“အကြီးအကဲဟန်ရွှင်၊ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို ဖွင့်ဖို့ ဖြစ်နိုင်မလား”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က မေးလိုက်သည်။
သူ ပြောလိုက်စဉ် တစ်ဦးတစ်ယောက်အနေဖြင့် သူ၏ အံကြိတ်သံကိုပင် ကြားနိုင်ပေသည်။
သူ၏ စိတ်ရှည်မှု ကုန်ဆုံးသွားခဲ့သည်။ သူက ချူဖုန်းကို ကိုယ်တိုင်ကိုယ်ကျ သွားသတ်လိုခဲ့သည်။
ကံမကောင်းစွာဖြင့် ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်မှာ စွမ်းအားကောင်းလွန်းလှသည်။ အတွင်းဘက်သို့ သူ တိုးဝင်ရန် မဖြစ်နိုင်ပါချေ။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို အသက်သွင်းပြီးတာနဲ့ သူ့စွမ်းအား အလိုလို ပျောက်ကွယ်သွားတာကိုပဲ စောင့်ရတယ် … အဲဒါကို ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး”
“ဒါပေမဲ့ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်က ကျုပ်တို့ကိုပဲ တားနိုင်တာပါ … တကယ်လို့ ကျုပ်တို့တွေ ဒါကို သုံးမယ်ဆိုရင် အသက်တစ်ရာအတွင်း မျိုးဆက်သစ်တွေ ဝင်နိုင်လိမ့်မယ်”
ပြောရင်းမှ ဇော့ချိုဟန်ရွှင်က တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ထိုတံဆိပ်ပြားကို ကျောက်သားဖြင့် ပြုလုပ်ထားခဲ့သည်။
ထိုကျောက်တံဆိပ်ပြားက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်နှင့် တစ်ထပ်တည်း တူညီသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
တံဆိပ်ပြားနှင့် ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တို့မှာ တစ်သားတည်း ဖြစ်သည့်နှယ် ရှိခဲ့သည်။
တံဆိပ်ပြားကို ထုတ်ယူပြီးနောက် ဇော့ချိုဟန်ရွှင်က ဇော့ချိုတောက်ယိထံ လှမ်းကြည့်လိုက်သည်။
ဇော့ချိုတောက်ယိ၏ ပါရမီမှာ ဇော့ချိုထျန်းချင်ထက် နိမ့်ကျသော်လည်း သူက အပြည့်အဝ ထိုက်တန်သော ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ဆဲပင်။
သူက မျိုးဆက်သစ်တစ်ဦး ဖြစ်နေသေးသည့်အပြင် မဟာဦးသျှောင် အဆင့်သုံး ကျင့်ကြံမှုကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ဇော့ချိုထျန်းချင်ကို ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အများစု ကယ်တင်နိုင်စွမ်း မရှိမည့် ဤအခြေအနေတွင် ဇော့ချိုတောက်ယိမှာ သူ့ကို ကယ်တင်နိုင်စွမ်းရှိသည့် တစ်ဦးတည်းသော သင့်လျော်သူ ဖြစ်လာခဲ့သည်။
“တောက်ယိ၊ မင်း ယုံကြည်မှုရှိလား”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ဇော့ချိုတောက်ယိကို မေးလိုက်သည်။
