“အချိန်ကျတော့မယ် … မင်းတို့နှစ်ယောက် အခု ဝင်သင့်ပြီ”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။
သူ့မျက်လုံးများတွင်လည်း မျှော်လင့်သော အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
ချူဖုန်းနှင့် ဇော့ချိုထျန်းချင်တို့မှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ဝင်ရောက်ခဲ့ကြသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ဇော့ချိုထျန်းချင်နှင့်အတူ ချူဖုန်း ဝင်ရောက်သွားသည်ကို မြင်တွေ့ရပြီးနောက် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများရှိ မျှော်လင့်သော အရိပ်အယောင်မှာ ပိုမို၍ပင် အားကောင်းလာသည်။
မကြာမီ သူက အင်္ကျီလက်ကို ဝှေ့ယမ်းခဲ့သည်။
ထို့နောက် ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင် အပြည့်အဝ အသက်ဝင်ခဲ့သည်။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ ဒါက မကောင်းတော့ဘူး”
သို့သော် ထိုခဏ၌ပင် ဇော့ချိုကောင်းကင် မျိုးနွယ်စုမှ အကြီးအကဲအချို့ အမောတကော ပြေးလာကြသည်။
ထိတ်လန့်မှုနှင့် စိုးရိမ်မှုတို့က သူတို့၏ မျက်နှာများကို ဖြည့်ဆည်းထားခဲ့သည်။ တစ်စုံတစ်ခုကို သူတို့ ကြောက်ရွံ့နေခဲ့ကြဟန် ရှိပေသည်။
“ဘာကိစ္စလဲ”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်၏။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ ချူဖုန်းနဲ့ အတူပါလာတဲ့ ဟိုချာတိတ်နှစ်ယောက် ပျောက်သွားခဲ့ပါတယ်”
အကြီးအကဲများက အစီရင်ခံလိုက်ကြသည်။
“ဘာ … ပျောက်သွားတယ် ဟုတ်လား”
“သူတို့ကို စောင့်ကြည့်ဖို့ မင်းတို့အားလုံးကို ငါ မှာထားခဲ့တယ် မဟုတ်ဘူးလား … သူတို့က ဘယ်လို ပျောက်သွားခဲ့တာလဲ”
ထိုစကားများကို ကြားကြားချင်း ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်နံဘေးတွင် ရပ်နေခဲ့သူ ဇော့ချိုဟန်ရွှင် ထိတ်လန့်စပြုလာသည်။
“ဝါရင့် အကြီးအကဲသခင်၊ ကျုပ်တို့ .. ကျုပ်တို့ မသိပါဘူး … သူတို့ ဘယ်လို ပျောက်သွားခဲ့သလဲ ကျုပ်တို့ လုံးဝ မသိပါဘူး”
“ကျုပ်တို့က သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာပါ … နန်းတော်ကနေ သူတို့ ထွက်သွားတာကို ကျုပ်တို့ လုံးဝ မမြင်မိခဲ့ပါဘူး”
“အဲဒါကို ကျုပ်တို့ ရှင်းပြရမယ်ဆိုရင် သူတို့က ပျောက်ခြင်းမလှ ပျောက်သွားခဲ့တာနဲ့ တူပါတယ်”
အကြီးအကဲများက ပြန်ဖြေလိုက်ကြသည်။ သူတို့လည်း များစွာ စိတ်ပျက်နေခဲ့ကြသည်။
နောက်ဆုံးတွင် ချူဖုန်းနှင့် ဖုမော်မောင်နှမများ ထွက်ပြေးမည် စိုးသောကြောင့် သူတို့က တစ်ချိန်လုံး အနီးကပ် စောင့်ကြည့်နေခဲ့ကြသည် မဟုတ်ပါလော။
