လေနှင်ရာ ခရီးသည်က ချင်စန်း မျက်လုံးထဲရှိ စိုးရိမ်မှုနှင့် သံသယတို့ကို မြင်နေရသည်။ သူက ရှေ့သို့ ပျံသန်းသွားပြီး တောင်ကမ္ဘာ နေမင်းမီးလျှံ အနီးတွင် ရပ်တန့်လိုက်သည်။ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ရုတ်တရက် လက်ချောင်းများကို တဖျစ်ဖျစ် လှုပ်ရှားလိုက်ရာ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင် ကြိုးမျှင်များ လှိုဏ်ခေါင်း နံရံများထဲသို့ တိုးဝင်သွားတော့သည်။
နောက်တခဏတွင် မှိန်ဖျော့ဖျော့ စိမ်းပြာရောင် အလင်းတန်းတစ်ခု လှိုဏ်ခေါင်း အတွင်း၌ စတင် လင်းလက်လာသည်။
ယခင်က မမြင်ရသော လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသည့် မှော်သင်္ကေတ စာလုံးများ နံရံတစ်လျှောက် ပေါ်လာ၏။ လေနှင်ရာ ခရီးသည် လှုပ်ရှားလိုက်သည်နှင့် မှော်သင်္ကေတ စာလုံးများ အသက်ဝင်လာပြီး စိမ်းပြာရောင် အလင်းတန်းက ပိုတောက်ပလာကာ ဝိညာဉ် အစီအရင် တစ်ခု၏ ပုံသဏ္ဍာန်ကို တဖြည်းဖြည်း ပုံဖော်လာသည်။
ဤအလင်းရောင်က တောင်ကမ္ဘာ နေမင်းမီးလျှံလောက် မပြင်းထန်သော်လည်း လှိုဏ်ခေါင်း အတွင်း၌ နေရာယူထားနိုင်ဆဲပင်။
ဤအစီအရင်မှာ သူတို့ ယခင်က ကြုံတွေ့ခဲ့ရသည့် ပျက်စီးနေသော အစီအရင်များ၊ ကောင်းကင်ဘုံ အတားအဆီးများနှင့် မတူညီကြောင်း ချင်စန်း လျင်မြန်စွာ သဘောပေါက်လိုက်သည်။ ကျီဝေနန်းတော်၏ မူလ အစိတ်အပိုင်း တစ်ခု မဟုတ်ပုံရသည်။
အပြင်ဘက်ရှိ ကောင်းကင်ဘုံ အစီအရင်များလောက် ရှုပ်ထွေးခြင်း၊ ဆန်းကြယ်ခြင်း မရှိသော်လည်း ဤအစီအရင်မှာ သေသပ်စွာ တည်ဆောက်ထားပြီး ပြီးပြည့်စုံစွာ ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း ရှိသည်။ သာမန် ကျင့်ကြံသူ တစ်ယောက် ဖန်တီးထားခြင်း လုံးဝ မဖြစ်နိုင်ပေ။
ချင်စန်း နားမလည်နိုင်ခဲ့... အချိန်အကြာကြီး စိုက်ကြည့်နေလျှင်ပင် မူးဝေလာသလို ခံစားလိုက်ရသည်။
စိမ်းပြာရောင် အလင်းတန်းက တိတ်ဆိတ်စွာ တောက်ပနေသည်။
ထို့နောက် မီးနီရောင် ငှက်ငယ်လေး တစ်ကောင် အစီအရင် အတွင်းမှ ပျံသန်း ထွက်ပေါ်လာ၏။ တေးသီသလို အော်မြည်ရင်း လေနှင်ရာ ခရီးသည် အနားတွင် လှည့်ပတ် ပျံသန်းပြီးနောက် သူ့လက်မောင်းပေါ် လိမ္မာစွာ ဆင်းသက်ကာ ခေါင်းငုံ့၍ အမွေးများကို နှုတ်သီးဖြင့် ပြုပြင်နေသည်။
ငှက်ကလေးမှာ အသက်ဝင်ပြီး သက်ရှိ တစ်ကောင်ကဲ့သို့ပင်။
