ရှောင်ရို့သည် သူမ၏ ပုဂ္ဂလိက စာတိုများနှင့် စနစ်အကြောင်းကြားစာ အားလုံးကို အသေးစိတ် စစ်ဆေးကြည့်သော်လည်း ပယ်ဖျက်လိုက်သည့် လက်ဆောင်များအကြောင်း ပြောဆိုဆက်သွယ်လာသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။ သို့ဆိုလျှင် ပလက်ဖောင်း၏ ကော်မရှင် ၂၀ ရာခိုင်နှုန်းကို နှုတ်ပြီးပါက ယနေ့ရရှိသော လက်ဆောင်များ၏ ၈၀ ရာခိုင်နှုန်းကို သူမရရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် သူမသည် တစ်ရက်တည်းနှင့် ယွမ် ၄ သန်းကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုခဏ၌ သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ရင်ဘတ်ကို ညာဘက်လက်ဖြင့် ဖိထားလိုက်မိ၏။ ထို့နောက် သူမ၏မျက်ဝန်းများ နီမြန်းလာကာ နှာခေါင်းလေးမှာလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်လာတော့သည်။
ရှောင်ရို့၏ နာမည်အရင်းမှာ စူးယွိရို့ဖြစ်ပြီး ဘွဲ့ရခါစ ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသာ သာမန် အလုပ်တစ်ခုကို ရှာဖွေခဲ့လျှင် ရိုးရှင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သော်လည်း သူမကို ပြုစုပျိုးထောင်ပေးခဲ့သည့် အဘွားဖြစ်သူမှာ ရုတ်တရက် နှလုံးရောဂါ ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နှလုံးအဆို့ရှင် ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်လာခဲ့သည်။
သူမသည် ငယ်စဉ်ကပင် မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့သဖြင့် အဘွားဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။ ခွဲစိတ်မှုအတွက် ငွေအမြောက်အမြားကို အမြန်ဆုံး ရှာဖွေရန် လိုအပ်နေသည်။ သို့သော် ဘွဲ့ရခါစ ကျောင်းသူတစ်ဦး အနေဖြင့် သိက္ခာမဲ့သော အလုပ်မျိုးကိုလည်း မလုပ်လိုချေ။ ထို့ကြောင့် သူမ၏ သူငယ်ချင်း ဖြစ်သူက ထိပ်တန်း ထုတ်လွှင့်သူ အချို့မှာ တစ်ညတည်းနှင့် ယွမ်သန်းချီ ရှာဖွေနိုင်ကြောင်း ပြောပြကာ တိုက်ရိုက်လွှင့်သည့် အလုပ်ကို စမ်းကြည့်ရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် မိမိနှင့် မရင်းနှီးသော ဤနယ်ပယ်ထဲသို့ ပြတ်ပြတ်သားသား ခြေစုံပစ်ဝင်ခဲ့သည်။ သူမတွင် အချိန်ဆွဲနေရန် အခွင့်အရေး မရှိချေ။ အသက် ၇၀ ကျော်အရွယ် လူကြီးများအတွက် ဤခွဲစိတ်မှုမှာ အန္တရာယ် များသဖြင့် ဆရာဝန်က အမြန်ဆုံး ခွဲစိတ်ရန် အကြံပြုထားသောကြောင့် ဖြစ်သည်။