“အဆင်ပြေပါတယ် … သူတို့နှစ်ယောက်က အရေးမကြီးဘူး”
“အရေးကြီးတာ ဒီချူဖုန်း ဒီမှာ ရှိနေတာပဲ”
ဇော့ချိုဟန်ရွှင်နှင့် နှိုင်းစာလျှင် သူက အတော် တည်ငြိမ်နေခဲ့သည်။
အမှန်အားဖြင့် သူက အစီရင်ခံနေသည့် အကြီးအကဲများထံ လှမ်းကြည့်ရန်ပင် စိတ်မဝင်စားခဲ့ပေ။ သူ့မျက်လုံးများကို ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အပေါ် စူးစိုက်ထားခဲ့သည်။
“ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်သခင်၊ အဲဒီ ချာတိတ်နှစ်ယောက် လွတ်သွားရင် သူတို့က မဟုတ်တာတွေ လျှောက်ပြောကြမှာ သေချာတယ်”
ဇော့ချိုဟန်ရွှင်က ပြောလိုက်ခြင်း ဖြစ်သည်။
“ဟားဟားဟား …”
ထိုစကားများကို ကြားလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ဟားတိုက်၍ ရယ်မောလိုက်၏။ သူက ပြောလိုက်သည်။
“ကျုပ်တို့ရဲ့ ဇော့ချိုကောင်းကင် မျိုးနွယ်စုကို မကောင်းပြောတဲ့သူတွေ မရှိခဲ့ဖူးလို့လား”
“မျိုးဆက်သစ်နှစ်ယောက်ကို ဘာကြောင့် အရေးစိုက်နေတာလဲ”
သို့သော် မကြာမီ သူက ဇော့ချိုဟန်ရွှင်ထံ လှမ်းကြည့်ကာ မေးလိုက်သည်။
“ဪ၊ ဒါနဲ့ … ကျုပ် ပြင်ဆင်ခိုင်းထားတဲ့ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်တွေကို ပိတ်ပင်နိုင်တဲ့ ရတနာကို ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ထဲမှာ ထားပြီးပြီလား”
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ ကျေးဇူးပြုပြီး စိတ်ချပါ … အဲဒါကို ကျုပ် ကောင်းကောင်း ပြင်ဆင်ထားပြီးပါပြီ”
“ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို သူ ဝင်လိုက်တာနဲ့ အဲဒီချူဖုန်းရဲ့ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်တွေ အသုံးမဝင်ဘဲ ဖြစ်သွားလိမ့်မယ်”
“တစ်ခုခုမှားနေတာ သူ သိသွားရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်သလို သခင်လေးထျန်းချင်ကို တိုက်ခိုက်ဖို့ သူ့ရဲ့ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်တွေကိုလည်း သုံးနိုင်မှာ မဟုတ်ဘူး”
ဇော့ချိုဟန်ရွှင်က ပြောလိုက်လေသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင် အပြည့်အဝ အသက်ဝင်ပြီးနောက် ၎င်းက ကာကွယ်မှု အစီအရင်တစ်ခုကို ဖြစ်ပေါ်စေပေလိမ့်မည်။
အပြင်ဘက်ရှိ လူများ ဝင်ရောက်နိုင်ကြမည် မဟုတ်ပါချေ။
လျှပ်စီးထံမှ တိုက်ခိုက်မှုများကို ခံယူရသည့်နောက် သူ လှည့်စားခံခဲ့ရကြောင်း ချူဖုန်း သိရှိသွားပြီး ဇော့ချိုထျန်းချင်ကို တိုက်ခိုက်ရန် သူ၏ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို အသုံးပြုလိမ့်မည်ဟု ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် စိုးရွံ့ခဲ့သည်။
