"ဆရာမ... သမီး ဟွာတာတက္ကသိုလ်ကိုပဲ ရွေးချယ်ပါရစေ"
တန်ယန်က ပြတ်သားစွာပင် ဆိုလိုက်၏။
"ဒါကြောင့် ဆရာမကြီး နှစ်ယောက်လုံးနဲ့ သီးသန့်စကား မပြောတော့ပါဘူး ဆရာမဝမ် အနေနဲ့ ဘေကျင်းတက္ကသိုလ်က ဆရာမတွေကိုလည်း သမီးကိုယ်စား အားနာရကြောင်း ပြောပေးပါဦးနော်"
စာမေးပွဲမဖြေခင် ကတည်းက သူမသည် ဘေကျင်းတက္ကသိုလ် တက်ရမလား၊ ဟွာတာတက္ကသိုလ် တက်ရမလား ဆိုသည်ကို အကြာကြီး စဉ်းစားခဲ့ဖူးသည်။ နောက်ဆုံးတွင်မူ သူမသည် ဟွာတာတက္ကသိုလ်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ချေသည်။
ပထမအချက်မှာ ဟွာတာတက္ကသိုလ်သည် ကျောင်းသားများအတွက် ပို၍ လွတ်လပ်မှု ပေးသောကြောင့်ပင်။ အကယ်၍ သူမအနေဖြင့် တက္ကသိုလ် တက်နေစဉ်အတွင်း ကျောင်းတက်ရန် အချိန်မပေးနိုင်ပါက ပုံမှန်အတန်းတက်ရန် မလိုဘဲ ကြားဖြတ်စာမေးပွဲနှင့် အနှစ်ချုပ် စာမေးပွဲများကိုသာ ဖြေဆိုရန် လျှောက်ထားနိုင်ပေသည်။ သို့သော် စာမေးပွဲတစ်ခုခု ကျရှုံးပါက ထိုအခွင့်အရေးမှာ ရုပ်သိမ်းခံရမည် ဖြစ်ပေသည်။
"ကောင်းပြီလေ... ဆရာမ ပြောပြပေးပါ့မယ် သမီးတကယ်ပဲ ဟွာတာတက္ကသိုလ်ကို သေချာပေါက် ရွေးမှာလား"
ဆရာမဝမ် အနေဖြင့် တက္ကသိုလ် နှစ်ခုလုံးကို နှိုင်းယှဉ်ကြည့်ပြီးမှ ဆုံးဖြတ်စေချင်သော်လည်း ၎င်းတို့မှာ နိုင်ငံ၏ ထိပ်တန်း တက္ကသိုလ်ကြီးများ ဖြစ်သဖြင့် မည်သည့်ကျောင်းကို တက်သည်ဖြစ်စေ ကောင်းမွန်ပေသည်။
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် ဆရာမ"
S မြို့တော် စမ်းသပ်အထက်တန်းကျောင်း ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်း
ဆရာမဝမ် ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် သူမအား စူးစူးစိုက်စိုက် ကြည့်နေသော မျက်လုံးလေးစုံကို မြင်လိုက်ရသည်။ သူမသာ စိတ်မခိုင်သူဆိုလျှင် သေချာပေါက် လန့်ဖျပ်သွားပေလိမ့်မည်။
"ဒါနဲ့... တန်ယန်လာမှာလား"
ဟွာတာတက္ကသိုလ် ကျောင်းသားလက်ခံရေး ဌာနမှ တာဝန်ရှိသူက မေးမြန်းလိုက်သည်။
တက္ကသိုလ်ဝင်ခွင့် ရမှတ်စာရင်းများ ထွက်လာသည့် နေ့တွင်ပင် သူတို့သည် အဆင့် သတ်မှတ်ချက်များကို ချက်ချင်း စစ်ဆေးခဲ့ကြသည်။ ထင်မှတ်မထားဘဲ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ အမှတ်အများဆုံး ရရှိသူမှာ တတိယတန်းစား မြို့ငယ်လေး တစ်မြို့မှ ဖြစ်နေပြီး ထိုသူမှာ မိန်းကလေးတစ်ဦးပင် ဖြစ်ချေသည်။