“အဖေ၊ ကျေးဇူးပြုပြီး စိတ်ချပါ … ကျုပ် ဝင်ပြီးတာနဲ့ ချူဖုန်းကို အသက်ရှင်လျက် ထွက်သွားဖို့ လုံးဝ ခွင့်မပြုပါဘူး”
ပြောရင်းမှ ဇော့ချိုတောက်ယိက တံဆိပ်ပြားကို လှမ်းယူလိုက်လေသည်။
“သူ့ကို အရှင်ခေါ်လာခဲ့ … သူ သေချင်စိတ်ပေါက်အောင် ငါ လုပ်ပြမယ်”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။
“အဖေ့ဆန္ဒအတိုင်းပါ”
ဇော့ချိုတောက်ယိက တုံ့ပြန်လိုက်၏။
ထို့နောက် သူက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ဝင်ရောက်ရန် အသင့်ရှိခဲ့သည်။
သို့သော် သူ မဝင်ရောက်နိုင်မီ ဇော့ချိုဟန်ရွှင်က သူ့ကို ဟန့်တားလိုက်သည်။
သူ့လက်တွင်း၌ စကြဝဠာအိတ်တစ်ခုကို ကိုင်ထားခဲ့သည်။
“သခင်လေးတောက်ယိ၊ ကျေးဇူးပြုပြီး ဒါကို မင်းနဲ့အတူ လိုရမည်ရ ယူသွားလိုက်ပါ”
ဇော့ချိုဟန်ရွှင်က ပြောလိုက်သည်။
“အဟက် …”
စကြဝဠာအိတ်ကို မြင်တွေ့ပြီးနောက် ဇော့ချိုတောက်ယိက ရုတ်တရက် ရယ်မောလိုက်၏။
သူက ထိုစကြဝဠာအိတ်ကို မှတ်မိခဲ့ပြီး အတွင်း၌ မည်သည့်အရာ ရှိသည်ကို သိနေသည်။
မူလတွင် ၎င်းကို ဇော့ချိုထျန်းချင်အတွက် ပြင်ဆင်ထားခဲ့သည်။
စကြဝဠာအိတ်တွင်းရှိ အရာမှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို ကြံ့ကြံ့ခံရန် ဇော့ချိုထျန်းချင်ကို မကူညီနိုင်ပါချေ။
သို့သော် ၎င်းက အစီအရင်အတွင်း၌ သူ၏ တိုက်ပွဲဝင်စွမ်းအား မြင့်မားလာစေရန် သူ့ကို ကူညီနိုင်စွမ်း ရှိခဲ့သည်။
ကံမကောင်းသည်မှာ သူက ကမ္ဘာ့စိတ်ဝိညာဉ် နည်းစနစ်များကို အသုံးပြုနိုင်မည် မဟုတ်သည့် ချူဖုန်းနှင့် တိုက်ခိုက်ရမည့်အတွက် ၎င်းကို သူနှင့်အတူ ယူဆောင်သွားပြီး အသုံးပြုရန် မလိုအပ်ဟု ဇော့ချိုထျန်းချင် ယူဆခဲ့ခြင်း ဖြစ်သည်။
သူက ချူဖုန်းကို ကိုယ်ပိုင်ခွန်အားဖြင့် အနိုင်ယူနိုင်လိမ့်မည်ဟု ဇော့ချိုတောက်ယိ ယုံကြည်မှုရှိခဲ့သည်။
သို့ဖြစ်၍ ၎င်းကို အသုံးပြုရန် သူ ပိုမို၍ပင် ဆန္ဒမရှိခဲ့ပေ။
ဇော့ချိုတောက်ယိ၏ ခွန်အားကို ဇော့ချိုဟန်ရွှင် ကောင်းစွာ သိထားခဲ့သည်။
ထို့ကြောင့် စကြဝဠာအိတ်ကို သူ့အား ဇော့ချိုဟန်ရွှင် ပေးအပ်ချိန်တွင် သူ အရှက်ခွဲခံရသည်ဟု ဇော့ချိုတောက်ယိ ခံစားမိခဲ့သည်။
“အကြီးအကဲဟန်ရွှင်၊ ကျုပ်ညီတောင် အဲဒါကို မလိုအပ်ဘူးလို့ ပြောခဲ့တယ် … ဒါနဲ့တောင် ခင်ဗျားက ကျုပ်ကို ယူသွားစေချင်တာလား”
“အဲဒီချူဖုန်းကို ကျုပ် မယှဉ်နိုင်ဘူးလို့ ခင်ဗျား ထင်နေတာ ဖြစ်နိုင်မလား”
ဇော့ချိုတောက်ယိက မေးလိုက်သည်။
“သခင်လေးတောက်ယိ၊ ဒီအဘိုးကြီးက အဲဒီလို လုံးဝ မရည်ရွယ်ပါဘူး”
“အဲဒါ ဘေးကင်းရေး အစီအမံသက်သက်ပါ”