ယွမ်တစ်သန်းကျော် ကုန်ကျမည့် ခွဲစိတ်စရိတ်မှာ သူမအတွက် မဖြစ်နိုင်သော ပမာဏဟု ထင်ခဲ့ရသော်လည်း ယခုမူ တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင် ယွမ် ၄ သန်းကို ရရှိခဲ့ချေပြီ။ ထိုငွေများကို နောက်လမှသာ ထုတ်ယူနိုင်မည် ဖြစ်သော်လည်း တစ်လဆိုသည့် အချိန်မှာ သူမနှင့် အဘွားဖြစ်သူအတွက် စောင့်ဆိုင်းနိုင်သော အချိန်အတိုင်းအတာ တစ်ခုပင် ဖြစ်သည်။
ဤအတောအတွင်း သူမသည် အဘွားဖြစ်သူ၏ ကျန်းမာရေးကို ကောင်းမွန်အောင် ပြုစုပေးနိုင်မည် ဖြစ်သည်။ အဘွား၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပိုမို ကောင်းမွန်လေလေ ခွဲစိတ်မှု အောင်မြင်ရန် အခွင့်အလမ်း ပိုများလေလေ ဖြစ်ပြီး နောက်ဆက်တွဲ ပြန်လည် ကျန်းမာလာမှုမှာလည်း ပိုမို မြန်ဆန်ပေလိမ့်မည်။
ရှောင်ရို့၏ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ထွက်ခွာလာပြီးနောက် တန်ယန်သည် အလားအလာ ရှိပုံရသော အခြား တိုက်ရိုက်ထုတ်လွှင့်မှု နှစ်ခုကို ထပ်မံရှာဖွေကာ တစ်ခုလျှင် ယွမ် ၅ သန်းစီ လက်ဆောင် ပေးလိုက်သည်။ သို့သော် 'လက်ဆောင်ပေးရန်' ခလုတ်ကို အကြိမ်ကြိမ် နှိပ်နေရခြင်းမှာ သူမကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။
【ယိတျန်တျန်... ကြည့်ရတာ မျက်စိပသာဒ ဖြစ်စေမယ့် ရုပ်ချောတဲ့ ထုတ်လွှင့်သူတွေ ရှိလားဆိုတာကို သွားရှာကြည့်ဦး၊ ပြီးရင် သူတို့ကို လက်ဆောင်တွေ ပေးလိုက်စမ်းပါ】
【အရှင်... အရှင်က ကျွန်တော့်ကို အလကားခိုင်းဖို့ ကြံနေတယ်လို့ သံသယဖြစ်မိတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ သက်သေတော့ မရှိဘူးနော်】
တန်ယန်သည် အနည်းငယ် အနေရ ခက်သွားသော်လည်း ဇွတ်ပေကာ ငြင်းဆိုလိုက်သည်။
"【နင်က ငါ့ကို ဘယ်လိုတောင် တွေးလိုက်တာလဲ နင်ပျင်းနေမှာစိုးလို့ အလုပ်တစ်ခုခု ပေးလိုက်တာလေ ပြီးတော့ နင်လည်း ဒီတာဝန်ကို အမြန်ပြီးချင်တာ မဟုတ်ဘူးလား】"
ယိတျန်တျန်မှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားကာ
"အရှင်က အရှင်ပဲလေ၊ အရှင်ပြောသမျှ အမှန်ပေါ့!၏"
【အရှင်... ကျွန်တော် မှားသွားပါတယ်၊ အခုချက်ချင်း သွားလိုက်ပါမယ်ခင်ဗျာ】
ဤကဲ့သို့ လိမ္မာရေးခြားရှိသော စနစ်မျိုး ရှိသည်မှာ တကယ်ပင် ကောင်းလှပေသည်။ တန်ယန်သည် စိတ်လက်ပေါ့ပါးစွာဖြင့် အနားယူရင်း ဝတ္ထုဆက်ရေးရန် ပြင်လိုက်တော့သည်။
