“မင်း”
ဇော့ချိုတောက်ယိမှာ ခေါင်းမော့ကာ ချူဖုန်းထံ လှမ်းကြည့်လိုက်မိသည်။
အံ့ဩတုန်လှုပ်မှုက သူ့မျက်နှာကို ဖြည့်ဆည်းထားခဲ့သည်။
ချူဖုန်း၏ ခွန်အားကို အစီအရင် အပြင်ဘက်မှ သူ မြင်တွေ့ခဲ့ရသည့်တိုင် ၎င်းကို သူကိုယ်တိုင် ကြုံတွေ့ရချိန်တွင် များစွာ မယုံကြည်နိုင်ဖွယ် ဖြစ်သည်ဟု သူ ခံစားမိခဲ့ဆဲပင်။
“ခင်ဗျား ဘာလုပ်နေတာလဲ … ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်နေတာလား”
ချူဖုန်းက ရွှင်ပျသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“မင်းက တကယ်ကို ထောင်လွှားတာပဲ”
“ငါက အဆင့်သုံး မဟာဦးသျှောင်တစ်ယောက်ပဲလို့ မင်း တကယ် ထင်နေတာလား”
ဇော့ချိုတောက်ယိ ပြောလိုက်စဉ် သူ့နဖူးထက်တွင် လျှပ်စီးအမှတ်အသား ပေါ်လာသည်။
၎င်းက ကောင်းကင်အဆင့် လျှပ်စီး အမှတ်အသားတစ်ခုသာ ဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ခဲ့ဆဲ ဖြစ်သည်။
ဇော့ချိုတောက်ယိ၏ ကျင့်ကြံမှု မဟာဦးသျှောင် အဆင့်လေးသို့ မြင့်မားလာသည်နှင့် သူက သူ့လက်ကို ရုတ်ခြည်း ဝှေ့ယမ်းကာ ချူဖုန်း၏ လည်ပင်းတည့်တည့်သို့ ခုတ်ပိုင်းလိုက်သည်။
သူက ချူဖုန်း၏ လည်ပင်းကို သူ့လက်ဖြင့် ခုတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့သည်။
“ချွမ်း …”
သို့သော် သူ့လက် ပြေးထွက်သွားပြီးနောက် သတ္တုတိုးတိုက်သံကို ကြားလိုက်ကြရသည်။
သူ၏ တိုက်ခိုက်မှုရလဒ်ကို သူတို့ မြင်တွေ့မိချိန်တွင် လူအုပ်၏ အမူအရာများ နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။
“ဒီလူ”
တိမ်များအထက်တွင် ထိုင်နေသည့် နဂါးမျိုးနွယ်စုမှ မိန်းကလေးပင် ရုတ်တရက် ထရပ်မိခဲ့သည်။
မယုံနိုင်မှုက သူမမျက်လုံးများကို ဖြည့်ဆည်းထားခဲ့သည်။
သူမနောက်တွင် ရပ်နေခဲ့သည့် နဂါးမျိုးနွယ်စုမှ အဘိုးအို၏ မျက်နှာထက်တွင် အလားတူ အမူအရာ ရှိနေခဲ့သည်။
သူ အံ့ဩလွန်း၍ သူ့ပါးစပ် အနည်းငယ် ပွင့်ဟနေခဲ့လေသည်။
“မင်း .. မင်း .. မင်းက ဘယ်လိုဘီလူးမျိုးလဲ”
ဇော့ချိုတောက်ယိ ခြေလှမ်းများစွာ နောက်ဆုတ်မိခဲ့သည်။ သူ့ရှေ့မှောက်ရှိ မြင်ကွင်းကို သူ မယုံကြည်ဝံ့ခဲ့ပေ။
သူ့လက်မှာ ပြီးခဲ့ချိန်တွင် ချူဖုန်း၏ စွမ်းအင်ဗဟိုချက်ထံ ထိုးသွင်းခဲ့သည့် သူ၏ လက်ဝါးချက်နည်းတူ ချူဖုန်း၏ လည်ပင်းကို အောင်မြင်စွာ ထိမှန်ခဲ့သည်။
