တန်ယဉ်ယွမ်က တန်ယန်ကို အမျိုးသမီး အဆောင်ရှေ့အထိ လိုက်ပို့ပေးပြီးနောက် ပြန်သွားလေသည်။
တန်ယန်သည် ၂၀ လက်မ လက်ဆွဲအိတ်လေးကို ဆွဲကာ ပဉ္စမထပ်ရှိ သူမ၏ အဆောင်ခန်းနံပါတ် ၅၀၇ ကို ရှာဖွေတွေ့ရှိခဲ့၏။ ဟွာကျုံး တက္ကသိုလ်၏ အဆောင်များမှာ လေးယောက်ခန်းများ ဖြစ်ပြီး သီးသန့် ရေချိုးခန်းနှင့် လေအေးပေးစက်များ ပါဝင်သည်။ အဆောင်ထဲတွင် ချက်ပြုတ်စားသောက်၍ မရသည်ကလွဲလျှင် ကျန်သည့် အရာများမှာ အဆင်ပြေလှသည်ဟု ဆိုရမည်။
သူမ အဆောင်တံခါးကို ဖွင့်လိုက်ချိန်တွင် အခန်းထဲ၌ မည်သူမျှ ရှိမနေချေ။ ခင်းကျင်းထားပြီးသား ကုတင်များ၊ ကိုယ်ပိုင်ပစ္စည်းများ စီရီထားသည့် စားပွဲခုံများကိုသာ တွေ့ရပြီး သူမတစ်ယောက်သာ ရောက်ရှိရန် ကျန်တော့သည်။
အဆောင်ခန်းတိုင်းတွင် ကျောင်းသားများ အဝတ်လှန်းရန်အတွက် ဝရန်တာလေး တစ်ခုစီ ပါရှိသည်။ အပေါ်ထပ်က ကုတင်၊ အောက်ထပ်က စာကြည့်စားပွဲ ပုံစံမျိုး ဒီဇိုင်းထုတ်ထားသဖြင့် ကျောင်းသားတိုင်းအတွက် စာသင်ကြားရန်နှင့် နေထိုင်ရန် လုံလောက်သော နေရာလွတ်ကို ရရှိစေပေသည်။
အခန်းဝ၏ ဘယ်ဘက်ခြမ်းတွင် ရေချိုးခန်းရှိပြီး ညာဘက်ခြမ်းတွင်မူ နံပါတ်စဉ်များ တပ်ထားသည့် ဗီရိုတန်းကြီး ရှိလေသည်။ ထိုနံပါတ်များမှာ ကုတင်ပေါ်ရှိ ကျောင်းသား တစ်ဦးချင်းစီ၏ နာမည်များနှင့် ကိုက်ညီအောင် ပြုလုပ်ထားခြင်း ဖြစ်ရာ ကျောင်းသားသစ်များ ကုတင်နေရာလုသည့် ပြဿနာကို ကောင်းကောင်း တားဆီးပေးနိုင်သော အချက်ပင်ဖြစ်၏။
သူမ၏ကုတင်မှာ ဝရန်တာနှင့်နီးသည့် ညာဘက် အစွန်ဆုံးတွင် ရှိသည်။ သူမသည် အိတ်ထဲမှ သန့်ရှင်းသော အိပ်ရာခင်းနှင့် စောင်များကိုထုတ်ကာ အိပ်ရာပြင်လိုက်သည်။ သူမထက် အရင်ရောက်နှင့်နေသည့် အခန်းဖော်က စားပွဲခုံနှင့် အခြားနေရာများကို သန့်ရှင်းရေး လုပ်ပေးထားသဖြင့် သူမအတွက် လုပ်စရာ သိပ်မရှိလှချေ။
သူမ ငေးငေးငိုင်ငိုင် ရပ်နေစဉ်မှာပင် အဆောင်တံခါးမှာ အပြင်ဘက်မှ ပွင့်လာပြီး မိန်းကလေးသုံးယောက် ရယ်မောကာ ဝင်လာကြသည်။
ထိုအထဲမှ ပုပုလုံးလုံးလေးနှင့် ချစ်စရာကောင်းသည့် မိန်းကလေးက သူမကို အရင်ဆုံး မြင်သွားပြီး
"ဟင်... နောက်ဆုံး အခန်းဖော်လေး ရောက်လာပြီပဲ"