မိန်းကလေးများက ယောကျ်ားလေးများထက် ညံ့ဖျင်းသည်ဟု မဆိုလိုသော်လည်း ယခင်နှစ်များတွင် သိပ္ပံဘာသာတွဲ ထိပ်ဆုံးရမှတ် ပိုင်ရှင်များမှာ ယောကျ်ားလေးများသာ ဖြစ်လေ့ရှိပြီး မိန်းကလေးများကို တွေ့ရခဲလှသည်။ ထို့ပြင် သူမသည် အမှတ်ပြည့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။
သမိုင်းတစ်လျှောက်တွင် အမှတ်ပြည့်ရသူများ ရှိခဲ့သော်လည်း အလွန်ပင် ရှားပါးလှသည်။
ဟွာတာတက္ကသိုလ် ကျောင်းသားလက်ခံရေး ဌာနမှူးသည် လက်ထောက် တစ်ဦးနှင့်အတူ S မြို့တော်သို့ ညတွင်းချင်းပင် လေယာဉ်ဖြင့် လာခဲ့သည်။ အကယ်၍ အိမ်တိုင်ရာရောက် သွားရောက်ပါက နာမည်ပျက်မည်ကို စိုးရိမ်နေလျှင် ကျောင်းအုပ်ကြီး ရုံးခန်း၌ ယခုလို စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။
ထိုနည်းတူစွာပင် ဘေကျင်းတက္ကသိုလ် ဘက်မှလည်း ကျောင်းသားလက်ခံရေး ဌာနမှူးကိုယ်တိုင် ရောက်ရှိနေသည်။ ထိုသူမှာ ယခုအချိန်တွင် အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် အတန်းပိုင် ဆရာမနှင့် စကားပြောနေစဉ် ‘ဟွာတာတက္ကသိုလ်’ ဟူသော အမည်ကို ခပ်သဲ့သဲ့ ကြားလိုက်ရသောကြောင့် ဖြစ်သည်။ အကယ်၍ ဤကဲ့သို့ အလားအလာရှိသော ကျောင်းသူမျိုး ဟွာတာတက္ကသိုလ်သို့ ပါသွားပါက ပေကျင်းတက္ကသိုလ် အနေဖြင့် နောင်နှစ် အနည်းငယ်အထိ ဤမျှထူးချွန်သော ကျောင်းသားမျိုးကို ထပ်မံရရှိရန် ခက်ခဲသွားနိုင်၏။
"ဆရာမ... တိုက်ရိုက်ပဲ ပြောလိုက်ပါ၊ တန်ယန်ရဲ့ဆန္ဒက ဘာတဲ့လဲ"
ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။ တန်ယန် မည်သည့်ကျောင်းကိုပဲ ရွေးချယ်သည်ဖြစ်စေ သူ့အတွက်တော့ အကျိုးရှိသည်သာ ဖြစ်၏။ ဒါနဲ့... ကျောင်းရှေ့မှာ ဂုဏ်ပြုဆိုင်းဘုတ် ချိတ်ခိုင်းထားတဲ့ ကျောင်းသားရေးရာ ဌာနမှူးက ဘာလို့ခုထိ ပြန်မလာသေးတာလဲ။
"အဟမ်း... ကျောင်းအုပ်ကြီးနဲ့ ဆရာကြီးတို့ရှင်၊ တန်ယန်ကတော့ ဖုန်းထဲမှာ သူမ ကျောင်းကို လာမှာမဟုတ်ဘူးလို့ ပြောပါတယ် ဟွာတာတက္ကသိုလ်ကိုပဲ တက်ဖို့ ရွေးချယ်လိုက်ပါပြီ"
"ဘာပြောတယ်"
ဘေကျင်းတက္ကသိုလ်မှ တာဝန်ရှိသူမှာ မျက်မှောင် ကြုတ်သွားသော်လည်း မျှော်လင့်ချက် အနည်းငယ်ဖြင့် ဆက်လက် တောင်းဆိုလေသည်။
"ဒီလိုလုပ်ပါလား... ကျွန်တော်တို့ တန်ယန့်အိမ်အထိ လိုက်သွားပြီး ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းသားလက်ခံရေး မူဝါဒတွေကို ရှင်းပြပေးပါရစေ ဒါမှ တန်ယန်အတွက် ရွေးချယ်စရာ ပိုရှိလာမှာပေါ့"
