ချူဖုန်းကြောင့် သူတို့ လုံးလုံးလျားလျား အံ့ဩခဲ့သည့်တိုင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များမှာ ဇော့ချိုထျန်းချင်အတွက် မစိုးရိမ်ခဲ့ကြပေ။
အကြောင်းမူ ဇော့ချိုထျန်းချင်လည်း မဟာဦးသျှောင်နယ်ပယ်၌ မျိုးဆက်သွေး ကန့်သတ်ချက်များကို ဖွင့်လှစ်ခဲ့ကြောင်း သူတို့ သိနေကြ၍ပင်။
ချူဖုန်း၏ ပါရမီနှင့် တိုက်ပွဲဝင်စွမ်းအားတို့ ဇော့ချိုထျန်းချင်ထက် သာနေခဲ့လျှင်ပင် မည်သည့်အရေးနည်း။
ယုတ်စွအဆုံး ထိုခဏ၌ သူက ဇော့ချိုထျန်းချင်ကို ယှဉ်နိုင်ဦးမည် မဟုတ်ပါချေ။
ထိုအတွက် အကြောင်းရင်းမှာ ချူဖုန်း၏ မူလကျင့်ကြံမှုက ဇော့ချိုထျန်းချင်ထက် ပိုမိုအားနည်းခဲ့၍ ဖြစ်သည်။
သူတို့စိတ်တွင်း၌ ဤအတွေး ပေါ်လာချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ ရုတ်တရက် စိတ်အေးသွားကြသည်။
ချူဖုန်းတွင် ထူးကဲသော ပါရမီ ပိုင်ဆိုင်ထားခဲ့လျှင်လည်း မည်သည်ကို ဂရုစိုက်ရမည်နည်း။ အဆုံးတွင်မူ သူက ထိုနေရာတွင် သေရဦးမည်ပင်။
သူက သူတို့၏ သခင်လေးထျန်းချင်ကြောင့် အသတ်ခံခဲ့ရဆဲ ဖြစ်ပေလိမ့်မည်။
ရုတ်တရက် ချူဖုန်းက ဇော့ချိုထျန်းချင်ကို လှောင်ပြောင်လိုက်သည်။
“ဘာဖြစ်လို့လဲ … ခင်ဗျားရဲ့ လျှပ်စီးအမှတ်အသားကို ထုတ်ဖော်ရမှာ ကြောက်နေတာလား”
“ကျုပ်တို့ရဲ့ လျှပ်စီးအမှတ်အသားတွေ ကြားထဲက ကွာခြားချက်ကို လူတွေ မြင်သွားပြီး ခင်ဗျားရဲ့ အတ္တမာနကို ထိခိုက်မှာ စိုးရိမ်နေတာ မဟုတ်လား”
ထိုစကားများကို ချူဖုန်း ပြောပြီးသည်နှင့် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး မှင်တက်မိသွားကြသည်။
‘ဘာတွေဖြစ်နေတာလဲ’
‘ဒီငနဲက ငါတို့ရဲ့ သခင်လေးထျန်းချင်လည်း သူ့ရဲ့ လျှပ်စီးအမှတ်အသား စွမ်းအားကို ထုတ်လွှတ်နိုင်တဲ့အကြောင်း သိနေတာလား’
‘တကယ်လို့ သူ သိနေရင် ဘာကြောင့် မကြောက်တာလဲ … အဲဒီအစား သူက သခင်လေးထျန်းချင်ကို ဘာကြောင့် ရန်စနေတာလဲ’
‘သူက သေချင်နေခဲ့တာများ ဖြစ်နေမလား’
တကယ်တမ်းတွင် ချူဖုန်းပြောသည်မှာ မှန်ကန်ခဲ့သည်။
သူ၏ လျှပ်စီးအမှတ်အသားကို ထုတ်ဖော်ရန် ဇော့ချိုထျန်းချင် ဆန္ဒမရှိခဲ့သည်မှာ ထိုအချက်ကြောင့်ပင်။
သို့သော် အခြေအနေအရ သူက ချူဖုန်းကြောင့် ဖိနှိပ်ခံနေခဲ့ရသည်။ သို့ဖြစ်၍ သူ ဆန္ဒမရှိသည့်တိုင် သူ၏ လျှပ်စီးအမှတ်အသားကို ထုတ်ဖော်ရုံမှတစ်ပါး သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
“ကြောက်နေတယ် ဟုတ်လား … ငါက မင်းကို ရုပ်ဆိုးပန်းဆိုးနဲ့ မသေစေချင်ခဲ့ရုံပဲ ရှိတယ်”
“ဝီး …”