ဟု လှမ်းပြောလိုက်သည်။
ကျန်သည့် မိန်းကလေး နှစ်ယောက်ကလည်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြကာ
"ဝိုး... နင်က တန်ယန်လား လှလိုက်တာ"
"ညီမလေးရေ... သူ့ကို စိတ်ထဲမထားနဲ့နော်၊ သူက နည်းနည်း အသံကျယ်ပြီး ဗလောင်ဆူတတ်တာ၊ အထူးသဖြင့် ရုပ်ချောတဲ့ သူတွေကိုမြင်ရင် အသည်းယားတတ်လို့"
အရပ်ရှည်ရှည်နှင့် ပွင့်လင်းသည့် ပုံစံရှိသော မိန်းကလေးက ဖော်ဖော်ရွေရွေဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ငါ့နာမည်က ကျန်းလီပါ၊ ငါ့ဘေးက တစ်ယောက်ကတော့ ဟူခဲ့ခဲ့၊ ဟိုဘက်က ချစ်စရာကောင်းတဲ့ ကောင်မလေးကတော့ ကျောက်ယွိချင်းတဲ့"
"မင်္ဂလာပါ... ကျွန်မနာမည်က တန်ယန်ပါ၊ S မြို့တော်က လာတာပါ"
တန်ယန်သည် ပထမဆုံး တွေ့ဆုံမှုမှာပင် အခန်းဖော် သုံးယောက်လုံးအပေါ် အထင်ကြီး လေးစားမိသွားသည်။
အကယ်၍ ကျောင်းအုပ်ကြီးသာ သိခဲ့လျှင်တော့
"ဒါပေါ့ တန်ယန် ကျောင်းနေရတာ စိတ်ကျေနပ်မှု မရှိလို့ ကျောင်းပြောင်းသွားမှာ စိုးတာကြောင့် စရိုက်ကောင်းတဲ့ ကောင်မလေးတွေကို ရွေးပြီး ဒီအဆောင်မှာ ထည့်ပေးထားတာလေ ကျောင်းပြောင်းဖို့က ခက်ခဲပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး နောက်ပြီး တန်ယန့်မိသားစုက ချမ်းသာတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ကလည်း အေးဆေးပဲ၊ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ"
ဟု ပြောပေလိမ့်မည်။
ဟူခဲ့ခဲ့သည် ငယ်စဉ်ကတည်းက လှပသော အရာများကို မြတ်နိုးသူ ဖြစ်သဖြင့် ဟွာကျုံးတက္ကသိုလ်၏ အနုပညာ အကယ်ဒမီသို့ တက်ရောက်ခွင့် ရခဲ့ပြီး ထိုနှစ်၏ အကယ်ဒမီက မြေတောင်မြှောက်ပေးမည့် ထူးချွန်ကျောင်းသူ တစ်ဦးလည်း ဖြစ်သည်။
ကျန်းလီက မိတ်ဆက်ပြီးသည်နှင့် တန်ယန့်အနားသို့ ချက်ချင်း ပြေးလာပြီး မျက်လုံးလေးများ တောက်ပလျက်
"တန်ယန်လေး... ငါ နင့်ပါးလေးကို ထိကြည့်လို့ ရမလားဟင်"
တန်ယန်တစ်ယောက် အံ့အားသင့်သွားပြီး ပါးစပ်လေး အနည်းငယ်ဟကာ
"ရှင်... ဘာပြောလိုက်တာလဲ"
"အော်... ငါက အနုပညာ ဘာသာရပ်ကို သင်ယူနေတာ ဆိုတော့လေ နင့်ရဲ့ မျက်နှာအရိုး တည်ဆောက်ပုံက ဘယ်လိုမျိုးလဲဆိုတာ သိချင်ရုံ သက်သက်ပါပဲ တကယ်လို့ အဆင်မပြေဘူး ဆိုရင်လည်း မကြားခဲ့သလိုပဲ သဘောထားလိုက်ပါနော်၊ ငါ့ကို စိတ်ထဲမထားပါနဲ့"
