ဘေကျင်းလေဆိပ်ကို ရောက်ရှိလာသည့် အခါမှာတော့ သူတို့နှစ်ဦးအား ကြိုဆိုရန် စောင့်ဆိုင်းနေသော ချင်ယွီရုံက လာရောက်ခေါ်ဆောင်ပြီး ဘေကျင်း မြို့လယ်ခေါင်က လေးဖက်ပိတ် ဝင်းခြံ အိမ်တော်ကြီးဆီကို ခေါ်သွားလေသည်။
ယန်ယီအန်သည် ကားလေးမှာ လုံခြုံရေး တင်းကျပ်ထားသည့် နယ်မြေထဲသို့ ဝင်ရောက်သွားပြီးနောက် လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်ကာ ကြီးမားခန့်ညားသည့် အိမ်ကြီးတစ်လုံးရှေ့တွင် ရပ်တန့်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် အိမ်တော်ကြီး၏ တံခါးမကြီး ပွင့်သွားကာ ကားလေးမှာ အတွင်းသို့ မောင်းဝင်သွားပြီး ဝါးရုံတောလေးကို ဖြတ်ကျော်ကာ ကားဂိုဒေါင်ထဲ၌ ဆိုက်ရပ်လိုက်တော့၏။
ကားပေါ်က ဆင်းပြီးနောက် သူသည် တန်ယန်၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ရာ ၅ မိနစ်ခန့် လမ်းလျှောက်ပြီးမှသာ အိမ်မကြီး၏ ဧည့်ခန်းမဆောင်ထဲသို့ ရောက်ရှိလေသည်။
"မမရုံ... ဒီနေရာက နည်းနည်းတော့ သွားရလာရ အဆင်မပြေလှဘူးနော်၊ ဒါပေမဲ့ ဖေဖေနဲ့ မေမေသာ ဒီကို ပြောင်းလာရင်တော့ ကောင်းမှာပဲ"
အိမ်ကြီးက အနည်းငယ် ခြောက်ကပ်နေပြီး လူစည်ကားသည့် အငွေ့အသက်မျိုး မရှိသဖြင့် တန်ယန်က မှတ်ချက်ပေးလိုက်သည်။
"သူတို့ရဲ့ လုပ်ငန်းတွေက S မြို့တော်မှာ ရှိတာဆိုတော့ အခုလောလောဆယ် အရာအားလုံးကို စွန့်လွှတ်ပြီး ဘေကျင်းကို ပြောင်းလာဖို့က မဖြစ်နိုင်သေးဘူးလေ နောက်ကျရင် ဘာဖြစ်လာမလဲ ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူးပေါ့"
"ဟူး... ကျွန်မလည်း အဲ့ဒီလိုပဲ ထင်ပါတယ် ဒါပေမဲ့ S မြို့တော်ကလည်း တကယ်တော့ နေလို့ကောင်းပါတယ်၊ ရာသီဥတုက ဒီထက်ပိုပြီး သက်သောင့်သက်သာရှိတော့ အနားယူဖို့အတွက် ပိုသင့်တော်တာပေါ့"
"ဟုတ်တယ်၊ ဘေကျင်းက ရာသီဥတုက နည်းနည်းတော့ ခြောက်သွေ့တယ်နော်"
ချင်ယွီရုံသည် ဘေကျင်းတွင် နေထိုင်လာခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း သူမ၏မျက်နှာမှာ အမြဲတမ်း တင်းမာနေလေ့ ရှိသည်။
"ယီအန်... နင်ဘာတွေ ငေးနေတာလဲ"
တန်ယန်က ကြောင်တောင်တောင်လေး ရပ်နေသည့် ယန်ယီအန်ကိုကြည့်ကာ မေးလိုက်သည်။
"ယန်ယန်... ဒါကလည်း နင့်အိမ်ပဲလား"
ယန်ယီအန်က မယုံနိုင်စရာ ကောင်းလှသည့် အမူအရာဖြင့် အိမ်ခေါင်မိုးကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။