ဇော့ချိုထျန်းချင်၏ နဖူးထက်တွင် ‘နတ်’စာလုံးတစ်လုံး ပေါ်လာစဉ် လျှပ်စီးများ ပြိုးပြက်သွားခဲ့သည်။
သူ၏ နတ်အဆင့် လျှပ်စီးအမှတ်အသားကို ထုတ်ဖော်လိုက်ချိန်တွင် ဇော့ချိုထျန်းချင်၏ ကျင့်ကြံမှု ချက်ချင်း မြင့်မားလာသည်။
၎င်းက မဟာဦးသျှောင် အဆင့်နှစ်မှ မဟာဦးသျှောင် အဆင့်သုံးသို့ မြင့်မားလာခြင်း ဖြစ်သည်။
ဇော့ချိုထျန်းချင်၏ ကျင့်ကြံမှု မြင့်မားလာခဲ့သော်လည်း ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များအနေဖြင့် ဇော့ချိုထျန်းချင်၏ နဖူးထက်ရှိ ‘နတ်’စာလုံးနှင့် ချူဖုန်းနဖူးထက်ရှိ ‘နတ်’စာလုံးတို့ အကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေခဲ့ကြောင်း လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။
ကွာခြားချက်မှာ ၎င်းတို့၏ ပြင်းထန်မှုတွင်သာ မကခဲ့ပါချေ။
ကောင်းကင် မျိုးဆက်သွေး ပိုင်ရှင်များမှာ သူတို့ ကျင့်ကြံထားသည့် ကိုယ့်ကိုယ်ကိုယ်ဒဏ်ခတ် လျှို့ဝှက်နည်းစနစ်များအပေါ် မူတည်၍ ဖိနှိပ်အားကို ခံစားကြရသည်။
သူတို့၏ ကျင့်ကြံမှုများက ပိုမိုသန်မာသော ကိုယ့်ကိုယ်ကိုယ်ဒဏ်ခတ် လျှို့ဝှက်နည်းစနစ်နှင့် လူထက် သာလွန်နေခဲ့လျှင်ပင် ထိုဖိနှိပ်မှုကို သူတို့ ခံစားကြရဦးမည်သာ ဖြစ်ပေသည်။
ချူဖုန်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ဖိနှိပ်အားမှာ ဇော့ချိုထျန်းချင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဖိနှိပ်အားထက် များစွာ ပိုမိုအားကောင်းခဲ့သည်။
အမှန်ပင် ဖြစ်၏။ ချူဖုန်း၏ လျှပ်စီးအမှတ်အသားက ဇော့ချိုထျန်းချင်၏ လျှပ်စီးအမှတ်အသားထက် များစွာ ပိုမိုအားကောင်းခဲ့သည်။
ထိုခဏ၌ သူတို့ မတွေးဆမိဘဲ မနေနိုုင်ကြတော့ပေ။
‘ငါတို့ရဲ့ သခင်လေးထျန်းချင် ကျင့်ကြံထားခဲ့တဲ့ နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်က တကယ်ပဲ မပြည့်စုံတာ ဖြစ်နိုင်မလား’
“သေပေတော့”
ဇော့ချိုထျန်းချင်က တိုက်ခိုက်လိုက်၏။
ယခုတစ်ကြိမ် သူ၏ တိုက်ခိုက်မှုမှာ အဆင့်ကိုး အင်မော်တယ် နည်းစနစ်တစ်ခု ဖြစ်သည်။
အဆင့်ကိုး အင်မော်တယ် နည်းစနစ်က ချူဖုန်းထံ စုပြုံပြေးဝင်သွားသည့် မရေမတွက်နိုင်သည့် ထက်ရှသော ဓားရှည်များအဖြစ် ပြောင်းလဲခဲ့သည်။
သို့သော် ချူဖုန်းမှာ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် လုံးဝ မကြိုးစားခဲ့ပေ။
ထို့ကြောင့် ထက်ရှသော ဓားရှည်အားလုံး သူ့ကို ထိမှန်ခဲ့သည်။
ဓားများ ထိမှန်သွားစဉ် ပမာဏကြီးမားသော စွမ်းအင်လှိုင်းများ တိုးထွက်လာသည်။
