နာဝေးလ်သင်္ဘောကြီး သန္တာကျောက်တန်းကျွန်းစုဆီ ပြန်လည်ရောက်ရှိလာချိန်မှာတော့ တစ်လတိတိ ကြာမြင့်သွားခဲ့ပြီ။
အပေါ်ယံကမ္ဘာကို ပြန်နိုင်မယ့် သဲလွန်စအသစ်တွေ ရရှိထားတာကြောင့် ချားလ်စ်တစ်ယောက် ပရမ်းပတာမြို့တော် ဆော့တွမ်ဆီ ချက်ချင်း ရွက်လွှင့်ချင်နေမိသည်။ သို့သော် သူ၏ အဖွဲ့သားတွေကတော့ အင်အားကုန်ခမ်းနေကြလေ၏။
ဧရာမလိပ်ပြာကြီး၊ တစ်ခြားကမ္ဘာက နတ်ဘုရားဆိုးနဲ့ သွေးဆာနေတဲ့ သွေးစုပ်ဖုတ်ကောင်တွေ။ ဒါတွေကို ရင်ဆိုင်ခဲ့ရတဲ့ သူတို့ရဲ့ မျက်နှာပေါ်မှာ ပင်ပန်းနွမ်းနယ်မှုတွေက အထင်အသားပင်။
ချားလ်စ်က သူတို့ကို ထပ်ပြီး မတွန်းအားပေးချင်တော့ပေ။ ဘယ်သူမှ စွမ်းအားရှင်တွေမဟုတ်တာမို့ အားလုံး အနားယူဖို့ လိုအပ်နေတာ သူ ကောင်းကောင်းသိသည်။ တကယ်တော့ နာဝေးလ်သင်္ဘောကြီးကိုယ်တိုင်လည်း အနားပေးဖို့ လိုအပ်နေပြီ။
အလျင်စလို တပ်ဆင်ခဲ့ရတဲ့ တာဘိုင်တွေက အစွမ်းကုန် အလုပ်လုပ်ခဲ့ရသလို၊ အသံလှိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတာတွေကလည်း မနည်းလှပေ။ သင်္ဘောဟောင်းကြီးပေါ်မှာ ရပ်နေရင်း ချားလ်စ်က လက်ရန်းကို အသာအယာ ပွတ်သပ်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "မင်း တော်တော်လေး ကြိုးစားခဲ့တာပဲ ကောင်မလေးရာ"
"မစ္စတာချားလ်စ်။ ခင်ဗျားရဲ့ ခရီးစဉ်က တော်တော်လေး ကြမ်းတမ်းခဲ့ပုံပဲ။ သင်္ဘောကြီး ဒီလောက် ပျက်စီးသွားအောင် ဘာအန္တရာယ်တွေနဲ့ တွေ့ခဲ့တာလဲ"
အနောက်က အသံတစ်ခု ထွက်ပေါ်လာသည်။ အဲဒါကတော့ နာဝေးလ်ကို ချားလ်စ်ဆီ ရောင်းချခဲ့တဲ့ ဝုဒ်ပင် ဖြစ်ပေ၏။
ဝုဒ်က နာဝေးလ်ကို ပြန်မြင်ရတာကြောင့် အတော်လေး အံ့အားသင့်နေပြီ။ ဒီသင်္ဘောကြီး ပင်လယ်အောက်ခြေ ရောက်ရှိသွားပြီလို့ သူ ထင်ထားခဲ့တာ မဟုတ်လား။ ရုတ်တရက် ဝုဒ်ရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာသည်။ ဒီလူငယ်က တကယ်ပဲ ကျွန်းတစ်ကျွန်းရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာနိုင်မယ့် အလားအလာ ရှိနေပေ၏။
"ပြင်ဆင်ခ ဘယ်လောက်ကျမလဲ" ချားလ်စ်က အပိုစကားမပြောဘဲ တိုတိုတုတ်တုတ်ပဲ မေးလိုက်သည်။
ဝုဒ်က ငွေတောင်းခံလွှာကို အမြန်ကမ်းပေးရင်း ရှင်းပြလေ၏။ "တာဘိုင်အသစ်လဲတာနဲ့ ကုန်းပတ်တစ်ခုလုံး ပြင်တာဆိုရင် စုစုပေါင်း အက်ကိုး ၁.၂၁ သန်း ကျပါမယ်"
