ချားလ်စ်တစ်ယောက် စူးစမ်းရှာဖွေသူများအသင်းထဲ လှမ်းဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩသွားရသည်။ ပုံမှန်ဆိုရင် တိတ်ဆိတ်နေတတ်တဲ့ ခန်းမကြီးထဲမှာ အခုတော့ လူတွေနဲ့ ပြည့်နှက်နေလေ၏။
ဆိုဖာတွေနဲ့ ကော်ဖီစားပွဲတွေကို ဟိုတစ်စု ဒီတစ်စု ချထားပြီး ပင်လယ်ရေကြောင်း ဝတ်စုံမျိုးစုံ ဝတ်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အုပ်စုလိုက် စကားလက်ဆုံ ကျနေကြသည်။
ထိုလူအုပ်ထဲမှာ သင်္ဘောသားမဟုတ်တဲ့သူအချို့လည်း ပါဝင်နေလေ၏။ သူတို့က ကပ္ပတိန်တွေအနားမှာ ဝဲလည်ဝဲလည်လုပ်ရင်း တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။
ချားလ်စ်က လူအုပ်ကို တိုးဝှေ့ပြီး သူ့ရဲ့ တာဝန်ပြီးဆုံးကြောင်း သတင်းပို့ဖို့ ကောင်တာဆီ ဦးတည်လိုက်၏။ ကြားဖြတ်နားထောင်မိသလောက်တော့ ထိုလူစိမ်းတွေက အသင်းဆီမှာ တာဝန်တွေ လာရောက်အပ်နှံကြသူတွေ ဖြစ်ကြသည်။
“ဟေး။ ချားလ်စ်။ ဒီဘက်ကို လာဦးလေ”
ဝီလျံက အရက်ပုလင်းကို ဝှေ့ယမ်းရင်း အားတက်သရော လှမ်းခေါ်လေ၏။ သူ့ဘေးမှာတော့ ချားလ်စ် ရင်းနှီးတဲ့ ကပ္ပတိန်အချို့လည်း ရောက်ရှိနေကြပြီ။
ချားလ်စ် လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ အဲလိဇဘတ်က နှာခေါင်းရှုံ့ပြီး တခြားဘက်ကို မျက်နှာလွှဲသွားသည်။
ချားလ်စ် အနားရောက်သွားတာနဲ့ ဝီလျံက သူ့ပုခုံးကို လှမ်းဖက်လိုက်လေ၏။ “သူငယ်ချင်း။ မင်းပေးတဲ့ ဓားက တကယ့်ကို အလန်းစားပဲဗျ”
ဝီလျံက စိတ်လှုပ်ရှားစွာ ပြောသည်။
ဝီလျံဆီက ထွက်လာတဲ့ အရက်နံ့ကြောင့် ချားလ်စ် စိတ်မသက်မသာ ဖြစ်သွားရလေ၏။ သူက ဝီလျံရဲ့ လက်ကို ဖယ်လိုက်ပြီး “အဲဒါက အစွမ်းထက်တဲ့ ရှေးဟောင်းပစ္စည်း တစ်ခုလား” ဟု မေးလိုက်သည်။
ပြီးခဲ့တဲ့တစ်ခေါက်က စစ်ဆေးမထားရသေးတဲ့ ရှေးဟောင်းပစ္စည်း နှစ်ခုကို ဝီလျံဆီ သူ ရောင်းခဲ့တာ ဖြစ်လေ၏။ ဝီလျံရဲ့ အမူအရာကို ကြည့်ရတာတော့ သူ အပိုင်တွက်ခဲ့ပုံရသည်။
