နောက်ဆုံး၌ လျှပ်စီးများ ပျောက်ကွယ်စပြုလာသည်။
မကြာမီ လူအုပ်ရှေ့တွင် ဇော့ချိုထျန်းချင် ပေါ်လာသည်။
အသေအချာ စစ်ဆေးကြည့်ချိန်တွင် ဇော့ချိုထျန်းချင် ဝတ်ဆင်ထားသည့် ချပ်ဝတ်မှာ ကြေမွလုနီးပါး ဖြစ်နေခဲ့ကြောင်း လူအုပ် သတိပြုမိလိုက်ကြသည်။
ထို့ပြင် သူ့တစ်ကိုယ်လုံးတွင် လျှပ်စီးထိမှန်ထားသည့် လက္ခဏာများ ရှိနေသည်။
သူလည်း ဒဏ်ရာရခဲ့သည်။
သို့တိုင် သူ၏ အရပ်ရပ် အခြေအနေမှာ အဆင်ပြေသည်ဟု ထင်မြင်ရလေသည်။
သူ ဒဏ်ရာရခဲ့သည့်တိုင် ၎င်းတို့က မနက်ရှိုင်းခဲ့ပေ။ အမြင်ဆိုးသော်လည်း ဒဏ်ရာများမှာ မပြင်းထန်ခဲ့ပါချေ။
“ဝိုး …”
“အောင်မြင်မှုပဲ … သခင်လေးထျန်းချင် အောင်မြင်ခဲ့တယ်”
“သခင်လေးထျန်းချင်က ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေးကို အောင်အောင်မြင်မြင် ကြံ့ကြံ့ခံနိုင်ခဲ့တယ်”
ရုတ်တရက် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များထံမှ ဂုဏ်ယူဝင့်ကြွားသော အော်ပြောသံများ ထွက်ပေါ်လာသည်။ သူတို့အားလုံး အလွန် ဝမ်းမြောက်နေခဲ့ကြသည်။
သူတို့၏ သခင်လေးထျန်းချင် အောင်မြင်စွာ အဆင့်တက်ခဲ့ကြောင်း သူတို့အားလုံး အတည်ပြုနိုင်ခဲ့ကြသည်။
“နေပါဦး၊ တစ်ခုခု မှားနေတယ် …”
မကြာမီ အားပေးကြွေးကြော်သံများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
လျှပ်စီးများ ဆက်လက်၍ ပျောက်ကွယ်နေခဲ့စဉ် နောက်ထပ် လူရိပ်တစ်ခု ပေါ်လာသည်။
ထိုလူကား ချူဖုန်းပင်။
ချူဖုန်း၏ ချပ်ဝတ် အလုံးစုံ ကြေမွနေခဲ့သည်။
သူ့ချပ်ဝတ်၏ ပျက်စီးမှု အတိုင်းအတာမှာ ဇော့ချိုထျန်းချင်၏ ချပ်ဝတ်ထက် များစွာ ပိုဆိုးခဲ့သည်။
ထို့ပြင် သူ့ခန္ဓာကိုယ်မှာလည်း လျှပ်စီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ဒဏ်ရာများဖြင့် အတိပြီးနေခဲ့သည်။
သို့သော် ချူဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ဇော့ချိုထျန်းချင်၏ ဒဏ်ရာများထက် ပိုမိုပေါ့ပါးကြောင်း ထင်ရှားပေသည်။
ဤအချက်က ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို အကြီးအကျယ် အံ့ဩစေခဲ့သည်။
ချူဖုန်းမှာ လျှပ်စီးလမ်းညွှန် ဖြစ်ခဲ့သည့်အလျောက် သေဆုံးခဲ့သင့်ပေသည်။
ထို့ပြင် သူ့ချပ်ဝတ်၏ အခြေအနေက ဇော့ချိုထျန်းချင်ထက် ပိုမိုပြင်းထန်သော လျှပ်စီးချက်များကိုပင် သူ ခံယူခဲ့ရလောက်ကြောင်း ပြသနေခဲ့သည်။
ထို့ကြောင့် သူ့ဒဏ်ရာများက မည်သည့်အတွက် ပိုမိုပေါ့ပါးရမည်နည်း။
ထို့ပြင် ၎င်းက အနည်းငယ်သာ မဟုတ်ဘဲ ဇော့ချိုထျန်းချင်၏ ဒဏ်ရာများထက် များစွာ ပိုမိုပေါ့ပါးခဲ့သည်။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ သခင်လေးထျန်းချင်ရဲ့ အရှိန်အဝါ မပြောင်းလဲခဲ့ဘူး ထင်တယ်”