လက်မှတ်ထိုးပြီးနောက် ချားလ်စ် စိတ်ထဲကနေ ငွေစာရင်း တွက်ကြည့်မိသည်။ မူလကရှိတဲ့ ၁.၆ သန်းထဲက ပြင်ဆင်ခနဲ့ အဖွဲ့သားတွေရဲ့ လစာ နှုတ်လိုက်ရင် သူ့လက်ထဲမှာ ၁ သိန်းခွဲပဲ ကျန်တော့ပြီ။
ဒီပမာဏက နည်းတာမဟုတ်ပေမယ့် စူးစမ်းရေးသင်္ဘောတစ်စီးအတွက်တော့ တော်တော်လေး နည်းပါးလှ၏။ နောက်ခရီးစဉ်မှာ ဝင်ငွေမရရင် နာဝေးလ်သင်္ဘောကြီး ငွေရေးကြေးရေး အကျပ်အတည်းနဲ့ တွေ့ရပေတော့မည်။
နောက်တစ်ခေါက် ခရီးစဉ်က ဆော့တွမ်ကို သွားမှာဖြစ်ပြီး ကိုယ်ပိုင်ကိစ္စဖြစ်တာမို့ ဝင်ငွေရဖို့ မသေချာပေ။ ချားလ်စ်မှာ သူ့ရည်မှန်းချက်နဲ့ အဖွဲ့သားတွေရဲ့ စားဝတ်နေရေးကြား ဗျာများနေမိသည်။
သူက သင်္ဘောကျင်းကနေ ထွက်လာချိန်မှာ လမ်းဘေးမှာ စောင့်နေတဲ့ အကျွမ်းတဝင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ အမြဲတမ်း မျက်မှန်အမည်း တပ်ထားလေ့ရှိတဲ့ အော်ဒရစ်ပင် ဖြစ်သည်။
"ဒီမှာ ဘာလုပ်နေတာလဲ"
ချားလ်စ်က မေးလိုက်၏။
"မစ္စတာချားလ်စ်"
အော်ဒရစ်ရဲ့ အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေပြီး ချားလ်စ်ရှိရာဘက်ကို ဦးညွှတ်ကာ ပြောလိုက်လေ၏။
"ခင်ဗျားရဲ့ သင်္ဘောပေါ်မှာ လူအင်အား ထပ်လိုသေးလား။ ကျွန်တော် အဖွဲ့ထဲ ဝင်ချင်လို့ပါ"
"စိတ်မရှိပါနဲ့။ လူပြည့်နေပြီ"
ချားလ်စ်က တစ်စက္ကန့်တောင် မစဉ်းစားဘဲ ငြင်းလိုက်သည်။ သူက အော်ဒရစ်ကို ကျော်ဖြတ်ပြီး ဆိပ်ကမ်းဘက်ကို လှောက်သွားလိုက်လေ၏။ အော်ဒရစ်ကို သွေးစုပ်ဖုတ်ကောင် ဖြစ်လို့ ခွဲခြားတာမဟုတ်ဘဲ မျက်မမြင် ပန်းချီဆရာတစ်ယောက်ကို သင်္ဘောပေါ်မှာ ဘာလုပ်ခိုင်းရမှန်း မသိလို့သာ ဖြစ်ပေသည်။
ချားလ်စ် လှောက်သွားနေတုန်း အော်ဒရစ်က အမှီလိုက်လာပြီး "ကပ္ပတိန်။ ကျွန်တော်က ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ ကျွန်တော် အဆင့်တက်သွားပြီး စွမ်းအားအသစ်တွေ ရရှိထားတာပါ" ဟူ၍ အသည်းအသန် ပြောလေ၏။
အော်ဒရစ်ရဲ့ ဝတ်ရုံအမည်းကြီးက လှုပ်ခတ်သွားပြီး ခဏချင်းမှာပဲ လင်းနို့အမည်းလေးအဖြစ် ပြောင်းလဲကာ ချားလ်စ်ကို ပတ်ပြီး ပျံသန်းပြသည်။
"ကပ္ပတိန်။ ကျွန်တော် အခု အဆင့်မြင့် သွေးစုပ်ဖုတ်ကောင် ဖြစ်သွားပြီ။ လင်းနို့အသွင်နဲ့ဆိုရင် မျက်စိမမြင်ရပေမယ့် လမ်းကြောင်းရှာနိုင်ပါတယ်"
လက်ဖျံလောက်ပဲရှိတဲ့ လင်းနို့လေးကို ကြည့်ပြီး ချားလ်စ် ခေါင်းခါလိုက်သည်။ သူက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ခြောက်လုံးပြူးသေနတ်က လက်ထဲ ရောက်ရှိလာ၏။
ဒိုင်း...