သို့သော် မကြာမီ စွမ်းအင်လှိုင်းများတွင် လျှပ်စီးများ ပြိုးပြက်ခဲ့သည်။
ထို့နောက် စွမ်းအင်လှိုင်းများ စတင် လွင့်စဉ်ခဲ့သည်။
ထွက်ပေါ်လာသည့် အရာကို မြင်တွေ့ရချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များမှာ သူတို့၏ မျက်လုံးများကို မယုံကြည်ဝံ့ခဲ့ကြပေ။
ချူဖုန်း လုံးဝ မထိခိုက်ခဲ့ပါချေ။ သူက ဇော့ချိုထျန်းချင်၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့သည်။
ဇော့ချိုထျန်းချင်၏ အဆင့်ကိုး အင်မော်တယ် နည်းစနစ်ကို ချူဖုန်း ရင်ဆိုင်နိုင်ခဲ့သည်မှာ သူ၏ ကျင့်ကြံမှု မြင့်မားလာခဲ့၍ ဖြစ်သည်။ သူက အဆင့်နှစ် မဟာဦးသျှောင်တစ်ဦး မဟုတ်တော့ဘဲ အဆင့်သုံး မဟာဦးသျှောင်တစ်ဦး ဖြစ်နေခဲ့ချေပြီ။
သူ၏ ကျင့်ကြံမှုကို မြင့်မားစေခဲ့သည်မှာ သူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုပင်။
လူးလွန့်နေသော လျှပ်စီးက သူ့ခန္ဓာကိုယ်တွင် စုစည်းနေခဲ့ပြီး သူ့ကို လွှမ်းခြုံထားသည့် ချပ်ဝတ်ကို ဖြစ်ပေါ်စေခဲ့သည်။
၎င်းကား လျှပ်စီးချပ်ဝတ်ပင်။
“အဲဒီချာတိတ်က လျှပ်စီးချပ်ဝတ်ရဲ့ စွမ်းအားကို တကယ် ဖွင့်လှစ်နိုင်ခဲ့တာလား”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ပင် မယုံနိုင်မှုကို ခံစားခဲ့ရသည်။
ဇော့ချိုထျန်းချင်လည်း မဟာဦးသျှောင်နယ်ပယ်သို့ မရောက်ရှိမီ လျှပ်စီးအမှတ်အသားနှင့် လျှပ်စီးချပ်ဝတ် နှစ်ခုစလုံးကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း သူ ကောင်းစွာ သိနေသည်။
သို့သော် မဟာဦးသျှောင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဇော့ချိုထျန်းချင်၏ မျိုးဆက်သွေး စွမ်းအားများအားလုံး နောက်တစ်ကြိမ် ပိတ်ပင်ခံခဲ့ရသည်။
သူ၏ လျှပ်စီးအမှတ်အသားကို ဇော့ချိုထျန်းချင် ဖွင့်လှစ်နိုင်ခဲ့သည်မှာ အလွန့်အလွန် အံ့ဩဖွယ်ရာ ဖြစ်နေခဲ့ပြီးချေပြီ။
သို့တိုင် ချူဖုန်းက လျှပ်စီးအမှတ်အသားနှင့် လျှပ်စီးချပ်ဝတ် နှစ်ခုစလုံးကို အမှန်တကယ် ဖွင့်လှစ်နိုင်ခဲ့သည်လော။ ဤသည်မှာ မတွေးတတ်အောင် နက်နဲလွန်းလှသည်။
ချူဖုန်း၏ အစစ်အမှန် ကျင့်ကြံမှုမှာ မဟာဦးသျှောင် အဆင့်တစ်သာ ဖြစ်ကြောင်း သိရှိထားသင့်ပေသည်။
မြင့်မြတ်အလင်း ကြယ်စု၏ အထက် ကြယ်တာရာမြေများတွင် မျိုးဆက်သွေး စွမ်းအားနှစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည့် စွမ်းအားကောင်းသူများ ရှိနေသည့်တိုင် သူတို့အားလုံးမှာ နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ကျင့်ကြံလာခဲ့ပြီး သူတို့ကို ကူညီရန် ရတနာများ သို့မဟုတ် ဆေးလုံးများကို အသုံးပြုခဲ့သူများ ဖြစ်ကြသည်။