ဇော့ချိုဟန်ရွှင်က ကောက်ကာငင်ကာ ပြောလိုက်သည်။
ထိုစကားများကို ကြားပြီးသည်နှင့် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာ အလွန့်အလွန် ရုပ်ဆိုးသွားခဲ့သည်။
ဇော့ချိုဟန်ရွှင် မှန်ကန်ခဲ့သည်။ ဇော့ချိုထျန်းချင်၏ အရှိန်အဝါမှာ ယခင်အတိုင်း ဆက်ရှိနေခဲ့သည်။
သူက အဆင့်နှစ် မဟာဦးသျှောင်တစ်ဦး ဖြစ်နေခဲ့ဆဲပင်။
သို့သော် ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို လျှပ်စီးပြစ်ဒဏ်နှစ်ခု အထင်အရှား ထိမှန်ခဲ့သည်။
ဤသည်မှာ ဇော့ချိုထျန်းချင် နှစ်ဆင့်ဆက်တိုက် အဆင့်တက်ခဲ့သည့် အဓိပ္ပာယ် ဖြစ်သင့်ပေသည်။
ရုတ်တရက် လူတိုင်းမှာ အဖြစ်အပျက်ကို တုံ့ပြန်မိခဲ့ကြသည်။ သူတို့အားလုံး ချူဖုန်းထံ အကြည့်ရွှေ့လိုက်ကြသည်။
မူလတွင် ချူဖုန်းမှာ သူ၏ ကျင့်ကြံမှုကို ကွယ်ဝှက်ထားခဲ့သည်။
သို့သော် လူအုပ်၏ အကြည့်များကို အာရုံခံမိပြီးနောက် သူက ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည့် အပြုံးတစ်ခုကို လှစ်ဟလိုက်သည်။
“ဘုန်း …”
ရုတ်တရက် ချူဖုန်း၏ အဝတ်အစားများ တဖျပ်ဖျပ် လှုပ်ခတ်လာသည်။
နောက်အခိုက်အတန့်၌ သူ့အရှိန်အဝါက သူ့ခန္ဓာကိုယ်မှ သားရဲရိုင်းတစ်ကောင်အလား အရှိန်ပြင်းစွာ တိုးထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်း၌ ချူဖုန်း၏ အရှိန်အဝါက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်မှ ပြေးထွက်ကာ ဒေသတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
မျက်မှောက်ရှိနေသည့် လူအားလုံး သူ့အရှိန်အဝါကို အာရုံခံနိုင်ခဲ့ကြသည်။
လက်ရှိချူဖုန်းမှာ အဆင့်ရှစ် ဦးသျှောင်တစ်ဦး မဟုတ်တော့ပေ။
သူက မဟာဦးသျှောင်အဆင့် သိုင်းထိပ်သီးတစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ ကျင့်ကြံမှုမှာ မဟာဦးသျှောင် အဆင့်တစ်သာ ဖြစ်သည့်တိုင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို ဒေါသဖြင့် သွေးအန်စေရန် လုံလောက်ခဲ့သည်။
နှစ်ဆင့်ဆက်တိုက် အဆင့်တက်ခဲ့သူမှာ ဇော့ချိုထျန်းချင် မဟုတ်ကြောင်း အဖြေထွက်လာသည်။ ထိုအစား ၎င်းက ချူဖုန်း ဖြစ်နေခဲ့သည်။
“အဲဒါ တကယ်ကို ဇော့ချိုထျန်းချင် မဟုတ်ဘူးလား”
“အဲဒါ လျှပ်စီးလမ်းညွှန်အဖြစ် ရည်ရွယ်ထားခဲ့တဲ့ ဟိုလူလား”
“ပိုပြီးတော့တောင် ပျော်စရာကောင်းတဲ့ ပွဲတစ်ခု စတော့မယ့်ပုံပဲ”
“ကောင်းတယ်၊ ကောင်းတယ် … ဒီပွဲက အတော် ကြည့်ကောင်းလာပြီ”
