အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုကို အသုံးပြုလျက် ချူဖုန်းက ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို ရင်ဆိုင်ခဲ့သည်။
ထို့နောက် အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို အသုံးပြုလျက် အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို ရင်ဆိုင်ခဲ့သည်။
ထို့နောက်တွင်မူ ထိုအဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကိုပင် အသုံးပြုလျက် သူက အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို အမှန်တကယ် ရင်ဆိုင်ခဲ့သည်။
ဤမြင်ကွင်းက ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံးကို နေရာတွင် မှင်တက်မိလျက် ရပ်နေသည်အထိ အလုံးစုံ အံ့အားသင့်စေခဲ့သည်။
ဦးသျှောင်တားမြစ် သိုင်းကွက်များတွင် အဆင့်တစ်ဆင့် ကွာခြားချက်မှာ ဖြည့်ဆည်းရန် အလွန့်အလွန် ခက်ခဲသည့် စွမ်းအားအရာ ကွာဟချက်တစ်ခု ဖြစ်သည်။
ထို့ကြောင့် တစ်ဦးတစ်ယောက်အနေဖြင့် အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို အသုံးပြု၍ အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို ရင်ဆိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။
ဤသည်မှာ မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။
သို့တိုင် ဤမဖြစ်နိုင်သော ကိစ္စက သူတို့၏ မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး စိတ်ရှုပ်ထွေးနေခဲ့ကြချိန်၌ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ပြောလာသည်။
“ကြည့်ရတာ ချူဖုန်းရဲ့ ဦးသျှောင်တားမြစ် သိုင်းကွက်က ကျုပ်တို့မျိုးနွယ်စုရဲ့ ဦးသျှောင်တားမြစ်၊ မဟူရာလျှပ်စီး တွယ်ကပ်ခြင်းနဲ့ အတော် တူနေပုံပဲ”
“သူ့ရဲ့ ဦးသျှောင်တားမြစ် သိုင်းကွက်က ကျုပ်တို့ရဲ့ ဦးသျှောင်တားမြစ် သိုင်းကွက်ထက် ပိုနက်နဲပြီး သူက အဲဒါရဲ့ အင်အားကို ပိုပြီးတော့တောင် ကောင်းကောင်း ကွယ်ဝှက်ထားခဲ့ရုံပဲ ရှိတယ်”
သူတို့ မျိုးနွယ်စုခေါင်းဆောင်၏ စကားများကို ကြားလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ ရုတ်တရက် တုံ့ပြန်နိုင်သွားကြသည်။
မည်သို့ ဖြစ်ပျက်နေခဲ့ကြောင်း သူတို့ သဘောပေါက်ခဲ့ကြသည်။
ချူဖုန်း၏ ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်မှာ အဖြူရောင် အလင်းတစ်ခုကို ထုတ်လွှတ်နေခဲ့ပြီး အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုဟု ထင်မြင်ရသည့်တိုင် တကယ်တမ်းတွင် အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု မဟုတ်ခဲ့ပေ။
ထိုအစား ၎င်းက အဆင့်နှစ် သို့မဟုတ် အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုပင် ဖြစ်နိုုင်ဖွယ်ရှိခဲ့သည်။
ချူဖုန်း၏ ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ် ထူးခြားနေခဲ့ရုံသာ ရှိပေသည်။ ၎င်းက အရောင်ပြောင်းခဲ့သည့်အပြင် အင်အားလည်း ပြောင်းလဲခဲ့သည်။ ထိုသို့ဖြင့် ၎င်းက အခြားသူများကို စိတ်ရှုပ်ထွေးစေနိုင်ခဲ့သည်။