“အင်း။ အရမ်းကို စွမ်းတာပဲ။ ငါ အဲဒီဓားကို ငါ့ရန်သူဆီ မတော်တဆ ပေးလိုက်မိတာ၊ ဘာဖြစ်သွားလဲ သိလား။ သူက သူ့သင်္ဘောပေါ်က လူအားလုံးကို သူကိုယ်တိုင် ပြန်သတ်မိသွားတာလေ။ ဟားဟားဟား”
ဝီလျံက အရူးတစ်ယောက်လို အော်ရယ်တော့ ချားလ်စ် ကျောချမ်းသွားရ၏။
ရှေးဟောင်းပစ္စည်းတွေကို ဒီလိုမျိုးပါ သုံးလို့ရတာလား ဟု သူ တွေးနေမိသည်။
ထိုအချိန်မှာ လူဝကြီးတစ်ယောက်က ချားလ်စ်အနား ကပ်လာလေ၏။ “မင်း ပင်လယ်ထဲ ထပ်ထွက်သွားတယ်လို့ ကြားတယ်။ ဘာထူးခြားတာတွေ တွေ့ခဲ့လဲ။ ငါတို့ကိုလည်း ပြောပြပါဦး”
သူက မေးလိုက်သည်။
ချားလ်စ်ရဲ့ စိတ်ထဲမှာ ပင်လယ်နက်ထဲက ထွက်လာတဲ့ ဧရာမ လက်ကြီးကို ပြန်မြင်ယောင်လာလေ၏။ သူက ဟန်ဆောင်ပြုံးလိုက်ပြီး “ပြောလောက်အောင် မထူးခြားပါဘူး။ သင်္ဘောသားအချို့ သေဆုံးသွားပြီး တာဝန်လည်း မအောင်မြင်ခဲ့ပါဘူး” ဟူ၍ ပြန်ဖြေလိုက်သည်။
“လုပ်ပါဗျာ။ ပြောပြစပ်။ ဒီကိုလာတာ သတင်းအချက်အလက် ဖလှယ်ဖို့လေ။ မပြောပြချင်ရင်တော့ ကာစီနိုမှာပဲ သွားထိုင်နေတော့”
ထိုလူက ဆိုလေ၏။
သူတို့ရဲ့ ကျိုးကြောင်းပြချက်ကို ချားလ်စ် မငြင်းနိုင်တော့တာကြောင့် ဧရာမလိပ်ပြာကြီး၊ လက်ဝါးကြီးနဲ့ အမှောင်ပုလဲကျွန်းအကြောင်း အကုန်ပြောပြလိုက်သည်။
ချားလ်စ်ရဲ့ ဇာတ်လမ်းကို ကြားတော့ တခြားကပ္ပတိန်တွေလည်း အံ့ဩသွားကြလေ၏။ ဒီလောက် ကြောက်စရာကောင်းတဲ့ အခြေအနေတွေကြားကနေ အသက်ရှင်ရက် ပြန်လာနိုင်တာက အံ့ဖွယ်တစ်ပါးပင် ဖြစ်သည်။
“ဟူး။ စတားခ်ကတော့ မင်းလောက် ကံမကောင်းရှာဘူး”
လူဝကြီးက မှတ်ချက်ချလိုက်လေ၏။
“စတားခ်က ဘယ်သူလဲ”
ချားလ်စ်က မေးလိုက်သည်။
“အဲဒီကောင်လေးသာ မင်း သူ့နာမည်ကို မမှတ်မိတာ သိရင် စိတ်မကောင်းဖြစ်ပြီး ပြန်ရှင်လာဦးမယ်။ အရင်တစ်ခေါက် အဲလိဇဘတ်နဲ့အတူ မင်းကို ဒီကို ခေါ်လာတဲ့ လူသန်ကြီးလေ။ အခုရော မှတ်မိပြီလား”
သူက ပြန်ပြောလေ၏။
ချားလ်စ်ရဲ့ စိတ်ထဲမှာ အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ လူသန်ကြီးပုံရိပ် ပေါ်လာသည်။ သူ မျက်မှောင်ကြုတ်ရင်း “သူ သေသွားပြီလား” ဟု မေးလိုက်လေ၏။
