လျင်မြန်သော လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ပြီးနောက် လေနှင်ရာ ခရီးသည်ညွှန်ပြသော နေရာသို့ ရောက်ရှိလာသည်။
ဓားချီ တစ်ချက်က တောက်ပနေသော အလင်းစက်များထဲမှ တစ်ခုကို ရိုက်ခွဲလိုက်သည်။
ရေတွက်၍ မရနိုင်သော အလင်းစများ ပြန့်ကျဲသွားပြီး အမှောင်ထုထဲတွင် အက်ကြောင်းတစ်ခု ပေါ်လာကာ လင်းလက်သွား၏။
"ဝင်သွား..."
လေနှင်ရာ ခရီးသည်က အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သည်။
ချင်စန်းလည်း ချက်ချင်းပင် သူတို့နှစ်ယောက်လုံးကို ဓားအလင်းတန်းဖြင့် လွှမ်းခြုံကာ အက်ကြောင်းထဲသို့ တိုးဝင်လိုက်တော့သည်။
နောက်တစ်ခဏတွင် ပြင်းထန်သော ဖိအားတစ်ခုက သူတို့အပေါ် ဖိကျလာသော်လည်း ခုခံရန် မကြိုးစားမီမှာပင် ရုတ်တရက် ပျောက်ကွယ်သွားလေပြီ။ အလင်းရောင်က အမှောင်ထုကို မောင်းထုတ်လိုက်ပြီး ပျက်စီးနေသော ရှုခင်းတစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာတော့သည်။
တစ်ဒင်္ဂမျှသာ ကြာမြင့်သော်လည်း အနှစ်ဖြစ်အောင် ချေမွခံလိုက်ရလုနီးပါး ခံစားချက်က ကွက်ကွက်ကွင်းကွင်း ရှင်းလင်းနေပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ ချင်စန်း တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာသည်။
သူ့မြင်ကွင်းထဲတွင် တစ်ဝက်တစ်ပျက် ပြိုကျနေသော နန်းတော် တစ်ခု အပျက်အစီးများနှင့်အတူ တစ်ချိန်က ခမ်းနားခဲ့ဖူးသော နေရာတစ်ခု၏ ခြောက်ကပ်နေသော အကြွင်းအကျန်များ ရှိနေသည်။
အတိတ်က ဒီနေရာမှာ နန်းတော် တစ်ခုတည်း ရှိခဲ့တာတော့ မဟုတ်တာ သေချာတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုံနန်းတော် အဆောက်အအုံ စုဝေးရာ တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့မှာပဲ။ အခုတော့ ဒီအစိတ်အပိုင်း တစ်ခုတည်းပဲ ကျန်ရစ်တော့တယ်။ ကျန်တာတွေက မသိရတဲ့ နေရာတွေဆီ လွင့်စင်သွားပြီ…
နန်းတော်၏ အရှေ့ဘက်တွင် ကျယ်ဝန်းသော ကွင်းပြင်တစ်ခု ရှိပြီး စံအိမ်ဆောင် အစိတ်အပိုင်း အချို့ ကျန်ရစ်နေသေးသည်။
သို့သော် ရေကန်များ ခြောက်သွေ့နေပြီး လမ်းများ ပျက်စီးနေကာ ကျောက်ပြားများကြားရှိ အက်ကြောင်းများထဲမှ အရိုင်းပေါက် မြက်ပင်များ ထိုးထွက်နေသည်။ ဤနေရာရှိ မြက်ပင်များမှာ မြစ်ဝှမ်းထဲက အပင်များထက်ပင် ပိုသန်မာကြသည်။