"ဟုတ်တယ်လေ၊ ဒါငါ့အိမ်ပဲ။ ဘေကျင်းမှာ ငါ့ပိုင်ဆိုင်မှုတွေ ရှိတယ်လို့ နင့်ကို ပြောပြီးသားပဲလေ ဒါပေမဲ့ အရင်ကတော့ ဒီမှာမနေဖူးဘူး၊ ‘မွန်ဘေး’ ဗီလာဝင်းထဲမှာပဲ နေခဲ့တာ"
"ရုတ်တရက်ကြီး ငါ့ရဲ့ ကြိုးစား အားထုတ်မှုတွေက ဘာမှ အဓိပ္ပာယ် မရှိတော့သလို ခံစားလိုက်ရတယ်ဟာ နင် လက်ဖျားခါရုံနဲ့ ထွက်လာတဲ့ ပစ္စည်းလေးတွေလောက်တောင် ငါ့ရဲ့ ကြိုးစားမှုက မတန်ပါလား"
ယန်ယီအန်မှာ လက်လျှော့လိုက်သလို ခံစားချက်မျိုးဖြင့် ဆက်ပြီး မကြိုးစားချင် တော့လောက်အောင်ပင် ဖြစ်သွားတော့သည်။
"အစ်ကိုယီအန်... အဲ့ဒီလိုတွေးတာ မှားတာပေါ့ လူတစ်ယောက်မှာ အိပ်မက်ဆိုတာ ရှိရမှာလေ၊ အိပ်မက်မရှိရင် အသုံးမကျသူနဲ့ ဘာကွာတော့မှာလဲ နောက်ပြီးတော့ ငါနင့်ကို ပြိုင်ကားတစ်စီး ပေးတုန်းကလည်း နင်မှမယူခဲ့တာ"
တန်ယန်က သူခပ်ပေါ့ပေါ့ ပြောနေမှန်း သိသော်လည်း ယနေ့ သူခံလိုက်ရသည့် ရိုက်ခတ်မှုမှာ တော်တော်လေး ပြင်းထန်မည်မှန်း နားလည်နေသည်။ သို့သော် သူမကြာခင် စိတ်ဓာတ် ပြန်တက်လာမည်ဟု သူမယုံကြည်နေ၏။
"အဲ့ဒီလောက် ဈေးကြီးတဲ့ ကားမျိုးက ဆီထည့်ဖို့တောင် ဝန်ထုတ်ဝန်ပိုး ဖြစ်နေမှာ တော်ကြာ မတော်တဆ ပွန်းပဲ့သွားလို့ ပြင်ရရင်လည်း ကုန်ကျစရိတ်က မနည်းဘူးလေ"
သူသည် မိမိ၏ အခြေအနေနှင့် အကန့်အသတ်ကို ကောင်းကောင်းသိသည်။ ဂုဏ်ပကာသနကို နှစ်သက်တတ်သော်လည်း အတိုင်းအထက် အလွန်တော့ မဖြစ်စေချင်ပေ။
"နင် ဘယ်လိုကားမျိုးကို သဘောကျလဲ ဒီမှာမောင်းဖို့ ငါတစ်စီး ဝယ်ပေးမယ်လေ နင်က စီးပွားရေး တက္ကသိုလ်ကို ရွေးထားတာဆိုတော့ ကိုယ်ပိုင်လုပ်ငန်းပဲ ထောင်မလား၊ သူများဆီမှာပဲ အလုပ်လုပ်မလားဆိုတာ အခုကတည်းက ကြိုစဉ်းစားထားလို့ ရတယ် တကယ်လို့ ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ ရင်းနှီးမြှုပ်နှံမှု လိုအပ်တယ် ဆိုရင်လည်း ငါ့ကို ဆက်သွယ်လိုက်လေ"
တန်ယန်က သူ့ကို စိတ်ရင်းမှန်ဖြင့် ကြည့်ကာ ပြောလိုက်ရာ ယန်ယီအန်၏ လည်ချောင်းဝအထိ ရောက်နေသည့် ငြင်းဆန်မည့် စကားလုံးများမှာ ပြန်ဝင်သွားတော့သည်။ နောက်ဆုံးတွင် သူက
"ကောင်းပြီလေ"
ဟု တစ်ခွန်းသာ ပြောနိုင်တော့၏။