“တကယ်ကို ယုတ်မာတာပဲ”
မကြာမီ သူတို့ တွေးထင်ထားသည်ကို အဖြစ်မှန်ဟု ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များအားလုံး အတည်ယူခဲ့ကြသည်။
ထို့နောက် သူတို့က ချူဖုန်းကို အမှန်တကယ် စော်ကားပြောဆိုလာကြသည်။
ချူဖုန်းက သူတို့ကို လှည့်စားရန် ယုတ်မာသော လှည့်ကွက်တစ်ခုကို အသုံးပြုနေခဲ့သည်ဟု သူတို့ ယုံကြည်ခဲ့ကြသည်။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ ဟိုရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ရဲ့ စွမ်းအား ပျောက်ကွယ်မသွားခင် နည်းနည်းလောက် အချိန်ရနိုင်ပါသေးတယ်”
“ကျုပ်တို့တွေ သခင်လေးတောက်ယိကို ဟိုချူဖုန်းနဲ့ ဆက်မတိုက်ခိုင်းဘဲ သခင်လေးထျန်းချင်ကို ကယ်တင်ဖို့ နည်းလမ်းရှာသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်မလား”
ဇော့ချိုဟန်ရွှင်က ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ထံ လျှောက်လှမ်းသွားပြီး တိုးသက်စွာ ပြောလိုက်သည်။
သူ အမှန်တကယ် စိုးရွံ့နေခဲ့သည်။ ချူဖုန်းကို ဇော့ချိုတောက်ယိ ယှဉ်နိုင်မည် မဟုတ်ဟု သူ စိုးရွံ့နေခဲ့ခြင်း ဖြစ်သည်။ သူတို့မျိုးနွယ်စု၏ ထိပ်တန်း ပါရမီရှင်နှစ်ဦးစလုံး ထိုရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တွင် ပိတ်မိနေလိမ့်မည်ဟု သူ စိုးရိမ်မိခဲ့သည်။
ချူဖုန်းက သူတို့၏ သခင်လေးနှစ်ဦးကို ညှဉ်းပန်းရုံသာ ဆုံးဖြတ်ခဲ့လျှင် အကြောင်းမဟုတ်ပါချေ။
သို့သော် သူသာ သူတို့ကို တိုက်ရိုက် သတ်ဖြတ်သည်အထိ ရူးနှမ်းခဲ့လျှင် ၎င်းမှာ သူတို့၏ ဇော့ချိုကောင်းကင် မျိုးနွယ်စုအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
၎င်းက သူတို့ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အနာဂတ်ကို ဖျောက်ဖျက်ပစ်ခြင်းနှင့် အလားတူမည်ဆိုလျှင် လွန်အံ့မထင်ပါချေ။
“စိတ်မပူပါနဲ့ … တောက်ယိက သူ့ခွန်အားကို အပြည့်အဝ မသုံးရသေးဘူး”
ဇော့ချိုဟန်ရွှင်နှင့် နှိုင်းစာလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်မှာ များစွာ ယုံကြည်မှုရှိနေခဲ့သည်။
ဇော့ချိုတောက်ယိက နိုင်ပွဲကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်ဟု သူ ယူဆမိခဲ့သည်။
“ဪ”
ထိုစကားများကို ကြားရချိန်တွင် ဇော့ချိုဟန်ရွှင် အံ့ဩသွားခဲ့သည်။
သို့သော် မကြာမီ ကိစ္စတစ်ခုကို သူ တွေးမိခဲ့သည်။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ မဟုတ်မှလွဲရော သခင်လေးတောက်ယိက …”
ဇော့ချိုဟန်ရွှင်က အံ့ဩပျော်ရွှင်မှုဖြင့် မေးလိုက်သည်။
“အင်း”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်၏။
ဤသည်ကို မြင်လျှင် ဇော့ချိုဟန်ရွှင်မှာ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ထံ လှမ်းကြည့်လိုက်မိသည်။ သူ့မျက်လုံးများရှိ စိုးရိမ်မှု ပျောက်ကွယ်သွားပြီး မျှော်လင့်သော အရိပ်အယောင်တစ်ခု အစားဝင်လာသည်။
“ခင်ဗျားမှာ နောက်ထပ် လှည့်ကွက်တစ်ခုခု ရှိသေးလား”