ထို့ကြောင့် သူက ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို ကန့်သတ်နိုင်သည့် ရတနာတစ်ပါးကို ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အတွင်း၌ ထားရှိရန် ဇော့ချိုဟန်ရွှင်ကို မှာထားခဲ့သည်။
အကြောင်းမူ ချူဖုန်း၏ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များ ထူးကဲသည့်တိုင် ချူဖုန်း၏ ကျင့်ကြံမှုမှာ ဦးသျှောင် အဆင့်ရှစ်သာ ရှိကြောင်း သူ သိထားခဲ့၍ ဖြစ်သည်။
သို့ဖြစ်၍ ချူဖုန်း၏ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို သူတို့ ကန့်သတ်နိုင်သရွေ့ ဇော့ချိုထျန်းချင်ကို ချူဖုန်း မယှဉ်နိုင်ဘဲ ရှိပေလိမ့်မည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တွင် သူတို့နှစ်ဦး အတူတကွ ပိတ်မိနေခဲ့လျှင်ပင် မည်သည်ကိုမျှ သူ စိတ်ပူရမည် မဟုတ်ပါချေ။
ချူဖုန်းမှာ စဉ်းတီတုံးပေါ်ရှိ ငါးတစ်ကောင် အမှန်တကယ် ဖြစ်လာပေလိမ့်မည်။
သူက နတ်လျှပ်စီး ကပ်ဘေးကို ရင်ဆိုင်ရန် ဇော့ချိုထျန်းချင်၏ ခုတုံး ဖြစ်လာပေလိမ့်မည်။
“ပြင်ဆင်မှုအားလုံး ပြီးသွားပြီမို့ အဲဒီ ချာတိတ်နှစ်ယောက်အကြောင်း မစဉ်းစားကြနဲ့တော့ … အဲဒီအစား ဖြစ်လာမယ့် အရာကို ခံစားကြရအောင်”
“နောက်ဆုံးတော့ အဲဒါက ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေး ဖြစ်နေတယ်လေ”
“အဲဒါ မကြာခဏ ကြုံတွေ့နိုင်တဲ့ အရာတစ်ခု မဟုတ်ဘူး”
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အတွင်း၌ ကျင့်ကြံခြင်းအတွက် သီးသန့် ပြင်ဆင်ထားသည့် နေရာတစ်ခု ရှိနေခဲ့သည်။
ထိုနေရာမှာ များစွာ မကြီးမားခဲ့ပေ။ သို့ဖြစ်၍ ချူဖုန်းနှင့် ဇော့ချိုထျန်းချင်တို့ နှစ်ဦးစလုံးမှာ တစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်သော အကွာအဝေးတွင် တင်ပျဉ်ခွေထိုင်ခဲ့ကြသည်။
သို့သော် ချူဖုန်းရော ဇော့ချိုထျန်းချင်ပါ တစ်ဦးကိုတစ်ဦး အရေးမစိုက်ခဲ့ကြပေ။
သူတို့က ချက်ချင်း ထိုင်ချခဲ့ပြီး မျက်လုံးမှိတ်ကာ သူတို့၏ ပတ်ဝန်းကျင်ကို အလေးဂရုပြု၍ စတင် လေ့လာခဲ့ကြသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင် မည်မျှ စွမ်းအားကောင်းသည်ကို သူတို့ အာရုံခံနိုင်ခဲ့ကြသည်။
ချူဖုန်း၏ ခံစားချက်မှာ ပိုမို၍ပင် ပြင်းထန်ခဲ့သည်။
ယခင်အချိန်တွင် သူ့ကို အဆင့်တက်ခြင်းမှ ပိတ်ဆို့ထားခဲ့သည့် တံခါးမှာ ထိုးဖောက်၍ မရနိုင်သလောက် ဖြစ်ခဲ့သည်။