တိမ်များအထက်တွင် နဂါးမျိုးနွယ်စုမှ မိန်းကလေးမှာ ထူးထူးခြားခြား တက်ကြွလာခဲ့ပြီး စတင်၍ပင် ဩဘာပေးခဲ့သည်။
မမျှော်လင့်သော ပြောင်းလဲမှုကို မြင်လျှင် သူမနောက်တွင် ရပ်နေခဲ့သည့် အဘိုးအိုပင် မျှော်လင့်သော အမူအရာတစ်ခုကို လှစ်ဟလာသည်။
ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေးကို မျက်မြင်တွေ့နိုင်ခြင်းမှာ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့သည်ဟု သူ ခံစားမိခဲ့သည်။
သို့သော် လက်ရှိ အခြေအနေမှာ သူ တွေးထင်ထားသည်ထက် များစွာ ပိုမို၍ စိတ်ဝင်စားဖွယ်ကောင်းနေခဲ့သည်။
“ချူဖုန်း၊ မင်း …”
“မင်း …”
ဇော့ချိုထျန်းချင်မှာ ဒေါသဖြင့် မျက်နှာနီသွားခဲ့သည်။
သူက ချူဖုန်းထံ တုန်ယင်နေသော လက်ဖြင့် လက်ညှိုးထိုးလိုက်သည်။ သို့သော် မည်သည်ကိုမျှ သူ မပြောနိုင်ခဲ့ပါချေ။
သူ့မျက်စိရှေ့ရှိ အရာအားလုံးကို သူ လက်ခံနိုင်စွမ်း မရှိခဲ့ပေ။
ချူဖုန်းက ပြုံးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး … အဲဒီ နတ်လျှပ်စီးကပ်ဘေးက ခင်ဗျားကြောင့် ပေါ်လာခဲ့တာ မဟုတ်ဘူး … အဲဒီအစား ကျုပ်ကြောင့် ပေါ်လာခဲ့တာ”
“တကယ်တော့ ခင်ဗျားကြောင့် နတ်လျှပ်စီး ကပ်ဘေးတစ်ခု ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး … ခင်ဗျား အောင်အောင်မြင်မြင် အဆင့်တက်နိုင်ရင်တောင် သာမန် ပြစ်ဒဏ်လျှပ်စီးကိုပဲ ဖြစ်ပေါ်စေနိုင်လိမ့်မယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ကျင့်ကြံထားခဲ့တဲ့ နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်က မပြည့်စုံဘူး … ဒီတော့ ခင်ဗျားက ဒဏ္ဍာရီလာ နတ်လျှပ်စီးကပ်ဘေးနဲ့ ဘယ်လိုလုပ်ပြီး ကြုံတွေ့နိုင်မှာလဲ”
ချူဖုန်းမှာ ဇော့ချိုထျန်းချင်အပေါ် သူ၏ ပြက်ရယ်ပြုမှုကို အနည်းငယ်မျှ ဖုံးကွယ်မထားခဲ့ပေ။
နောက်ဆုံးတွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုက သူ့အသက်ကို ဇော့ချိုထျန်းချင်၏ ခုတုံးအဖြစ် အသုံးပြုလိုခဲ့သည် မဟုတ်ပါလော။
သူ့အနေဖြင့် ထိုကဲ့သို့သော မျိုးနွယ်စုတစ်ခုအပေါ် သက်ညှာရန် အကြောင်းမရှိပါချေ။
“အဓိပ္ပာယ်မရှိတာတွေ … မင်းက ငါ့ရဲ့ အဆင့်တက်မယ့် အခွင့်အရေးကို လုယူခဲ့တယ် … ဒါနဲ့တောင် ငါ့ရဲ့ နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်ကို မပြည့်စုံဘူးလို့ ပြောရဲတယ်ပေါ့”
“ယုတ်မာတဲ့ မျိုးမစစ်ကောင် … မင်းကို ငါ သတ်မယ်ကွ”
ဇော့ချိုထျန်းချင် ဒေါသူပုန်ထသွားပြီး ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ချူဖုန်းထံ ထိုးထုတ်လိုက်သည်။
သူ၏ လက်သီးချက်တွင် အလွန့်အလွန် အားကောင်းသော သိုင်းစွမ်းအား ကိန်းအောင်းနေခဲ့သည်။