"ဟေး... လောင်ကျိန့်၊ ခင်ဗျားလုပ်ပုံက သိပ်တော့ မဟုတ်သေးဘူးနော် တန်ယန်က ဟွာတာတက္ကသိုလ်ကို ရွေးပြီးပြီ ဆိုမှတော့ သူမ သေချာစဉ်းစားပြီးမှ ရွေးတာနေမှာပေါ့ သူမကို ထပ်ပြီး အနှောင့်အယှက် မပေးကြရအောင် ဟီးဟီး"
ဟွာတာတက္ကသိုလ်မှ တာဝန်ရှိသူက ချက်ချင်းပင် တားဆီးလိုက်၏။ နောက်နေကြတာလား တကယ်လို့ တန်ယန်သာ စိတ်ပြောင်းသွားရင် သူတို့သာလျှင် နစ်နာမည်။
"ခင်ဗျားကလည်း ဘာတွေပြောနေတာလဲ တန်ယန်အနေနဲ့ ဘယ်အရာက သူမနဲ့ အသင့်တော်ဆုံးလဲဆိုတာ သိရအောင် ထပ်ပြီး နှိုင်းယှဉ်ကြည့်ဖို့ လိုသေးတယ်လေ"
"သူမက ရွေးချယ်ပြီးပြီ ဆိုကတည်းက နှိုင်းယှဉ်ပြီးသား မို့လို့ပေါ့ ကျွန်တော့်အမြင် ပြောရရင် ခင်ဗျား ဒီမှာ အချိန်ဖြုန်းနေမယ့်အစား ဒုတိယနဲ့ တတိယရတဲ့ ကျောင်းသားတွေ ဘယ်ကျောင်းရွေးလဲဆိုတာ အမြန်သွားစစ်ကြည့်တာက ပိုကောင်းလိမ့်မယ်"
"ခင်ဗျား... ခင်ဗျားကတော့လေ..."
နှစ်ဦးသား စကားများတော့မည့် အခြေအနေကို မြင်သောအခါ ကျောင်းအုပ်ကြီးက ချက်ချင်းပင် ဝင်ရောက်၍ ဖျန်ဖြေပေးလိုက်သည်။
"အို... ဆရာတို့ရယ်၊ ဒီမှာ စကားများနေလို့လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး ဒါက ကျောင်းသားရဲ့ ကိုယ်ပိုင် သဘောထားပေါ်မှာပဲ မူတည်တာ မဟုတ်လား ဟဲဟဲ၊ အားလုံးပဲ... ဒီနေ့ ကျောင်းကန်တင်းမှာ ကျွန်တော် ထမင်းကျွေးပါရစေ”
"ဟွန့်"
ဘေကျင်းတက္ကသိုလ်မှ တာဝန်ရှိသူသည် ဒေါသတကြီးဖြင့် လှည့်ထွက်သွားတော့သည်။
"တော်ပြီ၊ ကျွန်တော် မစားတော့ဘူး လုပ်စရာရှိလို့ အရင်သွားနှင့်တော့မယ်"
ဟု ပြောကာ သူ၏ လက်ထောက်ဆရာနှင့်အတူ ထွက်ခွာသွားလေသည်။
"ဟဲဟဲ... ကျောင်းအုပ်ကြီး၊ ဒါဆို ကျွန်တော်တို့လည်း မနေတော့ပါဘူး ကျောင်းအုပ်ကြီးတို့ ကျောင်းကနေ ဒီလိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတဲ့အတွက် ဂုဏ်ယူပါတယ် နောက်နှစ် ကျောင်းသားအသစ် လက်ခံတဲ့ အခါမှာလည်း အဆင်ပြေ ချောမွေ့မှာ သေချာပါတယ်"
"ဂုဏ်ယူပါတယ် ဆရာတို့ရေ"
ကျောင်းသား လက်ခံရေးရုံးမှ ဆရာများ ထွက်ခွာသွားပြီးနောက် ကျောင်းအုပ်ကြီးသည် သူ၏ရုံးခန်းတွင် အေးအေးလူလူ ပြန်ထိုင်ကာ လက်ဖက်ရည်ကို အရသာခံ သောက်နေတော့သည်။ လက်ဖက်ရည်နံ့က တကယ်ကို မွှေးပျံ့နေပေသည်။
အခြားတစ်ဖက်တွင်မူ တန်မိသားစု၏ ဗီလာအိမ်ကြီး၌...
