“ဪ … ညီနောင်ရှောင်းယွိ အဲဒီလိုပြောတာ ဘာအဓိပ္ပာယ်လဲ ကျုပ် သိရမလား”
ဖုမော်ရှောင်းယွိ၏ စကားများတွင် အဓိပ္ပာယ်တစ်မျိုးမျိုး ကွယ်ဝှက်နေခဲ့ကြောင်း ချူဖုန်း သဘောပေါက်လိုက်သည်။
“ကျုပ်တို့မောင်နှမက မိစ္ဆာနှိမ်နင်းခြင်း မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တွေဆိုတာ မမေ့နဲ့ဦး”
“ကျုပ်တို့ရဲ့ ခွန်အားက ကျုပ်တို့ဘိုးဘေးတွေ အရှက်ရလောက်အောင် ချို့တဲ့နေပေမဲ့ ကျုပ်တို့မှာ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာအတော်များများ ရှိပါတယ်”
“ဥပမာအနေနဲ့ ဒါတွေပါ”
ပြောရင်းမှ ဖုမော်ရှောင်းယွိက အဆောင်စာရွက်သုံးရွက်ကို ထုတ်ယူလိုက်သည်။
အဆောင်စာရွက်များကို မြင်မြင်ချင်း ချူဖုန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ထိုအဆောင်စာရွက်သုံးရွက်ကို နဂါးအမှတ်အသား သူတော်စင်ဝတ်ရုံထက် များစွာ သာလွန်သော ခွန်အားနှင့် ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး ဖန်တီးထားခဲ့သည်။
အကယ်၍ ချူဖုန်း၏ ခန့်မှန်းမှု မှန်ကန်ခဲ့လျှင် ၎င်းတို့မှာ နတ်ဘုရားဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး၏ လက်ရာ ဖြစ်နိုင်ပေသည်။
ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦးပီပီ ထိုအဆောင်စာရွက်များ၏ အသုံးဝင်မှုကို ချူဖုန်း ဆုံးဖြတ်နိုင်ခဲ့သည်။
၎င်းတို့မှာ သတ်မှတ်နေရာနှင့် တည်နေရာပြောင်း အဆောင်တစ်မျိုးပင်။
တစ်ဦးတစ်ယောက်အနေဖြင့် ထိုတည်နေရာပြောင်း အဆောင်ကို အသုံးပြုလျက် အချိန်မရွေး ရွှေ့ပြောင်းနိုင်ပေသည်။ သူတို့ ရွှေ့ပြောင်းမည့် အကွာအဝေးမှာ များစွာ မဝေးကွာသော်လည်း ထွက်ပြေးခြင်းအတွက် လုံလောက်ပေလိမ့်မည်။
သို့သော် ချူဖုန်းမှာ ၎င်းတို့နှင့် အလားတူသည့် တည်နေရာပြောင်း အဆောင်များကို အမှန်တကယ် ဖန်တီးနိုင်စွမ်း ရှိခဲ့သည်။
အဓိက ကွာခြားချက်မှာ ချူဖုန်း ဖန်တီးထားသည့် တည်နေရာပြောင်း အဆောင်များက ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ထံမှ လွတ်မြောက်နိုင်မည် မဟုတ်ခြင်းပင်။
ရှင်းရှင်းပြောရလျှင် ချူဖုန်းသာ သူ့ထက် ခွန်အားသာလွန်သော ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူများ သို့မဟုတ် ကျင့်ကြံသူများနှင့် ကြုံတွေ့ခဲ့လျှင် သူတို့က သူ၏ တည်နေရာပြောင်း အဆောင်များ၏ စွမ်းအားကို ပိတ်ဆို့နိုင်စွမ်း ရှိကြပေလိမ့်မည်။