ရှေးဟောင်း ခန်းမဆောင် အတွင်းတွင် ကျိုးပဲ့နေသော နံရံအချို့ ကျန်နေသေးပြီး ကြေမွနေသော အုတ်ကြွပ်ပြားများနှင့် ရာသီဥတုဒဏ် ခံထားရသော ကျောက်တုံးများကြား ခေါင်းမာစွာ တည်ရှိနေကြသည်။ မြင်ကွင်းမှာ လုံးဝ ယိုယွင်းပျက်စီးနေသည့် ပုံစံပင်။
သို့တိုင် အပျက်အစီးများနှင့် အကြွင်းအကျန်များမှတဆင့် ၎င်း၏ ယခင်က ခမ်းနားမှုကို တစေ့တစောင်း မြင်တွေ့နိုင်သေးသည်။
ပျက်စီးနေသော နန်းတော်၏ အရှေ့ဆုံးတွင် ကျိုးပဲ့နေသော နံရံတစ်ခု ရှိသည်။ နံရံထောင့် တစ်နေရာတွင် ကွဲအက်နေသော ဆိုင်းဘုတ်တစ်ခု တွဲလောင်းကျနေပြီး ပြုတ်ကျရန် တာစူနေ၏။
ဆိုင်းဘုတ်မှာ အရောင်အဝါ ပျောက်ဆုံးနေသည်မှာ ကြာပြီ ဖြစ်ပြီး မည်းနက် ဆွေးမြေ့နေသော သစ်သားတုံး အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ ၎င်းပေါ်ရှိ စာလုံးများကို ဖတ်ရန် ခက်ခဲသော်လည်း လေနှင်ရာ ခရီးသည်က ထွင်းထုထားသည့် 'စုဆောင်းခြင်း'ဟူသော စကားလုံးကို မှတ်မိလိုက်သည်။
ဤဧရိယာမှာ မကြီးမားပေ။ စိတ်စွမ်းအင် တစ်ချက် ဖြန့်ကျက်လိုက်ရုံဖြင့် အကုန်လုံးကို လွှမ်းခြုံနိုင်သည်။
အမှန်တကယ်ပင် အပျက်အစီးများမှလွဲ၍ ဘာမှ မရှိချေ။ ဝိညာဉ်စုဆောင်းခြင်း ခန်းမဆောင်ကိုယ်တိုင်၌ပင် ပုံမှန်မဟုတ်သော အရာ ဘာမှ ရှိပုံမရ။
ယခင်က ဤနေရာကို ရှာတွေ့ခဲ့သူများသည် အစီအရင်ကို ဖျက်ဆီးရန် အားထုတ်မှုနှင့် အချိန်များကို ဖြုန်းတီးခဲ့ကြပြီး... တစ်ကြိမ်မက စေ့စေ့စပ်စပ် ရှာဖွေခဲ့ကြသော်လည်း ရတနာ တစ်ခုမှ မတွေ့ရသဖြင့် စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။
"ဒါက တကယ်ကို ဝိညာဉ်စုဆောင်းခြင်း ခန်းမဆောင်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ... ပိုတိကျအောင် ပြောရရင် ဒါက ဝိညာဉ်စုဆောင်းခြင်း ခွက်ကို သိမ်းဆည်းထားခဲ့ဖူးတဲ့ ပင်မ ခန်းမဆောင်ပဲ" လေနှင်ရာ ခရီးသည်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ခန်းမဆောင် အများစုက ပြိုကျမှု အတွင်းမှာ ဝိညာဉ်ဥယျာဉ် နန်းတော်ထဲ ပြုတ်ကျသွားခဲ့တယ်... ပြီးတော့ အတွင်းထဲက ရတနာ မှန်သမျှကို အဲ့ဒီ ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူတွေက ပြောင်စင်အောင် သိမ်းသွားခဲ့ကြပြီ... အရေးကြီးဆုံး အပိုင်းက ရှင်သန်ကျန်ရစ်ပြီး ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ခန်းမဆောင်ထဲမှာ နတ်ဘုံပလ္လင် တစ်ခု ရှိသင့်တယ်... အဲ့ဒီမှာ ဝိညာဉ်စုဆောင်းခြင်းခွက်ကို တင်ထားခဲ့ဖူးတာ... ဒါက နတ်ဘုံအတားအဆီးတွေနဲ့ ကာကွယ်ထားခဲ့မှာ... အခု အဲ့ဒီအတားအဆီးတွေ ပျက်စီးသွားပြီ ဆိုတော့ ပလ္လင်က ပုန်းကွယ်နေတာ ဖြစ်ရမယ်"
