“ဂျိန်း …”
ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေသည့် ထစ်ချုန်းသံနှင့်အတူ အရောင်ကိုးရောင်ရှိသော လျှပ်စီးက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို ထိရိုက်ခဲ့သည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်မှာ အရောင်ကိုးရောင်ရှိသော လျှပ်စီးဖြင့် အလုံးစုံ ပြည့်နှက်နေခဲ့သည်။
အထက်ဘုံတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အရောင်ကိုးရောင်ရှိသော လျှပ်စီးက ကျဉ်းမြောင်းသော ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ဝင်ရောက်ခြင်းမှာ မည်သို့ရှိမည်နည်း စိတ်ကူးကြည့်နိုင်ပေသည်။
အရောင်ကိုးရောင်ရှိသော လျှပ်စီးမှအပ အခြားမည်သည်ကိုမျှ မမြင်နိုင်ပါချေ။
ချူဖုန်းနှင့် ဇော့ချိုထျန်းချင်တို့၏ ပုံရိပ်များမှာ လျှပ်စီးဖြင့် အလုံးစုံ ဖုံးလွှမ်းခံခဲ့ရသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အနီးရှိ စိတ်ဝိညာဉ် အစီအရင်မှာ ထိန်းမနိုင်သိမ်းမရ တွန့်ရှုံ့လာသည်။ ပတ်ဝန်းကျင် မြေပြင်လည်း ပြင်းထန်စွာ တုန်ခါလာသည်။
အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီးက စူးရှသော ဟိန်းဟောက်သံများကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။
ဖျက်ဆီးနိုင်သော လျှပ်စီးသားရဲကြီးကိုးကောင်မှာ လှောင်အိမ်တစ်ခုတွင် ပိတ်မိနေခဲ့ပြီး ၎င်းကို ချိုးဖျက်ရန် ကြိုးစားနေကြသည့် အလားပင်။
အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီး ထိုမျှ အားကောင်းသည်ကို မြင်လျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ၏ မျက်နှာများထက်ရှိ တက်ကြွသော အမူအရာများမှာ အံ့ဩမှုနှင့် စိုးရိမ်မှုတို့ဖြင့် အစားထိုးခံခဲ့ရသည်။
သူတို့ ကြောက်ရွံ့နေခဲ့ကြသည်။
သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေခဲ့သည်။
သူတို့အားလုံး ကောင်းကင် မျိုးဆက်သွေး ပိုင်ရှင်များ ဖြစ်သည့်တိုင်၊ အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီးကို တစ်သက်လုံး ရင်ဆိုင်ခဲ့ရသည့်တိုင် သူတို့ ကြောက်ရွံ့မိခဲ့ကြဆဲ ဖြစ်သည်။
အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီးက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်မှ လွတ်မြောက်လာပြီး သူတို့အားလုံးကို ဖျောက်ဖျက်ပစ်လိမ့်မည်ဟု သူတို့ စိုးရွံ့နေခဲ့ကြသည်။
ကောင်းကင် မျိုးဆက်သွေး ပိုင်ရှင်များပီပီ သူတို့က အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီး မည်မျှ အားကောင်းသည်ကို ပိုမို၍ပင် သေချာမှုဖြင့် ခံစားမိခဲ့ကြသည်။