"ပြန်လည် ဝင်စားလာသော ဗီလိန်မလေး - ကံကြမ္မာကို တန်ပြန်တိုက်ခိုက်ခြင်း" ဝတ္ထုမှာ သူမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မဖြေဆိုမီကပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် "ကမ္ဘာပျက်ကပ်နှင့် နတ်ရေစင် ဟင်းလင်းပြင်" အမည်ရှိသော ဝတ္ထုအသစ် တစ်ပုဒ်ကို ရေးသားနေခြင်း ဖြစ်၏။
ထိုဇာတ်လမ်းမှာ ဇွန်ဘီဗိုင်းရပ်စ်များ ပျံ့နှံ့လာပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကူးစက်ခံလိုက်ရသည့် ကမ္ဘာတစ်ခုအကြောင်း ဖြစ်သည်။ ဇာတ်လိုက်မလေး၏ မိသားစုဝင်များလည်း ကူးစက်ခံခဲ့ရချေပြီ။ သူမသည် အတန်းဖော် အချို့နှင့် စုပေါင်းကာ စစ်တပ်က တည်ထောင်ထားသည့် မြောက်ပိုင်းမှ ခိုလှုံရာ စခန်းဆီသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။
ထိုသို့ သွားနေစဉ် အတွင်းမှာပင် ဇာတ်လိုက်မလေးမှာ သူမ၏ အချစ်ဆုံး သူငယ်ချင်း၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် ကားပေါ်မှ ပြုတ်ကျ ကျန်ရစ်ခဲ့သည်။ ကားနောက်တွင်မူ ဇွန်ဘီအုပ်ကြီးမှာ တစာစာနှင့် လိုက်ပါလာကြ၏။ သူမသည် အံကိုကြိတ်ကာ လမ်းကြောင်းပြောင်းပြေးပြီး အနီးနားရှိ ဂိုဒေါင်တစ်ခု အတွင်းသို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်။ သို့သော် ဇွန်ဘီများ၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရသဖြင့် သူမမှာ မကြာမီမှာပင် အပြင်းအဖျား တက်လာတော့သည်။
ထိုခဏ၌ သူမ ငယ်စဉ်ကတည်းက လည်ပင်းတွင် အမြဲဆွဲထားခဲ့သော ကျောက်စိမ်း ဆွဲသီးလေးမှာ လင်းလက်လာပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ဇာတ်လိုက်မလေးမှာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ သူမ ပြန်လည် နိုးထလာသောအခါ ငှက်သံတကျည်ကျည်နှင့် ပန်းရနံ့များ သင်းပျံ့နေသည့် ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ သူမရောက်နေသည့် နေရာမှာ အိမ်တစ်လုံး အတွင်း၌ ဖြစ်၏။
စားပွဲပေါ်ရှိ ကျောက်စိမ်း ပေလွှာမှတစ်ဆင့် ဤနေရာမှာ ရှေးဟောင်း တန်ခိုးရှင်တစ်ဦး ဖန်တီးခဲ့သည့် ကမ္ဘာငယ်လေး တစ်ခုဖြစ်ကြောင်းနှင့် ကျောက်စိမ်းဆွဲသီးကို ပိုင်ဆိုင်သူမှာ ဤနေရာ၏ သခင်အသစ် ဖြစ်လာမည်ဖြစ်ကြောင်း သူမသိလိုက်ရသည်။ ထိုဟင်းလင်းပြင် အတွင်း၌ ရောဂါဝေဒနာ အားလုံးကို ပျောက်ကင်းစေရုံသာမက အသားအရေ လှပစေခြင်း၊ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်းနှင့် ကျန်းမာကြံ့ခိုင် စေခြင်းတို့ကို ပြုလုပ်ပေးနိုင်သည့် 'နတ်ရေစင်' တစ်ခု ရှိနေပေသည်။ ထို့ပြင် စာအုပ် အမြောက်အမြားကိုလည်း တွေ့ရှိခဲ့၏။