ချင်စန်းက လေနှင်ရာ ခရီးသည်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် နှစ်ယောက်သား ပြိုကျနေသော နံရံဆီ ရွေ့လျားသွားကြသည်။ သူတို့က ပျက်စီးနေသော ဆိုင်းဘုတ်ကို မော့ကြည့်ပြီးနောက် အပျက်အစီးများကြား စတင် ရှာဖွေတော့သည်။
ချင်စန်းက လက်ဝှေ့ယမ်း၍ လေပြင်းတစ်ချက် တိုက်ခတ်စေပြီး အပျက်အစီးများကို ရှင်းလင်းပစ်လိုက်သည်။ အောက်ရှိ အက်ကွဲနေသော ကျောက်ပြားများ ပေါ်ထွက်လာလေပြီ။
မြေပြင်ပေါ်ရှိ အမှတ်အသား အချို့မှာ ရှေးခေတ်က မဟုတ်ဘဲ နောက်ပိုင်း ဝင်ရောက်လာပြီး ဘာမှ မတွေ့ရှိဘဲ ပြန်သွားကြသည့် ရတနာ ရှာဖွေသူများ ချန်ထားခဲ့သော လက်ရာများ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။
ရှေးဟောင်း စာလိပ်တစ်ခုမှ ယွီထျန်းရီ ဖတ်ရှုခဲ့သည့် အတိုင်းဆိုလျှင်... ဖုံးကွယ်ထားသော အတားအဆီးကို အသက်သွင်းပြီး ရတနာ ဖော်ထုတ်ရန် ခန်းမဆောင် အတွင်း၌ အထူး ဂါထာမန္တန်နှင့် ခြေကွက် အသုံးပြုရမည် ဖြစ်သည်။
သူတို့က ဝိညာဉ်စုဆောင်းခြင်း ခန်းမဆောင်၏ အလယ်ဗဟို နေရာကို ရှာဖွေလိုက်သည်။
ထိုနေရာရှိ ကြမ်းခင်းပြားများမှာ ကွဲအက်နေပြီး ဓားရာ ဒါဇင်ပေါင်းများစွာ ယှက်သန်းနေသည်။ အောက်မှ မြေကြီးမှာ လှန်ထားသကဲ့သို့ ဖြစ်နေပြီး နေရာအနှံ့ ဖရိုဖရဲ ဖြစ်နေ၏။ အပေါ်ယံ ကြည့်လျှင် အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသည်။
ကံကောင်းစွာဖြင့် ခန်းမဆောင်၏ အထွေထွေ ဖွဲ့စည်းပုံမှာ မပျက်မစီး ရှိနေသေးသည်။ ချင်စန်းက အလယ်သို့ လျှောက်သွားပြီး ခြေနှစ်ဖက်ကို ခိုင်မြဲစွာ ရပ်၍ လက်သင်္ကေတများ စတင် ဖော်ထုတ်တော့သည်။
သူ စိုးရိမ်စိတ် အနည်းငယ် ခံစားလိုက်ရသည်။ စာလိပ်ထဲရှိ နည်းလမ်းမှာ ယုံကြည်ရမလား သူ မသေချာ။
လေနှင်ရာ ခရီးသည်သိတာဆိုလို့ ဒါက စစ်မှန်တဲ့ ပင်မ ခန်းမဆောင် ဖြစ်တယ် ဆိုတာရယ်... ဝိညာဉ်စုဆောင်းခြင်းခွက်က ဒီမှာ အမှန်တကယ် ဝှက်ထားတယ် ဆိုတာရယ်ပဲ... ဒါပေမဲ့ ဒီနည်းလမ်း အလုပ်ဖြစ်မလား ဆိုတာတော့ သူလည်း မသေချာဘူး…
ချင်စန်း အတွေးများဖြင့် သူတို့ပတ်လည်ရှိ ပုံမှန်မဟုတ်သော အပင်များကို ကြည့်ရင်း ရောင်စဉ်သုံးပါး ကျောက်စိမ်းအရည် အကြောင်း တွေးနေမိသည်။
အကယ်၍ သူတို့သာ ဖွင့်ဖို့ မအောင်မြင်ဘဲ လက်ဗလာဖြင့် ပြန်သွားရလျှင် ကြီးကြီးမားမား ဆုံးရှုံးပေလိမ့်မည်။
ဘုန်း...
