ချူဖုန်း၏ စကားများကို ကြားလျှင် ဇော့ချိုတောက်ယိ၏ အမူအရာ ပိုမို၍ပင် ရှုံ့မဲ့လာခဲ့သည်။
သူ့တစ်ဘဝလုံးတွင် သူ သည်းမခံနိုင်ဆုံး အရာမှာ အခြားသူများ၏ အထင်သေးမှုကို ခံရခြင်းပင်။
ယနေ့ ချူဖုန်းက သူ့ကို အဆုံးစွန်သော အတိုင်းအတာအထိ အထင်သေးခဲ့သည်။
သူ့တစ်သက်တာလုံးတွင် လူတိုင်းက သူ့ကို ပါရမီရှင်တစ်ဦးဟု ခေါ်ဝေါ်ခဲ့ကြသည်။
ချူဖုန်းထံမှကဲ့သို့ များစွာ အထင်သေးမှုကို သူ လုံးဝ မခံစားဖူးခဲ့ပါချေ။
“ကောင်းတယ် … သိပ်ကောင်းတယ် … မင်း ဒီလောက် ထောင်လွှားမှတော့ ငါ့ရဲ့ ဦးသျှောင်တားမြစ်၊ မဟူရာလျှပ်စီး တွယ်ကပ်ခြင်းရဲ့ အင်အားကို ခံစားခိုင်းလိုက်မယ်”
ဇော့ချိုတောက်ယိက သူ့ဓားကို ချူဖုန်းထံ ချိန်ရွယ်လိုက်သည်။
“ဝီး …”
အနက်ရောင်လျှပ်စီးက ဓားအတိုင်း နဂါးတစ်ကောင်သဖွယ် ထိုးတက်ကာ ချူဖုန်းထံ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။
လျှပ်စီးမှာ အလွန့်အလွန် ပြင်းထန်ခဲ့သည်။ ငရဲမှ ဖြစ်သည့်နှယ်ပင်။
သို့သော် ချူဖုန်းထံ အနက်ရောင်လျှပ်စီး မချဉ်းကပ်နိုင်မီ၌ပင် မရေမတွက်နိုင်သော သွေးနီရောင် လျှပ်စီးကြောင်းများက အပေါ်ဘက်ရှိ တိမ်များထံမှ ကျဆင်းလာသည်။
သွေးနီရောင်လျှပ်စီး၏ အင်အားမှာ အနက်ရောင်လျှပ်စီးကဲ့သို့ အားမကောင်းသော်လည်း တကယ်တမ်းတွင် ၎င်း၏ စွမ်းအားက အဆပေါင်းများစွာ ပိုမို၍ ကြောက်စရာကောင်းခဲ့သည်။
သွေးနီရောင်လျှပ်စီးက ဇော့ချိုတောက်ယိ၏ အနက်ရောင်လျှပ်စီးကို တားဆီးခဲ့သည့်အပြင် ဇော့ချိုတောက်ယိထံပင် ထပ်တလဲလဲ ရိုက်ခတ်ခဲ့သည်။
ဆက်တိုက် လျှပ်စီးချက်များမှာ လုံးဝ အဆုံးမသတ်ခဲ့ပေ။
ဇော့ချိုတောက်ယိမှာ ဝင်လာနေသည့် လျှပ်စီးကို မနားတမ်း ရှောင်တိမ်းနေခဲ့ရသည်။
အခြေအနေအရ သွေးနီရောင်လျှပ်စီးမှာ အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုထံမှ ဖြစ်သည့်တိုင် အလွန့်အလွန် အားကောင်းကြောင်း သူ သဘောပေါက်ခဲ့သည်။ အကယ်၍ သူသာ ထိမှန်ခံခဲ့ရလျှင် သေဆုံးခြင်း မဟုတ်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
ဝင်လာနေသည့် လျှပ်စီးချက်များကို အစွမ်းကုန် ရှောင်တိမ်းနေခဲ့စဉ် ဇော့ချိုတောက်ယိ၏ လက်ရှိ အသွင်အပြင်မှာ ဝမ်းနည်းဖွယ်ကောင်းနေခဲ့သည်။