သို့သော် သူ့ခန္ဓာကိုယ်အတွင်းသို့ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်၏ စွမ်းအား ဆက်လက်၍ စီးဝင်နေခဲ့စဉ် တံခါး ယိမ်းယိုင်လာကြောင်း ချူဖုန်း တွေ့ရှိခဲ့ရသည်။
သူက တံခါးကို ချိုးဖျက်ရန် နည်းလမ်းကို အချိန်တိုအတွင်း နားလည်နိုင်ခဲ့သည်။
ဤအချက်က ချူဖုန်းကို များစွာ စိတ်လှုပ်ရှားစေခဲ့သည်။
သူသာ အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့လျှင် ဦးသျှောင် အဆင့်ကိုးသို့ ရောက်ရှိရုံမျှ ရိုးရှင်းမည် မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့သည်။
သူက မဟာဦးသျှောင်တစ်ဦး တစ်ခါတည်း ဖြစ်လာနိုင်ဖွယ်ရှိခဲ့သည်။
အကယ်၍ သူ အဆင့်တစ် မဟာဦးသျှောင်တစ်ဦးသာ ဖြစ်လာခဲ့လျှင်ပင် ၎င်းမှာ ချူဖုန်းကို များစွာ စိတ်လှုပ်ရှားစေရန် လုံလောက်ပေသည်။
သူ၏ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို အဆင့်လေး မဟာဦးသျှောင်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည့်တိုင် ချူဖုန်းမှာ သိုင်းကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံမှုကို ပိုမို၍ တန်ဖိုးထားခဲ့သည်။
သူ၏ ကျင့်ကြံမှု မဟာဦးသျှောင်နယ်ပယ်သို့ ရောက်ရှိနိုင်လျှင် ချူဖုန်း ပိုမို၍ပင် ပျော်ရွှင်မိပေလိမ့်မည်။
“ဂျိန်း …”
ရုတ်တရက် ကောင်းကင်တွင် ထစ်ချုန်းသံ မြည်ဟည်းသွားခဲ့သည်။
မော့ကြည့်လိုက်လျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုမှ လူအားလုံး လေးစားမှုဖြင့် ပင့်သက်ရှိုက်မိခဲ့ကြသည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များသာ မကခဲ့ပေ။ ကောင်းကင်လျှပ်စီး အထက်ဘုံရှိ လူတိုင်းနီးပါးမှာ ကောင်းကင်ရှိ မြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့ကြသည်။
လျှပ်စီးများက အထက်ကောင်းကင်တွင် ရောယှက်နေခဲ့သည်။
၎င်းမှာ သာမန်လျှပ်စီး မဟုတ်ပါချေ။ အရောင်ကိုးရောင်ရှိသော လျှပ်စီးများက လျှပ်စီးအသွင်မှ ရုန်းထွက်ခဲ့ပြီး ကောင်းကင်တွင် ဟိန်းဟောက်နေခဲ့သည့် လျှပ်စီးသားရဲကြီး ကိုးကောင်အဖြစ် ပြောင်းလဲခဲ့သည်။
အရောင်ကိုးရောင်ရှိသော လျှပ်စီးများမှာ အလွန်အမင်း အင်အားကြီးလှသည်။ လေဟာနယ်ပင် ၎င်းတို့ကြောင့် ဆုတ်ဖြဲခံခဲ့ရသည်။
ကောင်းကင်တွင် လျှပ်စီးသားရဲကြီး ကိုးကောင်မှအပ အခြားမည်သည်မျှ ရှိမနေခဲ့ပါချေ။
ထိုလျှပ်စီးသားရဲကြီး ကိုးကောင်က ကောင်းကင်တစ်ခုလုံးကို အုပ်စိုးနေခဲ့သည့် အလားပင်။
အထက်ဘုံတစ်ခု၏ ကမ္ဘာမှာ အလွန့်အလွန် ကျယ်ပြောခဲ့သည်။ ၎င်းက အလယ်ဘုံများနှင့် အောက်ဘုံများထက် များစွာ ပိုမိုကြီးမားပေသည်။