သို့တိုင် ချူဖုန်း၏ လည်ပင်းမှာ သူ၏ စွမ်းအင်ဗဟိုချက်နည်းတူ လုံးဝ မထိခိုက်ခဲ့ပါချေ။
ထိုအစား ဇော့ချိုတောက်ယိ၏ လက်မောင်းသာ ထက်ပိုင်းကျိုးသွားခဲ့သည်။
အကြောင်းမူ ချူဖုန်း၏ ကျင့်ကြံမှု အမှန်တကယ် ထပ်မံ မြင့်မားလာခဲ့၍ ဖြစ်သည်။
ချူဖုန်း၏ လက်ရှိ ကျင့်ကြံမှုမှာ မဟာဦးသျှောင် အဆင့်သုံး မဟုတ်တော့ပေ။ ထိုအစား မဟာဦးသျှောင် အဆင့်လေးသို့ မြင့်မားလာခဲ့သည်။
သူ့ခန္ဓာကိုယ်တွင် မီးလျှံခိုးလေးမျိုး လူးလွန့်နေကြသည်။
သူ၏ ကျင့်ကြံမှုကို ထပ်မံ မြင့်မားလာစေခဲ့သည်မှာ ထိုမီးလျှံခိုးလေးခုပင်။
သို့သော် ၎င်းမှာ ကောင်းကင် မျိုးဆက်သွေးတစ်ခု မဟုတ်ကြောင်း လူတိုင်း ပြောနိုင်ကြပေသည်။
ထိုအစား ၎င်းက နတ်စွမ်းအား ဖြစ်နေခဲ့သည်။
“ဒီချူဖုန်းက ဘယ်သူများလဲ”
“သူက ကောင်းကင် မျိုးဆက်သွေး ပိုင်ရှင်တစ်ယောက် မဟုတ်ဘူးလား … သူ့မှာ ဘယ်လိုလုပ်ပြီး နတ်စွမ်းအားပါ ရှိနေနိုင်တာလဲ”
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင် အများအပြားမှာ ချူဖုန်းကို ကြောက်ရွံ့လာကြသည်။
ချူဖုန်းကြောင့် ထရပ်နိုင်စွမ်းပင် မရှိသည်အထိ ပြင်းပြင်းထန်ထန် ညှဉ်းပန်းခံခဲ့ရသူ ဇော့ချိုထျန်းချင်ပင် သူ့မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာတစ်ခု ရှိနေခဲ့သည်။
ကောင်းကင် မျိုးဆက်သွေးများနှင့် နတ်စွမ်းအားများမှာ မတူညီသော စွမ်းအားနှစ်မျိုး ဖြစ်ကြောင်း အများအသိပင်။
ကောင်းကင် မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားသူများမှာ နတ်စွမ်းအားကို ပိုင်ဆိုင်ထားနိုင်မည် မဟုတ်ပါချေ။
အပြန်အလှန်အားဖြင့်လည်း မှန်ကန်ပေသည်။
သို့တိုင် နတ်ပြစ်ဒဏ် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားခဲ့သည့် လူငယ်က နတ်စွမ်းအားတစ်ခုကို သူတို့၏ မျက်စိရှေ့တွင် အမှန်တကယ် ထုတ်ဖော်ခဲ့သည်။
သူ့ခန္ဓာကိုယ်တွင် မတူညီသော မီးလျှံခိုးလေးမျိုး လူးလွန့်နေသည့်အပြင် အထက်ကောင်းကင်လည်း မတူညီသော သားရဲလေးကောင်ထံမှ ဟိန်းဟောက်သံများကို မသဲမကွဲ ကြားနိုင်သည့် ရွှေရောင်တိမ်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။
ထူးခြားသော လက္ခဏာ။ ၎င်းကား ထူးခြားသော လက္ခဏာတစ်ခုကို ဖြစ်ပေါ်စေနိုင်သည့် နတ်စွမ်းအားတစ်ခုပင်။