၎င်းမှာ မဟာဦးသျှောင်နယ်ပယ်သို့ သူတို့ ရောက်ရောက်ချင်း မျိုးဆက်သွေး စွမ်းအားနှစ်ခုကို တစ်စုံတစ်ဦး ဖွင့်လှစ်ခြင်းကို ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် မျက်မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ပင်။
ထို့ပြင် သူ့ကို ကူညီရန် မည်သည့်ရတနာ သို့မဟုတ် မည်သည့်ဆေးလုံးကိုမျှ ချူဖုန်း အသုံးပြုမထားခဲ့ကြောင်း ထင်ရှားပေသည်။
သူက ပြင်ပအကူအညီ တစ်ခုခုကို အားမကိုးခဲ့ဘဲ မျိုးဆက်သွေး စွမ်းအားနှစ်ခုကို သူ၏ ကိုယ်ပိုင် အစွမ်းသတ္တိဖြင့် ဖွင့်လှစ်ခဲ့သည်။
ဤသည်မှာ အမှန်ပင် မကြားစဖူး၊ မကြုံစဖူး ဖြစ်ခဲ့သည်။
ရုတ်တရက် ဒေါသအော်သံတစ်ခုကို ကြားလိုက်ကြရသည်။
“လူယုတ်မာ … အဲဒီစွမ်းအားကို ငါ ပိုင်ဆိုင်ခဲ့ရမှာ … အဲဒါ ငါ့ဟာပဲ”
“မင်းက ငါ ပိုင်ဆိုင်ခဲ့ရမယ့် စွမ်းအားကို လုယူခဲ့တယ် … မင်းကို ငါ တစ်စစီလုပ်ပစ်မယ် … မင်း သေချာပေါက် အသေဆိုးနဲ့ သေစေရမယ်”
ဇော့ချိုထျန်းချင် ဖြစ်၏။
ချူဖုန်း၏ ခန္ဓာကိုယ်ရှိ လျှပ်စီးချပ်ဝတ်ကို မြင်လျှင် သူ့ဒေါသ နောက်တစ်ကြိမ် မိုးထိုးသွားခဲ့သည်။ သူက ဒေါသဖြင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့သည်။
ချူဖုန်းကြောင့်သာ မဟုတ်ခဲ့လျှင် ရောက်ရှိလာခဲ့သည့် နတ်လျှပ်စီး ကပ်ဘေးမှာ သူ့အပိုင် ဖြစ်ခဲ့မည်ဟု သူ ခံစားမိခဲ့သည်။ ကျင့်ကြံမှုတွင် အဆင့်တက်၍ လျှပ်စီးချပ်ဝတ်၏ စွမ်းအားကို ဖွင့်လှစ်ခဲ့သူမှာ သူ ဖြစ်ခဲ့သင့်ပေသည်။
သို့တိုင် ချူဖုန်းက ၎င်းတို့အားလုံးကို သူ့ထံမှ လုယူခဲ့သည်။
မည်သည့်အရာကိုမျှ သူ လုံးဝ မပိုင်ဆိုင်ခဲ့သည်မှာ ချူဖုန်းကြောင့်ပင်။
ချူဖုန်းထံ ဒေါသတကြီး အော်ပြောရင်း သူက လွတ်ကျထားသည့် အကြမ်းထည် ဦးသျှောင် စစ်လက်နက်ကို သူ့လက်တွင်းသို့ ပြန်လည်ဆွဲယူခဲ့သည်။
သူက ချူဖုန်းကို သိုင်းကွက်တစ်ခုဖြင့် တိုက်ခိုက်ရန် ကြံရွယ်ထားခဲ့သည်။
“ဖတ် …”
သို့သော် သူ၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက်ကို မြှောက်ပြီးသည်နှင့် သူ မတိုက်ခိုက်နိုင်မီ၌ပင် လက်တစ်ဖက်က သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ ဟန့်တားလိုက်သည်။
ထိုခဏ၌ သတ်ဖြတ်လိုသည့် အသိဖြင့် ပြည့်လျှမ်းနေခဲ့သူ ဇော့ချိုထျန်းချင် ရုတ်တရက် မှင်တက်မိသွားခဲ့သည်။
၎င်းမှာ ချူဖုန်းပင်။ သူက ဇော့ချိုထျန်းချင်ရှေ့သို့ ရောက်ရှိလာခဲ့သည့်အပြင် ဇော့ချိုထျန်းချင်၏ တိုက်ခိုက်မှုကိုလည်း ဟန့်တားခဲ့သည်။