သူတို့၏ မျိုးဆက်သွေးအတွင်းမှ ဖိနှိပ်မှု အာရုံတစ်ခုကို သူတို့ ခံစားနေကြရသည်။
“လူတစ်ယောက်က အဲဒီလို နတ်လျှပ်စီး ကပ်ဘေးတစ်ခုကို တကယ်ပဲ ရင်ဆိုင်နိုင်မှာလား”
ဇော့ချိုကောင်းကင် မျိုးနွယ်စုမှ လူများမှာ သူတို့၏ သခင်လေးထျန်းချင်အတွက် နောက်တစ်ကြိမ် စိတ်ပူလာကြသည်။
အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီးမှာ အားကောင်းလွန်းလှသည်။ ၎င်းက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပြီး သူတို့အနေဖြင့် တစ်စုံတစ်ရာ မြင်တွေ့ရန် မဖြစ်နိုင်ခဲ့ပါချေ။
လျှပ်စီး အားကောင်းလွန်းသဖြင့် သူတို့က လျှပ်စီးကို ထိုးထွင်း၍ သူတို့၏ သခင်လေးကို ရှာဖွေနိုင်စွမ်း မရှိခဲ့ပေ။
သို့ဖြစ်၍ ဇော့ချိုထျန်းချင် မည်သို့သော အခြေအနေမျိုးတွင် ရှိနေခဲ့ကြောင်းနှင့် သူ အသက်ရှင်နေခဲ့ခြင်း ရှိမရှိ သူတို့ မသိကြပါချေ။
မည်သို့ပင်ဖြစ်စေ အရောင်ကိုးရောင်ရှိသော နတ်လျှပ်စီး ကြောက်စရာကောင်းပုံကို မျက်မြင်တွေ့ရပြီးနောက် သူတို့ စိုးရိမ်မိခဲ့ကြသည်။
ထိုမျှ အားကောင်းသော အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးကို မျက်မြင်တွေ့ရလျှင် ဇော့ချိုထျန်းချင်ကို များစွာ ယုံကြည်ထားခဲ့သူ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ပင် ရင်ထိတ်စပြုလာသည်။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အတွင်း၌ အကြီးအကျယ် ရိုက်ခတ်နေသည့် အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးကို ကြည့်ရင်း သူလည်း စိုးရိမ်လာသည်။
ထိုမျှ အားကောင်းသော အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးကို သူ့သား ကြံ့ကြံ့ခံနိုင်စွမ်း ရှိမည်လော။
ထိုအခိုက်အတန့်၌ အပေါ်ဘက်မှ နောက်ထပ် ထစ်ချုန်းသံများ ထွက်ပေါ်လာသည်။
မော့ကြည့်လိုက်လျှင် ကောင်းကင်တွင် ပိုများသော အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးများ လက်ညှိုးထိုးမလွဲ ပေါ်လာခဲ့သည်။
အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးမှာ စောစောပိုင်းက တစ်ခုထက် များစွာ ပိုမိုအားနည်းသည့်အသွင် ရှိသည့်တိုင် ပြင်းပြင်းထန်ထန် လူးလွန့်နေခဲ့ဆဲ ဖြစ်သည်။
၎င်းမှာ သာမန်လူများ ဖြစ်ပေါ်စေနိုင်သည့် လျှပ်စီးပြစ်ဒဏ်တစ်ခု မဟုတ်ကြောင်း ကျိန်းသေပေသည်။
၎င်းကို မြင်လျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် ပီတိဖြစ်သွားခဲ့သည်။
“အဆင့်တက်မှု … အဆင့်တက်မှုပဲ”
“ကျုပ်သား ထျန်းချင်က ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေးကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်”