“ကျုပ် ဘာကြောင့် ထောင်လွှားသလဲ ခင်ဗျား အခု သိပြီလား”
ချူဖုန်းက ဇော့ချိုတောက်ယိထံ လှမ်းပြောလိုက်သည်။ လှောင်ပြောင်မှုက သူ့အသံကို ဖြည့်ဆည်းထားခဲ့သည်။
“မင်း …”
ဇော့ချိုတောက်ယိ အံကြိတ်လိုက်မိသည်။ ချူဖုန်းကို သူ မချေပနိုင်ခဲ့ပေ။
သူ ရှုံးနိမ့်ခဲ့သည်။ လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့သည်။ တူညီသော ကျင့်ကြံမှုအောက်တွင် သူ၏ တိုက်ပွဲဝင်စွမ်းအားနှင့် ချူဖုန်း၏ တိုက်ပွဲဝင်စွမ်းအားတို့ အကြားရှိ ကွာဟချက်မှာ ကြီးမားခဲ့သည်။
သူ၏ ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးခဲ့လျှင် ချူဖုန်းကို သူ မယှဉ်နိုင်ဘဲ ရှိပေလိမ့်မည်။
သို့သော် ဇော့ချိုတောက်ယိမှာ အရှုံးဝန်ခံလိမ့်မည် မဟုတ်ပါချေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် ဝှက်ဖဲတစ်ချပ် ရှိနေခဲ့ဆဲပင်။
၎င်းကို ထုတ်ဖော်ရန် သူ မလိုလားသည့်တိုင် ထိုဝှက်ဖဲမှာ သူ့အတွက် အခြေအနေကို ပြောင်းလဲရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာခဲ့သည်။
“အခုမှ ပွဲအစပဲ ရှိသေးတယ်”
ဇော့ချိုတောက်ယိက သူ့လက်ကို သူ၏ စကြဝဠာအိတ်ထံ ရွေ့လျားလိုက်ပြီး ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ကျောက်တုံးမှ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို ဖန်တီးထားသည့် ကျောက်တုံးများနှင့် တူညီသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေခဲ့သည်။ သို့သော် ၎င်းတို့မှာ မတူညီကြပါချေ။
ကျောက်တုံးက မှေးမှိန်သော အလင်းနှင့် ဆေးနံ့တို့ကို ထုတ်လွှတ်နေခဲ့သည်။
ဇော့ချိုတောက်ယိက ကျောက်တုံးကို သူ့ပါးစပ်တွင်းသို့ ချက်ချင်း ထည့်လိုက်သည်။
“ဝီး …”
သူ့ခန္ဓာကိုယ်သို့ ကျောက်တုံး ဝင်ရောက်သွားသည်နှင့် ဇော့ချိုတောက်ယိ၏ ခန္ဓာကိုယ်မှ အလင်းထွက်လာသည်။
အလင်း၏ အရှိန်အဝါမှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်၏ အရှိန်အဝါနှင့် အမှန်တကယ် တစ်ထပ်တည်း တူညီခဲ့သည်။
ထို့နောက် ဇော့ချိုတောက်ယိ တိုက်ခိုက်လိုက်ပြန်သည်။
သူက လက်သီးချက်တစ်ချက်ကို အရှိန်ပြင်းစွာ ထိုးထုတ်ခဲ့သည်။ ထိုလက်သီးချက်က ချူဖုန်းမျက်နှာထံ ဦးတည်ခဲ့သည်။