သို့သော် လက်ရှိတွင် ထိုဟင်းလင်းပြင်၌ ဝိညာဉ်စွမ်းအင် မလုံလောက်သေးသဖြင့် လုပ်ဆောင်ချက် အများအပြားမှာ အလုပ်မလုပ်သေးချေ။ သူမအနေဖြင့် ထိုနေရာကို အဆင့်မြှင့်တင်နိုင်ရန် ဝိညာဉ်စွမ်းအင်များ စုဆောင်းပေးရမည် ဖြစ်သည်။ စွမ်းအင်စုဆောင်းရန် နည်းလမ်းမှာမူ ထိုဟင်းလင်းပြင် အတွင်း၌ ကောက်ပဲသီးနှံများ စိုက်ပျိုးရန်ပင် ဖြစ်သည်။
ထို့နောက်တွင်မူ ဇာတ်လိုက်မလေးသည် ဟင်းလင်းပြင် အတွင်း၌ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ဆေးကျမ်းများနှင့် ကျင့်စဉ်များကို လေ့လာဆည်းပူးခဲ့သည်။ သူမ၏ စွမ်းအားမှာ လူအများအကြား ထူးထူးခြားခြား ဖြစ်လာသည့် အချိန်ကျမှသာ ဟင်းလင်းပြင်ထဲမှ ပြန်လည် ထွက်ခွာခဲ့၏။ ထိုအခါမှသာ ဟင်းလင်းပြင် အတွင်းရှိ အချိန်စီးဆင်းမှုမှာ ပြင်ပလောကထက် ဆယ်ဆခန့် ပိုမို မြန်ဆန်နေကြောင်း သူမ သိလိုက်ရတော့သည်။
သူမသည် မြောက်ပိုင်းခိုလှုံရာ စခန်း၌ အတန်းဖော်များနှင့် ပြန်လည် ဆုံတွေ့သောအခါ ကလဲ့စားချေခဲ့သည်။ နောက်ဆုံးတွင်မူ သူမသည် လူသားများထဲတွင် အင်အားအကြီးဆုံးဖြစ်သော ဇာတ်လိုက်မင်းသားနှင့် ချစ်ကြိုက်သွားပြီး နှစ်ဦးသား ပူးပေါင်းကာ ကမ္ဘာကြီးကို ပျက်သုဉ်းခြင်းဘေးမှ ကယ်တင်ခဲ့၏။
သူမသည် လက်စသတ်ထားသော စာမူအကြမ်းပေါင်း နှစ်သိန်းနီးပါး ရလာသည့် အချိန်ကျမှသာ ‘ဖုန်းချီ’ ပလက်ဖောင်း၏ စာရေးဆရာ နောက်ကွယ်စာမျက်နှာသို့ တင်လိုက်လေသည်။
ရုံးချိန်အတွင်း ဖြစ်သဖြင့် စာမူတင်ပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် အယ်ဒီတာ ‘ကျင့်မုန့်’ က သူမထံသို့ ဆက်သွယ်လာသည်။
ကျင့်မုန့် - "တန်တာ... ဝတ္ထုအသစ် ပြန်စပြီပေါ့ ဟေး... ပျော်လိုက်တာ"
တန်ယန် - "ပျော်နေတာလား အခုက အားလပ်ရက်ဆိုတော့ ရေးဖို့အချိန် ရနေလို့ပါ"
ကျင့်မုန့် - "ကျွန်မကတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံး အယ်ဒီတာပဲ တခြားသူတွေက စာမူရဖို့ အတင်းတိုက်တွန်း နေရချိန်မှာ ကျွန်မရဲ့ စာရေးဆရာမကတော့ ဝတ္ထုအသစ်တောင် စနေပြီ၊ စာမူအကြမ်းကလည်း နှစ်သိန်းတောင် စုထားပြီးသားလေ"
တန်ယန် - "ဒီစာအုပ်ကို တစ်လအတွင်း အပြီးရေးဖို့ စိတ်ကူးထားတယ် ပြီးရင်တော့ ကျောင်းဖွင့်ချိန်မှာ စာရေးတာကို ခဏရပ်နားထားဖို့ အစီအစဉ်ရှိတယ်"
ကျင့်မုန့် - "ရှော့ခ်ရသွားသောပုံ၊ ဘာပြောလိုက်တာလဲ တန်တာ... တကယ်ပဲ စာမရေးတော့ဘူးလား အခု ရှင့်မှာ စာဖတ်ပရိသတ် ဘယ်လောက်တောင် များနေပြီလဲဆိုတာ သိရဲ့လား"
တန်ယန် - "……."