အထက်ဘုံတစ်ခုတွင် ထူးခြားသော လက္ခဏာတစ်ခု ပေါ်လာခဲ့လျှင်ပင် ၎င်းက ဒေသတစ်ခုတည်း၏ ကောင်းကင်ကိုသာ ဖုံးလွှမ်းထားပေလိမ့်မည်။
သို့တိုင် ထိုခဏ၌ ကောင်းကင်ရှိ လျှပ်စီးက ကောင်းကင်လျှပ်စီး အထက်ဘုံတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။
ထိုအချက်ကြောင့် ကောင်းကင်လျှပ်စီး အထက်ဘုံရှိ လူအားလုံးမှာ လျှပ်စီးကို မြင်တွေ့နိုင်၊ ထစ်ချုန်းသံကို ကြားနိုင်ပြီး ၎င်းတို့၏ ဖျက်ဆီးနိုင်သော အင်အားကို ခံစားနိုင်ခဲ့ကြသည်။
“ဘုရားရေ … အဲဒါ ဘယ်လိုဘီလူးတွေလဲ”
“ကမ္ဘာပျက်တဲ့နေ့ ဆိုက်ရောက်လာတာများ ဖြစ်နေမလား”
ကောင်းကင်ရှိ အင်အားကို မြင်တွေ့ခံစားရလျှင် စိတ်ရှုပ်ထွေးနေခဲ့သည့် လူအများအပြားမှာ ကြောက်ရွံ့မှုဖြင့် ဖြူရော်သွားကြသည်။
ထူးခြားသော လက္ခဏာတစ်ခုကို သူတို့ ယခင်က မမြင်ဖူးခဲ့ကြခြင်း မဟုတ်ပါချေ။ သူတို့ရှေ့မှောက်ရှိ တစ်ခုကဲ့သို့ ထူးခြားသော လက္ခဏာတစ်ခုကို သူတို့ လုံးဝ မမြင်ဖူးခဲ့ကြခြင်း ဖြစ်သည်။
ထိုအချက်ကြောင့် ၎င်းမှာ ထူးခြားသော လက္ခဏာတစ်ခု မဟုတ်ဘဲ၊ ထိုအစား ကပ်ဘေးတစ်မျိုးမျိုး ဖြစ်နိုင်သည်ဟု သူတို့ ယူဆမိခဲ့ကြသည်။
ကောင်းကင်လျှပ်စီး အထက်ဘုံရှိ လူအုပ်၏ အများစု ထိတ်လန့်နေခဲ့စဉ် ဇော့ချိုကောင်းကင် မျိုးနွယ်စုမှ လူများမှာ အတောမသတ်နိုင်အောင် စိတ်လှုပ်ရှားနေခဲ့ကြသည်။
“ဒီတော့ အဲဒါ ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေးပေါ့”
“အဲဒါက ဒီလောက်မြန်မြန် ရောက်လာမယ်လို့ ဘယ်သူ တွေးမိခဲ့မှာလဲ”
“ထျန်းချင်က ကျုပ်ကို စိတ်မပျက်စေခဲ့တာ အမှန်ပဲ”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ လျှပ်စီးက ကြောက်စရာကောင်းလွန်းတယ်”
“အဲဒီလောက် ကြောက်စရာကောင်းတဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုကို ကျုပ် လုံးဝ မမြင်ဖူးခဲ့ဘူး”
“လျှပ်စီးသာ ထိရိုက်ရင် သခင်လေးထျန်းချင် တကယ် အသက်ရှင်နိုင်ပါ့မလား”
သူ စိတ်လှုပ်ရှားနေခဲ့စဉ် ဇော့ချိုဟန်ရွှင်မှာ အတော်လည်း စိုးရိမ်နေခဲ့သည်။
တကယ်တမ်းတွင် သူတစ်ဦးတည်း မဟုတ်ခဲ့ပေ။
သူတို့အားလုံး ကောင်းကင် မျိုးဆက်သွေး ပိုင်ရှင်များ ဖြစ်သည့်အားလျော်စွာ သူတို့ အဆင့်တက်တိုင်း ထူးခြားသော လက္ခဏာများကို ဖြစ်ပေါ်စေခဲ့ပြီး လျှပ်စီးပြစ်ဒဏ်များကို ခံစားခဲ့ကြရသည်။
သို့ဖြစ်၍ လျှပ်စီးပြစ်ဒဏ်များကို သူတို့ များစွာ ကျင့်သားရနေခဲ့ကြသည်။
သို့သော် သူတို့ ထိတ်လန့်နေခဲ့ကြဆဲ ဖြစ်သည်။
၎င်းမှာ သူတို့ သတ္တိနည်းကြခြင်း မဟုတ်ပါချေ။ ကောင်းကင်ကို ဖုံးလွှမ်းထားခဲ့သည့် လျှပ်စီးကပ်ဘေးက သူတို့ လုံးဝ မမြင်ဖူးခဲ့သည့် အရာတစ်ခု ဖြစ်နေရုံသာ ရှိပေသည်။ ၎င်းက သူတို့ ယခင် ရင်ဆိုင်ဖူးခဲ့သည့် လျှပ်စီးပြစ်ဒဏ်အားလုံးနှင့် သိသိသာသာ ခြားနားနေခဲ့သည်။