ဤမြင်ကွင်းကို ဇော့ချိုကောင်းကင် မျိုးနွယ်စုမှ လူအားလုံး မြင်တွေ့ခဲ့ပြီး သူတို့ အလွန့်အလွန် စိတ်ထိခိုက်ခဲ့ကြသည်။
သူတို့ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ လက်ရှိ အသန်မာဆုံး မျိုးဆက်သစ်၊ ဇော့ချိုတောက်ယိမှာ အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုကိုသာ အသုံးပြုထားသည့် သူ့ပြိုင်ဘက်ကြောင့် သူ၏ ဦးသျှောင်တားမြစ် သိုင်းကွက် တားဆီးခံခဲ့ရသည့်အပြင် သူလည်း ထိုအင်မော်တယ်တားမြစ် သိုင်းကွက်၏ အဆက်မပြတ် ခြိမ်းခြောက်မှုအောက်တွင် အသက်လုကာ ထွက်ပြေးနေခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤမြင်ကွင်းကို အခြားမည်သူမျှ မမြင်တွေ့ခဲ့ပေ။ သို့မဟုတ်လျှင် ၎င်းက အလုံးစုံ အရှက်ရစေပေလိမ့်မည်။
သူတို့အတွက် ကံမကောင်းသည်မှာ ဤမြင်ကွင်းကို အပြင်လူများ အမှန်တကယ် မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
သူတို့ကား တိမ်များအထက်တွင် ရပ်နေသည့် နဂါးမျိုးနွယ်စု၏ မိန်းကလေးနှင့် အဘိုးအိုတို့ပင်။
“အဲဒီလူရဲ့ နာမည်က ချူဖုန်းနော်၊ ဟုတ်တယ် မဟုတ်လား”
“ဘယ်လောက် စွမ်းအားကောင်းတဲ့ လူတစ်ယောက်လဲ”
“တူညီတဲ့ ကျင့်ကြံမှုအောက်မှာ ကျွန်မတောင် သူ့ကို မယှဉ်နိုင်ဘဲ ရှိကောင်းရှိလိမ့်မယ်”
ထိုမိန်းကလေးက ပြောလိုက်သည်။
“မင်းတို့မျိုးဆက်ရဲ့ လူတစ်ယောက်ကို မင်း အဲဒီလို အကဲဖြတ်တာ ကျုပ် ပထမဆုံး မြင်ဖူးတာပဲ”
အဘိုးအိုက ပြောလိုက်လေသည်။
“ကျွန်မက အမြဲတမ်း မျှမျှတတ အကဲဖြတ်ခဲ့တာပါ”
မိန်းကလေးက ပြောလိုက်၏။
“ဟုတ်လား”
အဘိုးအို ပြုံးလိုက်မိသည်။
ဤမိန်းကလေးအကြောင်း သူ ကောင်းစွာ သိနေသည်။
သူမက သူမတို့မျိုးဆက်၏ လူတိုင်းအပေါ် အထင်သေးခဲ့သူတစ်ဦး ဖြစ်သည်။
“အဲဒီလောက် စွမ်းအားကောင်းတဲ့ လူတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး ကျွန်မ အရင်က မကြားဖူးခဲ့တာလဲ … သူက တခြား ကြယ်စုတစ်ခုကများ ဖြစ်နေမလား”
မိန်းကလေးက တွေးရခက်ဟန်ဖြင့် မေးလိုက်သည်။