သို့သော် စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရာ အမှန်တရားကို ချက်ချင်း သိလိုက်ရသည်။ ၎င်းမှာ သက်ရှိ သတ္တဝါ တစ်ကောင် မဟုတ်ဘဲ ဝိညာဉ် ပစ္စည်းတစ်မျိုးဖြင့် ဖန်တီးထားသော ရုပ်သေးရုပ် တစ်ရုပ်သာ။ ပြုလုပ်ပုံမှာ ယှဉ်စရာ မရှိလောက်အောင် ရှုပ်ထွေးပြီး ကျွမ်းကျင်လှသည်။
ငှက်ကလေး တစ်ကောင်လုံး နီရဲနေပြီး အမွေးများမှာ မီးလျှံဖြင့် လောင်ကျွမ်းနေသကဲ့သို့ပင်။ သို့သော် ဤအကျိုးသက်ရောက်မှုက မူလ ပစ္စည်းများမှ လာခြင်း မဟုတ်ပေ။ ၎င်း ထုတ်လွှတ်နေသော အငွေ့အသက်မှာ တောင်ကမ္ဘာ နေမင်းမီးလျှံနှင့် တစ်ပုံစံတည်း တူညီနေသည်။
ယင်းကိုယ်ထည်နှင့် အမွေးများကို အနီရောင် အမျှင်တန်းများနှင့် သွယ်လျသော အရွက်တစ်မျိုးဖြင့် ပုံဖော်ထားသည်။ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်မှုနှင့် ဝိညာဉ် အစီအရင်၏ အကူအညီကြောင့် တောင်ကမ္ဘာ နေမင်းမီးလျှံကို စုပ်ယူနိုင်ခဲ့ပြီး အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့ပုံရသည်။ မူလ ပစ္စည်းများ ဘာလဲဆိုတာ ပြောဖို့ပင် မဖြစ်နိုင်တော့။
နှစ်ပေါင်းများစွာ အတွင်း ချင်စန်းက ရုပ်သေးပညာ လေ့ကျင့်သော ကျင့်ကြံသူ များစွာကို မြင်ဖူးခဲ့သည်။ သို့သော် မျက်စိမှားလောက်အောင် သဘာဝကျသော ဤကဲ့သို့ ရုပ်သေးရုပ်မျိုးမှာ အလွန် ရှားပါးလှသည်။ အဘွားကျင်း ဖန်တီးခဲ့သော လွမ်ငှက်မှလွဲ၍ ဤငှက်ကလေးသာ ယှဉ်နိုင်ပေလိမ့်မည်။
ဒီရုပ်သေးရုပ်ကို တစ်ယောက်ယောက်က ဒီနေရာမှာ ထားခဲ့တာလား ဒါမှမဟုတ် ဟိုးအရင်ကတည်းက ရှိနေခဲ့တာလား...
ချင်စန်း တိတ်တဆိတ် တွေးတောနေမိသည်။
လေနှင်ရာ ခရီးသည်က ငှက်ကလေးကို လက်ဖြင့် ညင်သာစွာ အုပ်ကိုင်ပြီး ကျေနပ်အားရစွာ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တွေတုန်းက တစ်ယောက်ယောက်က ဒီရုပ်သေးရုပ်ကို ဒီမှာ မြှုပ်နှံထားခဲ့ပြီး တောင်ကမ္ဘာ နေမင်းမီးလျှံရဲ့ စွမ်းအားကို စုပ်ယူစေခဲ့တာ... အချိန်အကြာကြီး ပြုစုပျိုးထောင်ပြီးနောက်ဆုံးတော့ မီးလျှံရဲ့ အငွေ့အသက် တစ်စိတ်တစ်ပိုင်းကို ပေါင်းစပ်နိုင်ခဲ့ပြီ... အစီအရင်နဲ့ ဒီရုပ်သေးရုပ်ရဲ့ အကူအညီကြောင့် မီးလျှံထဲမှာ လမ်းကြောင်းတစ်ခု ဖွင့်နိုင်လိမ့်မယ်... တောင်ကမ္ဘာ နေမင်းမီးလျှံကို ဖြတ်သန်းဖို့က မခက်ခဲပါဘူး... ခက်ခဲတာက ဆေးပေါင်းအိုး အပိုင်းအစကို ပြန်ယူဖို့ပဲ... ငါ အကူအညီ တောင်းနိုင်တဲ့ လူတွေထဲမှာ ညီလေးချင် တစ်ယောက်တည်းပဲ ဒါကို လုပ်နိုင်စွမ်း ရှိတာ"
"အင်း..."
