“မဖြစ်နိုင်ဘူး”
ဒေါသထွက်နေသည့် ဇော့ချိုတောက်ယိက ချူဖုန်းထံ အော်ပြောလိုက်သည်။
“အဲဒါ ဘယ်လို အစွမ်းသတ္တိမျိုးလဲ ငါ့ကို မင်း ဘာကြောင့် မပြောပြတာလဲ”
“ဘာကြောင့် လျှို့ဝှက်ထားတာလဲ … အဲဒီလို ပြုမူနေတဲ့ မင်းက ဘယ်လို ယောက်ျားတစ်ယောက်လဲ”
သူ့ကို ချူဖုန်း လိမ်ညာနေခဲ့သည်ဟု သူ ခံစားမိခဲ့သည်။
အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုက အဆင့်နှစ် သို့မဟုတ် အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို ရင်ဆိုင်နိုင်ခဲ့လျှင်ပင် သူ၏ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို ရင်ဆိုင်ရန် မဖြစ်နိုင်ဟု သူ ယုံကြည်ထားခဲ့သည်။
“အဟက် …”
ချူဖုန်းက တစ်ချက်ရယ်လိုက်၏။ သူက ပြောလိုက်သည်။
“ခင်ဗျား နားမလည်သေးဘူးလား”
“မင်း ဘာပြောချင်တာလဲ”
ဇော့ချိုတောက်ယိက မေးလိုက်သည်။
“မကြာခင် ခင်ဗျား သိရလိမ့်မယ်”
ထိုစကားများကို ချူဖုန်း ပြောပြီးနောက် ကောင်းကင်တွင် လျှပ်စီးတိမ်တိုက်များ ပေါ်လာသည်။
ကောင်းကင်ကို ဖြည့်ဆည်းထားသည့် လျှပ်စီးတိမ်တိုက်များတွင် တစ်ဟုန်ထိုး ပြေးလွှား၍ မြည်ဟည်းနေသည့် မရေမတွက်နိုင်သော သွေးနီရောင် လျှပ်စီးကြောင်းများ ရှိနေသည်။
ပြီးခဲ့ချိန်တွင် ဤတိုက်ကွက်ကို လူအုပ်တစ်ခုလုံး မျက်မြင်တွေ့ခဲ့ကြသည်။
၎င်းမှာ ပြီးခဲ့ချိန်တွင် ချူဖုန်း အသုံးပြုခဲ့သည့် အင်မော်တယ်တားမြစ် သိုင်းကွက်၊ အင်မော်တယ်တားမြစ် သွေးလျှပ်စီး နည်းစနစ်ပင်။
ချူဖုန်းက ဇော့ချိုတောက်ယိ၏ အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကို ရင်ဆိုင်ရန် ဤအင်မော်တယ်တားမြစ် သိုင်းကွက်ကို အသုံးပြုခဲ့သည်။
“ဒါက ဘာအဓိပ္ပာယ်လဲ”
ဇော့ချိုတောက်ယိ မျက်ခုံးကျုံ့သွားခဲ့သည်။ ချူဖုန်းကြောင့် သူ အလုံးစုံ ခေါင်းရှုပ်နေခဲ့သည်။
ဤကဲ့သို့ ပြုလုပ်နေသည့် ချူဖုန်း၏ ရည်ရွယ်ချက်ကို သူ အမှန်တကယ် တွေးမရခဲ့ပေ။
“အမှန်တော့ စောစောက ခင်ဗျားနဲ့ ရင်ဆိုင်ဖို့ အဆင့်တစ် ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို ကျုပ် မသုံးခဲ့ရင်တောင်၊ အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုကိုပဲ သုံးခဲ့ရင်တောင် ကျုပ်က ခင်ဗျားရဲ့ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို ချေမှုန်းနိုင်ဦးမှာပဲ”
ချူဖုန်းက ပြောလိုက်သည်။
“သောက်ရေးမပါတာ”
ဇော့ချိုတောက်ယိက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
သူ့ကို ချူဖုန်း စော်ကားနေခဲ့သည်ဟု သူ ခံစားမိခဲ့သည်။
သူ၏ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက် မည်မျှ မထိရောက်ခဲ့စေကာမူ၊ ၎င်းမှာ အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခု ရင်ဆိုင်နိုင်သည့် အရာတစ်ခု လုံးဝ မဟုတ်ပါချေ။
“ဂျိန်း …”
ထိုခဏ၌ပင် အပေါ်ဘက်မှ သွေးနီရောင် လျှပ်စီးကြောင်းတစ်ခုက ဇော့ချိုတောက်ယိရှေ့သို့ ကျဆင်းလာသည်။
လျှပ်စီးမှာ သူ့ရှေ့တွင်သာ ကျရောက်ခဲ့ပြီး သူ့ကို အမှန်တကယ် မထိမှန်ခဲ့သည့်တိုင် သွေးနီရောင်လျှပ်စီးကြောင့် ဖြစ်ပေါ်ခဲ့သည့် စွမ်းအင်လှိုင်းများက ဇော့ချိုတောက်ယိကို လွင့်ထွက်သွားစေခဲ့သည်။
သူ ကျရောက်ချိန်တွင် ဇော့ချိုတောက်ယိမှာ ဒဏ်ရာများဖြင့် အမှန်တကယ် အတိပြီးနေခဲ့သည်။
“ဒါက …”
ဤမြင်ကွင်းကို မျက်မြင်တွေ့ရချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ၏ အသားအရေများ အရောင်ပြောင်းသွားခဲ့သည်။