ထိုသိုင်းစွမ်းအားမှာ သတ်ဖြတ်လိုသည့် အသိဖြင့် ပြည့်နှက်နေခဲ့လေသည်။
ချူဖုန်း ပြုလုပ်ခဲ့သည့် အရာကို ဇော့ချိုထျန်းချင် သည်းခံနိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့် သူက တစိုးတစိမျှ ချုပ်တည်းမထားခဲ့ဘဲ ချူဖုန်းကို ထိုလက်သီးချက်ဖြင့် သတ်ဖြတ်ရန် အပြည့်အဝ ရည်ရွယ်ထားခဲ့သည်။
“ဝီး …”
သို့သော် သူ၏ ကြီးမားသော သိုင်းစွမ်းအားမှာ ချူဖုန်းရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။
ဤမြင်ကွင်းက လူတိုင်း၊ အထူးသဖြင့် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်၊ ဇော့ချိုထျန်းချင်၊ ဇော့ချိုတောက်ယိနှင့် ဇော့ချိုဟန်ရွှင်တို့ကို အံ့ဩတုန်လှုပ်စေခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အဆင့်မြင့်သူများပီပီ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အတွင်း၌ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို ကန့်သတ်နိုင်သော ရတနာတစ်ပါးကို ဇော့ချိုဟန်ရွှင် ထားရှိခဲ့ကြောင်း သူတို့အားလုံး သိနေကြသည်။
ယုတ္တိနည်းကျဆိုလျှင် ချူဖုန်းမှာ သူ၏ ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို အသုံးပြုနိုင်စွမ်း မရှိသင့်သောကြောင့် ဇော့ချိုထျန်းချင်၏ လက်သီးချက်ကို မတားဆီးနိုင်သင့်ပါချေ။
“ဒါ .. ဒါ မဖြစ်နိုင်ဘူး”
မကြာမီ အဖြစ်အပျက်ကို လူအုပ် သဘောပေါက်သွားကြသည်။
အကြောင်းမူ ချူဖုန်း၏ ကျင့်ကြံမှု ပြောင်းလဲခဲ့၍ပင်။
ချူဖုန်း၏ ကျင့်ကြံမှုမှာ မဟာဦးသျှောင် အဆင့်တစ် မဟုတ်တော့ပါချေ။ ထိုအစား မဟာဦးသျှောင် အဆင့်နှစ် ဖြစ်နေခဲ့ချေပြီ။
ချူဖုန်း၏ ကျင့်ကြံမှုရှိ ပြောင်းလဲမှုမှာ သူ့နဖူးထက်တွင် ပေါ်လာခဲ့သည့် အမှတ်အသားကြောင့်ပင်။
သူ့နဖူးထက်တွင် ပေါ်လာခဲ့သည့် အရာကပင် ထိုအဖြစ်ကို လက်ခံရန် သူတို့ ဆန္ဒမရှိသည်အထိ ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို အံ့ဩတုန်လှုပ်စေခဲ့သည်။
ချူဖုန်း၏ နဖူးထက်တွင် လျှပ်စီးအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။
တောက်ပသော ‘နတ်’စာလုံးက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးကို စိတ်ရှုပ်ထွေးစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ချူဖုန်းလည်း နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားခဲ့သည်ဟု သူတို့ လုံးဝ စိတ်ကူးမကြည့်မိခဲ့ကြပေ။