ချင်စန်းက ရုပ်သေးငှက်ဆီမှ အကြည့်လွှဲပြီး လေနှင်ရာ ခရီးသည်ကို ပြန်ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ လက်ခနဲ ဖြစ်သွားသည်။
ရှေ့မှာ ဘာတွေ ရှိနေလို့ ဒီလောက် စိန်ခေါ်မှု ဖြစ်နေရတာလဲ... ဘာလို့ လေနှင်ရာ ခရီးသည်က ဆေးပေါင်းအိုး အပိုင်းအစကို ငါတစ်ယောက်တည်း ယူနိုင်တယ်လို့ ဒီလောက် သေချာနေရတာလဲ...
လေနှင်ရာ ခရီးသည်က ရုပ်သေးငှက်ကို ညင်သာစွာ ပွတ်သပ်ရင်း ရှေ့သို့ ညွှန်ပြလိုက်သည်။
"ဒီကနေ မဝေးတော့ဘူး... လှိုဏ်ခေါင်းက ဓားရာတစ်ခုနဲ့ ပြတ်တောက်နေတယ်... အဲ့ဒါက အရင်တုန်းက အဝင်အထွက် လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ဖူးပေမယ့် ဓားရာထဲမှာ ကျန်ရစ်ခဲ့တဲ့ ဓားချီက မပျောက်ကွယ်သေးလို့ ဘယ်သူမှ မကပ်ရဲကြဘူး"
"အဲ့ဒီ ဓားရာကို ချန်ခဲ့တဲ့သူက အစွန်းရောက် အေးခဲခြင်းနဲ့ ပတ်သက်တဲ့ အခြေခံ ကျင့်စဉ်တစ်ခုကို ကျင့်ကြံခဲ့ပုံရတယ်... ကျန်ရစ်ခဲ့တဲ့ ဓားချီက ဆန်းကြယ် ရေခဲဓားချီ အမျိုးအစားပဲ"
"ဓားချီက သိပ်သည်းစွာ စုစည်းနေဆဲဖြစ်ပြီး ဒီနေရာက ဝိညာဉ်ချီတွေကို လှုံ့ဆော်လိုက်လို့ ယင်မိစ္ဆာ ရေခဲလေပြင်း တစ်ခု ဖြစ်ပေါ်လာပြီး ဓားရာအနီးနား တဝိုက်ကို အမြဲတမ်း တိုက်ခတ် ဖျက်ဆီးနေတယ်... အပြင်ဘက်က ပုံရိပ်ယောင် ဝင်္ကပါက ကွယ်ထားလို့ အဝေးကနေ မမြင်ရတာ"
"ပိုကြောက်စရာ ကောင်းတာက ဒီလေပြင်းထဲမှာ ဓားရာက ကျန်ရစ်ခဲ့တဲ့ ဆန်းကြယ် ရေခဲဓားဆန္ဒ ကိန်းအောင်းနေတာပဲ... အချိန်ကြာလာတာနဲ့အမျှ သေစေနိုင်တဲ့ ထူးဆန်းတဲ့ အေးစက်မှု တစ်ခုအဖြစ် ပြောင်းလဲသွားတယ်... ဒီပေါင်းစပ်မှုက ညီလေးချင်နဲ့ ရင်းနှီးနေသလို မခံစားရဘူးလား"
ထိုစကား ကြားလိုက်သည်နှင့် ချင်စန်း တောင့်ခဲသွားသည်။