ဟူခဲ့ခဲ့တစ်ယောက် လက်ချောင်းလေးတွေကို ပွတ်သပ်ရင်း အနေရခက်စွာ ပြောရှာသည်။ သူမမှာ လှပတဲ့အရာ တစ်ခုခုကို မြင်လိုက်ရလျှင် လက်နှင့် ထိတွေ့ကြည့်ချင်သည့် အကျင့်ဆိုးကြီး ပါနေသောကြောင့် ဖြစ်၏။ ဒီအကျင့်ကြောင့် တစ်ဖက်လူက သူမအပေါ် အထင်အမြင်များ လွဲသွားမလားဟု စိုးရိမ်စိတ်ဖြင့် မျက်နှာငယ်လေး ဖြစ်သွားရလေသည်။
"ဪ... အဲ့ဒါကြောင့်လား"
တန်ယန်က နောက်ဆုံး စကားလုံးကို ခပ်ဆွဲဆွဲလေး ပြောလိုက်ပြီးမှ
"ဒါဆိုရင်လည်း ထိကြည့်လို့ ရပါတယ်"
"ရပါတယ်... ငါ့တောင်းဆိုချက်က နည်းနည်း လွန်သွား... ဟင် ဘာပြောလိုက်တာလဲ နင်က ခွင့်ပြုတယ် ဟုတ်လား"
ဟူခဲ့ခဲ့၏ မျက်လုံးလေးတွေ ဝင်းခနဲ တောက်ပသွားသည်။ သူမ နားကြားမှားသလားဟု အတည်ပြုချင် သလိုမျိုး တန်ယန့်ကို အသေအချာ စိုက်ကြည့်နေမိတော့၏။
"ရပါတယ်လို့"
တန်ယန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟေး... ဝမ်းသာလိုက်တာ ခဏလေး စောင့်ဦးနော်"
ပြောပြောဆိုဆိုနှင့်ပင် ဟူခဲ့ခဲ့တစ်ယောက် ရေချိုးခန်းထဲကို ဝုန်းခနဲ ပြေးဝင်သွားပြီး လက်ကို စင်ကြယ်အောင် ဆေးကြောတော့သည်။ လက်ကိုခြောက်အောင် သုတ်ပြီးမှ တန်ယန့်ဆီသို့ ပြန်ထွက်လာပြီး
"လက်ဆေးလာပြီနော် မညစ်ပတ်တော့ဘူး အခု ထိကြည့်လို့ ရပြီလား"
သူမ၏ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော အမူအရာကို ကြည့်ပြီး တန်ယန်က ရယ်ချင်စိတ်ကို အောင့်ထားရင်း
"ရပါပြီ... လာလေ"
ဟု ပြောလိုက်သည်။
ဟူခဲ့ခဲ့က တန်ယန်၏ နဖူး၊ မျက်ခုံးနှင့် ပါးပြင်တွေကို အသာအယာလေး ပွတ်သပ်ကြည့်ပြီးနောက် အံ့သြတကြီး အော်လိုက်တော့သည်။
"ဟယ်... နင် မိတ်ကပ် မလိမ်းထားဘူးလား"
တန်ယန်က သူမ၏ အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများနှင့် မျက်တောင်များကို ပုတ်ခတ်ပြရင်း
"ရာသီဥတုက အရမ်းပူတော့ မိတ်ကပ်လိမ်းထားရင် နေရထိုင်ရတာ သိပ်မသက်သာလို့"
"အမလေး ညီမလေးရယ်... နင်ကတော့ တကယ်ကို လှလွန်းတယ်"
ဟူခဲ့ခဲ့က အားကျစွာ ချီးကျူးလေတော့သည်။