"မမ တစ်နိုင်ငံလုံးမှာ ပထမရတာ တကယ်ကြီးလား"
တန်ယွီသည် တန်ယန့်ကို မျက်လုံးပြူးကြည့်ကာ သူမကို စိုက်ကြည့်နေမိသည်။
"ဘာလို့ ဒီလောက်တောင် အံ့သြနေတာလဲ"
တန်ယန်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူမအနေဖြင့် ပထမရဖူးသည်မှာ ပထမဆုံးအကြိမ်မှ မဟုတ်တာ၊ မထူးဆန်းချေ။
"ဒါဆို ကျွန်တော့်မှာ တစ်နိုင်ငံလုံး အမှတ်အများဆုံးရတဲ့ အစ်မတစ်ယောက် ရှိပြီပေါ့ အို... ဘုရားရေ ကျွန်တော့်မှာ ဖိအားတွေ အများကြီး ရှိလာတော့မှာပဲ"
တန်ယွီသည် နောင်တစ်ချိန်တွင်
"မင်းအစ်မက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ တစ်နိုင်ငံလုံး ပထမရတာဆိုတော့ မောင်ဖြစ်တဲ့ မင်းကလည်း တော်တော်လေး အရည်အချင်းရှိမှာပဲ မဟုတ်လား"
ဟု အမေးခံရမည့် အရေးကို တွေးမိကာ ခေါင်းကို ဆုပ်ကိုင်လိုက်ရင်း ခေါင်းကိုက်သလို ခံစားလိုက်ရသည်။
"ဘယ်သူက မင်းကို ဖိအားပေးနေလို့လဲ အဖေနဲ့အမေကလား၊ ဒါမှမဟုတ် ငါလား"
တန်ယန်သည် သူမ၏ မောင်လေးမှာ ဟာသလုပ်နေခြင်းဖြစ်မှန်း သိသော်လည်း ဤသည်မှာ သူ၏ရင်ထဲမှ စိုးရိမ်စိတ်အချို့ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း ခံစားမိပေသည်။
"ကဲ... မင်းကိုယ်မင်း အခက်တွေ့အောင် မလုပ်ပါနဲ့"
တန်ယန့်အဖေက တန်ယွီ၏ပုခုံးကို အသာအယာ ပုတ်လိုက်လေသည်။
တန်ယွီက ဖခင်ဖြစ်သူ၏ အတိုင်းအဆ မရှိသော မေတ္တာတရားကြောင့် စိတ်လှုပ်ရှားသွားရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ဖခင်က ဆက်လက်၍
"မင်းမှာရှိတဲ့ အားနည်းချက်တွေကို လက်ခံတတ်အောင် သင်ယူရမယ် အမှန်တော့ မင်းအစ်မလို ထူးချွန်တဲ့ သူတွေက ပိရမစ်ရဲ့ ထိပ်ဆုံးမှာ ရှိနေကြတာလေ မင်းအစ်မက ငါတို့ဆီက အကောင်းဆုံး မျိုးရိုးဗီဇတွေကို အကုန်ယူသွားတာလည်း ဖြစ်နိုင်တယ် မင်းကို အစကတည်းက အခြေအနေ ကောင်းကောင်း မပေးနိုင်ခဲ့တာ ငါတို့အမှားလည်း ပါတာပေါ့"
ဟု ဆိုကာ နှမြောတသဟန်ဖြင့် ခေါင်းခါပြလေသည်။
"ဟင်း"
တန်ယန် မအောင့်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောမိတော့သည်။
ယန်ယီအန်နှင့် သူ၏ဖခင် ယန်ဝမ်ဘိုတို့လည်း မရယ်ဘဲ မနေနိုင်ကြတော့ချေ။
"ကဲပါ...ဖိအားထားမနေပါနဲ့ မိဘတွေ အနေနဲ့ သားသမီးတွေကို ဘေးကင်းကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တာက လွဲလို့ ကျန်တာတွေက ဒုတိယအဆင့်ပဲ၊ သိပ်မရေးကြီးပါဘူး"
ဟု ယန်ဝမ်ဘိုက ချော့မြူလိုက်သည်။
"ကဲပါ... မင်း တက္ကသိုလ်ဝင်ခွင့် ရပြီဆိုတာနဲ့ ငါမင်းကို စပို့စ်ကားတစ်စီး ဝယ်ပေးမယ်"
တန်ယန်က တန်ယွီကို အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်ရာ သူ့မျက်ဝန်းထဲတွင် အံ့သြဝမ်းသာမှုများကို မြင်တွေ့ရသဖြင့် စိတ်အေးသွားရပေသည်။ သူမ၏ မောင်လေးမှာ စိတ်ဓာတ်ကြံ့ခိုင်မှု အတော်လေး ကောင်းမွန်ပုံ ရပေသည်။
