသည်။
"ဒါက အဲဒီမြို့စားကတော်ရဲ့ ပစ္စည်းပဲ၊ ဒါကို သုံးပြီး သူမက လင်းနို့ကြီးအဖြစ် ပြောင်းလဲတာ ဖြစ်နိုင်တယ်၊ မင်း ဒါကို ဘယ်လိုသုံးရမလဲ သိလား"
မျက်မမြင်၏ လက်ချောင်းများက မှန်မျက်နှာပြင်ကို စမ်းသပ်ပြီးနောက် ပြန်ဖြေလိုက်၏။
"ဒါက... မြို့စားကတော် အာကာရှာရဲ့ 'လင်းနို့မှန်' ပဲ၊ သွေးအနည်းငယ် သုတ်လိမ်းလိုက်ရင် အားကောင်းတဲ့ လင်းနို့ကြီးအဖြစ် ပြောင်းလဲနိုင်တယ်"
အော်ဒရစ်၏ စကားကြောင့် ထိုသတ္တဝါကြီး၏ အစွမ်းထက်လှသော အသံလှိုင်းတိုက်ခိုက်မှုကို ချားလ်စ် သတိရသွားပြီး ရယူလိုစိတ်လေး ပေါ်လာပေသည်။ သို့သော် သူက ထိုအစွမ်းနောက်မှာပါလာမည့် ဆိုးကျိုးကိုလည်း မေ့မထားပေ။
"ဘေးထွက်ဆိုးကျိုးကော ရှိလား"
ချားလ်စ်က မေးလိုက်၏။
"ရှိတာပေါ့၊ ဒီမှန်ကို သုံးပြီးရင် သွေးဆာတဲ့စိတ်က ပိုပြီး ပြင်းထန်လာလိမ့်မယ်၊ ခဏခဏ သုံးရင်တော့ အဲဒီစွမ်းအားရဲ့ ကျွန်ဖြစ်သွားပြီး တကယ့် တိရစ္ဆာန်တစ်ကောင်လို ဖြစ်သွားမှာပဲ၊ အရင်ပိုင်ရှင် ဗိုက်ကောင့်လန့်စ်ဆိုရင် အခုထိ ကျွန်းပေါ်မှာ ဇောက်ထိုးတွဲလောင်း ခိုနေရတုန်းပဲ"
ချားလ်စ်က မှန်ကို ကြည့်ရင်း စဉ်းစားနေမိ၏။ ဘေးထွက်ဆိုးကျိုးက တော်တော်ပြင်းထန်လှပေသည်။ ဒါကိုတော့ လူပြက်မျက်နှာဖုံးလို အမြဲမသုံးဘဲ တကယ့် အရေးပေါ်အခြေအနေမျိုးမှာမှ သုံးရပေလိမ့်မည်။
အော်ဒရစ်က ချားလ်စ်၏ အကြည့်ကို သိနေသကဲ့သို့ မှန်ကို အမြန်ပြန်ပေးလိုက်၏။ သူ မျက်စိမမြင်ရသော်လည်း သူ့အဆင့်အတန်းကို သူ ကောင်းကောင်း သိပေသည်။
ယခုဆိုလျှင် အော်ဒရစ်၏ လည်ပင်းက ဒဏ်ရာမှာ နဂိုအတိုင်း ပြန်ဖြစ်သွားပေပြီ။ သွေးစုပ်ဖုတ်ကောင်တွေရဲ့ ပြန်လည်ရှင်သန်နိုင်စွမ်းက ချားလ်စ်ကို အားကျစိတ် ဖြစ်ပေါ်စေပေသည်။
သူက မှန်ကို အိတ်ထဲထည့်ပြီးနောက် စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
"မင်းတို့မှာ ဒီလောက် အစွမ်းထက်တဲ့ ကုသနိုင်စွမ်း ရှိပါလျက်နဲ့ မင်းမျက်နှာက ဒဏ်ရာက ဘာလို့ ကျန်နေရတာလဲ၊ တစ်ခုခု ထူးထူးခြားခြားကြောင့်လား"
အော်ဒရစ်၏ မျက်နှာပေါ်၌ ထိတ်လန့်ရိပ်များ ယှက်သန်းသွား၏။
"အဲဒါက မတော်တဆမှုတစ်ခုပါ"
အော်ဒရစ်ကအော်ဒရစ်က စပြောပေသည်။
"ကျွန်တော်တို့ သူငယ်ချင်းတစ်စု ပင်လယ်ဓားပြသင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့ကြတယ်၊ အထဲက အခန်းတစ်ခုမှာ သေတ္တာတစ်လုံး တွေ့ခဲ့တာ၊ ရတနာတွေ ရှိမယ်ထင်ပြီး ဖွင့်ကြည့်လိုက်တာ... အဲဒီအထဲမှာ ရှိနေတာက 'နေရောင်ခြည်' ဖြစ်နေခဲ့တယ်"
'နေရောင်ခြည်' ဆိုတဲ့ စကားလုံးကို ကြားလိုက်ရသဖြင့် ချားလ်စ်၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားရပေသည်။ သို့သော် သွေးစုပ်ဖုတ်ကောင်၏ စကားထဲ၌ တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်၏။
"နေဦး... နေရောင်ခြည် ဟုတ်လား၊ နေရောင်ခြည်ကို ဘယ်လိုလုပ် သေတ္တာထဲ ထည့်ထားလို့ ရမှာလဲ၊ မင်း သေချာရဲ့လား"