"ဒီလောက်ပြည့်စုံတဲ့ မျက်နှာအရိုး တည်ဆောက်ပုံမျိုးကို ငါတစ်ခါမှ မမြင်ဖူးသေးဘူး 'အစစ်အမှန် အလှတရားဆိုတာ အရေပြားမှာတင် မကဘဲ အရိုးထဲကပါ လှရတာ' လို့ ပြောကြတာလေ နင်ကတော့ အရေပြားရော အရိုးရော နှစ်မျိုးလုံး လှနေတာပဲ"
"ဟင် ခဲ့ခဲ့... နင်ပြောတာကြီးက ကြောက်စရာကြီးနော်"
ကျောက်ယွိချင်းက သူမကိုယ်သူမ ပြန်ဖက်ထားရင်း လက်မောင်းမှာ ကြက်သီးတွေတောင် ထသွားလေသည်။
"ကဲပါ... ကဲပါ... ရပ်ပြီး ငေးမနေကြနဲ့တော့ ဒီနေ့ ငါတို့အဆောင်က လူစုံပြီပဲ အပြင်မှာ ထွက်စားရင်း လူစုပွဲလေး လုပ်ကြရင် မကောင်းဘူးလား"
ကျန်းလီက အစ်မကြီး တစ်ယောက်လို ဦးဆောင်ပြောလိုက်ရာ အားလုံးက ခေါင်းညိတ် သဘောတူကြလေသည်။
"ငါ အရင်ဆုံး ကျောင်းသားရေးရာ ဌာနကို သွားဖို့လိုနေသေးလို့ အဲ့ဒါ နင်တို့ အရင်သွားနှင့်ကြမလား ပြီးမှ ငါလိုက်လာခဲ့မယ်လေ"
ဌာနမှူးနဲ့ တွေ့ဖို့ရှိသည်ကို သတိရပြီး တန်ယန်က ပြောလိုက်သည်။
"ငါတို့လည်း အတူတူ လိုက်ခဲ့မယ်လေ ဒါနဲ့ပဲ ကျောင်းကလည်း ကျယ်တော့ ငါတို့လည်း ကျောင်းအနှံ့ ကောင်းကောင်း မပတ်ရသေးဘူး ကျောင်းထဲ လမ်းလျှောက်လည်ကြတာပေါ့"
ဟူခဲ့ခဲ့က စားပွဲပေါ်က နေလောင်ကာခရင်မ်ကို ယူပြီး သူမကိုယ်သူမ ပြန်လိမ်းလိုက်သည်။
"ဟုတ်သားပဲ... အဲ့ဒါ ကောင်းတဲ့အကြံပဲ"
ကျောက်ယွိချင်းလည်း လက်ထောင်ပြီး ထောက်ခံလိုက်၏။
"တန်ယန်... နင်ကော ဘယ်လိုသဘောရလဲ"
ကျန်းလီက တန်ယန့်ကို လှမ်းမေးလိုက်သည်။
"ငါကတော့ ဘာကန့်ကွက်စရာမှ မရှိပါဘူး၊ နင်တို့အတွက်သာ အလုပ်မရှုပ်ဘူး ဆိုရင်ပေါ့"
"အိုကေ... ဒါဆို အတူတူသွားကြတာပေါ့ အရင်ဆုံး ငါတို့ အသက်အရွယ်အလိုက် အစဉ်လိုက်လေး သတ်မှတ်ရအောင် ငါကတော့ အသက်အကြီးဆုံး ဖြစ်မယ်ထင်တယ်၊ ဒီနှစ်ထဲမှာ အသက် ၂၀ ပြည့်ပြီ၊ မွေးနေ့က မေလ ၁၂ ရက်နေ့ နင်တို့ကော"
ကျန်းလီက စတင် မေးမြန်းလိုက်သည်။
"ငါကတော့ အသက် ၁၉ နှစ်၊ မွေးနေ့က ဒီဇင်ဘာ ၂၄ ရက်"
ဟု ကျောက်ယွိချင်းက ဆက်ပြောသည်။
"ငါလည်း ၁၉ နှစ်ပဲ၊ မွေးနေ့က ဇူလိုင် ၃၀"
ဟူခဲ့ခဲ့ကလည်း သူမ၏ မွေးနေ့ကို ပြောပြလေသည်။
"ကျွန်မကတော့ ၁၈ နှစ်ပါ၊ မွေးနေ့က မတ်လ ၁၄ ရက်နေ့"
တန်ယန်က နောက်ဆုံးမှ ပြောလိုက်ခြင်းဖြစ်ပြီး သူမကိုယ်သူမ အငယ်ဆုံး ဖြစ်နေတာကိုလည်း အံ့သြမနေတော့ပေ။