“ပြီးတော့ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်က အချိန်မရွေး ပြိုကွဲသွားနိုင်တယ်”
“အဲဒါကို မင်း မသုံးရင် နောက်ထပ် အခွင့်အရေးရှိမှာ မဟုတ်ဘူး … အဲဒီလိုဆိုရင် လုံးဝ အချည်းနှီးဖြစ်သွားမယ် မဟုတ်ဘူးလား”
ထိုစကားများကို ကြားရချိန်တွင် ဇော့ချိုတောက်ယိ ပိုမို၍ပင် မကျေမနပ် ဖြစ်လာခဲ့သည်။
သူ တွေးနေမိခဲ့သည်။
‘အဲဒါကို ယူသွားဖို့ ကျုပ်ညီ ငြင်းခဲ့တုန်းက ခင်ဗျား ဘာတစ်ခုမှ မပြောခဲ့ပေမဲ့ ကျုပ် ငြင်းတော့မှ ခင်ဗျားမှာ အကြောင်းပြချက်တွေ အများကြီး ရှိနေတယ်’
‘ခင်ဗျားက ကျုပ်ကို အထင်သေးနေတာ မထင်ရှားဘူးလား’
ဇော့ချိုတောက်ယိနှင့် ဇော့ချိုထျန်းချင်တို့ အကြားရှိ ဆက်ဆံရေး အတော် ကောင်းမွန်ခဲ့သော်လည်း လူများတွင် မရေရာသော အချိန်များ ရှိတတ်စမြဲ ဖြစ်သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုမှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို အသက်သွင်းနိုင်ရန် များစွာသော ဘဏ္ဍာရေး အရင်းအမြစ်များနှင့် မရေမတွက်နိုုင်သော ရတနာများကို သုံးစွဲခဲ့သည်။ သူတို့က ဇော့ချိုတောက်ယိဟူသည့် သူ့အတွက် ထိုကဲ့သို့ ပြုလုပ်ခဲ့ကြခြင်း မဟုတ်ပါချေ။ ထိုအစား သူ့ညီ ဇော့ချိုထျန်းချင်အတွက် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
အမှန်အားဖြင့် အနာဂတ် မျိုးနွယ်စုခေါင်းဆောင်မှာ သူ မဟုတ်ဘဲ သူ့ညီ ဖြစ်မည့်အကြောင်း ဇော့ချိုတောက်ယိ ကောင်းစွာ သိနေသည်။
သို့သော် မူလအစတွင် ကိစ္စများက ထိုကဲ့သို့ မဟုတ်ခဲ့ပေ။
ပထမတွင် ဇော့ချိုတောက်ယိမှာ လူကြားမှ လူ့ဘီလူးတစ်ကောင် ဖြစ်ခဲ့သည်။
သူက သူတို့ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ မျှော်လင့်ချက် ဖြစ်ခဲ့သည်။
သူက အနာဂတ် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်အဖြစ် သူ့ဖခင်ကို ဆက်ခံမည့်သူ ဖြစ်ခဲ့သည်။
သို့သော် သူ့ညီ ဇော့ချိုထျန်းချင် ကြီးပြင်းလာသည်နှင့်အမျှ၊ သူ့ပါရမီကို လောကထံ ပြသလာသည်နှင့်အမျှ အရာအားလုံး စတင် ပြောင်းလဲခဲ့သည်။
အထူးသဖြင့် နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်ကို ဇော့ချိုထျန်းချင် သင်ယူခဲ့ပြီးနောက်တွင် ဖြစ်၏။ အရာအားလုံး အလုံးစုံ ပြောင်းလဲသွားခဲ့သည်။
သူ့တွင် သူ့ညီထက် သာလွန်သော ကျင့်ကြံမှုတစ်ခု ရှိနေသေးသည့်တိုင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များက သူ့ကို သူတို့မျိုးနွယ်စု၏ အသန်မာဆုံး ပါရမီရှင်အဖြစ် မရှုမြင်ကြတော့ပေ။ အသန်မာဆုံး ပါရမီရှင်ဟူသည့် ဂုဏ်ပုဒ်မှာ သူ့ညီ ဇော့ချိုထျန်းချင်ထံ ရွှေ့ပြောင်းသွားခဲ့သည်။