လက်သီးချက်တွင်လည်း ထူးခြားသော နည်းစနစ်တစ်ခုခု မပါဝင်ခဲ့ဘဲ သိုင်းကွက်တစ်ခု သို့မဟုတ် အင်မော်တယ် နည်းစနစ်တစ်ခု မဟုတ်သည့်တိုင် ၎င်း၏ အမြန်နှုန်းနှင့် စွမ်းအားတို့မှာ သူ၏ ယခင် တိုက်ခိုက်မှုနှင့် နှိုင်းစာလျှင် များစွာ မြင့်မားလာခဲ့သည်။
ဇော့ချိုတောက်ယိ၏ လက်သီးချက်ရှိ ပြောင်းလဲမှုကို ချူဖုန်း သဘောပေါက်ခဲ့သည်။ သူပင် သတိမထားဘဲ မနေဝံ့ခဲ့ပေ။
သို့သော် ချူဖုန်းလည်း မကြောက်ရွံ့ခဲ့ပါချေ။ သူက ဝင်လာနေသည့် လက်သီးချက်ကို သူ၏ လက်သီးချက်ဖြင့် ရင်ဆိုင်ခဲ့သည်။
ချူဖုန်း၏ လက်သီးချက်မှာ ဇော့ချိုတောက်ယိ၏ မျက်နှာထံ ဦးမတည်ခဲ့ပေ။ ၎င်းက သူ၏ စွမ်းအင်ဗဟိုချက်ထံလည်း ဦးမတည်ခဲ့ပါချေ။
ထိုအစား ချူဖုန်း၏ လက်သီးက ဇော့ချိုတောက်ယိ၏ ဝင်လာနေသည့် လက်သီးထံ ပြေးဝင်သွားခဲ့သည်။
“ငါနဲ့ ထိပ်တိုက်တွေ့တယ်ပေါ့”
“မင်းဆန္ဒအတိုင်းပဲ”
ချူဖုန်း၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည့် ဇော့ချိုတောက်ယိမှာ ပိုမို၍ပင် တက်ကြွလာသည်။
“ဘုန်း …”
နောက်ဆုံး၌ လက်သီးနှစ်ခု တိုးတိုက်ခဲ့သည်။
တိုးတိုက်မှုကြောင့် ကြီးမားသော အင်အားတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ဇော့ချိုတောက်ယိမှာ သက်ရောက်မှုကို တောင့်မခံနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးမှ ဟန်ချက်ထိန်းနိုင်ခဲ့သည်။
ဟန်ချက်ထိန်းပြီးနောက် ပျော်ရွှင်သော အမူအရာတစ်ခုကို ဇော့ချိုတောက်ယိ လှစ်ဟလိုက်မိသည်။
သူတို့၏ လက်သီးများ၏ သက်ရောက်မှုကြောင့် သူတစ်ဦးတည်း နောက်ဆုတ်ခဲ့ရခြင်း မဟုတ်ကြောင်း အဖြေထွက်လာသည်။
ချူဖုန်းပင် သက်ရောက်မှုကြောင့် နောက်ဆုတ်ခဲ့ရသည်။
ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး အလွန့်အလွန် တက်ကြွသွားကြသည်။
ဤသည်မှာ ဇော့ချိုတောက်ယိ၏ ခွန်အားက ချူဖုန်းနှင့် တန်းတူရှိခဲ့သည့် အဓိပ္ပာယ်ပင်။
ဤတိုက်ပွဲအတွက် မျှော်လင့်ချက် ရှိနေပေသေးသည်။
ရလဒ် အဖြေမထွက်သေးပါချေ။
“ချွင် …”
ရုတ်တရက် အလင်းတန်းတစ်ခု ဖြတ်သန်းသွား၏။ ဇော့ချိုတောက်ယိလက်တွင်း၌ ဓားရှည်တစ်လက် ပေါ်လာသည်။
၎င်းမှာ အကြမ်းထည် ဦးသျှောင် စစ်လက်နက်တစ်ခုပင်။
ဤသည်ကို မြင်လျှင် ချူဖုန်းလည်း သူ၏ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး အကြမ်းထည် ဦးသျှောင် စစ်လက်နက်တစ်ခုကို လှစ်ဟလိုက်သည်။