“ရှိတယ်ဆိုရင် အဲဒါတွေကို မြန်မြန် သုံးသင့်တယ် … မဟုတ်ရင် ခင်ဗျားကို ကျုပ် ဆုံးမတော့မယ်”
ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တွင် ချူဖုန်းအသံ ထွက်ပေါ်လာသည်။
“ငါ့ကို ဆုံးမမယ် ဟုတ်လား”
“ထောင်လွှားတဲ့ လူမိုက်၊ မင်းပဲ ဆုံးမခံရလိမ့်မယ်”
ထိုစကားများကို ပြောပြီးနောက် ဇော့ချိုတောက်ယိက သူ့ဓားကို လက်အစုံဖြင့် ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်မှ မီးလျှံများ တိုးထွက်လာသည်။
မီးလျှံများက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည့်အပြင် သူ့လက်များအတွင်းရှိ ဓားကိုလည်း ဖုံးလွှမ်းသွားခဲ့သည်။
မကြာမီ မီးလျှံများက ကောင်းကင်သို့ ထိုးတက်ကာ ပေသုံးသောင်းကျော် မြင့်မားသော ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။
ထိုပုံရိပ်ကြီးကား ဇော့ချိုတောက်ယိပင်။
၎င်း၏ အပြင်ပန်း အသွင်အပြင် တူညီသည့်အပြင် ဇော့ချိုတောက်ယိ၏ ဓားကိုပင် ပုံတူကူးထားခဲ့သည်။
ထိုပုံရိပ်ကြီးတွင် မီးလျှံများ ပြင်းထန်စွာ လူးလွန့်နေခဲ့သည်။ တစ်ဦးတစ်ယောက်အဖို့ ၎င်း၏ အင်အားကို အာရုံမခံမိဘဲ ၎င်းထံ လှမ်းကြည့်ရုံမျှဖြင့် ရင်သပ်ရှုမော ဖြစ်သွားပေလိမ့်မည်။
“သခင်လေးတောက်ယိက အဲဒီနည်းစနစ်ကို တကယ် တစ်ဖက်ကမ်းခပ်နိုင်ခဲ့တာလား”
ဇော့ချိုတောက်ယိတွင် ပြောင်းလဲမှုကို မြင်တွေ့ရလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များမှာ စိတ်လှုပ်ရှားမှုဖြင့် လွှမ်းမိုးခံခဲ့ရသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ဘဲ သူတို့ အော်ဟစ်ကာ အားပေးလာကြသည်။
အကြောင်းမူ ဇော့ချိုတောက်ယိ ထုတ်လွှတ်နေခဲ့သည့် မီးလျှံများက စိမ်းပြာရောင်ရှိ၍ ဖြစ်သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အဖွဲ့ဝင်များ ဖြစ်သည့်အားလျော်စွာ ထိုအစွမ်းသတ္တိကို သူတို့ ကောင်းစွာ သိနေကြသည်။
ဇော့ချိုတောက်ယိ အသုံးပြုထားခဲ့သည်မှာ သူတို့ ဇော့ချိုကောင်းကင် မျိုးနွယ်စု၏ အားအကောင်းဆုံး သိုင်းကွက်များအနက်မှ တစ်ခုဖြစ်သည့် ဦးသျှောင်တားမြစ်၊ စိမ်းပြာမီးလျှံများပင်။
ဤဦးသျှောင်တားမြစ်၊ စိမ်းပြာမီးလျှံများမှာ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု ဖြစ်သည်။
တစ်ဦးတစ်ယောက်အနေဖြင့် အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို သင်ယူလိုခဲ့လျှင် ကျင့်ကြံမှုတွင် ကန့်သတ်ချက်တစ်ခု ရှိနေခဲ့သည်။
ပါရမီရှင်တစ်ဦး မည်မျှ ထူးချွန်စေကာမူ၊ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို မသင်ယူနိုင်မီ မိမိ၏ အစစ်အမှန် ကျင့်ကြံမှုက မဟာဦးသျှောင် အဆင့်လေးသို့ ရောက်ရှိရပေမည်။
အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို သင်ယူရန် ကြိုးစားသူတွင် သာမန် ပါရမီသာ ရှိခဲ့လျှင် အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို မသင်ယူနိုင်မီ မဟာဦးသျှောင် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်သို့ ရောက်ရှိသည်အထိ စောင့်ဆိုင်းရနိုင်ပေသည်။