“မဖြစ်နိုင်ဘူး … တကယ်လို့ သူသာ တခြားကြယ်စုရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေရင် ကျုပ်တို့ရဲ့ မြင့်မြတ်အလင်း ကြယ်စုမှာ သူ့မျိုးနွယ်စုရဲ့ သိုင်းထိပ်သီးတွေက သူ့ကို သေချာပေါက် ကာကွယ်ပေးလိမ့်မယ်”
“လက်ရှိ အခြေအနေတွေအရ အကဲဖြတ်ရင် သူ့ကို ကာကွယ်ထားပုံ မရဘူး”
“သူ လျှပ်စီးလမ်းညွှန်တစ်ယောက် လုပ်ခဲ့ရတာတောင် သူ့ကို ကာကွယ်ဖို့ ဘယ်သူမှ ထွက်မလာခဲ့ဘူး”
“ကိစ္စအားလုံးက နတ်လျှပ်စီးကပ်ဘေးကို သူ ရင်ဆိုင်နိုင်ခဲ့လို့ပဲ … တကယ်လို့ သူသာ အဲဒါကို တောင့်မခံနိုင်ခဲ့ရင် အဲဒီမှာ သေခဲ့ပြီးလောက်ပြီ”
အဘိုးအိုက ပြောလိုက်သည်။
“အဘိုးပု၊ ရှင်ပြောသလိုဆို ဒီချူဖုန်းက မြင့်မြတ်အလင်း ကြယ်စုမှာ ရှိနေတဲ့ မထင်မရှား မျိုးနွယ်စုတစ်ခုက လာခဲ့တဲ့ အဓိပ္ပာယ် ဖြစ်မနေဘူးလား”
မိန်းကလေးက မေးလိုက်သည်။
“အဲဒီလို ဖြစ်ဖို့များတယ်”
အဘိုးအိုက ပြောလိုက်၏။
“အဲဒါ မကောင်းဘူး … သူက ဇော့ချိုကောင်းကင် မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေကို သူ့ရဲ့ လက်ရှိခွန်အားနဲ့ အနိုင်ယူနိုင်ရင်တောင် ဇော့ချိုကောင်းကင် မျိုးနွယ်စုတစ်ခုလုံးကို ရင်ဆိုင်နိုင်ဦးမှာ မဟုတ်ဘူး”
“ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ရဲ့ စွမ်းအား ပျောက်ကွယ်သွားတာနဲ့ သူ သေနေ့စေ့ပြီ မဟုတ်ဘူးလား”
မိန်းကလေးက ပြောလိုက်သည်။
“အဲဒီချာတိတ် ယုံကြည်မှုရှိပုံကို ကြည့်လိုက်”
“သူ သေဖို့ စိတ်ပိုင်းဖြတ်ထားတာ မဟုတ်ရင် သူ့မှာ လာမယ့် အခြေအနေကို ကိုင်တွယ်ဖို့ နည်းလမ်းရှိတယ်”
“ဒါပေမဲ့ သူ ဘာလုပ်မလဲ ကျုပ်တို့ အသေအချာ စောင့်ကြည့်ရလိမ့်မယ်”
ပြောရင်းမှ နဂါးမျိုးနွယ်စုမှ အဘိုးအို၏ အကြည့်မှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်အပေါ် စူးစိုက်သွားခဲ့သည်။
အကြောင်းမူ ချူဖုန်းနှင့် ဇော့ချိုတောက်ယိတို့ အကြားရှိ တိုက်ပွဲက ရှေ့ဆက်နေခဲ့၍ ဖြစ်သည်။
“ဝှစ် …”
ရုတ်တရက် ဇော့ချိုတောက်ယိ ရပ်တန့်သွားခဲ့သည်။
ထို့နောက် သူက သူ့ဓားကို ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။
သူ့ဓားမှ မီးခိုးရောင် အလင်းတန်းတစ်ခု ပြေးထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