ထိုတည်နေရာပြောင်း အဆောင်သုံးခု ထိုမျှ အံ့ဩဖွယ်ကောင်းသည်မှာ ၎င်းတို့ကိုယ်တိုင် အလွန် စွမ်းအားကောင်းကြ၍ ဖြစ်သည်။
သိုင်းဦးသျှောင်တစ်ဦး မဟုတ်ခဲ့လျှင် ထိုအဆင့်မျိုးရှိ တည်နေရာပြောင်း အဆောင်များကို မည်သူတစ်ဦးမျှ တားဆီးနိုင်မည် မဟုတ်ဟု ချူဖုန်း ခံစားမိခဲ့သည်။
သို့သော် ဖုမော်ရှောင်းယွိ၏ တည်နေရာပြောင်း အဆောင်များ စွမ်းအားကောင်းသည့်တိုင် ၎င်းတို့တွင် ကန့်သတ်ချက်များ ရှိနေခဲ့သည်။
ထိုတည်နေရာပြောင်း အဆောင်သုံးခုကို ချက်ချင်း အသုံးပြုရန် မဖြစ်နိုင်ပါချေ။
အကယ်၍ ၎င်းတို့ကို အသုံးပြုလိုခဲ့လျှင် ကြိုတင် ပြင်ဆင်ရပေလိမ့်မည်။
သို့သော် ၎င်းတို့ကို ပြင်ဆင်ခြင်းမှာ ချူဖုန်းအတွက် ခက်ခဲလိမ့်မည် မဟုတ်ပေ။
“အဘွားက ဘက်လိုက်လွန်းတယ် … သူက ကျွန်မကို တည်နေရာပြောင်း အဆောင်တွေ မပေးခဲ့ဘဲ ရှင့်ကိုကျတော့ ဘာကြောင့် ပေးခဲ့တာလဲ”
ထိုတည်နေရာပြောင်း အဆောင်များကို မြင်တွေ့ရချိန်တွင် ဖုမော်ရှင်းအော်က ဒေါသတကြီး ပြောလာသည်။
“နင့်မှာ အဲဒါတွေ ရှိရင်တောင် အသုံးမဝင်ဘူး … ငါတို့နှစ်ယောက်စလုံး ဒီတည်နေရာပြောင်း အဆောင်တွေကို အသက်သွင်းနိုင်စွမ်း မရှိဘူး”
“အဲဒါတွေကို အသက်သွင်းဖို့ အနည်းဆုံး နဂါးအမှတ်အသား သူတော်စင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ယောက် ဖြစ်ရမယ်”
“ဒါ့အပြင် နဂါးအမှတ်အသား သူတော်စင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ယောက်က အဲဒါတွေကို အသက်သွင်းချင်ရင်တောင် ပြင်ဆင်ဖို့ နည်းနည်းတော့ အချိန်ဖြုန်းရဦးမှာပဲ”
“ဒါကြောင့် ညီနောင်ချူဖုန်း၊ ဒီတည်နေရာပြောင်း အဆောင်တွေကို သုံးမယ်ဆိုရင် ကျုပ်တို့တွေ ခင်ဗျားကို အားကိုးရလိမ့်မယ်”
ဖုမော်ရှောင်းယွိက တည်နေရာပြောင်း အဆောင်သုံးခုစလုံးကို ချူဖုန်းအား ပေးအပ်လိုက်သည်။
“ဒါက အသေးအဖွဲ ကိစ္စလေးပါ … ခင်ဗျား လုံးဝ စိတ်ချနိုင်ပါတယ်”
ချူဖုန်းက တည်နေရာပြောင်း အဆောင်များကို လက်ခံလိုက်၏။
၎င်းတို့ကို လက်ခံပြီးနောက် ချူဖုန်းစိတ်တွင်းရှိ အလေးအနက် စိုးရိမ်မှု ပျောက်ကွယ်သွားခဲ့သည်။
ထိုခဏ၌ သူ အထူးသဖြင့် တက်ကြွလာခဲ့သည်။