နောက်ဆုံး သင်္ကေတ ဖွဲ့စည်းပြီးသည်နှင့် ချင်စန်းက လက်ဖဝါးဖြင့် မြေကြီးကို ရိုက်ချလိုက်သည်။
စွမ်းအားက မြေကြီးထဲ စီးဝင်သွားသော်လည်း ဘာမှ မပြောင်းလဲပေ။
ချင်စန်းက ဂါထာမန္တန် အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ကာ ခြေအောက်ရှိ အရာကို လျစ်လျူရှုထားသည်။ သူက ရှုပ်ထွေးသော လက်သင်္ကေတ ဒါဇင်ပေါင်းများစွာကို လျင်မြန်စွာ ပြီးမြောက်အောင် လုပ်ဆောင်သည်။ ထို့နောက် သတိပေးခြင်း မရှိဘဲ ခြေထောက်ကို မြှောက်ပြီး အပြင်ဘက်သို့ လှမ်းလိုက်တော့သည်။
ချောမွေ့သော လှုပ်ရှားမှု တစ်ခုဖြင့် သူ့ကိုယ်နေဟန်ထားကို ပြောင်းလဲပြီး ချက်ချင်းပင် နေရာယူလိုက်၏။ သို့တိုင် မြေပြင်မှာ မည်သည့် တုံ့ပြန်မှုမှ မပြပေ။
သူက ကြယ်ခုနစ်စင်း ပုံစံအတိုင်း ခြေလှမ်းလှမ်းရင်း ဝိညာဉ်စုဆောင်းခြင်း ခန်းမဆောင်၏ အလယ်ဗဟိုကို ပတ်ကာ လျှောက်နေသည်။ သူ့လှုပ်ရှားမှုများက လျင်မြန်စွာ ပြောင်းလဲနေပြီး ပန်းများကြား ပျံသန်းနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ သေသပ်လှပသည်။
တပြိုင်နက်တည်းမှာပင် မရေမတွက်နိုင်သော သင်္ကေတများက မြေကြီးထဲသို့ တောက်ပစွာ ထိုးဝင်သွားကြလေပြီ။
မျက်တောင် တစ်ခတ် အတွင်းမှာပင် လျှို့ဝှက် နည်းစနစ် တစ်ခုလုံး ပြီးမြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ဘာမှ မပြောင်းလဲသေး။
လေနှင်ရာ ခရီးသည်ပင် စိုးရိမ်သော အရိပ်အယောင် မပြဘဲ မနေနိုင်တော့ပေ။ ရောင်စဉ်သုံးပါး ကျောက်စိမ်းအရည်မှာ သူ့အသက်နှင့် ဆက်စပ်နေသည့်အရာ မဟုတ်ပါလား။ သူ့လို စိတ်တည်ငြိမ်သူ တစ်ယောက်ပင် အေးဆေးနေဖို့ ခက်ခဲလှသည်။
နောက်ဆုံးတွင် ချင်စန်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းပြီး ပေါ့ပါးစွာ လှည့်၍ ဝိညာဉ်စုဆောင်းခြင်း ခန်းမဆောင်၏ အလယ်ဗဟိုတွင် တစ်ဖန် ပြန်လည် ဆင်းသက်လိုက်သည်။
ဖောင်း...