မီးခိုးရောင် အလင်းတန်းက ဝင်လာနေသည့် သွေးနီရောင် လျှပ်စီးကြောင်းများကို တားဆီးခဲ့သည့်အပြင် တိမ်များအတွင်းသို့လည်း ထိုးဖောက်ကာ ၎င်းတို့ကို လွင့်ပြယ်စေခဲ့သည်။
ကောင်းကင်ကို ဖုံးလွှမ်းထားသည့် လျှပ်စီးတိမ်များကို လွင့်ပြယ်စေပြီးနောက် ဇော့ချိုတောက်ယိက သူ့ဓားကို ပြန်ဆွဲယူလိုက်သည်။
သို့သော် သူ့ဓားက တောက်ပသည့်တိုင် ထူးဆန်းသော မီးခိုးရောင် အလင်းတစ်ခုကို ထုတ်လွှတ်နေခဲ့ဆဲ ဖြစ်သည်။
စောစောပိုင်းက အနက်ရောင် လျှပ်စီးနည်းတူ စွမ်းအားတစ်မျိုးက သူ့ဓားတွင် တွယ်ကပ်နေခဲ့သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ မီးခိုးရောင်အလင်းက အနက်ရောင်လျှပ်စီးထက် ပိုမိုအားကောင်းကြောင်း ထင်ရှားနေခဲ့ခြင်းပင်။
အနက်ရောင် လျှပ်စီးနည်းတူ မီးခိုးရောင်အလင်းလည်း ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်နေခဲ့သည်။
၎င်းက အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်နေခဲ့ရုံသာ ရှိပေသည်။
“သေစမ်း”
ရုတ်တရက် ဇော့ချိုတောက်ယိက ထပ်မံ၍ တိုက်ခိုက်လိုက်၏။ သူက သူ့ဓားကို ချူဖုန်းထံ ထိုးသွင်းခဲ့သည်။
သွေးနီရောင် လျှပ်စီးတိမ်များကို ဖျက်ဆီးခဲ့သည့် မီးခိုးရောင် အလင်းတန်းက ချူဖုန်းထံ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့သည်။
မီးခိုးရောင် အလင်းတန်းက ဇော့ချိုတောက်ယိ၏ ဓားရှည်ထံမှ လုံးဝ ခွဲထွက်ခဲ့ခြင်းသာ ကွာခြားပေသည်။ ထိုသို့ဖြင့် ၎င်း၏ အင်အား ပိုမို၍ပင် ကြမ်းကြုတ်လာသည်။
စောစောပိုင်းက လျှပ်စီးတိမ်များကို လွင့်ပြယ်စေခဲ့သည့် အလင်းတန်းမှာ သာမန်ကာလျှံကာ တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့လျှင် ဤအလင်းတန်းမှာမူ စွမ်းအားအပြည့် တိုက်ခိုက်မှုတစ်ခုပင်။
သို့သော် ဝင်လာနေသည့် မီးခိုးရောင် အလင်းတန်းနှင့် ရင်ဆိုင်ရလျှင် ချူဖုန်းမှာ ရှောင်တိမ်းရန် စိတ်မကူးခဲ့ပေ။
ထိုအစား သူက ဟစ်ကြွေးလိုက်၏။
“ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်”
ထို့နောက် ချူဖုန်းက သူ့လက်ဖဝါးကို သူ့ရင်ဘတ်သို့ ဆွဲကပ်ပြီးမှ အရှိန်ပြင်းစွာ ရိုက်ထုတ်လိုက်သည်။
“ဝုန်း ..”