တည်နေရာပြောင်း အဆောင်များကို အသက်သွင်းပြီး ချပ်ဝတ်ပေါ်တွင် ရှိနေမည့် စိတ်ဝိညာဉ် အစီအရင်ကို ချိုးဖျက်ရန် အစီအရင်တစ်ခုကို ခင်းကျင်းရန် သူ တစ်ညလုံး အချိန်ဖြုန်းရမည့်တိုင်၊ စွမ်းအင်များစွာကို သူ သေချာပေါက် သုံးစွဲရမည့်တိုင် ချူဖုန်းမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေခဲ့ဆဲ ဖြစ်သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုမှာ ချူဖုန်းနှင့် ဖုမော်မောင်နှမများကို သူတို့၏ စဉ်းတီတုံးပေါ်ရှိ ငါးများဟု သတ်မှတ်ထားခဲ့သည်။
သူတို့သုံးဦးက အခြေအနေမှ လွတ်လမ်းတစ်ခုကို ပြင်ဆင်နိုင်မည်ဟု ၎င်းတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ထို့ပြင် သူတို့က မထိမရှ လွတ်မြောက်နိုင်ကြမည့်ဟန် ရှိနေသည်။
ထိုအကြောင်း တွေးမိလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ၏ မျက်နှာအမူအရာများကို မြင်ယောင်ရင်း ချူဖုန်း တက်ကြွလာသည်။
သူတို့က ၎င်းတို့၏ နိုင်ကွက်ကို သူတို့၏ နိုင်ကွက်ဖြင့် တုံ့ပြန်ကြပေတော့မည်။
***
နောက်တစ်နေ့တွင် ဖြစ်၏။
တည်နေရာပြောင်း အဆောင်သုံးခုကို ချူဖုန်း အောင်မြင်စွာ အသက်သွင်းခဲ့သည်။
သူက ဝှက်စာဖော်မှု အစီအရင်တစ်ခုကိုလည်း သူ့ခန္ဓာကိုယ်အတွင်း၌ ကွယ်ဝှက်ထားခဲ့လေသည်။
သူ၏ ပြင်ဆင်မှုများကို ကောင်းစွာ လျှို့ဝှက်ထားခဲ့သည်။ သူ့ထက် ပိုမိုသန်မာသော ကမ္ဘာ့စိတ်ဝိညာဉ် ထိန်းချုပ်သူတစ်ဦး ရှိမနေခဲ့လျှင် သူ့ခန္ဓာကိုယ်တွင် ကွယ်ဝှက်ထားသည့် အစီအရင်ကို မည်သူတစ်ဦးမျှ ထိုးထွင်းမြင်တွေ့နိုင်မည် မဟုတ်ပါချေ။
သူ၏ ပြင်ဆင်မှုအားလုံးကို ပြုလုပ်ပြီးနောက် ချူဖုန်းက တည်နေရာပြောင်း အဆောင်နှစ်ခုကို ဖုမော်မောင်နှမများအား ပေးအပ်ခဲ့သည်။
ထိုအဆောင်များ မည်မျှ စွမ်းအားကောင်းကြောင်း သံသယရှိရန် မလိုအပ်ခဲ့ပေ။
သို့သော် ၎င်းတို့၏ ကန့်သတ်ချက်များမှာ အလွန်တရာ ကရိကထများခဲ့သည်။
သူ၏ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို အသုံးပြုလျက် ၎င်းတို့ကို ချူဖုန်း အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည့်တိုင် အသက်သွင်းခြင်း ကာလအတွက် အချိန်ကန့်သတ်ချက်တစ်ခု ရှိခဲ့သည်။
အကယ်၍ အချိန်ကန့်သတ်ချက်အတွင်း တည်နေရာပြောင်း အဆောင်များကို သူတို့ အသုံးမပြုခဲ့လျှင် ချူဖုန်း၏ စိတ်ဝိညာဉ် အစီအရင်မှာ ၎င်း၏ သက်ရောက်မှုကို ဆုံးရှုံးသွားပေလိမ့်မည်။