သေနတ်သံနဲ့အတူ လင်းနို့လေး မြေပြင်ပေါ် ပြုတ်ကျသွားပြီး လူအသွင် ပြန်ပြောင်းသွားလေသည်။ အော်ဒရစ်က ဘယ်ဘက်ပုခုံးကို ကိုင်ရင်း နာကျင်စွာ ညည်းတွားနေပြီ။
"မင်း အသက်ရှင်ချင်ရင် ပန်းချီဆရာပဲ လုပ်တာ ကောင်းလိမ့်မယ်"
ချားလ်စ်က အေးစက်စက်ပြောပြီး သေနတ်ကို ပြန်သိမ်းလိုက်၏။
ခြေသံတွေ ဝေးသွားတာကြောင့် အော်ဒရစ် ခဏတန့်သွားပေမယ့် ရုတ်တရက် ပြန်အော်ပြောလိုက်သည်။
"ကပ္ပတိန်။ ခင်ဗျား နေရောင်ခြည်ရှာဖို့ ဆော့တွမ်ကို သွားမှာမဟုတ်လား။ ကျွန်တော် လွန်ခဲ့တဲ့ အနှစ် ၄၀ က အဲဒီကို ရောက်ဖူးတယ်။ ကျွန်တော် လမ်းပြပေးနိုင်ပါတယ်"
"ငါ့ဘာသာ ငါ သွားနိုင်တယ်။ မင်းရဲ့ အကူအညီ မလိုဘူး"
ချားလ်စ်က ပြန်ဖြေလိုက်လေ၏။
အော်ဒရစ်က အသည်းအသန် ထပ်ပြောပြန်သည်။
"မစ္စတာချားလ်စ်။ ကျွန်တော် ခင်ဗျားအတွက် အသုံးဝင်မှာပါ။ ကျွန်တော်က မျက်မမြင်ဆိုပေမယ့် သွေးစုပ်ဖုတ်ကောင် တစ်ယောက်ပါ။ တိုက်ခိုက်ရေးစွမ်းရည်ကတော့ ခင်ဗျားရဲ့ သင်္ဘောသားတွေထက် အများကြီး သာပါတယ်"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချားလ်စ်ရဲ့ အသံက အော်ဒရစ်ရဲ့ နားနားမှာ ထွက်ပေါ်လာ၏။
"မင်းက နေရောင်ခြည်ကို ကြောက်တာ မဟုတ်လား။ ဘာလို့ ငါနဲ့ လိုက်ချင်ရတာလဲ"
အော်ဒရစ်က ခါးသီးစွာ ပြုံးလိုက်ပြီး "ခင်ဗျား ယုံချင်မှ ယုံမှာပေမယ့် ခင်ဗျားရဲ့ အဖွဲ့သားတွေ တစ်ခေါက်ရတဲ့ ဝင်ငွေက ကျွန်တော် နှစ်နဲ့ချီပြီး ရှာတာထက် ပိုများတယ်။ ကျွန်တော် သူတို့ကို အားကျတယ်။ ကျွန်တော့်မှာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိပါဘူး။ တည်ငြိမ်အေးချမ်းတဲ့ ဘဝလေး ရနိုင်မယ့် အလုပ်တစ်ခုပဲ လိုချင်တာပါ" ဟုရှင်းပြလေ၏။
ချားလ်စ်က ဒီလို အစွမ်းမထက်တဲ့ သွေးစုပ်ဖုတ်ကောင်မျိုးကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
"ကပ္ပတိန်။ ရှိသေးရဲ့လား"
အော်ဒရစ်က စိုးရိမ်တကြီး မေးလိုက်ပြီ။
"မင်း အခုကစပြီး နာဝေးလ်ရဲ့ သင်္ဘောသား ဖြစ်သွားပြီ"
ချားလ်စ်က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကပ္ပတိန်"
အော်ဒရစ်က ဝမ်းသာအားရ ဆိုလေ၏။
[ ဩဂုတ်လ ၃ ရက်၊ ကူးပြောင်းခြင်းရဲ့ ၈ နှစ်မြောက်
ငါနဲ့ ငါ့အဖွဲ့သားတွေ သန္တာကျောက်တန်းကျွန်းစုကို ပြန်ရောက်တာ ၃ ရက် ရှိပြီ။
မျက်မမြင် သွေးစုပ်ဖုတ်ကောင် အော်ဒရစ် ငါ့အဖွဲ့ထဲ ဝင်လာတယ်။ သူက တော်တော်လေး ကြောက်တတ်ပုံပဲ။ ဒီလို စိတ်ဓာတ်မျိုးကို ငါ သိပ်သဘောမကျပေမယ့် ရိုးရိုးသင်္ဘောသားအဖြစ်တော့ အဆင်ပြေမှာပါ။ သူ့ရဲ့ အသွင်ပြောင်းစွမ်းအားကို ကင်းစောင့်တဲ့နေရာမှာ ခိုင်းလို့ရတယ်။
သွေးစုပ်ဖုတ်ကောင်တွေက ဒဏ်ရာပြန်ပျောက်တာလည်း မြန်ကြတယ်။ အရင်က ငါ့သင်္ဘောသားတွေ အကုန် သေကုန်ကြပြီ။ အလွယ်တကူ မသေမယ့်သူတွေ ငါ လိုအပ်နေတယ်။
နောက်ထပ် ခရီးစဉ်ကတော့ သေတ္တာထဲက နေရောင်ခြည်ကို ရှာဖို့ ဆော့တွမ်ကို သွားရမယ်။ အဲဒါ တကယ်ပဲ နေရောင်ခြည်ဆိုရင် အပေါ်ယံကမ္ဘာကို ပြန်ဖို့ လမ်းစ ရှိရမယ်။
ဂျောက်...