သို့တိုင် ဇော့ချိုတောက်ယိမှာ မဟာဦးသျှောင် အဆင့်သုံး ကျင့်ကြံမှု၌ ထိုအဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို အမှန်တကယ် အောင်အောင်မြင်မြင် သင်ယူနိုင်ခဲ့သည်။
ဤသည်မှာ ဇော့ချိုတောက်ယိ၏ ပါရမီက ထူးကဲခဲ့ပြီး စိတ်ကူးမကြည့်နိုင်သော အတိုင်းအတာအထိ ရောက်ရှိနေခဲ့သည့် အဓိပ္ပာယ်ပင်။
အရေးအကြီးဆုံးမှာ ပြီးခဲ့ချိန်တွင် ချူဖုန်း၏ ကျင့်ကြံမှုက ဦးသျှောင် အဆင့်ရှစ်သာ ရှိခဲ့ခြင်း ဖြစ်သည်။
သူက နှစ်ဆင့်ဆက်တိုက် အဆင့်တက်ခဲ့ပြီး အဆင့်တစ် မဟာဦးသျှောင်တစ်ဦး ဖြစ်လာခဲ့သည့်တိုင် ထိုအဆင့်တက်မှုများကို ပူပူနွေးနွေး ပြုလုပ်ထားခဲ့သည်။
ဤသည်မှာ သူ မည်မျှ ပါရမီရှိစေကာမူ၊ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို သင်ယူရန် အခွင့်အရေးမရှိမည့် အဓိပ္ပာယ်ပင်။
နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှုက အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို သင်ယူရန် လိုအပ်ချက်များနှင့် မကိုက်ညီခဲ့သည် မဟုတ်ပါလော။
သို့ဖြစ်၍ သူ့တွင် ဇော့ချိုတောက်ယိကို ရင်ဆိုင်နိုင်သည့် နည်းစနစ် ပိုင်ဆိုင်မထားခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခု၏ စွမ်းအားမှာ အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုထက် များစွာ သာလွန်နေခဲ့သည်။
၎င်းတို့ကား မဟာဦးသျှောင်များသာ သင်ယူနိုင်သည့် သိုင်းကွက်များပင်။
“စိတ်ဝင်စားစရာပဲ”
မီးလျှံများဖြင့် လူးလွန့်နေသည့် ဧရာမ ဇော့ချိုတောက်ယိကို မြင်လျှင် ထိုသိုင်းကွက် မည်မျှ စွမ်းအားကောင်းကြောင်း ချူဖုန်း အာရုံခံနိုင်ခဲ့သည်။
အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုမှာ သေချာပေါက် စွမ်းအားကောင်းပေသည်။
သို့သော် ချူဖုန်းမှာ ၎င်းရှေ့တွင် ပျာယာမခတ်ခဲ့ပေ။ ထိုအစား သူက ညာလက်ကို သူ့ရင်ဘတ်ပေါ် နောက်တစ်ကြိမ် ထားရှိလိုက်သည်။
“ဒီငနဲ၊ မဟုတ်မှလွဲရော သူက …”
ချူဖုန်း၏ လှုပ်ရှားမှုကို မြင်တွေ့ရချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး မယုံနိုင်မှုကို ခံစားလိုက်ကြရသည်။
သူ ပြုလုပ်ခဲ့သည့် ထိုလှုပ်ရှားမှုမှာ ယခု သူတို့အတွက် အလွန် ရင်းနှီးနေခဲ့သည်။
နောက်ဆုံးတွင် သူက ထိုလှုပ်ရှားမှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး မဟုတ်ပါလော။
၎င်းမှာ သူ၏ ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်ကို ထုတ်ဖော်ရန် ချူဖုန်း ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုပင်။
“ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်”
ချူဖုန်းက သူ၏ ညာလက်ကို အရှိန်ပြင်းစွာ ရိုက်ထုတ်ရင်း ဟစ်ကြွေးလိုက်၏။
“ဝုန်း …”
မြည်ဟည်းသံများ ထွက်ပေါ်လာစဉ် အလင်းက အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ပေသုံးသောင်းကျော်ရှိ အလင်းလက်ကြီး ပေါ်လာပြန်သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ မှန်မှန်ကန်ကန် ခန့်မှန်းမိခဲ့ကြသည်။