သူက စိတ်လှုပ်ရှားလွန်း၍ ကျယ်လောင်စွာ အော်ပြောမိခဲ့သည်။
၎င်းကို ကြားလျှင် ကျန်ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များလည်း ကျယ်လောင်စွာ ကြွေးကြော်လာကြသည်။
အဖြစ်အပျက်ကို သူတို့ သဘောပေါက်ခဲ့ကြသည်။
ကောင်းကင်တွင် ပေါ်လာခဲ့သည့် ထူးခြားသော လက္ခဏာမှာ နတ်လျှပ်စီးကပ်ဘေး မဟုတ်တော့ပေ။
ကောင်းကင်ရှိ လျှပ်စီးက ယခင် ပေါ်လာခဲ့သည့် လျှပ်စီးကဲ့သို့ မပြင်းထန်သည်မှာလည်း ထိုအချက်ကြောင့်ပင်။
နတ်လျှပ်စီးကပ်ဘေး ကျရောက်ပြီးနောက် လျှပ်စီးဖြင့် ဖွဲ့စည်းထားသည့် ထူးခြားသော လက္ခဏာတစ်ခု ပေါ်လာခြင်းက မည်သည်ကို ဖော်ပြနိုုင်သနည်း။
၎င်းမှာ နတ်လျှပ်စီးကပ်ဘေးကို ဇော့ချိုထျန်းချင် ကြံ့ကြံ့ခံနိုင်ခဲ့သည့် အဓိပ္ပာယ်ပင်။
ထို့ပြင် နတ်လျှပ်စီးကပ်ဘေးကို ကြံ့ကြံ့ခံပြီးနောက် သူက နောက်ထပ် အဆင့်တက်ခဲ့ပြီး လျှပ်စီးဖြင့် ဖွဲ့စည်းထားသည့် နောက်ထပ် ထူးခြားသော လက္ခဏာတစ်ခုကိုလည်း ဖြစ်ပေါ်စေနိုင်ခဲ့သည်။
အကယ်၍ ဇော့ချိုထျန်းချင်သာ လျှပ်စီးချက်ကို ကြံ့ကြံ့ခံနိုင်ခဲ့လျှင် ကျင့်ကြံမှုတွင် နှစ်ဆင့်ဆက်တိုက် အဆင့်တက်ပြီး မဟာဦးသျှောင် အဆင့်နှစ်မှ မဟာဦးသျှောင် အဆင့်လေးသို့ တစ်ခါတည်း ရောက်ရှိသွားပေလိမ့်မည်။
ထိုသို့ဖြင့် ဇော့ချိုထျန်းချင်မှာ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အသန်မာဆုံး မျိုးဆက်သစ် ဖြစ်လာပေလိမ့်မည်။
ဇော့ချိုတောက်ယိ အလွန် စွမ်းအားကောင်းသော်လည်း သူက အဆင့်သုံး မဟာဦးသျှောင်တစ်ဦးသာ ဖြစ်နေခဲ့သည်။
သူ့ထက် ဇော့ချိုထျန်းချင် သာလွန်သွားမည်မှာ ထင်ရှားပေသည်။
ဇော့ချိုထျန်းချင်မှာ အသန်မာဆုံး ပါရမီရှင်ဟူသည့် သူ၏ ဂုဏ်ပုဒ်ကို အပြည့်အဝ ကိုယ်စားပြုနိုင်ပေလိမ့်မည်။
မရေမတွက်နိုင်သော မျက်လုံးများ၏ အကြည့်များအောက်တွင် ကောင်းကင်ရှိ လျှပ်စီးပြစ်ဒဏ်အသစ်က ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို ထိရိုက်ခဲ့သည်။
မူလ အရောင်ကိုးရောင်ရှိ နတ်လျှပ်စီးက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တစ်ခုလုံးကို လွှမ်းခြုံထားသေးသည့်တိုင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များမှာ ယခင်ကဲ့သို့ မစိုးရိမ်ကြတော့ပေ။ ထိုအစား သူတို့က အတောမသတ်နိုင်အောင် စိတ်လှုပ်ရှားလာခဲ့ပြီး အဆက်မပြတ် အော်ဟစ်၍ ကြွေးကြော်နေလျက် ရှိကြသည်။
ထိုမျှ ကြောက်စရာကောင်းသော နတ်လျှပ်စီး ကပ်ဘေးတစ်ခုကို ဇော့ချိုထျန်းချင် ကြံ့ကြံ့ခံနိုင်ခဲ့သောကြောင့် လက်ရှိ နတ်ပြစ်ဒဏ်မှာ သူ့အတွက် ပြဿနာတစ်ခု လုံးဝ မဟုတ်ဟု သူတို့ ယုံကြည်ထားခဲ့ကြသည်။