အရေးအကြီးဆုံးမှာ ဇော့ချိုထျန်းချင်၏ လက်ကောက်ဝတ်ကို ချူဖုန်း၏ လက် ဖမ်းဆုပ်မိချိန်၌ သူနှင့် ချူဖုန်းအကြားရှိ ကွာဟချက်ကို ဇော့ချိုထျန်းချင် သဘောပေါက်လိုက်ခြင်း ဖြစ်သည်။
“အခု ကျုပ်အလှည့်ပဲ”
ထိုစကားများကို ပြောပြီးနောက် ချူဖုန်းက သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ဇော့ချိုထျန်းချင်၏ လက်ကောက်ဝတ် ဖျောက်ခနဲ ကျိုးသွားခဲ့သည်။
ဒဏ်ရာမှာ သူ၏ ရုပ်ခန္ဓာကိုယ်အတွက် ဒဏ်ရာတစ်ခု ဖြစ်သည့်အပြင် သူ့ဝိညာဉ်အတွက်လည်း ဒဏ်ရာတစ်ခု ဖြစ်ခဲ့သည်။
ဇော့ချိုထျန်းချင်မှာ တစ်သက်လုံး အလိုလိုက်ခံခဲ့ရသည်။ ထိုကဲ့သို့သော ညှဉ်းပန်းမှုမျိုးကို သူ မည်သည့်အချိန်က ကြုံတွေ့ဖူးခဲ့သနည်း။
သို့ဖြစ်၍ သူ့လက်ကောက်ဝတ် အချိုးခံရပြီးပြီးချင်း သူက နာကျင်မှုဖြင့် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်လာသည်။
သို့သော် သူ အော်ဟစ်ပြီးသည်နှင့် ချူဖုန်း၏ တိုက်ခိုက်မှု ထပ်မံ၍ ရောက်ရှိလာခဲ့သည်။ ချူဖုန်းက သူ့ခြေထောက်ကို မြှောက်ကာ ဇော့ချိုထျန်းချင်၏ ခြေထောက်ကို ကန်ချိုးလိုက်သည်။
ဇော့ချိုထျန်းချင်မှာ မြေပြင်သို့ လဲကျကာ ဆိုးရွားသော နာကျင်မှုဖြင့် လူးလှိမ့်လာသည်။ သူက တိုက်ခိုက်နိုင်စွမ်းအားလုံးကို ဆုံးရှုံးခဲ့ကြောင်း ထင်ရှားပေသည်။
ဇော့ချိုထျန်းချင်၏ တိုက်ပွဲဝင်စွမ်းအား အလွန့်အလွန် အားကောင်းသည်ဟု လူတိုင်း တွေးထင်ထားခဲ့ကြသည်။
သူက ချူဖုန်းကို ပြန်တိုက်ရန်ပင် လုံးဝ စွမ်းအားမဲ့နေလိမ့်မည်ဟု သူတို့ မည်သည့်အခါကမျှ မတွေးမိခဲ့ကြပါချေ။
သို့သော် ချူဖုန်းမှာ ရပ်တန့်မည့် အရိပ်အယောင်ကို မပြသခဲ့ပေ။
သူက ဇော့ချိုထျန်းချင်ကို ဆက်လက်၍ တိုက်ခိုက်နေခဲ့သည်။ တိုက်ခိုက်မှုတိုင်းနှင့်အတူ သူ့အရိုးများ ပိုမိုကျိုးကြေခဲ့ကြောင်း ဇော့ချိုထျန်းချင် တွေ့ရှိခဲ့ရသည်။
ဇော့ချိုထျန်းချင်အတွက် ဤသည်မှာ ကျိန်းသေပေါက် ညှဉ်းပန်းမှုပင်။
ချူဖုန်း ပြုလုပ်ခဲ့သမျှကို ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး စောင့်ကြည့်နေခဲ့ကြသည်။
ထို့ကြောင့် ထိုဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး အလွန့်အလွန် စိတ်ထိခိုက်ခဲ့ကြသည်။
သို့သော် စိတ်အထိခိုက်ဆုံးနှင့် စိတ်ဓာတ်အကျဆုံး အရာတွင် မည်သူတစ်ဦးမျှ ဇော့ချိုထျန်းချင်၏ ဖခင်၊ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်နှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ပါချေ။
***