"အစ်ကိုယီအန်... ဒီမှာ အခန်းတွေ အများကြီးရှိတယ်၊ နင်နှစ်သက်တဲ့ အခန်းကိုရွေးပြီး ဘယ်အချိန်ဖြစ်ဖြစ် လာနေလို့ရတယ် ဒါကတော့ ဘေကျင်းက 'ဝေ့ယီဂဲ' စားသောက်ဆိုင်ရဲ့ VIP ကတ်ပဲ အစားအသောက် စားချင်တာပဲဖြစ်ဖြစ် ဧည့်သည်တွေကို ဧည့်ခံချင်တာပဲဖြစ်ဖြစ် ဘယ်အချိန်သွားသွား အခမဲ့ပဲ"
"ကျေးဇူးပဲဟာ... ဒါဆိုရင်တော့ ငါ အားမနာတော့ဘူးနော်"
ယန်ယီအန်သည် S မြို့တော်ရှိ ဝေ့ယီဂဲတွင် စားဖူးပြီးသားဖြစ်ရာ ထိုနေရာက အစားအသောက်များမှာ တကယ်ကို ကောင်းလွန်းလှသည်။ အကယ်၍ အချိန်အကြာကြီး မစားရတော့လျှင် သူတော်တော်လေး စိတ်မကောင်းဖြစ်မိမှာ အမှန်ပင်။ ကံကောင်းစွာဖြင့် ဘေကျင်းမှာလည်း တစ်ဆိုင်ရှိနေပြီ ဖြစ်သည်။
ကျောင်းသားသစ်များ မှတ်ပုံတင်သည့် ကာလမှာ စုစုပေါင်း ၃ ရက် ကြာမြင့်သည်။ ယန်ယီအန်မှာ ပထမဆုံးနေ့မှာပင် မှတ်ပုံတင်ခြင်း အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ကျောင်းဆောင်ထဲသို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ တန်ယန်လည်း လိုက်သွားကြည့်ပေးရာ ထိုအခန်းမှာ တော်တော်လေး ကောင်းမွန်သည့် နှစ်ယောက်ခန်းလေး ဖြစ်နေသည်ကို တွေ့ရသည်။
မူလက တန်ယန်သည် သူမ ကံစမ်းမဲနှိုက်ရာမှ ရရှိထားသည့် ဇိမ်ခံကား တစ်စီးကို ယန်ယီအန်အား ပေးချင်သော်လည်း သူက ဘယ်လိုမှ လက်မခံခဲ့ချေ။ နောက်ဆုံးတွင်တော့ သူမသည် အရောင်းပြခန်းသို့ သွားကာ ယွမ် ၃ သန်းကျော် တန်ဖိုးရှိသည့် ကားတစ်စီးကိုသာ ဝယ်ပေးလိုက်တော့သည်။
သူမနေသည့် အိမ်တော်ကြီးမှာ စီးပွားရေး တက္ကသိုလ်နှင့် တော်တော်လေး နီးသဖြင့် ယန်ယီအန် လာရောက် တည်းခိုသည့်အခါ ကားမောင်းလာရသည်မှာ အဆင်ပြေပေလိမ့်မည်။
တန်ယန်သည် ကျောင်းသွားအပ်ရန် နောက်ဆုံးနေ့အထိ စောင့်ဆိုင်းနေခဲ့သည်။
ဝါရှင်တန် တက္ကသိုလ်၏ တံခါးမကြီးထဲသို့ လှမ်းဝင်လိုက်သည့်အခါ လွှမ်းမိုးနေသည့် ပညာရပ်ဆိုင်ရာ အငွေ့အသက်များက သူမကို လန်းဆန်းသွားစေသည်။ သူမသည် ကားကို ကိုယ်တိုင် မောင်းလာခဲ့ခြင်းဖြစ်ပြီး ဂိတ်ရှိ လုံခြုံရေး ဝန်ထမ်းကို မေးမြန်းကာ ကားပါကင်ဝင်ခွင့် လက်မှတ်ယူပြီးနောက် ကားရပ်နားလိုက်သည်။ ထို့နောက် ကျောင်းအပ်နှံမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်အတွက် သက်သေခံ ကတ်ပြားနှင့် ကျောင်းဝင်ခွင့် အကြောင်းကြားစာတို့ကို ယူဆောင်လာခဲ့လေသည်။
တန်ယန်သည် သူမ တက်ရောက်ရမည့် 'ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ' အထူးပြု ဘာသာရပ် နေရာကို ရှာဖွေလိုက်သည်။ နောက်ဆုံးနေ့ ဖြစ်သောကြောင့် လူသိပ်မများလှသဖြင့် သူမ အမြန်ပင် တန်းစီနိုင်ခဲ့၏။