ထို့ကြောင့် ဖုမော်ရှင်းအော်နှင့် ဖုမော်ရှောင်းယွိတို့မှာ တည်နေရာပြောင်း အဆောင်များကို အလျင်အမြန် အသုံးပြု၍ ထွက်ပြေးခဲ့ကြရသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ချူဖုန်း ဝင်ရောက်မိသည်နှင့် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များက ဖုမော်မော်နှမများကို အချိန်မရွေး တိုက်ခိုက်နိုင်သောကြောင့် သူတို့ ချက်ချင်း ထွက်သွားခြင်းမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
တည်နေရာပြောင်း အဆောင်များ၏ စွမ်းအားကို အသုံးပြု၍ ဖုမော်ရှောင်းယွိနှင့် ဖုမော်ရှင်းအော်တို့ သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို မျက်မြင်တွေ့ရပြီးမှသာ ချူဖုန်း စိတ်သက်သာသွားပြီး နန်းတော်မှ လှမ်းထွက်ခဲ့သည်။
ဖုမော်ရှောင်းယွိနှင့် ဖုမော်ရှင်းအော်တို့ ဘေးကင်းစွာ ထွက်ပြေးနိုင်သရွေ့ သူ့အတွက် စိတ်ပူစရာ မရှိခဲ့ပေ။
ဖုမော်မောင်နှမများ ထွက်ပြေးခဲ့သည်ကို ဇော့ချိုကောင်းကင် မျိုးနွယ်စု သိရှိသွားလျှင်ပင် ချူဖုန်း မစိုးရွံ့သေးဘဲ ရှိပေလိမ့်မည်။
နောက်ဆုံးတွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုမှာ သူ့ကို အသုံးချရန် လိုအပ်နေခဲ့ဆဲ ဖြစ်သည်။ သို့ဖြစ်၍ သူတို့က သူ့ကို ထိခိုက်စေကြမည် မဟုတ်ပါချေ။
ဇော့ချိုကောင်းကင် မျိုးနွယ်စုမှာ လိုအပ်သော ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားခဲ့သည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်၏ ကျောက်တိုင်အားလုံးမှာ ဝင်းလက်သော အလင်းဖြင့် တောက်ပနေကြသည်။
သာမန်ဟု ထင်မြင်ရသည့် ကျောက်တုံးပုံမှာ အလွန့်အလွန် နတ်ဆန်လာခဲ့သည်။
အသက်ဝင်နေခဲ့သည့် ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို မြင်လျှင် ချူဖုန်း ပိုမို၍ပင် တက်ကြွလာသည်။
သူ တက်ကြွလွန်း၍ သူ၏ တက်ကြွမှုကို သူ့မျက်နှာထက်တွင်ပင် မြင်တွေ့နိုင်ပေသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို သူ မည်မျှ မျှော်လင့်နေခဲ့ကြောင်း လူတိုင်း ပြောနိုင်ခဲ့ကြသည်။
ရုတ်တရက် လှောင်ပြောင်သံတစ်ခုကို ကြားလိုက်ရသည်။
“အိုက်ယိုး … မင်း အတော် ပျော်နေတာပဲ”
“မင်းကို ငါ ဒီအကြောင်း ပြောပြလိုက်မယ် … ဒီရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ရဲ့ လျှပ်စီးပြစ်ဒဏ်က သာမန် လျှပ်စီးပြစ်ဒဏ်တွေထက် အများကြီး ပိုအားကောင်းတယ်”
“မင်း သတိထားတာ အကောင်းဆုံးပဲ … မင်းရဲ့ ခွန်အား ချို့တဲ့နေပြီး ပြစ်ဒဏ်လျှပ်စီးကြောင့် မင်း သေသွားခဲ့ရင် ငါတို့ရဲ့ ဇော့ချိုကောင်းကင် မျိုးနွယ်စုကို အပြစ်မတင်နဲ့”