ကျင့်မုန့် - "ရှင့်မှာ စာဖတ်ပရိသတ်အမာခံ နှစ်သန်းတောင် ရှိနေတာလေ"
တန်ယန် ခေတ္တမျှ ဆွံ့အသွားရသည်။ သူမ၏ Weibo အကောင့်တွင်လည်း ဖော်လိုဝါ ဆယ်သန်းနီးပါး ရှိနေသည်ဟု ထင်မိ၏။
【အရှင်... အတိအကျ ပြောရရင် အရှင်မှာ Weibo ဖော်လိုဝါ ၁၁.၀၂ သန်း ရှိတယ် ဒါ့အပြင် C နိုင်ငံမှာ ပရိသတ်အဖွဲ့ တစ်ခုနဲ့ ပရိသတ်အုပ်စုပေါင်း ၈၀၀ တောင် ရှိနေတာ】
"【ဒီလောက်တောင် များတာလား ငါ့မှာ ဖော်လိုဝါ သန်းဂဏန်းလောက်ပဲရှိတာ မဟုတ်ဘူးလား】" တန်ယန် အတော်လေး အံ့သြသွားမိသည်။ သူမက အနုပညာရှင် တစ်ယောက်လည်း မဟုတ်ဘဲနှင့် အဘယ်ကြောင့် ဤမျှအထိ ပရိသတ် များနေရသနည်း။
【အရှင်... အရှင်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ရှိုပင်ပီယာနိုပြိုင်ပွဲရဲ့ လွှမ်းမိုးမှုကို အထင်သေးနေတာလား နိုင်ငံတကာက လူအများအပြားဟာ အင်တာနက် အကန့်အသတ်တွေကို ကျော်ဖြတ်ပြီး အရှင်ကို ဖောလိုး လုပ်ထားကြတာပါ။ ပြီးတော့ ‘ယွမ်ရှီး’ ရဲ့ ပရိသတ် အချို့ကလည်း အိမ်ရှင်ကို ဖော်လို လုပ်ထားကြတယ်လေ】
ယွမ်ရှီး… ထိုနာမည်ကို မကြားရသည်မှာ ကြာပြီဖြစ်သည်။ အင်း... ထိုကဲ့သို့သော လူတစ်ယောက် ရှိခဲ့သည်ကိုပင် သူမ မေ့လုနီးပါး ဖြစ်နေချေပြီ။
တန်ယန် - "အော်... စာဖတ်ပရိသတ် နှစ်သန်းဆိုတာ သိပ်မများဘူး မဟုတ်လား"
ကျင့်မုန့် - "တန်တာ၊ ဘယ်လိုတွေ တွေးလိုက်တာလဲ ဝါရင့် စာရေးဆရာမကြီးတွေတောင်မှ စာဖတ်ပရိသတ် တစ်သန်းတောင် မပြည့်ကြဘူးလေ ရှင် စာဖတ်ပရိသတ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ ထင်နေတာလဲ”
တန်ယန် - "အဲ့လောက်တောင် နည်းတာလား"
ကျင့်မုန့် - "......"