"ယန်ယန်... နင်က ငါ့ထက်တောင် ငယ်တာလား"
ကျောက်ယွိချင်းက မယုံနိုင်သလို မေးလိုက်သည်။
"ကျွန်မ အထက်တန်းတုန်းက အတန်းကျော်တက်ခဲ့လို့ပါ"
"စာတော်တဲ့သူပဲ မဟုတ်ဘူး... ပါရမီရှင်ပဲ နင်က တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးနဲ့ ကျောင်းဝင်ခွင့် ရခဲ့တာဆိုတာ ငါသိတယ်နော် တကယ်ကို အံ့သြဖို့ ကောင်းလိုက်တာ ဘာသာစုံ အမှတ်ပြည့်လေ အဲ့ဒါက အမျိုးသားအဆင့် စာမေးပွဲ မေးခွန်းလွှာ (A) နဲ့ ဖြေခဲ့တာ မဟုတ်လား"
ကျန်းလီ ကိုယ်တိုင်ကတော့ မေးခွန်းလွှာ (B) နဲ့ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ ဒီနှစ် မေးခွန်းလွှာ (A) က ဘယ်လောက် ခက်သည်ကို သူမ ကောင်းကောင်းသိသည်။ ပုံမှန်ဆိုလျှင် သူမထက် စာတော်သော်လည်း မေးခွန်းလွှာ (A) နှင့် တိုးသွားသည့် ကျောင်းသားများမှာ သူမထက် အမှတ် ၃၀ ခန့် လျော့နည်းသွားခဲ့ကြသည်။ ထို့ကြောင့် သူမ စိတ်ကူးယဉ်ခဲ့ရသည့် ဤတက္ကသိုလ်သို့ တက်ရောက်ခွင့် ရခဲ့ခြင်းမှာ အလွန်ပင် ကံကောင်းသည်ဟု သူမ ခံစားရသည်။
"ဒီကျောင်းကို တက်ခွင့်ရတဲ့ သူတိုင်းက ထူးချွန်တဲ့ သူတွေချည်းပါပဲ"
တန်ယန်က
"မဟုတ်ပါဘူး"
ဟု ငြင်းဆန်ကာ ဟန်ဆောင်နေမည့်အစား အားလုံးကိုပါ ချီးကျူးလိုက်ခြင်းဖြင့် သူမတစ်ဦးတည်း အနေခက်မည့် အခြေအနေကို ရှောင်လွှဲလိုက်သည်။ တကယ်လည်း ဤတက္ကသိုလ်သို့ ဝင်ခွင့်ရသူများထဲတွင် မည်သူက စာမတော်ဘဲ နေမည်နည်း။
"ကဲပါ... ကဲပါ... တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေတာ တော်ကြတော့၊ သွားကြစို့ အရင်ဆုံး ယန်ယန်နဲ့အတူ ဌာနမှူးရုံးခန်းကို သွားမယ်၊ ပြီးမှ ကျောင်းစားသောက်ဆောင်မှာ နေ့လယ်စာ သွားစားကြတာပေါ့"
ဟူခဲ့ခဲ့က ကမူးရှူးထိုး တိုက်တွန်းလေတော့သည်။ မဟုတ်လျှင် စားသောက်ဆောင်တွင် ဟင်းကုန်သွားပေလိမ့်မည်။
ကျောင်းဝင်းအတွင်း လမ်းလျှောက်လာသည့် ထိုမိန်းကလေး လေးယောက်မှာ လူတိုင်း၏ အကြည့်ကို ဖမ်းစားထားလေသည်။ လေးယောက်လုံးမှာ ရုပ်ရည်ချောမောကြပြီး တစ်ယောက်စီတွင် မတူညီသော အလှတရားများ ကိုယ်စီရှိကြသည်။