နောက်ဆုံး လက်သင်္ကေတက မြေကြီးထဲသို့ ရိုက်ခတ်သွားလေပြီ။
ချင်စန်း ခေါင်းငုံ့ပြီး မြေကြီးကို စိုက်ကြည့်လိုက်ရာ ဘာမှ မပြောင်းလဲကြောင်း တွေ့လိုက်ရသည်။ လက်မခံချင်စွာဖြင့် သူ့စိတ်စွမ်းအင် အကုန်လုံးကို ထုတ်လွှတ်ပြီး ခြေအောက်ရှိ နက်ရှိုင်းသော နေရာများအထိ ဖြန့်ကျက် ရှာဖွေတော့သည်။
"နတ်ဘုံအတားအဆီး ပြောင်းလဲသွားပြီး ဒီနည်းလမ်းက နတ်ဘုံပလ္လင်ကို မဆင့်ခေါ်နိုင်တော့တာ ဖြစ်မယ်" လေနှင်ရာ ခရီးသည်က သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့... ဒါ ငါ့ကံတရားပဲ... ငါ့မှာ ရောင်စဉ်သုံးပါး ကျောက်စိမ်းအရည်နဲ့ ကံမပါဘူး... ညီအစ်ကိုချင်... မင်း ကျီဝေနန်းတော်ကနေ ယူဆောင်သွားတဲ့ ရှေးဟောင်း စာပေတွေကို ပိုစုဆောင်းဖို့ ကြိုးစားကြည့်လို့ ရတယ်... နတ်ဘုံအတားအဆီးတွေရဲ့ သဘောသဘာဝကို လေ့လာပါ... မင်း နောက်တစ်ခေါက် ပြန်ဝင်လာတဲ့အခါ ကျောက်စိမ်းရည်ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်ပါလိမ့်မယ်... ဒါက နတ်ဘုရား ရတနာ တစ်ပါးပဲ... ကြီးမားတဲ့ ဆုလာဘ် တစ်ခုဆိုလည်း မမှားဘူး... အခွင့်အရေးကို လက်လွတ်မခံနဲ့..."
သိသိသာသာ စိတ်ပျက်သွားသော်လည်း လေနှင်ရာ ခရီးသည်က တည်ငြိမ်ပြီး အနှောင့်အယှက် ကင်းနေဆဲပင်။
အကယ်၍ သူသာ မျှော်လင့်ချက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါက သူ့စိတ်အခြေအနေ ဖရိုဖရဲ ဖြစ်သွားနိုင်ပြီး သေးငယ်သော အခွင့်အရေးကိုပင် ဆုံးရှုံးသွားနိုင်သည်။
မဖြစ်နိုင်တဲ့ အရာတစ်ခု ကြုံလာရရင် လက်လွှတ်ပြီး ရှေ့ဆက်ရမယ်…
ထွက်ခွာရန် ခြေလှမ်းပြင်နေစဉ် လေနှင်ရာ ခရီးသည်ရုတ်တရက် အေးခဲသွားပြီး သူ့ပုံရိပ် တောင့်တင်းသွားသည်။ သူက ရုတ်တရက် ချင်စန်း ခေါင်းပေါ်ရှိ နေရာတစ်နေရာကို စိုက်ကြည့်နေပြီး အံ့အားသင့်သော အမူအရာ လျင်မြန်စွာ ပေါ်လာသည်။
ချင်စန်းလည်း ပုံမှန်မဟုတ်သော အခြေအနေကို အာရုံခံမိပြီး လျင်မြန်စွာ နောက်သို့ ခုန်ဆုတ်လိုက်သည်။
နောက်တစ်ခဏတွင် ရောင်စုံ အလင်းတန်း တစ်ခု ကောင်းကင်မှ ဆင်းသက်လာတော့သည်။
ထိုအလင်းတန်းက ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။
သက်တံ့ရောင် အလင်းတန်းများ စီးကျလာပြီး ဝိညာဉ်စုဆောင်းခြင်း ခန်းမဆောင်၏ အလယ်ဗဟိုတွင် စုဝေးကာ ပြန့်ကျဲခြင်း မရှိဘဲ ပေါင်းစည်းသွားလေပြီ။
ထိုနေရာ... တောက်ပနေသော အလင်းရောင်များ အတွင်းတွင် လေးထောင့်ပုံစံ အကြမ်းဖျင်း တစ်ခု ပုံပေါ်လာသည်။
နတ်ဘုံပလ္လင် တစ်ခု၏ အရိပ်ပမာ…
ပလ္လင်မှာ ကြီးမားပြီး ခန်းမဆောင် နေရာလွတ် အများစုကို နေရာယူထားသည်။ မျက်နှာပြင်မှာ ပြန့်ပြူးနေပြီး ကျိုးပဲ့နေသော နံရံများ အထက် မီတာအနည်းငယ် မြင့်မားသည်။