လေနှင်ရာ ခရီးသည်က ထိုအင်္ဂါရပ်များကို ဖော်ပြနေစဉ် ချင်စန်းလည်း အဆုံးမဲ့တောင်ကြားတွင် ကြုံတွေ့ခဲ့ရသော ယင်မိစ္ဆာ ရေခဲလေပြင်းကို ချက်ချင်း ပြန်သတိရသွားသည်။
ထိုလေပြင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ဤနေရာရှိ လေပြင်းကမူ ဓားချီ၏ လွှမ်းမိုးမှုအောက်တွင် ဖန်တီးထားခြင်း ဖြစ်သည်။ မူလဇာစ်မြစ် မတူညီသော်လည်း ထူးခြားစွာ ဆင်တူနေသည်။
လေနှင်ရာ ခရီးသည်၏ လေသံထဲတွင် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီး ချင်စန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ငါ ယင်မိစ္ဆာ ရေခဲလေပြင်းနဲ့ ကြုံတွေ့ခဲ့တာကို လေနှင်ရာ ခရီးသည်က ဘယ်လိုလုပ် သိတာလဲ...
"စီနီယာ... အဲ့ဒီနေ့တုန်းက... ခင်ဗျား အပြင်လောကကို အာရုံခံနိုင်တဲ့ အားအင် ရှိသေးတာလား"
ချင်စန်း မှင်သက်သွားသည်။
အဆုံးမဲ့တောင်ကြားတွင် ညနှင်းပန်း ခူးယူစဉ်က လေနှင်ရာ ခရီးသည်မှာ မီးအိမ်နှင့် အပြစ်ကင်းစင် ပုလဲလုံးကို သုံး၍ ယင်မိစ္ဆာ ရေခဲလေပြင်းကို တွန်းလှန်နေခဲ့ရသည်။ သူ လွှမ်းမိုးခံရလုနီးပါး ဖြစ်နေခဲ့သည် မဟုတ်ပါလား။ ချင်စန်းက ဝင်ရောက် ကူညီပေးဖို့ပင် ပြင်ဆင်ခဲ့သေးသည်။
တခြားလူရဲ့ တည်ရှိမှုကို အာရုံခံနိုင်လောက်တဲ့ အားအင် ရှိသေးတယ်လို့ တွေးလိုက်မိတာ...
လေနှင်ရာ ခရီးသည်က ခေါင်းအနည်းငယ် ညိတ်ပြီးနောက် ခေါင်းခါလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ငါ တကယ်ပဲ အကန့်အသတ် ရောက်နေခဲ့တာ... ဒါပေမဲ့ ငါ့ဝိညာဉ် အာရုံခံစားမှုက ထက်မြက်တယ်... တခြားလူ တစ်ယောက် ဖြတ်သွားတာကို သဲ့သဲ့ ခံစားလိုက်ရတယ်... ဒီလိုနေရာမျိုးမှာ လူတစ်ယောက် ပေါ်လာပြီး ငါ့ကို ဘာအန္တရာယ်မှ မပေးသလို ညနှင်းပန်းကိုလည်း ဝင်မလုခဲ့ဘူး... သေချာ စဉ်းစားပြီးနောက် အဲ့ဒါ မင်းဖြစ်ရမယ်လို့ ငါ သဘောပေါက်လိုက်တာ"
"အာ..."