သူတို့ မသိခဲ့သည်မှာ သူတို့၏ ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များသာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို အာရုံစိုက်၍ ကြည့်ရှုနေကြသည် မဟုတ်ခြင်းပင်။
တိမ်အချို့အထက်တွင် လူနှစ်ဦး ရပ်နေသည်။ အသက်ကြီးသူတစ်ဦးနှင့် အသက်ငယ်သူတစ်ဦးတို့ ဖြစ်ကြသည်။
အဘိုးအိုတွင် ဆံပင်ဖြူများနှင့် သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးတစ်စုံတို့ ရှိနေခဲ့သည်။
သူ့တွင် ကြံ့ခိုင်သော ကိုယ်ကာယတစ်ခု ပိုင်ဆိုင်ထားသည့်အပြင် သူက ဆယ့်ငါးပေခန့်လည်း မြင့်မားပေသည်။
ကျန်သူအတွက်မူ သူမက အတော် သေးသွယ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။
မိန်းကလေးတွင် အနည်းငယ် ကျီစယ်တတ်သော အသွင်အပြင်ကို ပေးစွမ်းနေသည့် မြင်းမြီးပုံနှစ်ခုအဖြစ် စည်းနှောင်ထားသည့် အနက်ရောင် ဆံပင်ရှည်များ ရှိနေသည်။ သို့သော် သူမ၏ မျက်လုံးနက်နက်များက အလွန် ရင့်ကျက်သည့်အသွင် ရှိခဲ့ပြီး သူမ၏ ရုပ်ရည်သွင်ပြင်နှင့် လုံးဝ ခြားနားနေခဲ့သည်။
လက်ရှိ၌ မိန်းကလေးမှာ တိမ်များအထက်တွင် ကျီစယ်တတ်သော ကလေးတစ်ဦးနှယ် တင်ပျဉ်ခွေထိုင်နေလျက် ရှိသည်။
အဘိုးအိုအတွက်မူ သူက သူမကို ကာကွယ်ပေးနေသည့် ကာကွယ်သူတစ်ဦးနှယ် မိန်းကလေးနောက်တွင် ရပ်နေခဲ့သည်။
အဘိုးအိုနှင့် မိန်းကလေးတို့ နှစ်ဦးစလုံး ရွှေရောင်အလင်းဖြင့် လှုပ်ခတ်နေသည့် ရွှေရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
အသေအချာ စစ်ဆေးကြည့်ချိန်တွင် အကြေးခွံကဲ့သို့သော အရာဝတ္ထုများက သူတို့ကို ဖုံးလွှမ်းထားကြောင်း သတိပြုမိပေလိမ့်မည်။ ထိုအကြေးခွံများမှာ ရတနာများပင်။ သူတို့အပေါ် အလင်းဖြာနေစဉ် ၎င်းတို့က တောက်ပရွှန်းလက်၍ ဖိတ်ဖိတ်တောက်နေခဲ့သည်။
သို့သော် ဝတ်ရုံများမှာ အရေးအကြီးဆုံးအပိုင်း မဟုတ်ခဲ့ပေ။
အရေးအကြီးဆုံးမှာ ဆံပင်နှစ်ဖက်ခွဲထားသည့် ကျီစယ်တတ်သောအသွင်ရှိ မိန်းကလေးနှင့် အရပ်မြင့်၍ ကြံ့ခိုင်သော ဆံဖြူအဘိုးအိုတို့ နှစ်ဦးစလုံး၏ ခါးများတွင် တံဆိပ်ပြားများကို ချိတ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
တံဆိပ်ပြားများပေါ်တွင် ‘နဂါးမျိုးနွယ်စု’ ဟူသည့် စာလုံးများ ရှိနေသည်။
ဤသည်မှာ သူတို့နှစ်ဦးက နဂါးမျိုးနွယ်စုတွင် ပါဝင်နေခဲ့သည့် အဓိပ္ပာယ်ပင်။
သူတို့၏ တံဆိပ်ပြားများမှာ လုံတောက်ကျိ ပိုင်ဆိုင်ထားသည့် တံဆိပ်ပြားထက် များစွာ ပိုမိုထူးကဲပေသည်။
ဤအသက်ကြီးသူနှင့် အသက်ငယ်သူတို့ နှစ်ဦးမှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်နှင့် အလွန် နီးကပ်နေခဲ့ကြသည်။
သို့တိုင် ဇော့ချိုကောင်းကင် မျိုးနွယ်စုမှ မည်သူတစ်ဦးမျှ သူတို့ကို သတိမထားမိခဲ့ပေ။