“သူက ဓားရေးမှာ ယှဉ်ပြိုင်ဖို့ တကယ် စိတ်ကူးနေတာလား”
“ဒီချူဖုန်းရဲ့ တိုက်ပွဲဝင်စွမ်းအား ကြီးမားပေမဲ့ သခင်လေးတောက်ယိနဲ့ ဓားရေးမှာ ယှဉ်ပြိုင်ချင်ရင်တော့ သူ့အစွမ်းတွေကို ပိုတွက်နေတာ ဖြစ်လိမ့်မယ်”
ချူဖုန်းလည်း ဓားရှည်တစ်လက်ကို ထုတ်ယူခဲ့ကြောင်း မြင်တွေ့ရလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင် အများအပြားမှာ ချူဖုန်းထံ ပျော်ရွှင်မှုဖြင့် လှောင်ပြောင်လာကြသည်။
ချူဖုန်း ထောင်ချောက်မိခဲ့သည့်နှယ် ဖြစ်ပေသည်။
အကြောင်းမူ ဓားများကို ဇော့ချိုတောက်ယိ နှစ်သက်ကြောင်း သူတို့ သိနေကြ၍ပင်။
သူ့တစ်သက်တာလုံး လက်နက်အဆင့်အားလုံးတွင် သူက ဓားများကို သူ့လက်နက်အဖြစ် ရွေးချယ်ခဲ့သည်။
အခြားလက်နက်များ အရည်အသွေး ပိုမြင့်လျှင်ပင် သူက ၎င်းတို့ကို ငြင်းပယ်ခဲ့သည်။
ဓားများကို နှစ်သက်မှုကြောင့် သူက ဓားနည်းစနစ်များကို အသေးစိတ် လေ့လာခဲ့ပြီး ဓားပညာ၏ အထွတ်အထိပ် အဆင့်တစ်ခုကို ရရှိခဲ့သည်။
သိုင်းကွက်တစ်ခုခု သို့မဟုတ် အင်မော်တယ် နည်းစနစ်တစ်ခုခုကို သူ အသုံးမပြုခဲ့လျှင်ပင် သူ၏ ဓားပညာမှာ ပြီးပြည့်စုံသော အဆင့်တစ်ခုတွင် ရှိနေခဲ့ပြီးချေပြီ။
ချူဖုန်းမှာ ကန်ချက်များနှင့် လက်သီးချက်များတွင် ဇော့ချိုတောက်ယိနှင့် သရေယူနိုင်ခဲ့သော်လည်း ဓားပညာတွင် ဇော့ချိုတောက်ယိနှင့် ယှဉ်ပြိုင်ခြင်းဖြင့် သူ၏ အရှက်ကွဲမှုကို တောင်းခံမိရုံသာ ရှိလိမ့်မည်ဟု သူတို့ ခံစားမိခဲ့ကြသည်။
“ဝှစ် ဝှစ် ဝှစ် …”
ထိုခဏ၌ ချူဖုန်းနှင့် ဇော့ချိုတောက်ယိတို့မှာ သူတို့၏ တိုက်ခိုက်မှုများကို တစ်ချိန်တည်း ထုတ်လွှတ်ကာ တိုက်ပွဲတွင် တိုးတိုက်ခဲ့ကြသည်။
သူတို့ နေရာမပြောင်းခဲ့သည့်တိုင် ပိုမိုအားနည်းသော ကျင့်ကြံမှုနှင့် လူများမှာ သူတို့ကို မမြင်နိုင်ကြတော့ပေ။
မရေမတွက်နိုင်သော ဓားရိပ်များက သူတို့၏ တိုက်ပွဲရပ်ဝန်းကို ဖုံးလွှမ်းထားခဲ့သည်။
သို့သော် တိုက်ပွဲမှာ မကြာမြင့်ခဲ့ပါချေ။ မကြာမီ ဓားရိပ်များဖြင့် ပြည့်နှက်နေခဲ့သည့် စစ်တလင်းမှ လူရိပ်တစ်ခု လွင့်ထွက်လာသည်။
ဇော့ချိုတောက်ယိ ဖြစ်၏။
သူတို့ လှမ်းကြည့်မိချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များမှာ သူတို့၏ မျက်လုံးများကို မယုံကြည်ဝံ့ခဲ့ကြပေ။