လူဝကြီးက အပြာရောင် အသီးတစ်လုံးကို ကိုက်ရင်း ခေါင်းညိတ်ပြသည်။ “သေတာက ပုံမှန်ပါပဲကွာ။ ဒီလောက်ဆိုရင်တောင် မဆိုးသေးဘူး။ ဒီလောက်ပဲ ၇ ယောက်ပဲ ဆုံးရှုံးသေးတာပဲကို” ဟူ၍ သူက ဆိုလေ၏။
ချားလ်စ်က လူတိုင်းရဲ့ မျက်နှာကို လိုက်ကြည့်ပေမယ့် ဘယ်သူ့ဆီမှာမှ ဝမ်းနည်းရိပ် မတွေ့ရပေ။ သူတို့က ဘာမှမဖြစ်သလိုပဲ စကားတွေ ပြောနေကြသည်။
သေဆုံးမှုတိုင်းက ပင်လယ်ပြင်ပေါ်က မြူတွေကို ဖယ်ရှားနိုင်ဖို့ ပေးဆပ်မှုတွေဆိုတာကို ချားလ်စ် ပိုပြီး နားလည်လာလေ၏။
ခဏအကြာမှာတော့ ချားလ်စ်က သူသိချင်နေတဲ့ မေးခွန်းကို မေးလိုက်သည်။
“အားလုံးပဲ။ ဆော့တွမ်မြို့အကြောင်း ဘာတွေသိထားကြလဲ”
သူက ဆိုလေ၏။
ဒါက သူ ဒီနေ့ အသင်းဆီ လာရတဲ့ အဓိက အကြောင်းရင်း ဖြစ်သည်။ ဆော့တွမ်ဆိုတဲ့ နာမည်ကို ကြားဖူးပေမယ့် အသေးစိတ် အချက်အလက်တွေ သူ လိုအပ်နေလေ၏။
ထိုစကား ကြားတာနဲ့ အားလုံးက ထောင့်စွန်းမှာ ထိုင်နေတဲ့ နှာခေါင်းချိတ်နဲ့ ရုပ်တည်ကြီးနဲ့ လူကြီးတစ်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။
“ချာလီက ပင်လယ်ဓားပြဟောင်းလေ။ သူ့ကို မေးကြည့်ပါဦး”
ဝီလျံက အရက်တစ်ငုံ သောက်ရင်း ပြောလေ၏။
“ငါ ပြောနိုင်တာကတော့ အဲဒီနေရာက တကယ့်ကို ပရမ်းပတာနိုင်ပြီး ဥပဒေမဲ့တဲ့ နေရာပဲ။ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ မသွားနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် သေတွင်းထဲ သွားတိုးတာနဲ့ အတူတူပဲ”
ချာလီက အက်ကွဲကွဲ အသံနဲ့ ဆိုသည်။
“အဲဒီမှာ နေရောင်ခြည်ကို ရောင်းတယ်လို့ရော ကြားဖူးလား”
သူက မေးလိုက်လေ၏။
ချားလ်စ်ရဲ့ မေးခွန်းကို ချာလီက ခေါင်းခါပြသည်။
“မကြားဖူးဘူးလား”
ချားလ်စ်က စိုးရိမ်တကြီး မေးလိုက်လေ၏။
“မသေချာဘူး။ ရှိရင်လည်း ရှိမယ်၊ မရှိရင်လည်း မရှိဘူး။ ဆော့တွမ်မှာတော့ ငွေပေးနိုင်ရင် ဘာမဆို ရနိုင်တာပဲ။ အဲဒီရောက်ရင် အန်ကာအရက်ဆိုင်ကို သွားပြီး ဘားမန်းကို မေးကြည့်။ စီးဒေါ့ခ် လွှတ်လိုက်တာလို့ ပြောလိုက်။ သူက ငါ့သူငယ်ချင်းပဲ”