"သေချာပါတယ်၊ အဲဒါ နေရောင်ခြည်ပဲ၊ အဲဒီအလင်း ထွက်လာတာနဲ့ ကျွန်တော့် သူငယ်ချင်းတွေ အားလုံး ပြာဖြစ်သွားကြတယ်၊ ကျွန်တော်က အဝေးမှာ ရှိနေလို့သာ အသက်ရှင်ခဲ့တာ၊ ဒါတောင်မှ တော်တော် တန်ဖိုးကြီးကြီး ပေးလိုက်ရတယ်"
အော်ဒရစ်က သူ၏ မျက်မှန်အမည်းကို ချွတ်ပြလိုက်ရာ ပြုတ်ထားသော ကြက်ဥလို ဖြစ်နေသည့် သူ၏ မျက်လုံးများကို ချားလ်စ် မြင်လိုက်ရ၏။ နီမြန်းနေသော သွေးကြောကြီးများနှင့်အတူ ကြည့်ရသည်မှာ တကယ့်ကို ထိတ်လန့်စရာပင်။
"မြင်လား... အဲဒီအချိန်ကစပြီး အခုထိ ကျွန်တော့်မျက်လုံးတွေ နာနေတုန်းပဲ၊ နေရောင်ခြည်ကလွဲရင် တခြားဘာကမှ ဒီလောက်အထိ မနာကျင်စေနိုင်ဘူး"
ချားလ်စ်မှာ စိတ်မငြိမ်တော့ဘဲ အခန်းထဲ၌ လမ်းလျှောက်နေမိ၏။ မနေ့က သွေးစုပ်ဖုတ်ကောင်တွေ လိုက်တိုက်ချိန်မှာတောင် သူ ဤမျှ မတုန်လှုပ်ခဲ့ပေ။
"ဖြစ်နိုင်တာက... တခြား အလင်းစွမ်းအားသုံး လက်နက်တစ်ခုခု ဖြစ်နေမလား"
နေရောင်ခြည်ကို သေတ္တာထဲ ထည့်ထားသည်ဆိုခြင်းမှာ သူ့အတွက်တော့ ရယ်စရာပင်။ ဒြပ်သားမရှိသော အလင်းကို ဘယ်လိုလုပ် ဖမ်းချုပ်ထားနိုင်မည်နည်း။
အော်ဒရစ်က ခေါင်းခါပြ၏။ "ဓားပြအချို့လည်း အဲဒီနေရာမှာ ရှိနေခဲ့တာ၊ သူတို့က ဘာမှမဖြစ်ဘဲ ကျွန်တော်တို့ပဲ သေကြေခဲ့ရတာ၊ တခြားလက်နက်ဆိုရင် သူတို့လည်း မလွတ်နိုင်ပါဘူး"
ချားလ်စ်၏ နှလုံးခုန်သံများ မြန်လာပြီး မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ပေါ်လာပေသည်။ ဒါက အပေါ်ယံကမ္ဘာကို ပြန်ဖို့အတွက် အရေးကြီးတဲ့ သဲလွန်စ ဖြစ်နိုင်ပေသည်။
"အဲဒီဓားပြတွေက နေရောင်ခြည်ကို ဘယ်က ရခဲ့တာလဲ"
"အဲဒါတော့ ကျွန်တော်လည်း မသေချာဘူး၊ ဒါပေမဲ့ အဲဒီဓားပြတွေက 'ဆော့တွမ်' ဆိုတဲ့ ပရမ်းပတာမြို့တော်က လာတာ၊ အဲဒီကနေ ရခဲ့တာ ဖြစ်နိုင်တယ်၊ မစ္စတာချားလ်စ်... ခင်ဗျားက နေရောင်ခြည် လိုချင်လို့လား"
"ပရမ်းပတာမြို့တော်... ဆော့တွမ်"
ချားလ်စ်က အမည်ကို တိုးတိုးလေး ရေရွတ်ရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်ပေသည်။ သူက အော်ဒရစ်၏ ပုခုံးကို ပုတ်ကာ အခန်းထဲမှ ထွက်လာခဲ့၏။
ထိုသေတ္တာထဲမှာ တကယ်ပဲ နေရောင်ခြည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူကိုယ်တိုင် သွားရောက် စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပေပြီ။
ချားလ်စ်၏ ခြေသံများ ဝေးကွာသွားသည်နှင့် အော်ဒရစ်က ဘေးက စည်ပိုင်းထဲမှ အလောင်းတစ်ဝက်ကို တိတ်တဆိတ် ထုတ်ယူလိုက်၏။ အကယ်၍ ချားလ်စ်သာ ရှိနေလျှင် ထိုအလောင်းမှာ သူ တိုက်ခိုက်ခဲ့သော မြို့စားကတော် ဖြစ်သည်ကို ချက်ချင်း သိပေလိမ့်မည်။
မျက်မမြင် သွေးစုပ်ဖုတ်ကောင်မှာ ထိုအလောင်းကို ပွေ့ဖက်ကာ အငမ်းမရ စားသောက်နေတော့သည်။ မှောင်မည်းနေသော အခန်းထဲ၌ အသားစားနေသော အသံများနှင့် ဂျိမ်းစ်၏ ဟောက်သံများမှာ ရောယှက်နေတော့သည်။
***