ဇော့ချိုတောက်ယိ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် အမှန်တကယ် အတိပြီးနေခဲ့သည်။
သူ၏ လက်မောင်းတစ်ဖက်လည်း ဖြတ်တောက်ခံခဲ့ရသည်။
ချူဖုန်းထံ လှမ်းကြည့်မိလျှင် သူ လုံးဝ ဒဏ်ရာမရခဲ့ကြောင်း သူတို့ တွေ့ရှိလိုက်ကြရသည်။
“သခင်လေးတောက်ယိက ဓားတိုက်ပွဲတစ်ခုမှာ တကယ် ရှုံးခဲ့တာလား”
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ အတော် ဂနာမငြိမ် ဖြစ်လာကြသည်။
နောက်ဆုံးတွင် ဓားပညာမှာ ဇော့ချိုတောက်ယိ၏ ကျွမ်းကျင်မှုပင် မဟုတ်ပါလော။
သူ မရင်းနှီးသည့် အရာတစ်ခုတွင် သူ ရှုံးနိမ့်ခဲ့လျှင် တစ်ချက်ဖြစ်ပေလိမ့်မည်။
သို့သော် သူ အကျွမ်းကျင်ဆုံး အရာတွင် ရှုံးနိမ့်ခဲ့ခြင်းက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို စိတ်ဓာတ်ကျစေခဲ့သည်မှာ ဧကန်မုချပင်။
“ဒါကို အဆုံးသတ်ဖို့ အချိန်ကျပြီ”
ဇော့ချိုတောက်ယိက ပြောလိုက်သည်။ သူ့စကားများက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို အံ့ဩစေခဲ့သည်။
သူ ပြောပြီးနောက် ဇော့ချိုတောက်ယိ၏ ခန္ဓာကိုယ်မှ အနက်ရောင်လျှပ်စီး ပြေးထွက်လာသည်။
ထို့နောက် အနက်ရောင်လျှပ်စီးက သူ့လက်တွင်းရှိ အကြမ်းထည် ဦးသျှောင် စစ်လက်နက်နှင့် ပေါင်းစပ်သွားခဲ့သည်။
အနက်ရောင်လျှပ်စီးဖြင့် လွှမ်းခြုံခံရပြီးနောက် အကြမ်းထည် ဦးသျှောင် စစ်လက်နက်မှာ ပိုမို၍ပင် ကြောက်စရာကောင်းလာသည်။
အနက်ရောင်လျှပ်စီးကို သူ မြင်တွေ့မိပြီးနောက် ချူဖုန်း၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
အကယ်၍ သူ၏ ခန့်မှန်းမှု မှန်ကန်ခဲ့လျှင် ၎င်းမှာ ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုပင်။
အခြေအနေ ပြောင်းလဲမှုကို မြင်တွေ့ရပြီးနောက် ချူဖုန်းလည်း သူ၏ တိုက်ခိုက်မှုကို ထုတ်လွှတ်ခဲ့သည်။
“ဂျိန်း …”
ချူဖုန်းအပေါ်ဘက်ရှိ ကောင်းကင်တွင် တိမ်မည်းများစွာ ပေါ်လာစဉ် ထစ်ချုန်းသံ မြည်ဟည်းသွားခဲ့သည်။
တိမ်မည်းများတွင် သွေးနီရောင်လျှပ်စီး ရှိနေခဲ့သည်။
လျှပ်စီးတိမ်များ၏ မြင်ကွင်းမှာ ဇော့ချိုတောက်ယိ၏ အနက်ရောင်လျှပ်စီး ပေါင်းစပ်ထားသော ဓားရှည်ထက် များစွာ ပိုမို၍ ကြောက်စရာကောင်းသည်ဟု ထင်မြင်ရလေသည်။