အဖြစ်မှန်ကို သူ လက်ခံခဲ့သည်ဟု ထင်မြင်ရသည့်တိုင် တကယ်တမ်းတွင် သူ့စိတ်တွင်း၌ ကြီးမားသော မကျေနပ်မှုကို ခံစားနေခဲ့ရသည်။
ထို့ကြောင့် သူက ကျင့်ကြံရာတွင် အထူးကြိုးစားခဲ့သည်။ သို့မှသာ သူ့ညီ၏ ကျော်တက်ခြင်း မခံရဘဲ ရှိပေလိမ့်မည်။
သူက သူကိုယ်တိုင်အတွက် တိုက်ပွဲဝင်နေခဲ့သည်။
သူက ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အသန်မာဆုံး ပါရမီရှင် ဖြစ်နေသေးကြောင်း သူ၏ အောင်မြင်မှုများဖြင့် သက်သေပြနေခဲ့သည်။
သို့ဖြစ်၍ ထိုပစ္စည်းကို အသုံးပြုလျှင် သိက္ခာကျသည်ဟု သူ့ညီ ယူဆခဲ့သောကြောင့် သူလည်း အလားတူ ယူဆမိမည်မှာ သဘာဝကျပေသည်။
“ယူသွားလိုက်ပါ … အဲဒါကို မင်း မသုံးရရင် အကောင်းဆုံးဖြစ်လိမ့်မယ်”
ထိုအခိုက်အတန့်၌ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ရုတ်တရက် ပြောလာသည်။
ထိုစကားများကို ကြားကြားချင်း ဇော့ချိုတောက်ယိ ကြက်သေသေသွားခဲ့သည်။ သူ အလွန် အခက်တွေ့နေခဲ့သည်။
သူ့စိတ်တွင်း၌ အဆုံးမရှိသော မလိုလားမှုကို ခံစားနေရသည့်တိုင် သူ့ဖခင်ကို သူ မဆန့်ကျင်ဝံ့ခဲ့ပေ။
“ဟုတ်ကဲ့ပါ၊ အဖေ”
အဆုံးတွင်မူ သူက စကြဝဠာအိတ်ကို လက်ခံလိုက်ပြီး အင်္ကျီရင်ဘတ်အတွင်းသို့ ထည့်လိုက်သည်။
ထို့နောက် ဇော့ချိုတောက်ယိမှာ သူ့လက်တွင်းရှိ ကျောက်တံဆိပ်ပြားနှင့်အတူ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ရှေ့သို့ ရောက်ရှိလာသည်။
၎င်းကို ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ပေါ် တင်လိုက်ပြီးနောက် ကျောက်တံဆိပ်ပြား ပျောက်ကွယ်သွားခဲ့သည်။ ဇော့ချိုတောက်ယိလည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။
ဇော့ချိုတောက်ယိ ပြန်ပေါ်လာချိန်တွင် သူက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အတွင်း၌ ရှိနေခဲ့ချေပြီ။
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်သို့ ဝင်ရောက်ပြီးနောက် သူ့ညီကို ချူဖုန်း ညှဉ်းပန်းနေခဲ့ကြောင်း သူ အနီးကပ် မြင်တွေ့လိုက်ရသည်။
သူ့ညီ ခံစားနေခဲ့ရသည့် ညှဉ်းပန်းမှုကို မြင်တွေ့ရခြင်းကြောင့် သူ စိတ်ထိခိုက်မိခဲ့စဉ် အနည်းငယ် လန်းဆန်းမှုကိုလည်း ဇော့ချိုတောက်ယိ ခံစားမိခဲ့သည်။
သို့သော် သူ့အနေဖြင့် ကြာမြင့်စွာ အချိန်မဆွဲနိုင်ကြောင်း သူ သိနေသည်။
နောက်ဆုံးတွင် သူ့ကို သူ့ဖခင် စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလော။
သို့ဖြစ်၍ ဇော့ချိုတောက်ယိက ပြောလိုက်သည်။
“ချူဖုန်း၊ အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်ပါ … အဲဒီလိုလုပ်ရင် မင်းကို ခဏလောက် အရှင်ထားဖို့ ငါ စဉ်းစားပေးမယ်”