အရေးအကြီးဆုံးမှာ ချူဖုန်းနဖူးထက်ရှိ လျှပ်စီးအမှတ်အသားက ဇော့ချိုထျန်းချင်၏ လျှပ်စီးအမှတ်အသားထက် များစွာ ပိုမိုတောက်ပနေခဲ့ကြောင်း ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးနီးပါး ပြောနိုင်ကြခြင်း ဖြစ်သည်။
၎င်းတို့က ချူဖုန်း၏ နတ်အဆင့် လျှပ်စီးအမှတ်အသား ဖိနှိပ်မှုအောက်တွင် ရှိနေသည်ဟု သူတို့၏ မျိုးဆက်သွေးများ ခံစားရသည့် ဖိနှိပ်မှုလည်း သိသိသာသာ ပိုမိုအားကောင်းလာသည်။
၎င်းတို့နှစ်ခုစလုံး နတ်အဆင့် လျှပ်စီးအမှတ်အသားများ ဖြစ်ကြောင်း ရှင်းလင်းနေခဲ့သည်။ ထိုမျှ ကြီးမားသော ကွာခြားချက်တစ်ခု မည်သည့်အတွက် ရှိနေရမည်နည်း။
ဇော့ချိုထျန်းချင်၏ နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ် အမှန်တကယ် မပြည့်စုံခဲ့ခြင်း ဖြစ်နိုင်ပေသလော။
“ဒါ .. ဒါ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး”
အခြားသူများနှင့် နှိုင်းစာလျှင် ဇော့ချိုထျန်းချင်မှာ ၎င်းကို ပိုမို၍ပင် လက်မခံနိုင်ခဲ့ပေ။
သူ အလုံးစုံ ကြက်သေသေနေခဲ့သည်။
“အဲဒါကို ခင်ဗျားလည်း တွေ့ခဲ့မှာပါ”
“ခင်ဗျားရဲ့ လျှပ်စီးအမှတ်အသားနဲ့ ကျုပ်ရဲ့ လျှပ်စီးအမှတ်အသား ကြားထဲမှာ ခြားနားချက်ကြီးတစ်ခု ရှိတယ်”
“ဒီခြားနားချက်က ခင်ဗျားရဲ့ နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်ကို ခင်ဗျား အပြည့်အဝ ကျင့်ကြံမထားခဲ့တဲ့ အချက်အတွက် အကောင်းဆုံးသက်သေပဲ”
ချူဖုန်းက ဇော့ချိုထျန်းချင်ထံ လှမ်းပြောလိုက်သည်။
“သောက်ရေးမပါတာ”
“ယုတ်မာတဲ့ မျိုးမစစ်ကောင် … မင်း သေရမယ်သာမှတ်”
ပြောရင်းမှ ဇော့ချိုထျန်းချင်၏ ခန္ဓာကိုယ် ရွေ့လျားသွားပြီး ချူဖုန်းထံ ပြေးဝင်သွားခဲ့သည်။
ထို့ပြင် သူ့လက်တွင်း၌ နောက်ထပ် ပစ္စည်းတစ်ခု ပေါ်လာသည်။ ငွေရောင် ဓားရှည်တစ်လက်ပင်။
၎င်းမှာ သာမန် ဓားရှည်တစ်လက် မဟုတ်ခဲ့ပေ။ ထိုအစား အကြမ်းထည် ဦးသျှောင် စစ်လက်နက်တစ်ခု ဖြစ်နေခဲ့သည်။
ထိုဓားရှည်ကို ကိုင်ဆောင်ထားစဉ် ဇော့ချိုထျန်းချင်၏ တိုက်ပွဲဝင်စွမ်းအား သိသိသာသာ မြင့်မားလာခဲ့သည်။
ငွေရောင်ဓားရှည်က လှိုင်းများကို ထုတ်လွှတ်လာသည်။
၎င်းမှာ သာမန် တိုက်ခိုက်မှုတစ်ခု မဟုတ်ဘဲ ဓားများအတွက် သီးသန့် ရည်ရွယ်သည့် အင်မော်တယ် နည်းစနစ်တစ်ခုပင်။
သို့သော် ထိုကဲ့သို့သော တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရလျှင် ချူဖုန်းက သူ့ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့လိုက်ရုံမျှဖြင့် ၎င်းကို အလွယ်တကူ ရှောင်တိမ်းခဲ့သည်။ ထို့နောက် သူ့လက်ချောင်းများကို သမုဒ္ဒရာမှ တိုးထွက်လာသည့် နဂါးနှစ်ကောင်သဖွယ် ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်သည်။