ချူဖုန်းရှေ့တွင် ပေသုံးသောင်းကျော် မြင့်မားသော အလင်းလက်ကြီးတစ်ဖက် ပေါ်လာပြီး ဇော့ချိုတောက်ယိ၏ ဦးသျှောင်တားမြစ် သိုင်းကွက်ထံ ပြေးဝင်သွားခဲ့သည်။
“အုန်း …”
ဦးသျှောင်တားမြစ် သိုင်းကွက်နှစ်ခု တိုးတိုက်သွားပြီး ဖျက်ဆီးနိုင်သော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။
အလင်းလက်ကြီးရော မီးခိုးရောင် အလင်းတန်းပါ တစ်ခုနှင့်တစ်ခု နှိမ်နင်းနိုင်စွမ်း မရှိခဲ့ကြပေ။
သိုင်းကွက်နှစ်ခု တိုးတိုက်ခဲ့စဉ် ၎င်းတို့က အပြန်အလှန် ချေဖျက်ခဲ့ကြသည်။
သို့သော် ဤရလဒ်ကို လက်ခံရန် ခက်ခဲကြောင်း ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ တွေ့ရှိခဲ့ကြရသည်။
ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု၏ အဆင့်ကို ၎င်း၏ အရောင်ဖြင့် ဆုံးဖြတ်နိုင်သည့်အပြင် ၎င်းတို့ ထုတ်လွှတ်သည့် အင်အားမှတစ်ဆင့်လည်း ဆုံးဖြတ်နိုင်ပေသည်။
စောစောပိုင်းက ဇော့ချိုတောက်ယိ အသုံးပြုခဲ့သည့် အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကို ဦးသျှောင်တားမြစ်၊ မဟူရာလျှပ်စီး တွယ်ကပ်ခြင်းဟု အမည်ပေးထားခဲ့သည်။
၎င်းမှာ အလွန် ထူးခြားသော ဦးသျှောင်တားမြစ် သိုင်းကွက်တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် လျှပ်စီးမှာ အနက်ရောင်ရှိခဲ့သည်။
သို့သော် ပုံမှန်အခြေအနေများတွင် အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုမှာ များသောအားဖြင့် အဖြူရောင်ရှိပေသည်။
စောစောပိုင်းက ချူဖုန်း အသုံးပြုခဲ့သည့် ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်မှာ အဖြူရောင်ရှိခဲ့သည်။
ထိုအချက်ကြောင့် ချူဖုန်း၏ ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်ကို အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုဟု လူတိုင်းနီးပါး ဆုံးဖြတ်မိခဲ့ကြသည်။
သို့သော် ဇော့ချိုတောက်ယိ အသုံးပြုခဲ့သည့် မီးခိုးရောင် အလင်းတန်းမှာ အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်သည်။
ဤသည်မှာ ချူဖုန်းက ဇော့ချိုတောက်ယိ၏ အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကို အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုဖြင့် ရင်ဆိုင်ခဲ့သည့်အပြင် ဇော့ချိုတောက်ယိ၏ အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကိုလည်း အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုဖြင့် ရင်ဆိုင်ခဲ့သည်ဟု အဓိပ္ပာယ်ရပေသည်။
အဆင့်တစ်မှာ အဆင့်တစ် ဖြစ်ပြီး အဆင့်နှစ်မှာ အဆင့်နှစ် ဖြစ်ပေလိမ့်မည်။ ၎င်းတို့က လုံးဝ မတူညီသော အဆင့်နှစ်ခု ဖြစ်ပြီး ၎င်းတို့၏ အင်အားများအကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေခဲ့သည်။
အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုက အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို တားဆီးရန် မဖြစ်နိုင်လောက်ပါချေ။
သို့တိုင် ချူဖုန်းက ဤမဖြစ်နိုင်သော စွမ်းဆောင်မှုကို စွမ်းဆောင်ခဲ့သည်။