"ကျွန်တော်လည်း အစ်မတစ်ယောက်လောက် တကယ်ရှိချင်လိုက်တာ"
ယန်ယီအန်က အားကျစွာ ပြောလိုက်၏။
တန်ယန်သည် ယန်ယီအန်ဘက်သို့ လှည့်ကာ
"အစ်ကို... အစ်ကိုလည်း စပို့စ်ကား လိုချင်တာလား ကျွန်မဝယ်ပေးရမလား" ဟု မေးလိုက်သည်။
ယန်ယီအန်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီးမှ ပြန်လည်မှိန်ကျသွားကာ
"ပုံမှန်ဆိုရင် မောင်တွေက အစ်မတွေကို ဝယ်ပေးရတာလေ၊ အခုတော့ ပြောင်းပြန်ဖြစ်နေပြီ ထားလိုက်ပါတော့၊ ကျွန်တော်က အဲ့ဒီလောက်ကြီး အရှက်မရှိတဲ့သူ မဟုတ်ပါဘူး"
"ဒါမှမဟုတ် ငါ့ရဲ့ ကားဂိုဒေါင်ထဲက ကြိုက်တဲ့ကားတစ်စီး ရွေးလိုက်မလား"
တန်ယန်က ခေတ္တ စဉ်းစားပြီးနောက် သူမ၏ကားများ အားလုံးကို မမောင်းရသေးသော်လည်း ၎င်းမှာ တစ်ပတ်ရစ်ကား အဖြစ်သာ သတ်မှတ်နိုင်မည်ဟု တွေးလိုက်မိသည်။
"တကယ် ရမှာလား ကျွန်တော် မောင်းပဲမောင်းမှာပါ၊ အပိုင်ပေးစရာ မလိုပါဘူး"
ယန်ယီအန်က ဝမ်းသာအားရ မေးမြန်းလိုက်လေတော့၏။
"ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အများကြီး ရှိနေတာပဲ၊ ငါတစ်ယောက်တည်းလည်း အကုန်မမောင်းနိုင်ပါဘူး"
တန်ယန်က ခေါင်းညိတ်ပြလိုက်သည်။
"တံခါးနားက မှန်တင်ခုံပေါ်မှာ သော့တွေရှိတယ်၊ ကိုယ့်ဘာသာပဲ သွားယူလိုက်တော့"
ခွင့်ပြုချက် ရလိုက်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားသော ယန်ယီအန်သည် သော့သွားယူရန် ချက်ချင်းပင် ပြေးထွက်သွားတော့သည်။ သူသည် ထိုငွေရောင် 'ကိုနီဆက် ဝမ်းဝမ်း' ကားလေးကို မျက်စိကျနေသည်မှာ ကြာပြီဖြစ်သည်။
"အစ်ကို... ကျွန်တော့်ကိုစောင့်ဦး၊ ကျွန်တော်လည်း လိုက်မယ်"
တန်ယွီလည်း အနောက်မှ အမြန်လိုက်သွားလေသည်။ မည်သည့်အရွယ် ယောကျ်ားလေး ဖြစ်ပါစေ ကားတစ်စီး၏ ဆွဲဆောင်မှုကိုမူ မည်သူမျှ မခံနိုင်ကြချေ။
ယန်ယီအန်သည် ကားသော့ကိုယူကာ မြေအောက် ကားပါကင်သို့ ဆင်းလာခဲ့ရာ သူ၏ မျက်လုံးများမှာ လှပသပ်ရပ်သည့် ငွေရောင် စပို့စ်ကားလေးပေါ်သို့ ချက်ချင်းပင် ရောက်ရှိသွားသည်။ 'ကိုနီဆက် ဝမ်းဝမ်း' ၏ ကိုယ်ထည်ဒီဇိုင်းမှာ မြင်ရသူကို ရင်သပ်ရှုမော စေရုံသာမက လေခွင်းအား စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားသဖြင့် ကားတစ်စီးလုံးကို မြေပြင်တွင် ကပ်နေစေပြီး လေတိုးနှုန်းကိုလည်း သိသိသာသာ လျှော့ချပေးထားပေသည်။
ကား၏ အနောက်ဘက်တွင်လည်း ကြီးမားသော အလိုအလျောက် လှုပ်ရှားနိုင်သည့် အနောက်ဘက် စပိုင်လာတစ်ခု ပါဝင်ပြီး ၅.၀ လီတာ V၈ တာဘိုနှစ်လုံးတပ် အင်ဂျင်ကို တပ်ဆင်ထားရာ အမြင့်ဆုံးစွမ်းအင် မြင်းကောင်ရေ ၁၄၀၀ အထိ ထုတ်ပေးနိုင်ပေသည်။ ၎င်းသည် စူပါကား လောက၏ ဘုရင်တစ်ဆူဟုပင် တင်စားရမည်။
***