လေနှင်ရာ ခရီးသည်၏ စကားများက ချင်စန်းကို အလွန် အံ့အားသင့်သွားစေသည်။
ကျီဝေနန်းတော် အပြင်ဘက် ရောက်နေတုန်း လေနှင်ရာ ခရီးသည်က အနက်ရောင် ဝတ်စုံနဲ့လူမှာ ဝူကျိဂိုဏ်း ခေါင်းဆောင် ဟုတ်၊ မဟုတ် ဆိုသည်အား သူ့ထံမှ အရင်ဆုံး အမြင်တောင်းခံခဲ့သည်ကား အံ့ဩစရာ မဟုတ်တော့။ သူ ရေခဲလှိုဏ်ဂူ၏ အဆုံးထိ ရောက်ခဲ့ပြီး တိုက်ပွဲကို မြင်တွေ့ခဲ့နိုင်သလို မျက်နှာများပါ မြင်တွေ့နိုင်ခဲ့မှန်း သိခဲ့၍ ဖြစ်ပေလိမ့်မည်။
လေနှင်ရာ ခရီးသည်က တိုက်ပွဲကို ကိုယ်တိုင် မမြင်တွေ့ခဲ့သော်လည်း အမှန်တရားကို ခန့်မှန်းနိုင်ခဲ့သည်။ အဆုံးမဲ့တောင်ကြား ဆိုသည်မှာ လူသူအရောက်အပေါက် နည်းပါးသော ဝေးလံခေါင်သီသည့် နေရာတစ်ခု ဖြစ်သည်။ ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူ အများအပြား တပြိုင်နက်တည်း ထိုနေရာတွင် ပေါ်လာသည်မှာ တိုက်ဆိုင်လွန်းနေသည် မဟုတ်ပါလား။
ချင်စန်း မျက်မှောင်ကြုတ်သွားသည်။
သို့သော် လေနှင်ရာ ခရီးသည်မှာ ယွီထျန်းရီ၏ တည်ရှိမှုကို သိပြီးသား ဖြစ်သောကြောင့် ချင်စန်းလည်း ရေခဲလှိုဏ်ဂူထဲတွင် ယုဟွာနှင့် တွေ့ဆုံခဲ့ပုံကို အကျဉ်းချုံး ပြောပြလိုက်သည်။
"စီနီယာ... ကျုပ် ဝင်သွားဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ပါဘူး... အစွမ်းထက် ရန်သူတစ်ယောက်ကြောင့် အတင်းအကျပ် ဝင်ရောက်ခဲ့ရပြီး တခြား သွားစရာ မရှိလို့ပါ... အဲ့ဒီတုန်းက ရေခဲလှိုဏ်ဂူထဲမှာ ကျုပ် ခင်ဗျားကို ကူညီဖို့ ပြင်ဆင်ခဲ့ပေမယ့် နောက်ပိုင်း ခင်ဗျားဘာသာ စီမံနိုင်တာ တွေ့လို့..."
လေနှင်ရာ ခရီးသည်က လက်ကာပြပြီး လေးနက်စွာ ပြန်ပြောသည်။
"ငါက ကျေးဇူးတရား နားမလည်တဲ့သူ မဟုတ်ပါဘူး... မင်းရဲ့ စေတနာကို နားလည်ပါတယ်... အဲ့ဒါက စမ်းသပ်မှု တစ်ခု၊ ပိုးအိမ်ထဲက ရုန်းထွက်လာတဲ့ လိပ်ပြာတစ်ကောင်လို သန့်စင်ခြင်း ပုံစံတစ်မျိုးပဲ... ငါသာ မင်းနေရာမှာ ဆိုရင်လည်း အလွယ်တကူ ဝင်မပါရဲဘူး... ဒါ့အပြင် ငါ ညနှင်းပန်း ရရှိခဲ့တာက မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ... လှိုဏ်ဂူထဲက နောက်ဆုံး တုန်ခါမှုကို မှတ်မိလား... အဲ့ဒီအချိန်တုန်းက မင်းက ငါ့ရှေ့မှာ ရပ်နေပြီး ယင်မိစ္ဆာ ရေခဲလေပြင်းရဲ့ တိုက်ခတ်မှု တစ်ခုကို မတော်တဆ ကာကွယ်ပေးလိုက်သလို ဖြစ်သွားတယ်... ငါ အဲ့ဒီ အခွင့်အရေးကို သုံးပြီး အဆင့်တက်နိုင်ခဲ့တာ..."