ကောင်းကင်ရှိ လျှပ်စီးများက လျှပ်စီးသားရဲကြီးကိုးကောင်၏ အသွင်ကို ဆောင်ယူခဲ့သည်။
လျှပ်စီးသားရဲကြီးကိုးကောင်မှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားပြီး ၎င်းတို့တွင် တစ်ကမ္ဘာလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအား ပိုင်ဆိုင်ထားသည့်နှယ် ရှိနေခဲ့ကြသည်။
ဇော့ချိုထျန်းချင်ကို ၎င်းတို့၏ စွမ်းအား ထိမှန်မည့်အကြောင်း တွေးမိခြင်းကပင် ဇော့ချိုဟန်ရွှင်နှင့် အခြားသူ အများအပြားကို အလွန့်အလွန် စိုးရိမ်စေရန် လုံလောက်ခဲ့သည်။
“စိတ်အေးအေးထားပါ … ကျုပ်တို့တွေ လျှပ်စီးလမ်းညွှန်ကို ပြင်ဆင်ထားခဲ့တယ် မဟုတ်ဘူးလား”
“လျှပ်စီးလမ်းညွှန် ပါရမီရှိလေလေ၊ သူတို့ တောင့်ခံနိုင်မယ့် လျှပ်စီး အားကောင်းလေလေပဲ”
“အဲဒါကို ဝန်ခံဖို့ ကျုပ် ဆန္ဒမရှိပေမဲ့ အဲဒီချူဖုန်းရဲ့ ပါရမီက ထျန်းချင်ထက် သာတာ အမှန်ပဲ”
“သူ့လို ပါရမီရှိတဲ့ လူတစ်ယောက် လျှပ်စီးလမ်းညွှန် ဖြစ်နေတဲ့အတွက် ထျန်းချင် အဆင်ပြေပါလိမ့်မယ်”
အခြားသူများနှင့် နှိုင်းစာလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်မှာ များစွာ စိတ်မပူခဲ့ပါချေ။
ထိုအတွက် အကြောင်းရင်းမှာ သူ၏ ယုံကြည်မှုကြောင့်ပင်။
သူက ဇော့ချိုထျန်းချင်အပေါ် များစွာ မျှော်လင့်ထားခဲ့သည့်အပြင် ယုံကြည်မှုလည်း ရှိခဲ့သည်။
ရုတ်တရက် ကြောက်စရာကောင်းသော အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးအားလုံး တစ်ချိန်တည်း ကျဆင်းလာကြသည်။
သို့သော် လျှပ်စီးများမှာ ကောင်းကင်လျှပ်စီး အထက်ဘုံတစ်ခုလုံးကို ဖုံးလွှမ်းမထားခဲ့ပေ။
ထိုအစား ၎င်းတို့က တစ်နေရာတည်းသို့ ဦးတည်ခဲ့ကြသည်။ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင် ဖြစ်၏။
“ရောက်လာပြီ … နောက်ဆုံးတော့ အဲဒါ ရောက်လာပြီ”
“ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေး”
“ထျန်းချင်၊ အဲဒါကို မင်း တောင့်ခံရမယ်”
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ထံ အပေါ်ဘက်မှ ကျဆင်းလာသည့် အရောင်ကိုးရောင်ရှိသော လျှပ်စီးများကို သူ စောင့်ကြည့်နေခဲ့စဉ် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများရှိ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ဘဏ္ဍာရေး အရင်းအမြစ်များစွာကို သုံးစွဲ၍ မရေမတွက်နိုင်သော ရတနာများကို သူ ပြင်ဆင်ထားခဲ့သည်မှာ ဤအခိုက်အတန့်အတွက် ဖြစ်ပေတော့သည်။
***