တံခါးဖွင့်သံကြောင့် ချားလ်စ် ဒိုင်ယာရီရေးနေတာ ရပ်လိုက်သည်။ လီလီက နားရွက်လေးတွေ တွဲကျကာ ကြွက်အုပ်စုကြီးကို နောက်ကဆွဲပြီး ဝင်လာတာ တွေ့လိုက်ရ၏။
"ဘယ်တွေ သွားနေတာလဲ"
ချားလ်စ်က မေးလိုက်ပြီ။
အားငယ်နေတဲ့ လီလီက ခေါင်းအုံးပေါ် တက်သွားပြီး ပစ်လှဲချလိုက်လေသည်။ "မပြောပြဘူး" လို့ လေသံတိုးတိုးနှင့် ပြန်ဖြေ၏။
ချားလ်စ် ခေါင်းခါရင်း ဒိုင်ယာရီကို ပိတ်လိုက်ပြီ။ "ငါ အပြင်ခဏ သွားဦးမယ်။ ဒီနေရာကို စောင့်ထားဦး"
ဖြူဖွေးနေတဲ့ ကြွက်မလေး လီလီက ခေါင်းထောင်ကြည့်ပြီး "မစ္စတာချားလ်စ်။ ဘယ်သွားမလို့လဲ" ဟူ၍မေးရှာသည်။
"ဒီနေ့က စနေနေ့လေ။ စူးစမ်းရှာဖွေသူများအသင်းမှာ ကပ္ပတိန်တွေ ဆုံတဲ့နေ့။ သတင်းအချက်အလက်တွေ ရမလားလို့ သွားကြည့်မလို့"
သူက ရှင်းပြလေ၏။
"စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ ကျွန်မကိုလည်း ခေါ်သွားပါလား"
လီလီက စိတ်လှုပ်ရှားစွာ အော်၏။
"ဒီမှာပဲနေပြီး အခန်းကို စောင့်"
ချားလ်စ်က အေးစက်စက် ပြောကာ တံခါးပိတ်ပြီး ထွက်သွားသည်။
ရက်ရက်စက်စက် ပိတ်သွားတဲ့ တံခါးကို ကြည့်ပြီး လီလီတစ်ယောက် ခေါင်းအုံးကို ဒေါသတကြီး ထိုးနှက်နေလေ၏။
"မစ္စတာချားလ်စ်က တကယ့်ကို လူဆိုးပဲ"
အချိန်တွေ ကုန်လွန်သွားပြီး လီလီ အိပ်ပျော်နေတုန်း တံခါးခေါက်သံကြောင့် နိုးလာသည်။
"ဘယ်။ ဘယ်သူလဲ။ ဒီမှာ ဘယ်သူမှ မရှိဘူး"
လီလီက ပြာပြာသလဲ အော်လိုက်ပြီ။
တံခါးလက်ကိုင်က ဂျောက်ခနဲ ပွင့်သွားပြီး ထိတ်လန့်စရာ လက်တံကြီးတွေနဲ့ သတ္တဝါဆိုးကြီး တစ်ကောင် တံခါးဝမှာ ပေါ်လာလေ၏။
လီလီမှာ ထိုသတ္တဝါကြီးနဲ့ မျက်လုံးကြီးတွေကို မြင်တာနဲ့ စူးစူးဝါးဝါး အော်ဟစ်မိတော့သည်။ အညိုရောင်ကြွက်တွေကလည်း လီလီကို ကာကွယ်ဖို့ အသင့်ပြင်လိုက်ကြပြီ။ သို့သော် ထိုသတ္တဝါဆိုးကြီးက အလျင်အမြန် ပြောင်းလဲသွားပြီး လှပတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ပေါ်လာလေ၏။
လီလီမှာ အံ့အားသင့်သွားသည်။ ဒီအမျိုးသမီးက မျက်မမြင်ပန်းချီဆရာ ဆွဲထားတဲ့သူ မဟုတ်လား။
"ကြည့်ရတာ ကြွက်လေးပဲကိုး။ ငါ့ကို တော်တော်လန့်သွားစေတာပဲ။ မိန်းကလေးအသံ ကြားလိုက်လို့ ကောင်းကျိမင် တစ်ယောက် ငါ့ကွယ်ရာမှာ ဖောက်ပြန်နေတာလားလို့ ထင်နေတာ"
အန်နာက ပြုံးပြရင်း ပြောလိုက်လေ၏။
***