ဇော့ချိုထျန်းချင် ဖြစ်၏။
သူက ချူဖုန်းထံ လှောင်ပြောင်မှုအပြည့် အကြည့်တစ်ခုဖြင့် လှမ်းကြည့်နေခဲ့သည်။
ချူဖုန်းမှာ လျှပ်စီးပြစ်ဒဏ်ကို သူ့ကိုယ်စား ရင်ဆိုင်ရန် လျှပ်စီးလမ်းညွှန် ဖြစ်လိမ့်မည်ဟု သူ သိရှိထားခဲ့ဟန်ပင်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ဝင်ရောက်သည့် ချူဖုန်းမှာ သူ့အတွက် ခုတုံးတစ်ခုထက် မပိုပါချေ။
သို့သော် ချူဖုန်းမှာ ဇော့ချိုထျန်းချင်ကို တစ်စုံတစ်ရာ အရေးမစိုက်ခဲ့ပေ။ ထိုအစား သူ့အကြည့်က ဇော့ချိုထျန်းချင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားခဲ့သည်။
ဇော့ချိုထျန်းချင်မှာ ထူးခြားသော ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားခဲ့သည်။
ထိုချပ်ဝတ်ကို အထူး ဖန်တီးထားခဲ့ပြီး ၎င်းတွင် အချိန်ကန့်သတ်ချက် ရှိခဲ့သည်။
၎င်းက အကန့်အသတ်ရှိသော်လည်း ချပ်ဝတ်ကို ဖန်တီးရန် သဘာဝရတနာ အများအပြားကို အသုံးပြုခဲ့ရပေမည်။
“ထျန်းချင်၊ စကားပြောတာ သတိထား”
ရုတ်တရက် ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာသည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် လျှောက်လှမ်းလာသည်။
သူက ဇော့ချိုထျန်းချင် ဝတ်ဆင်ထားသည့် ချပ်ဝတ်နှင့် တစ်ထပ်တည်း တူညီသော ချပ်ဝတ်တစ်စုံကို ကိုင်ဆောင်ထားခဲ့သည်။
ချပ်ဝတ်ကို သူ့အတွက် ပြင်ဆင်ထားခဲ့ကြောင်း မေးမြန်းရန်ပင် မလိုအပ်ဘဲ ချူဖုန်း သိရှိလိုက်သည်။
ထိုခဏ၌ ဖုမော်ရှောင်းယွိအပေါ် ချူဖုန်း မလေးစားမိဘဲ မနေနိုင်တော့ပါချေ။
ဖုမော်ရှောင်းယွိမှာ ကောင်းကင်ဝါးမျိုခြင်း အထက်ဘုံတွင် တစ်ချိန်လုံး ပိတ်မိနေခဲ့သည့်တိုင် သူ၏ မိစ္ဆာနှိမ်နင်းခြင်း မျိုးနွယ်စုက ရှည်လျားသော သမိုင်းကြောင်းနှင့် မျိုးနွယ်စုတစ်ခု ဖြစ်သည့်အတွက် ကိစ္စများစွာကို ချူဖုန်းထက် ပိုသိထားခဲ့သည်။
ကောင်းကင် မျိုးဆက်သွေးများအကြောင်း သူ၏ နားလည်မှုပင် ချူဖုန်းထက် သာလွန်ခဲ့သည်။
ဤရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို ဥပမာထားလျှင် ဖုမော်ရှောင်းယွိ ပြောခဲ့သမျှ မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
“မိတ်ဆွေလေးချူဖုန်း၊ ထျန်းချင်ရဲ့ စကားတွေက နားဝင်ဆိုးပေမဲ့ မှန်တာတွေ ရှိပါတယ်”
“ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ထဲက လျှပ်စီးပြစ်ဒဏ်က အရမ်း အားကောင်းတယ် … ဒီချပ်ဝတ်ကို ဝတ်ထားရင် အဲဒါက မင်းကို ကူညီလိမ့်မယ်”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ချပ်ဝတ်ကို ချူဖုန်းထံ ယူဆောင်လာသည်။
“ကျုပ်က ကိုယ့်ကိုယ်ကိုယ် အတော် ယုံကြည်မှုရှိပါတယ် … ဒီချပ်ဝတ်ကို တကယ် ဝတ်ရမှာလား”
ချူဖုန်းက မေးလိုက်သည်။
“မိတ်ဆွေလေးချူဖုန်း၊ ကျုပ်က ဒါကို မင်းအကျိုးအတွက် လုပ်နေတာပါ … မင်းကို ဒုက္ခပေးဖို့ ကျုပ် ကြိုးစားနေတာလို့ မင်း မထင်လောက်ဘူး မဟုတ်လား”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က အပြုံးတစ်ခုဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
“ဒီဂျူနီယာက အဲဒီလို ဘယ်ထင်ပါ့မလဲ … ကျုပ်က ကိုယ့်ကိုယ်ကိုယ် အတော် ယုံကြည်မှုရှိနေပြီး ဒီချပ်ဝတ်ကို ဝတ်စရာ မလိုဘူးလို့ ခံစားမိရုံပါ”
ချူဖုန်းက ပြောလိုက်သည်။
သို့သော် ချူဖုန်း၏ စကားများကို ပြောပြီးသည်နှင့် ဖိနှိပ်အားတစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်၏ ဖိနှိပ်အား ဖြစ်သည်။
၎င်းမှာ အထွတ်အထိပ် မဟာဦးသျှောင်တစ်ဦး၏ ဖိနှိပ်အားပင်။
ဖိနှိပ်အားဖြင့် လွှမ်းခြုံခံရပြီးနောက် သူ လှုပ်ရှားနိုင်စွမ်း မရှိတော့ကြောင်း ချူဖုန်း ချက်ချင်း တွေ့ရှိလိုက်ရသည်။
ထိုအခွင့်အရေးကို အသုံးချလျက် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ချပ်ဝတ်ကို ချူဖုန်းအပေါ် ဝတ်ဆင်ပေးခဲ့သည်။
ထို့ပြင် သူက ချပ်ဝတ်ကို သူ့စွမ်းအားဖြင့်လည်း ချိပ်ပိတ်ခဲ့သည်။
ထို့ကြောင့် ချပ်ဝတ် အလိုအလျောက် မပျက်စီးခဲ့လျှင် ၎င်းကို ချူဖုန်း ဖယ်ရှားနိုင်မည် မဟုတ်ပါချေ။
ချပ်ဝတ်ကို ချူဖုန်းအပေါ် အတင်းအကျပ် ထားရှိပြီးနောက် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်မှာ သူ၏ ဖိနှိပ်အားကို ဖယ်ရှားကာ ပြောလိုက်သည်။
“မိတ်ဆွေလေးချူဖုန်း၊ ဒီကိစ္စအတွက် ကျုပ်ကို အပြစ်မတင်ပါနဲ့ … ကျုပ်က ဒါကို မင်းအတွက် လုပ်နေတာပါ”
ချူဖုန်းမှာ မည်သည်ကိုမျှ မပြောခဲ့ပေ။
သူက ချပ်ဝတ်ကို ဝတ်ဆင်ခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း ယခင်ကတည်းက သူ သဘောပေါက်ခဲ့သည်။
စောစောပိုင်းက ထိုစကားကို သူ ပြောခဲ့သည်မှာ ကိစ္စများကို စမ်းသပ်လိုခဲ့၍ပင်။
နောက်ဆုံးရလဒ်မှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။ ဇော့ချိုကောင်းကင် မျိုးနွယ်စုက သူ့ကို အသုံးချရန် စိတ်ပိုင်းဖြတ်ထားခဲ့လေသည်။