ချူဖုန်းက ထိုဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်ကို နောက်တစ်ကြိမ် ထုတ်လွှတ်ခဲ့သည်။
ထိုဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်ကို ချူဖုန်း အမှန်တကယ် နောက်တစ်ကြိမ် အသုံးပြုခဲ့ကြောင်း မြင်တွေ့ရလျှင် ဇော့ချိုတောက်ယိက ဒေါသတကြီး အော်ပြောလိုက်သည်။
“မင်း သေချင်နေတာပဲ”
ချူဖုန်းက သူ့ကို လုံးလုံးလျားလျား အထင်သေးနေခဲ့သည်ဟု သူ ခံစားမိခဲ့သည်။
သူ ဒေါသတကြီး အော်ပြောလိုက်စဉ် မီးလျှံပုံရိပ်ကြီးက ကောင်းကင်ကို ဖုံးလွှမ်းထားသည့် မီးလျှံများအဖြစ် ပြောင်းလဲကာ ချူဖုန်းထံ အရှိန်အဟုန်ဖြင့် ရွေ့လျားသွားခဲ့သည်။
“အုန်း …”
အလင်းလက်ကြီးမှာ ပမာဏကြီးမားသော မီးလျှံများနှင့် တိုးတိုက်ခဲ့သည်။
တစ်ခဏချင်း၌ အလင်းနှင့် မီးလျှံများ အကြီးအကျယ် ရိုက်ခတ်ဖျက်ဆီးလာသည်။
ပြင်းထန်သော စွမ်းအင်လှိုင်းများက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။
စွမ်းအင်လှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်လာချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး မှင်တက်မိသွားကြသည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ပင် ခြွင်းချက်မရှိခဲ့ပေ။
ဇော့ချိုတောက်ယိမှာ လုံးဝ မထိခိုက်ဘဲ ရှိခဲ့သည်။
သို့တိုင် ချူဖုန်းလည်း လုံးဝ မထိခိုက်ခဲ့ပါချေ။
ချူဖုန်းက ထိုဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်ကို အသုံးပြု၍ ဇော့ချိုတောက်ယိ၏ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို အမှန်တကယ် ရင်ဆိုင်နိုင်ခဲ့သည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
“အဲဒီချူဖုန်းက ကျုပ်တို့မျိုးနွယ်စုရဲ့ ဦးသျှောင်တားမြစ်၊ စိမ်းပြာမီးလျှံများကို ရင်ဆိုင်ဖို့ အဖြူရောင် အလင်းတစ်ခုကို ထုတ်လွှတ်နေတဲ့ ဦးသျှောင်တားမြစ် သိုင်းကွက်ကို တကယ် သုံးခဲ့တာလား”
“အဲဒါ ဘယ်လို အစွမ်းသတ္တိမျိုးလဲ … အဲဒီသိုင်းကွက်မှာ ဒီစွမ်းအားမျိုး ဘယ်လို ပိုင်ဆိုင်ထားနိုင်တာလဲ”
ချူဖုန်း၏ ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်မှာ သူတို့ တွေးထင်ထားသည်ထက်ပင် ပိုမိုထူးခြားဟန် ရှိကြောင်း ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ သဘောပေါက်သွားကြသည်။
“မင်းသုံးခဲ့တဲ့ အဲဒီသိုင်းကွက်က ဘယ်အဆင့်လဲ”
ဇော့ချိုတောက်ယိက လေးနက်သော အသံတစ်ခုဖြင့် မေးလိုက်သည်။
အခြေအနေအရ ချူဖုန်း၏ ဦးသျှောင်တားမြစ်၊ ကောင်းကင်ကြမ္မာ ချိပ်တံဆိပ်မှာ ထူးခြားသော နည်းစနစ်တစ်ခု ဖြစ်သည်ဟု သူပင် ခံစားမိခဲ့သည်။
“အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုပဲ”
ချူဖုန်းက ပြန်ဖြေလိုက်၏။
“ဘာပြောလိုက်တယ်”
ဇော့ချိုတောက်ယိမှာ သူ့နားများကို မယုံကြည်ဝံ့ခဲ့ပေ။ သူက ချူဖုန်းပြောသည်ကို နားကြားမှားခဲ့သည်ဟု သူ တွေးထင်မိခဲ့သည်။
ချူဖုန်းက ထပ်ပြောလိုက်လေသည်။
“စောစောက ကျုပ်သုံးခဲ့တာ အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုလို့ ပြောတာ”
***