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ပင် သူတို့ကို သတိမထားမိခဲ့ပါချေ။
“တောက်ပလိုက်တဲ့ လျှပ်စီး”
“အဲဒီလို ထူးခြားတဲ့ လျှပ်စီးလက္ခဏာတစ်ခုကို ကျွန်မ ပထမဆုံး တွေ့ဖူးတာပဲ”
“အဘိုးပု၊ ဒါက တကယ်ပဲ ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေးလား”
မိန်းကလေးက မေးလိုက်သည်။
“ဒီအဘိုးကြီးလည်း အဲဒီလို မြင်ကွင်းမျိုးကို လုံးဝ မမြင်ဖူးခဲ့ဘူး”
“ကျုပ်အထင်တော့ အဲဒါ ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေး ဖြစ်နိုင်တယ်”
“ဇော့ချိုကောင်းကင် မျိုးနွယ်စုမှာ အဲဒီလို ပါရမီရှင်တစ်ယောက် တကယ် ပေါ်ထွန်းလာမယ်လို့ ဘယ်သူ ထင်မိခဲ့မှာလဲ”
“သူက ဒဏ္ဍာရီလာ နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားခဲ့တဲ့အပြင် ဒဏ္ဍာရီလာ နတ်လျှပ်စီး ကပ်ဘေးကိုလည်း ကြံ့ကြံ့ခံခဲ့တယ်”
“အဲဒီလို ပါရမီရှင်တစ်ယောက် မွေးဖွားလာတဲ့အတွက် ဇော့ချိုကောင်းကင် မျိုးနွယ်စုက အထက် ကြယ်တာရာမြေတွေထဲမှာ အနှေးနဲ့အမြန် နေရာရလိမ့်မယ်”
အဘိုးအို၏ လေသံတွင် ဖုံးကွယ်မထားသော လေးစားမှု ရှိနေခဲ့သည်။
“အဘိုးပု၊ အဲဒီလို ထူးခြားတဲ့ လက္ခဏာတစ်ခုက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ ကျွန်မ မပြောခဲ့ဘူးလား … ကျွန်မက အဲဒါကို သတိထားမိခဲ့ပြီး လာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာ ကံကောင်းသွားတယ် … မဟုတ်ရင် ပွဲကောင်းတစ်ခုကို ကျွန်မတို့ လက်လွတ်ခဲ့လိမ့်မယ်”
“ကျွန်မကို ရှင် ကျေးဇူးတင်သင့်တယ်”
မိန်းကလေးက ခေါင်းမော့ကာ ဂုဏ်ယူစွာ ပြောလာသည်။
“ကလေးမ … မင်းက ပျော်စရာရှာဖို့ပဲ အားသန်တယ် … ဒါပေမဲ့ ဒီနေ့ ကိစ္စတွေကို စစ်ဆေးဖို့ မင်းရဲ့ ဆုံးဖြတ်ချက်က ပင်ပန်းရကျိုးနပ်ခဲ့တယ်”
အဘိုးအိုက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
“ကြည့်လိုက်၊ ကြည့်လိုက် … လျှပ်စီး ပျောက်ကွယ်နေပြီ”
ရုတ်တရက် မိန်းကလေးက အောက်ဘက်ရှိ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ထံ ညွှန်ပြလိုက်၏။
ထိုစကားများကို ကြားလျှင် အဘိုးအိုလည်း ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ထံ ပြန်လည်၍ အကြည့်ရွှေ့မိခဲ့သည်။
လျှပ်စီး ပျောက်ကွယ်နေသည့် မြင်ကွင်းကို ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များလည်း မြင်တွေ့ခဲ့ကြသည်။
ထိုခဏ၌ ပတ်ဝန်းကျင်မှ အားပေးကြွေးကြော်သံများ ပျောက်ကွယ်သွားခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးမှာ ပါးစပ်ပိတ်ထားပြီး အသက်ပင် မရှူမိခဲ့ကြပေ။
သူတို့အားလုံး အလွန့်အလွန် စိတ်လှုပ်ရှားနေခဲ့ကြလေသည်။
***