"နေကောင်းလားရှင့်... ကျောင်းအပ်ဖို့ မှတ်ပုံတင်ပေးပါဦး"
တန်ယန်က သူမ၏ စာရွက်စာတမ်းများကို ကမ်းပေးလိုက်ပြီး ဝန်ထမ်းများက စာရင်းသွင်းပေးမည်ကို စောင့်ဆိုင်းနေလိုက်သည်။
"ဟာ မင်းက တန်ယန်လား"
မှတ်ပုံတင်ပေးနေသည့် သူမှာ အံ့အားသင့်သွားပြီး ရုတ်တရက် ထရပ်လိုက်လေသည်။
"ဝိုး... အပြင်မှာ မြင်ရတာက ဓာတ်ပုံထဲမှာထက်တောင် ပိုလှသေးတယ်"
"ဟားးးး"
ရှေ့က မျက်နှာဝိုင်းဝိုင်း၊ မျက်လုံး ဝိုင်းဝိုင်းလေးနှင့် မိန်းကလေးရဲ့ အမူအရာက ပိုလွန်းနေတာကြောင့် တန်ယန် မအောင့်နိုင်ဘဲ ရယ်မိသွားတော့သည်။
"ဟုတ်ကဲ့၊ ကျွန်မ တန်ယန်ပါ... မင်္ဂလာပါ စီနီယာ"
ကျောင်းသားသစ် ကြိုဆိုရေးဆိုတာ ကျောင်းသားသမဂ္ဂရဲ့တာဝန် ဖြစ်လေ့ရှိသည်။ ရှေ့က မိန်းကလေးက ကြည့်ရတာ အသက် သိပ်မကြီးသေးတာကြောင့် သူမထက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ကြီးသည့် စီနီယာဖြစ်မည်ဟု တန်ယန် ခန့်မှန်းလိုက်မိသည်။
"မင်္ဂလာပါ ဂျူနီယာလေးရယ်... နောက်ဆုံးတော့ ရောက်လာပြီပေါ့ ငါတို့ဌာနက ကျောင်းသားရေးရာ ဌာနမှူးဆိုရင် နင့်ကိုစောင့်ရင်း ဒီနားမှာ ဟိုဟိုဒီဒီနဲ့ လှည့်ပတ်နေတာ နှစ်ရက်တောင်ရှိပြီ ဒီနေ့လည်း သူလာဦးမှာပဲ၊ ဒါပေမဲ့ ကောလိပ်လူကြီးတွေက အစည်းအဝေး ခေါ်လိုက်လို့ သွားလိုက်ရတယ် တောက်၊ နှမြောစရာကြီး၊ သူနဲ့တော့ လွဲသွားပြီ"
တန်ယဉ်ယွမ်က သူမရဲ့ ညာဘက်လက်ကို ကမ်းပေးရင်း မိတ်ဆက်လိုက်သည်။
"အစ်မနာမည်က တန်ယဉ်ယွမ်၊ အခု ဒုတိယနှစ် တက်နေတာဆိုတော့ နင်နဲ့ ဌာနတူ စီနီယာပေါ့ တွေ့ရတာ ဝမ်းသာပါတယ်"
"တွေ့ရတာ ဝမ်းသာပါတယ် စီနီယာတန်"
တန်ယန်လည်း လက်ကိုကမ်းပြီး ပြန်လည် နှုတ်ဆက်လိုက်၏။
"ငါတို့ နှစ်ယောက်လုံးက မျိုးရိုးနာမည် 'တန်' ပဲနော်၊ တိုက်ဆိုင်လိုက်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာလောက်ကဆိုရင် ငါတို့က မိသားစုတစ်ခုတည်း ဖြစ်မှာသေချာတယ် နောက်ကျရင် ဘာအကူအညီလိုလို ငါ့ဆီလာခဲ့နော်၊ အခု ငါက ကျောင်းသားသမဂ္ဂရဲ့ ဒုတိယဥက္ကဋ္ဌလေ"
တန်ယဉ်ယွမ်က ပွင့်လင်းရွှင်ပျတဲ့ စရိုက်ရှိသူဖြစ်လို့ လူချစ်လူခင်လည်း အင်မတန် ပေါများသည်။
"ဟုတ်ကဲ့ပါ၊ ကြိုတင်ပြီး ကျေးဇူးတင်ပါတယ် စီနီယာ"