ဤကဲ့သို့ ချူဖုန်း ပြုလုပ်နိုင်ခဲ့သည်မှာ သူ့တွင် အလွန့်အလွန် အားကောင်းသော တိုက်ပွဲဝင်စွမ်းအား ပိုင်ဆိုင်ထားခဲ့၍ ဖြစ်ကြောင်း သူတို့အားလုံး သိနေကြသည်။
ထိုခဏ၌ပင် ဇော့ချိုတောက်ယိက တိုက်ခိုက်လိုက်ပြန်သည်။
သူ၏ တိုက်ခိုက်ပုံမှာ စောစောပိုင်းက တိုက်ခိုက်မှုများနှင့် တစ်ထပ်တည်း တူညီခဲ့သည်။
သူက ချူဖုန်းကို သူ့ဓားရှည်၏ ထိုးသွင်းချက်တစ်ခုဖြင့် နောက်ထပ်တစ်ဖန် တိုက်ခိုက်ခဲ့သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သူ့ဓားမှ ပြေးထွက်လာသည့် အရာပင်။ ၎င်းက အနက်ရောင်လျှပ်စီး မဟုတ်သလို မီးခိုးရောင် အလင်းတန်းတစ်ခုလည်း မဟုတ်ခဲ့ပေ။ ထိုအစား ငွေရောင် ဓားအရှိန်အဝါတစ်ခု ဖြစ်နေခဲ့သည်။
ဓားအရှိန်အဝါက လခြမ်းတစ်ခုအသွင် ဆောင်ယူခဲ့ပြီး ပေခြောက်သောင်းကျော် ရှိခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ ဖြစ်သည့်အားလျော်စွာ ထိုတိုက်ကွက်ကို သူတို့ ချက်ချင်း မှတ်မိခဲ့ကြသည်။
၎င်းကား သူတို့၏ အဆင့်သုံး ဦးသျှောင်တားမြစ်၊ လခြမ်းဓားချက်ပင်။
သို့တိုင် အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုနှင့် ရင်ဆိုင်ရလျှင် ချူဖုန်းမှာ ယခင်အတိုင်း တူညီသော လှုပ်ရှားမှုကို အမှန်တကယ် ပြုလုပ်ခဲ့သည်။
သူက သူ့လက်ဖဝါးကို သူ့ရင်ဘတ်ပေါ် ဦးစွာ ထားရှိပြီးနောက် အရှိန်ပြင်းစွာ ရိုက်ထုတ်လိုက်သည်။
ယခင်နည်းတူ သူ ဟစ်ကြွေးလိုက်၏။
ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ ပေသုံးသောင်းကျော်ရှိ အလင်းလက်ကြီးတစ်ဖက် ထပ်ပေါ်လာပြီး ဝင်လာနေသည့် ဦးသျှောင်တားမြစ်၊ လခြမ်းဓားချက်ထံ တည့်တည့်မတ်မတ် ပျံသန်းသွားလေသည်။
နှစ်ခု တိုးတိုက်ခဲ့ပြီး ဖျက်ဆီးနိုင်သော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။
အဆုံးတွင်မူ တိုက်ခိုက်မှုနှစ်ခုစလုံး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။
ရလဒ်မှာ မီးခိုးရောင် အလင်းတန်းနှင့် အလင်းလက်ကြီး တိုးတိုက်မိချိန်နှင့် တူညီခဲ့သည်။
“ဒါက …”
ဤမြင်ကွင်းက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များကို လုံးလုံးလျားလျား အံ့ဩစေခဲ့သည်။ ယခုပင် ဖြစ်ပျက်ခဲ့သည့် အရာကြောင့် သူတို့ ကြက်သေသေနေခဲ့ကြသည်။
ချူဖုန်း၏ တိုက်ခိုက်မှု မပြောင်းလဲခဲ့ပေ။ ၎င်းက အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်နေခဲ့ဆဲပင်။
သို့သော် ဇော့ချိုတောက်ယိ၏ တိုက်ခိုက်မှုမှာ အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်သည်။
ချူဖုန်း၏ အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်က ဇော့ချိုတောက်ယိ၏ အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကို ရင်ဆိုင်နိုင်ခဲ့ချိန်တွင် ၎င်းကို သူတို့ အနည်းငယ် လက်ခံနိုင်စွမ်း ရှိခဲ့ကြပေသေးသည်။
သို့သော် အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုက အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို တားဆီးခဲ့ကြောင်း မျက်မြင်တွေ့ရချိန်တွင် သူတို့၏ အတွေးများ အလုံးစုံ ကသောင်းကနင်း ဖြစ်သွားခဲ့လေသည်။
***