ချူဖုန်းမှာ အင်မော်တယ် နည်းစနစ်ဖြင့် ပေါင်းစပ်ထားသည့် ဇော့ချိုထျန်းချင်၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက်ကို သူ၏ လက်ချောင်းနှစ်ချောင်းကိုသာ အသုံးပြုလျက် အမှန်တကယ် တားဆီးနိုင်ခဲ့သည်။
“ခင်ဗျားက ကျုပ်ကို လျှပ်စီးလမ်းညွှန်အဖြစ် သုံးရဲခဲ့တယ်”
“ခင်ဗျား အဆင့်တက်ရာမှာ ကျုပ်အသက်ကို အသုံးချဖို့ ကြိုးစားခဲ့တယ်”
“ဒါနဲ့တောင် ခင်ဗျားက ကျုပ်ကို ယုတ်မာတယ်လို့ တကယ် ခေါ်ရဲတယ်ပေါ့”
ထိုစကားများကို ပြောပြီးနောက် ချူဖုန်း သူ့လက်ချောင်းများကို လှည့်လိုက်လျှင် ဇော့ချိုထျန်းချင်၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
ထို့နောက် ချူဖုန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဇော့ချိုထျန်းချင်မှာ သူ၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက်နှင့်အတူ ပစ်လွှင့်ခံခဲ့ရသည်။
သူ လေထဲသို့ ပစ်လွှင့်ခံခဲ့ရသည့်အပြင် သူ၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက်လည်း သူ့လက်တွင်းမှ လွင့်စဉ်သွားခဲ့သည်။
နောက်ဆုံး၌ ဇော့ချိုထျန်းချင် ဟန်ချက်ထိန်းနိုင်ခဲ့ပြီး တည်ငြိမ်သော ပုံစံဖြင့် မြေပြင်ပေါ် ကျရောက်ခဲ့သည့်တိုင် သူ၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက်ကို ကိုင်ထားသည့် သူ့လက်ဖဝါးမှာ သွေးစွန်းနေခဲ့ကြောင်း ထိုးထွင်းမြင်နိုင်သူအားလုံး သတိထားမိခဲ့ကြသည်။
ဤမြင်ကွင်းက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးကို အလွန့်အလွန် အံ့ဩတုန်လှုပ်စေခဲ့သည်။
ဇော့ချိုထျန်းချင်မှာ သူတို့ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အကြီးမားဆုံး ပါရမီရှင် ဖြစ်ကြောင်း သိရှိထားသင့်ပေသည်။
သူ၏ တိုက်ပွဲဝင်စွမ်းအား ဖြစ်စေ သို့မဟုတ် သူ၏ တိုက်ပွဲအတွေ့အကြုံ ဖြစ်စေ၊ ဇော့ချိုထျန်းချင်မှာ သူ၏ ပါရမီရှင်အဆင့် အရည်အချင်းကို အပြည့်အဝ ပြသခဲ့သည်။
တူညီသော ကျင့်ကြံမှုအောက်တွင် သူ့ကို ရင်ဆိုင်နိုင်သူ မရှိခဲ့ပေ။
သို့တိုင် သူတို့၏ အကြွင်းမဲ့ ပါရမီရှင်မှာ လုံးလုံးလျားလျား ဖိနှိပ်ခံခဲ့ရသည်။
သူတို့က ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင် အပြင်ဘက်တွင် ရှိနေသည့်တိုင် ချူဖုန်းထံမှ ဖိနှိပ်မှုမှာ သူတို့ကို မွန်းကျပ်လုနီးပါး ဖြစ်စေရန် လုံလောက်ခဲ့ဆဲပင်။
လောကတွင် ထိုမျှ ကြောက်စရာကောင်းသော မျိုးဆက်သစ်တစ်ဦး မည်သို့ ရှိနေနိုင်သနည်း။
သူက သူတို့၏ သခင်လေးထျန်းချင်ကို ထိုအတိုင်းအတာအထိ မည်သို့ ဖိနှိပ်ထားနိုင်သနည်း။
***