ကျန်းလီက ရဲရင့်ပြတ်သားသည့် အလှမျိုးကို ပိုင်ဆိုင်ထားပြီး၊ ဟူခဲ့ခဲ့ကတော့ ယဉ်ကျေးသိမ်မွေ့သည့် ပညာတတ် အမျိုးသမီးလေးအသွင် ဆောင်နေသည်။ ကျောက်ယွိချင်းက ချစ်စရာကောင်းပြီး နုနယ်သည့် အလှမျိုးရှိကာ၊ တန်ယန်မှာမူ လူတိုင်း၏ အလှအပဆိုင်ရာ စံနှုန်းများကို တစ်ပေါင်းတည်း ဖြစ်စေနိုင်သည့် ထူးကဲသော အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
ဆရာများ၏ ရုံးအဆောက်အဦးမှာ ကျောင်းဆောင်နှင့် စာသင်ဆောင်ကြားတွင် တည်ရှိပြီး လမ်းလျှောက်လျှင် ၁၀ မိနစ်ခန့် ကြာမြင့်သည်။
အဆောင်ဖော် သုံးယောက်က အောက်ထပ်ရှိ နားနေခုံများတွင် ထိုင်စောင့်နေခဲ့ပြီး တန်ယန် တစ်ယောက်တည်းသာ ရုံးအဆောက်အဦး အတွင်းသို့ ဝင်သွားခဲ့သည်။ ဌာနမှူးရုံးခန်းမှာ တတိယထပ်တွင် ရှိပြီး ဓာတ်လှေကား စောင့်နေစဉ်မှာပင် သူမသည် ထူးထူးခြားခြား ရုပ်ဖြောင့်လွန်းသည့် အမျိုးသား တစ်ဦးကို တွေ့လိုက်ရလေသည်။
ထိုအမျိုးသားမှာ အရပ် ၁.၉ မီတာခန့် မြင့်မားပြီး လက်တွေ့ဘဝထဲကို ကာတွန်းထဲမှ ဇာတ်လိုက်တစ်ယောက် လမ်းလျှောက်ဝင်လာသလားဟု ထင်မှတ်ရပေသည်။ ရှည်လျားလှသော သူ၏ ခြေတံများကို မီးခိုးရောင် ဘောင်းဘီရှည်ဖြင့် ဖုံးအုပ်ထားပြီး မီးခိုးနှင့် အဖြူရောင် စပ်ထားသည့် ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ထားပုံက သူ၏ခါးမှာ ဖက်ထားချင်စရာ ကောင်းလောက်အောင် သေးသွယ်နေသည်ဟု ခံစားရစေသည်။
တန်ယန်၏ အကြည့်များမှာ အပေါ်သို့ တရွေ့ရွေ့ တက်သွားမိရာ ထင်ရှား ပေါ်လွင်နေသည့် သူ၏လည်စိ၊ မေးစေ့သွယ်သွယ်၊ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းအစုံနှင့် ထိုနှုတ်ခမ်းအောက်က မှဲ့လေးတစ်လုံးဆီတွင် အကြည့်တို့ ရပ်တန့်သွားတော့၏။
ထိုအမျိုးသားကလည်း သူမကို သတိထားမိပုံရပြီး အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်ဝန်းအိမ်များမှာ အနည်းငယ် ဝိုင်းစက်သွားပြီး အံ့သြမှင်တက်သွားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားလေသည်။
"ကျောင်းသူသစ်လား"
ခပ်ဩဩနှင့် နားထောင်လို့ကောင်းသည့် အသံတစ်ခုက ထွက်ပေါ်လာသည်။
တန်ယန်တစ်ယောက် သူမ၏ စိတ်ကူးယဉ်မှုများကို ချက်ချင်း ရပ်တန့်လိုက်မိ၏။
'ငါ တစ်ခုခုတော့ မှားနေပြီ'
***