တန်ယန်က လိမ္မာယဉ်ကျေးစွာ ပြန်ပြောလိုက်သောအခါ တစ်ဖက်လူက သူမကို ပိုပြီး သဘောကျသွားတော့သည်။
တန်ယဉ်ယွမ်က မှတ်ပုံတင်တာကို အမြန်ဆုံး အပြီးသတ်ပေးလိုက်ပြီး အဆောင်သို့ လိုက်ပို့ရန် ပြင်ဆင်လိုက်သည်။ ထိုအခါမှ တန်ယန်မှာ ၂၀ လက်မ လက်ဆွဲအိတ်လေး တစ်လုံးတည်း ပါလာတာကို မြင်သွားပြီး အံ့သြတကြီး ဖြစ်သွားလေသည်။
"ဟင် တန်ယန်... နင့်မှာ အထုပ်အပိုးက ဒါလေးပဲလား"
"လိုအပ်တာလေးတွေပဲ ယူလာရင် ရပြီလို့ ထင်လို့ပါ၊ အခုခေတ်က ဘာလိုလို အချိန်မရွေး ဝယ်လို့ရတာပဲလေ"
"ဟုတ်သားပဲ... လမ်းမှာ အထုတ်အပိုးတွေ အများကြီး သယ်ရတာက တကယ်ဒုက္ခများတာ နင်ကတော့ တကယ့်ကို အမြင်ကျယ်တာပဲ"
တန်ယဉ်ယွမ်က စိတ်ရင်းနှင့် ချီးကျူးလိုက်သည်။ ကျောင်းစဖွင့်တုန်းက အထုတ်အပိုးတွေ အများကြီးနှင့် လူအုပ်ကြားထဲမှာ အနိုင်နိုင် လမ်းလျှောက်ခဲ့ရသည့် သူမ၏ အဖြစ်အပျက်ကို ပြန်တွေးမိပြီး သနားစရာ ကောင်းလိုက်လေခြင်းဟု တွေးနေမိသည်။
သူမက ရှေ့ကမိန်းကလေးကို ခဏမျှ ငေးကြည့်နေမိသည်။ တန်ယန်၏ ထင်ရှားပေါ်လွင်သည့် ရုပ်ရည်မှာ အေးစက်ပြီး ခပ်တန်းတန်းနိုင်သည့် အငွေ့အသက်လေး ရှိနေသော်လည်း တစ်ဖက်မှာတော့ ဆွဲဆောင်မှုအပြည့် ရှိနေပြန်ရာ ဆန့်ကျင်ဘက် အလှတရား နှစ်ခုက ပေါင်းစပ်နေသကဲ့သို့ ဖြစ်နေသည်။ မိန်းကလေး အချင်းချင်းတောင်မှ မကြည့်ဘဲ မနေနိုင်အောင် ရှိလှပါသည်။
"စီနီယာ... ဘာတွေ ကြည့်နေတာလဲဟင်"
တန်ယန်က ရှေ့က မိန်းကလေးကို နည်းနည်း ထူးဆန်းနေသလို ခံစားရသည်။ သူမမျက်နှာပေါ်မှာ တစ်ခုခုများ ရှိနေလားဟု ထင်ရလောက်အောင်ကို စိုက်ကြည့်နေသောကြောင့် ဖြစ်၏။
"နင်က တကယ် လှလွန်းလို့ပါ"
တန်ယဉ်ယွမ်က စိတ်ထဲရှိတာကို ဘောက်ကနဲ ပြောလိုက်မိပြီးမှ အားနာသွားသည်။ သူမ စိုက်ကြည့်နေမိတာက တကယ်ကို မယဉ်ကျေးရာကျသည်။
"ဆောရီးနော်... နင်က တကယ်ကို ထူးထူးခြားခြား လှနေလို့ပါ၊ ငါ့ရဲ့ အလှအပဆိုင်ရာ အကြိုက်နဲ့လည်း ကိုက်ညီနေတာကိုး"
"အစ်မကတော့ တကယ်ကို ချီးကျူးတတ်တာပဲ၊ ကျေးဇူးပါနော် ဒါကတော့ ဖေဖေနဲ့ မေမေက ရုပ်ရည်ကို အကောင်းဆုံး ဖန်တီးပေးထားလို့ ဖြစ်မှာပါ"
တန်ယန်က ပြုံးရင်း ပြန်ပြောလိုက်သည်။ တစ်ဖက်လူက သူမရဲ့အလှကြောင့် ရင်ဘတ်ကိုဖိကာ အသည်းယားနေသည့် အမူအရာကို မြင်လိုက်ရသဖြင့် တန်ယန့်ခမျာ မအောင့်နိုင်ဘဲ တခစ်ခစ် ရယ်မိသွားတော့၏။
"ဟိဟိ..."