သူက လမ်းညွှန်ပေးသည်။
“ကျေးဇူးတင်ပါတယ်”
ချားလ်စ်က ကျေးဇူးတင်စကား ပြောလိုက်လေ၏။ ဒီလို အဖိုးတန်တဲ့ သတင်းအချက်အလက်ကို မျှဝေပေးတာက တကယ့်ကို စေတနာပါမှ ရနိုင်တာ ဖြစ်သည်။
ဘေးက လူဝကြီးက ချားလ်စ်ကို လက်တို့ပြီး တိုးတိုးလေး ပြောလေ၏။
“သူ မင်းကို အထင်ကြီးသွားပုံပဲ။ နတ်ဘုရားနဲ့ တွေ့ပြီး အသက်ရှင်ရက် ပြန်လာနိုင်တဲ့သူ မဟုတ်လား။ မင်းရဲ့ အနာဂတ်က တောက်ပနေမှာပါ”
သူက ဆိုသည်။
ချားလ်စ်ကတော့ သွေ့သွေ့လေးပဲ ရယ်လိုက်မိလေ၏။ ဒီလို ငရဲခန်းလို နေရာမျိုးမှာ ဘယ်သူမှ ကိုယ့်ကြမ္မာကိုယ် မသိနိုင်ပေ။ ကိုယ့်အသက်ရှင်ဖို့တောင် မသေချာတဲ့ နေရာမှာ အနာဂတ်ဆိုတာက ဝေးလံလွန်းလှသည်။
ခန်းမထဲမှာ စည်ကားတဲ့ အငွေ့အသက်တွေ ပြန်လည်လွှမ်းမိုးလာလေ၏။ ချားလ်စ်လည်း သူတို့နဲ့အတူ မုန့်စားရင်း စကားတွေ ပြောဖြစ်လေသည်။
သူက စားပွဲပေါ်က ကိတ်မုန့်ဝိုင်းလေးကို ယူစားကြည့်တဲ့အခါ အထဲက ချိုမြိန်တဲ့ ခရင်မ်အရသာကြောင့် အံ့ဩသွားရ၏။ ဒီကမ္ဘာကို ရောက်လာကတည်းက ဒီလောက် အရသာရှိတဲ့ မုန့်ကို ပထမဆုံး စားဖူးခြင်း ဖြစ်သည်။
မုန့်စားပြီး ပြန်ဖို့ ပြင်နေတုန်းမှာပဲ သာမန်ရုပ်ရည်နဲ့ လူငယ်တစ်ယောက် သူ့အနား ရောက်လာလေ၏။
“ကပ္ပတိန်ချားလ်စ်လား”
သူက မေးသည်။
ချားလ်စ်က လှည့်ကြည့်လိုက်တဲ့အခါ ဝတ်ရုံအနီရောင် ဝတ်ထားပြီး နဖူးပေါ်မှာ အဖြူရောင် တြိဂံပုံပါတဲ့ လူငယ်ကို တွေ့လိုက်ရလေ၏။ သူ့ရဲ့ ဝတ်စုံက တခြား ကပ္ပတိန်တွေနဲ့ ကွဲပြားနေသည်။
“မင်းက ဘယ်သူလဲ”
သူက ပြန်မေးလိုက်လေ၏။
“ကျွန်တော့်နာမည်က ဆွန်နီပါ။ ကျွန်တော်လည်း ခင်ဗျားလိုပဲ စူးစမ်းရှာဖွေသူ တစ်ယောက်ပါ”
ထိုလူငယ်က ဆိုသည်။
ချားလ်စ်ကို ဂရုမစိုက်သလို နေခဲ့တဲ့ အဲလိဇဘတ်က ရုတ်တရက် ချောင်းဟန့်လိုက်လေ၏။ သူမက လက်ညှိုးကို အရက်ထဲနှစ်ပြီး စားပွဲပေါ်မှာ သင်္ဘောသားသုံး သင်္ကေတအလိုအရ “အန္တရာယ်ရှိတယ်၊ ဝေးဝေးနေ” ဆိုတဲ့ အဓိပ္ပာယ်ကို ဆွဲပြလိုက်သည်။