အကြမ်းဖျင်း ပုံရိပ်က ပိုရှင်းလင်းလာပြီး လေဟာနယ်ထဲမှ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ သက်တံ့ရောင် အလင်း မပေါ်လာခင်က ၎င်းရှိနေကြောင်း အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။ မြေကြီးကို တူးဆွပြီးသည့်တိုင် ရှာမတွေ့ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့။
ချင်စန်းက လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ မျှော်လင့်ချက် အားလုံး ပျောက်ဆုံးသွားပြီဟု ထင်နေချိန်တွင် အလင်းရောင် ပြန်လာခဲ့သည်။ နောက်ဆုံးတော့ သူတို့ နတ်ဘုံပလ္လင်ကို ဆင့်ခေါ်နိုင်ခဲ့ပြီ မဟုတ်လော။
ဖြစ်စဉ်က လျင်မြန်စွာ ပြောင်းလဲသွားသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် မြင့်မားသော ပလ္လင်တစ်ခု ခန်းမဆောင် အလယ်တွင် ထည်ထည်ဝါဝါ ပေါ်ထွက်လာတော့သည်။
သူတို့က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ပလ္လင်ပတ်လည်တွင် အန္တရာယ်ရှိသော အတားအဆီးများ မရှိကြောင်း အတည်ပြုပြီးနောက် အပေါ်သို့ ပျံသန်းသွားကြသည်။
ထိပ်ပိုင်းတွင် ကျယ်ဝန်းသော လေးထောင့်ပုံစံ စင်မြင့်တစ်ခု ရှိပြီး နဂါးနှင့် ဖီးနစ်ပုံများဖြင့် အလှဆင်ထားသည့် ကျောက်စိမ်းတိုင်များ မြင့်မားစွာ တည်ရှိနေသည်။ လက်ရာမြောက်ပြီး ခမ်းနားထည်ဝါလှ၏။ စင်မြင့် အလယ်တွင် ချိုင့်ခွက်ငယ်လေး တစ်ခု ရှိသည်။
ကြည့်ရသလောက် ချိုင့်ခွက်မှာ တော်တော် တိမ်သည်။ သာမန်လောကမှ ကိုယ်တော်များ ကိုင်ဆောင်သော သပိတ်လုံး အရွယ်အစားခန့်သာ ရှိသည်။
ချင်စန်းက ပလ္လင်အစွန်းတွင် ဆင်းသက်ပြီး ချိုင့်ခွက်ကို စူးစမ်းလိုစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။
ဒါက ဝိညာဉ်စုဆောင်းခြင်းခွက် ထားရှိခဲ့တဲ့ နေရာ ဖြစ်ဖို့များတယ်။ ခွက်က ဒီလောက် သေးငယ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး... ဒါပေမဲ့ နေ၊ လနဲ့ ကြယ်တာရာတွေရဲ့ စွမ်းအားတွေကို စုစည်းပေးနိုင်တယ်လို့ ဆိုကြတယ်… ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက တကယ်ကို နက်နဲပြီး အံ့သြစရာ ကောင်းတာပဲ…
လက်ရှိတွင် ချိုင့်ခွက်မှာ ဗလာဖြစ်နေသည်။
"ထင်ထားတဲ့ အတိုင်းပဲ... ဝိညာဉ်စုဆောင်းခြင်းခွက် ပျောက်သွားပြီ... အခိုးခံလိုက်ရတာ ဒါမှမဟုတ် မငြိမ်မသက်မှုတွေ ဖြစ်တုန်းက ပျက်စီးသွားတာ ဖြစ်မယ်... နှမြောစရာပဲ... တကယ် နှမြောစရာပဲ..." လေနှင်ရာ ခရီးသည်က စိတ်ပျက်နေသော လေသံဖြင့် ပြောလိုက်သည်။
ချင်စန်းလည်း ကြီးမားသော ဆုံးရှုံးမှု တစ်ခုဟု ယူဆမိသည်။
သူ့အကြည့်က ဗလာဖြစ်နေသော ပလ္လင်ပေါ် ဝေ့ဝဲသွားပြီး နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်၏။
"စီနီယာ... ရောင်စဉ်သုံးပါး ကျောက်စိမ်းအရည်က ဘယ်မှာ ဖုံးကွယ်နေနိုင်မလဲ..."
***