"ညီလေးချင်... မင်းမှာ ယင်မိစ္ဆာ ရေခဲလေပြင်းရဲ့ အေးစက်မှုကို တွန်းလှန်နိုင်တဲ့ လျှို့ဝှက်ပညာ တစ်ခု ရှိရမယ် မဟုတ်လား... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က အဲ့ဒီအချိန်တုန်းကထက် အများကြီး မြင့်မားနေပြီ ဆိုတော့ လျှို့ဝှက်ပညာကလည်း ပိုစွမ်းအားကြီးလာမှာပဲ... ဆေးပေါင်းအိုး အပိုင်းအစကို ဓားချီနဲ့ ရေခဲလေပြင်းကြားကနေ ယူပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"
ချင်စန်း တိတ်တဆိတ် သက်ပြင်းချနေမိသည်။
သူ အကြောက်ဆုံးက တာအိုကျောက်စိမ်းဗုဒ္ဓ အကြောင်း ပေါက်ကြားသွားမည်ကိုသာ...
တာအိုကျောက်စိမ်းဗုဒ္ဓက သူ့အလုံခြုံဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ရပ်တည်နိုင်ဖို့ အုတ်မြစ်ဆိုလည်း မမှားပေ။ မည်မျှ ရင်းနှီးပါစေ... သူ ထုတ်ဖော်ပြသလို့ မဖြစ်ချေ။
ကံကောင်းစွာဖြင့် လေနှင်ရာ ခရီးသည်က ယင်မိစ္ဆာ ရေခဲလေပြင်းကြောင့် လမ်းလွဲသွားပြီး ကောက်ချက်အမှား ချလိုက်ခြင်း ဖြစ်သည်။ သူ့တွင် အေးစက်မှုကို တွန်းလှန်နိုင်သော လျှို့ဝှက်ပညာ သို့မဟုတ် ရတနာ တစ်ခုခု ရှိသည်ဟုသာ ယူဆသွားခဲ့သည်။ လေနှင်ရာ ခရီးသည်၏ အတွေ့အကြုံနှင့် ဗဟုသုတများဖြင့်ပင် တာအိုကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်လို အံ့ဖွယ်ရာ တစ်ခု ရှိနေသည်ကို စိတ်ကူးမိမည် မဟုတ်ပေ။
ခဏတာ တိတ်ဆိတ်ပြီးနောက် ချင်စန်း သဘောတူလိုက်သည်။
"တကယ်လို့ ဓားချီနဲ့ ရေခဲလေပြင်းက ယင်မိစ္ဆာ ရေခဲလေပြင်းထက် အရမ်း မပြင်းထန်ဘူး ဆိုရင်တော့ ကျုပ် တောင့်ခံနိုင်လောက်ပါတယ်... စီနီယာ... မီးလျှံတွေကို ဖယ်ရှားပေးပါ... စမ်းကြည့်ကြတာပေါ့"
တာအိုကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်၏ စွမ်းအားဖြင့် ရုပ်သေးငှက် ကျရှုံးလျှင် သို့မဟုတ် တောင်ကမ္ဘာ နေမင်းမီးလျှံက လမ်းပိတ်ဆို့ထားလျှင်ပင် သူက တဖက်ခြမ်းမှ ဓားချီနှင့် ရေခဲလေပြင်းကို အတင်းအဓမ္မ ဖြတ်ကျော်နိုင်ဦးမည် ဖြစ်သည်။ အတွင်းထဲ ပိတ်မိနေမည်ကို မကြောက်ပေ။
ချင်စန်း သဘောတူသည်ကို မြင်လျှင် လေနှင်ရာ ခရီးသည်၏ အမူအရာ လေးနက်သွားသည်။
"ငါ အစီအရင်နဲ့ ရုပ်သေးရုပ်ကို အစွမ်းကုန် ထိန်းချုပ်ပေးမယ်... အသက်ရှူချိန် ဆယ်ကြိမ်စာပဲ တောင့်ခံထားနိုင်မယ်... မင်း အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ... အသက်ရှူချိန် ဆယ်ကြိမ် အတွင်း ပြန်ထွက်လာရမယ်"
***