【 အရှင်... အရှင်ရဲ့ ဆွဲဆောင်မှု အမှတ်တွေသာ အမြင့်ဆုံးကို ရောက်သွားရင်တော့ အသက်အရွယ် ကျား၊ မ မရွေး အရှင်ရဲ့ ခြေဖဝါးအောက်မှာ အကုန် ဒူးထောက်လာကြမှာ သေချာတယ်နော်】
တန်ယန်သည် ထိုမြင်ကွင်းကို စိတ်ကူးကြည့်မိပြီးနောက် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားလေသည်။ တော်ပါပြီလေ... အခုလို အခြေအနေကပဲ အကောင်းဆုံးဖြစ်သည်။
"ဂျူနီယာလေး... အေးနေလို့လား"
တန်ယဉ်ယွမ်က အပြင်ဘက်က နေပြင်းပြင်းကြီးကို တစ်ချက် ကြည့်လိုက်သည်။ အပူချိန်မှာ ၃၅ ဒီဂရီ စင်တီဂရိတ်အထိ ပူပြင်းနေတာတောင် သူမရဲ့ ဂျူနီယာလေးက အဘယ်ကြောင့် ချမ်းတုန်သလို ဖြစ်နေသည်ကို သူမ လုံးဝ နားမလည်နိုင် ဖြစ်နေတော့၏။
"ရပါတယ် စီနီယာ၊ ဘာမှမဖြစ်ပါဘူး အဆောင်က ဒီကနေဆိုရင် ဝေးလားဟင် တကယ်လို့ ကျွန်မ အဆောင်မှာ မနေချင်ဘူးဆိုရင် ဘယ်လိုလျှောက်ရမလဲ"
"ပထမနှစ် ကျောင်းသားသစ်တွေကတော့ အဆောင်မှာ မဖြစ်မနေ နေရမယ်လို့ သတ်မှတ်ထားတာပဲ ဒါပေမဲ့ ပညာထူးချွန်တဲ့ ပါရမီရှင်တွေ အတွက်တော့ ကျောင်းက ချွင်းချက်အနေနဲ့ ခွင့်ပြုပေးတတ်တယ် အစ်မ မှတ်မိသလောက်ဆိုရင် ဘေကျင်းတက္ကသိုလ် ကနေတောင် လာခေါ်ခံခဲ့ရတဲ့ စီနီယာတစ်ယောက် ရှိဖူးတယ်၊ သူလည်း ကျောင်းစတက်တုန်းက အဆောင်မှာမနေဖို့ လျှောက်ခဲ့တာပဲလေ အခု ကျောင်းသားရေးရာ ဌာနမှူးက နင့်ကို သူ့ရုံးခန်းကို လာခဲ့ဖို့ မှာထားတယ်၊ အဲ့ဒါကြောင့် အထုတ်အပိုးတွေကို အရင်ချပြီးရင် အဲ့ဒီကို တစ်ခေါက်လောက် သွားလိုက်ဦး အဆောင်မှာ မနေဖို့ ကိစ္စကိုလည်း အဲ့ဒီမှာ တစ်ခါတည်း မေးကြည့်လိုက်ပေါ့"
"ဟုတ်ကဲ့ပါ ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ၊ ခဏနေရင် ကျွန်မ သွားလိုက်ပါ့မယ်"
***