ချူဖုန်းမှာ ဇော့ချိုထျန်းချင်ကို ညှဉ်းပန်းရာတွင် အပြည့်အဝ ဈာန်ဝင်နေခဲ့သည်။ ရလဒ်အနေဖြင့် ၎င်း၏ အသံကို ကြားရပြီးမှသာ ဇော့ချိုတောက်ယိ ဝင်လာခဲ့ကြောင်း သူ သဘောပေါက်ခဲ့သည်။
“နောက်တစ်ယောက်လား”
“ခင်ဗျားတို့နှစ်ယောက်က ဘေးဒုက္ခတွေကို အတူတူ ရင်ဆိုင်ဖို့ ဆန္ဒရှိတဲ့ တကယ့် ညီအစ်ကိုတွေပဲ”
ချူဖုန်းက ရယ်မောလိုက်သည်။
ထိုစကားများကို ကြားလျှင် ဇော့ချိုတောက်ယိ မျက်ခုံးကျုံ့သွားခဲ့သည်။
‘ငါ့ကို မသိတဲ့ မင်းလိုလူကတောင် ငါ့ကို ငါ့ညီနဲ့ အတူတူပဲလို့ ထင်နေတာလား’
သူ့စိတ်တွင်းရှိ ဤအတွေးနှင့်အတူ ဇော့ချိုတောက်ယိ၏ နှလုံးသားတွင် ဒေါသပြင်းထန်လာသည်။
“ဝှစ် …”
ရုတ်တရက် ဇော့ချိုတောက်ယိ လှုပ်ရှားလိုက်၏။
သူက အပိုစကားများဖြင့် အချိန်မဖြုန်းခဲ့သလို သူ၏ သိုင်းစွမ်းအားကိုလည်း မထုတ်လွှတ်ခဲ့ပေ။
အခြေခံအကျဆုံး နည်းလမ်းကို အသုံးပြုလျက် သူက ချူဖုန်းထံ ပြေးဝင်သွားခဲ့သည်။
သူ၏ အမြန်နှုန်း အလွန်တရာ မြန်ဆန်ခဲ့ပြီး သူက ချူဖုန်းရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။
သူ့လက်ဖဝါးကို ဓားတစ်လက်သဖွယ် ထားရှိမှုနှင့်အတူ သူက လေထုကို ထိုးခွဲကာ ချူဖုန်း၏ စွမ်းအင်ဗဟိုချက်ထံ ထိုးသွင်းလိုက်သည်။
ချူဖုန်းကို အရှင်ထားရန် သူ့ဖခင် မှာခဲ့သော်လည်း ချူဖုန်း အသက်ရှင်သည်ဆိုရုံမျှ ရှင်နေသရွေ့ အဆင်ပြေလိမ့်မည်ဟု သူ ခံစားမိခဲ့သည်။ ချူဖုန်း၏ ကျင့်ကြံမှုကို အကောင်းပကတိ ထားရှိရန် မလိုအပ်ပါချေ။
အရေးအကြီးဆုံးမှာ ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးထံ သူ့ကိုယ်သူ သက်သေပြရန် သူ ဆုံးဖြတ်ထားခဲ့ခြင်းပင်။
သူက တူညီသော ကျင့်ကြံမှုအောက်တွင် သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ သူ့ညီထက် သာလွန်ကြောင်း သူတို့ထံ ပြသလိုခဲ့သည်။
သူ၏ တိုက်ခိုက်မှုရလဒ်မှာ သူ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ သူက ချူဖုန်း၏ စွမ်းအင်ဗဟိုချက်ကို အောင်အောင်မြင်မြင် ထိုးနှက်ခဲ့သည်။
သို့သော် နောက်ဆုံး၌ ချူဖုန်း၏ စွမ်းအင်ဗဟိုချက်ကို သူ့လက်ဖဝါး ထိမှန်ချိန်တွင် သူ ရုတ်တရက် ကြက်သေသေသွားခဲ့သည်။
သူ့လက်ဖဝါး ထိုးသွင်းချက်ကြောင့် ချူဖုန်း၏ အဝတ်အစားများပင် မပျက်စီးခဲ့ပါချေ။ ထိုအစား သူ့လက်ချောင်းများသာ ဆိုးဆိုးရွားရွား ပုံပျက်၍ ကျိုးကြေခဲ့သည်။
သူ့လက်မှာ သံမဏိပြားကို ထိုးနှက်မိသည့်နှယ် ရှိခဲ့သည်။
ထိုးသွင်းချက်ထံမှ သက်ရောက်မှုက သူ့လက်ချောင်းများကို အလုံးစုံ ပျက်စီးစေခဲ့လေသည်။
***