ကျင့်မုန့် - "ရှင့်ရဲ့ စာရေးဆရာ Weibo အကောင့်မှာ မပေါ်တာ ကြာပြီနော် အားတဲ့အခါ အွန်လိုင်းတက်ပြီး စာဖတ်ပရိသတ်တွေနဲ့ စကားပြောပေးဖို့လည်း မမေ့နဲ့ဦး"
တန်ယန် - "ဟုတ်ကဲ့ပါ (ချစ်စရာကောင်းတဲ့ပုံ)"
ဘေကျင်းမြို့၊ ဖုန်းချီ အယ်ဒီတာအဖွဲ့ ရုံးခန်း။
တန်ယန်နှင့် စကားပြောပြီးနောက် ကျင့်မုန့်မှာ အင်အား ကုန်ခမ်းသွားသလို ခံစားလိုက်ရ၏။ ဟင်း... သူမ၏ စာရေးဆရာမမှာ လောကီရေးရာများနှင့် တကယ်ပင် ကင်းကွာလွန်းလှပေသည်။ စာဖတ်ပရိသတ် နှစ်သန်းဆိုသည်မှာ စာရေးဆရာ အများအပြား မနာလို ဖြစ်ရသည့် အရေအတွက်ပင်။
"ရှောင်မုန့်... တန်တာက ဝတ္ထုအသစ် ပြန်စပြီလား"
လုပ်ဖော်ကိုင်ဖက်အေက အံ့သြတကြီး မေးလိုက်၏။
"အင်း... စာမူအကြမ်းက စာလုံးရေ နှစ်သိန်းတောင် ရှိတယ်လေ"
ကျင့်မုန့်က အားမရှိသလို ပြန်ဖြေလေသည်။
"နင်က ဘာဖြစ်နေတာလဲ နင်အကြိုက်ဆုံး စာရေးဆရာမက စာအုပ်အသစ် ထုတ်တာကို မပျော်ဘူးလား"
လုပ်ဖော်ကိုင်ဖက်အေက ဆက်မေးပြန်သည်။
"မပျော်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တချို့လူတွေက တခြားသူတွေ မနာလိုဖြစ်ဖို့ မွေးဖွားလာတာလားလို့ တွေးမိလို့ပါ"
"အဲ့ဒါတော့ ဟုတ်တာပေါ့ တန်တာကိုပဲ ကြည့်လေ၊ သူရေးခဲ့တဲ့ ဝတ္ထုနှစ်ပုဒ်လုံးက ပေါက်သွားတာပဲ အခုတစ်ပုဒ်လည်း ဒီလိုပဲ ဖြစ်မှာပါပဲ"
တန်ယန်သည် ကျင့်မုန့်နှင့် စကားပြောပြီးနောက် အယ်ဒီတာ၏ အကြံပြုချက်အတိုင်း သူမ၏ စာရေးဆရာ Weibo စာမျက်နှာကို ဖွင့်လိုက်သည်။
ဆားထဲ သကြားနည်းနည်းခတ် - "ကျွန်မရဲ့ ဝတ္ထုအသစ်လေး တင်လိုက်ပါပြီနော် လာရောက် ဖတ်ရှုပေးကြပါဦး 【လင့်ခ်】 ဒီပို့စ်အောက်မှာ မှတ်ချက်ပေးပြီး မျှဝေပေးတဲ့ သူတွေထဲက ကံထူးသူ စာဖတ်သူ ၁၀၀ ကို ရွေးချယ်ပြီး ဖုန်းချီ ပလက်ဖောင်းမှာ အသုံးပြုနိုင်တဲ့ အမှတ်တစ်သောင်းစီ ပေးသွားမှာပါ ကံထူးသူတွေကို ဒီည ၈ နာရီမှာ ကြေညာပေးပါမယ် အခုပဲ မှတ်ချက်ပေးပြီး မျှဝေလိုက်ကြစို့"
Weibo ပေါ်တွင် ပို့စ်တ်တင်ပြီးနောက် တန်ယန်သည် အထူးတလည် ဓာတ်ပုံရိုက်ကာ အယ်ဒီတာ ကျင့်မုန့်ထံသို့ ပေးပို့လိုက်သည်။
တန်ယန် - "ဟေး ကျွန်မပရိသတ်တွေနဲ့ စကားပြောပြီးပြီနော်"
ကျင့်မုန့် - "..."
ကျင့်မုန့် - "ရှင်ကတော့ တကယ့်ကို အံ့သြစရာပဲ အမှတ်တွေ ဒီလောက်တောင် ပေးလိုက်တာလား ပလက်ဖောင်း ဘက်ကနေ အမှတ်အချို့ကို စိုက်ထုတ်ပေးဖို့ လျှောက်ထားပေးရမလား"
***