ထိုအချက်ပြချက်ကို ချားလ်စ် ချက်ချင်း သိလိုက်တာကြောင့် သတိထားလိုက်လေ၏။
“မစ္စတာချားလ်စ်က အလင်းမြေကို ရှာနေတယ်လို့ ကြားတယ်။ ဘုရားကျောင်း ဝတ်ပြုပွဲတွေမှာ ဘာလို့ ခင်ဗျားကို မတွေ့ရတာလဲ”
ဆွန်နီက မေးသည်။
သန့်ရှင်းသော အလင်းအဖွဲ့အစည်းလား ဟူ၍ ချားလ်စ် တွေးလိုက်လေ၏။
ချားလ်စ်က ဟန်ဆောင်မနေတော့ဘဲ ချက်ချင်း ထရပ်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
သို့သော် ဆွန်နီက ချားလ်စ်ရဲ့ လမ်းကို ပိတ်လိုက်လေ၏။
“မစ္စတာချားလ်စ်က ဝါဒသစ်ကို ယုံကြည်တဲ့ အစွန်းရောက်အုပ်စုကလား။ တကယ်တော့ ခင်ဗျားတို့က နေနတ်ဘုရားရဲ့ စကားကို လွဲမှားစွာ နားလည်နေကြတာ။ ဝါဒဟောင်းကသာ အမှန်တရားပဲ။ အလင်းမြေဆိုတာ မရှိဘူး။ နေနတ်ဘုရား ပြန်လာဖို့အတွက် ကျွန်တော်တို့က သစ္စာရှိရှိ ဆုတောင်းပြီး ယဇ်ပူဇော်မှုတွေ ခဏခဏ လုပ်ရမယ်”
ဆွန်နီရဲ့ ရူးကြောင်ကြောင် စကားတွေကို ကြားတော့ ချားလ်စ် ဘယ်လို ပြန်ပြောရမှန်း မသိတော့လေ၏။ ဒီလူတွေ ဘယ်က ကျမ်းစာတွေကို ဖတ်ပြီး ယုံနေကြမှန်း သူ စဉ်းစားမရပေ။
“ဖယ်ပေးပါ။ ကျွန်တော် ခင်ဗျားတို့ ဘုရားကျောင်းနဲ့ ဘာမှမဆိုင်ဘူး”
ချားလ်စ်က ပြောလိုက်သည်။
ဆွန်နီက အံ့ဩသွားပုံရလေ၏။
“ခင်ဗျားက အလင်းအဖွဲ့ဝင် မဟုတ်ရင် ဘာလို့ အလင်းမြေကို ရှာနေတာလဲ”
“အခု မရှာတော့ဘူး။ သွားပြီ” ဟု ပြောပြီး ချားလ်စ်က ဆွန်နီကို ကျော်သွားလေ၏။
ထိုအချိန်မှာ ဆွန်နီရဲ့ နဖူးပေါ်က အဖြူရောင် တြိဂံက လင်းလာပြီး ဝတ်ရုံအောက်ကနေ ထွက်လာတဲ့ အကြည်ရောင် ဂျယ်လီလို အရာတွေက ချားလ်စ်ကို ဝန်းရံလိုက်လေသည်။
“ကျွန်တော်တို့ တစ်ခြားနေရာမှာ စကားသွားပြောကြမလား”
ဆွန်နီက မေးလိုက်လေ၏။
ချားလ်စ်ရဲ့ မျက်နှာက တင်းမာသွားပြီး ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ ခြောက်လုံးပြူးသေနတ်က ဆွန်နီရဲ့ ဦးခေါင်းတည့်တည့်ဆီ ရောက်ရှိသွားလေတော့သည်။
***