“ချူဖုန်း ရူးသွားပြီလား”
သို့သော် ချူဖုန်း၏ သိုင်းကွက်ကို မြင်တွေ့မိချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး တွေဝေသွားကြသည်။
ဇော့ချိုတောက်ယိ အသုံးပြုထားခဲ့သည့် အနက်ရောင်လျှပ်စီးမှာ မည်သို့သော အစွမ်းသတ္တိမျိုး ဖြစ်ကြောင်း သူတို့အားလုံး ကောင်းစွာ သိနေကြသည်။
မှန်ပေသည်။ ၎င်းမှာ ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်သည်။ ၎င်းက အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုသာ ဖြစ်သော်လည်း အလွန် ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ဆဲပင်။
ချူဖုန်း အသုံးပြုထားခဲ့သည့် သိုင်းကွက်အတွက်မူ ၎င်းက ပိုမို၍ပင် ကြောက်စရာကောင်းသည်ဟု ထင်မြင်ရသည့်တိုင် အင်အားအရာတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေခဲ့သည်။
ချူဖုန်း အသုံးပြုထားခဲ့သည့် သိုင်းကွက်မှာ အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်ကြောင်း သူတို့ ပြောနိုင်ကြပေသည်။
ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုဖြင့် တိုက်ခိုက်ခြင်း။
၎င်းမှာ သိုင်းအင်မော်တယ်တစ်ဦးက မဟာဦးသျှောင်တစ်ဦးကို တိုက်ခိုက်ခြင်းနှင့် တူညီခဲ့သည်။
၎င်းတို့မှာ လုံးဝ မတူညီသော အဆင့်နှစ်ခုပင်။ တစ်ဦးတစ်ယောက်အနေဖြင့် မိမိထက် တစ်ဆင့်မြင့်သူတစ်ဦးကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
အကယ်၍ ဤသည်မှာ ရူးနှမ်းသော လုပ်ရပ်တစ်ခု မဟုတ်ခဲ့လျှင် အခြားမည်သည့်အရာ ဖြစ်နိုင်မည်နည်း။
“ချူဖုန်း၊ ဒါ ဘာအဓိပ္ပာယ်လဲ”
“မင်းက သေဖို့ ကြိုးစားနေတာလား ဒါမှမဟုတ် ငါ့ကို အထင်သေးနေတာလား”
ကျန်ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များနှင့် နှိုင်းစာလျှင် ဇော့ချိုတောက်ယိ၏ အမူအရာမှာ ပိုမို၍ပင် ရုပ်ဆိုးနေခဲ့သည်။
ချူဖုန်း၏ လုပ်ရပ်မှာ အရှက်ခွဲသော လုပ်ရပ်ကြီးတစ်ခု ဖြစ်သည်ဟု သူ ခံစားမိခဲ့သည်။
“အထင်မလွဲပါနဲ့ … ကျုပ်က ခင်ဗျားကို အထင်သေးနေတာ မဟုတ်ဘူး”
“ကျုပ်ရဲ့ အင်မော်တယ်တားမြစ် သိုင်းကွက်က ခင်ဗျားရဲ့ အဲဒီ ဦးသျှောင်တားမြစ် သိုင်းကွက်ကို ရင်ဆိုင်ဖို့ လုံလောက်တယ်လို့ ကျုပ် ခံစားမိရုံပါ”
ချူဖုန်းက ပြောလိုက်လေသည်။
***