ပြီးခဲ့ချိန်တွင် ချူဖုန်းက ထိုအင်မော်တယ်တားမြစ် သိုင်းကွက်ကို အသုံးပြုခဲ့သည်။
၎င်းတွင် အထင်ကြီးဖွယ် စွမ်းအား ပိုင်ဆိုင်ထားသည့်တိုင် ဇော့ချိုတောက်ယိမှာ ၎င်းကို တစ်ချိန်လုံး ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် စောစောပိုင်းက ကျရောက်ခဲ့သည့် လျှပ်စီးမှာ ဇော့ချိုတောက်ယိ မရှောင်နိုင်သည်အထိ မြန်ဆန်လွန်းခဲ့သည့်အပြင် အံ့အားသင့်ဖွယ်လည်း စွမ်းအားကောင်းခဲ့သည်။
ချူဖုန်း၏ အင်မော်တယ်တားမြစ် သိုင်းကွက်၏ စွမ်းအား အလွန်တရာ မြင့်မားလာခဲ့ကြောင်း ထင်ရှားပေသည်။
“မျိုးနွယ်စုခေါင်းဆောင်သခင်၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ”
ထိတ်လန့်နေသည့် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး သူတို့၏ မျိုးနွယ်စုခေါင်းဆောင်သခင်ထံ လှည့်ကြည့်မိခဲ့ကြသည်။
လူအုပ်၏ အကြည့်များနှင့် ရင်ဆိုင်ရလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်မှာ မျက်ခုံးကျုံ့သွားပြီး ပြန်မဖြေခဲ့ပါချေ။
မည်သည့်ကိစ္စ ဖြစ်ပျက်နေခဲ့သည်ကို သူပင် ရေရေရာရာ မသိခဲ့ပေ။
“ဝီး …”
ရုတ်တရက် ကောင်းကင်မှ မြောက်မြားစွာသော နောက်ထပ် လျှပ်စီးကြောင်းများ ကျဆင်းလာသည်။
လျှပ်စီးမှာ ကျဆင်းလာပြီးနောက် ချက်ချင်း ပျောက်ကွယ်မသွားခဲ့ပေ။ ထိုအစား ၎င်းက ဇော့ချိုတောက်ယိထံ ချဉ်းကပ်လာသည်။
အရေးအကြီးဆုံးမှာ ကျဆင်းလာသည့် လျှပ်စီးကြောင်းများက များပြားလွန်းခြင်း ဖြစ်သည်။ ၎င်းတို့က ဇော့ချိုတောက်ယိကို လွှမ်းခြုံထားသည့် ပိုက်ကွန်တစ်ခုကို စုဖွဲ့ခဲ့သည်။
သူ့ထံ နီးကပ်သည်ထက် နီးကပ်လာသည့် လျှပ်စီးကို မြင်လျှင် ဇော့ချိုတောက်ယိက သူ၏ အကြမ်းထည် ဦးသျှောင် စစ်လက်နက်ကို ချက်ချင်း ဝှေ့ယမ်းကာ သူ၏ အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်ကို ထုတ်လွှတ်လိုက်သည်။
သို့သော် အံ့ဩဖွယ်ကောင်းစွာဖြင့် သူ၏ အဆင့်နှစ် ဦးသျှောင်တားမြစ် သိုင်းကွက်မှာ သွေးနီရောင်လျှပ်စီးကို နှိမ်နင်းနိုင်စွမ်း မရှိခဲ့ပေ။
ထိုအဖြစ်နှင့်အတူ ဇော့ချိုတောက်ယိမှာ သူ၏ အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်ကို ထုတ်လွှတ်ခဲ့သည်။
သို့တိုင် သူ၏ အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်ပင် ဝင်လာနေသည့် လျှပ်စီးကို နှိမ်နင်းနိုင်စွမ်း မရှိခဲ့ပါချေ။
“ဒီငနဲ၊ သူက သခင်လေးတောက်ယိရဲ့ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုနဲ့ တကယ် ရင်ဆိုင်နိုင်တာတော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား”
အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုပင် ချူဖုန်း၏ သွေးနီရောင်လျှပ်စီးကို မတွန်းလှန်နိုင်ခဲ့ကြောင်း မြင်တွေ့ရလျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ သံသယဝင်လာကြသည်။
အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုက အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို ရင်ဆိုင်နိုင်ခဲ့ခြင်းမှာ မယုံကြည်နိုင်ဖွယ် ဖြစ်သည်ဟု သူတို့ ခံစားမိခဲ့ကြသည်။
သို့သော် ထိုအင်မော်တယ်တားမြစ် သိုင်းကွက်က အဆင့်သုံး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကိုပင် ရင်ဆိုင်ကာ အနိုင်ယူခဲ့ကြောင်း မျက်မြင်တွေ့ရပြီးနောက် သူတို့ အမှန်တကယ် ကြောက်လန့်ခဲ့ကြသည်။
“သောက်ပဲ … ငါ့ရဲ့ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို မင်း ဘယ်လိုများ ရင်ဆိုင်မလဲ ငါ ကြည့်စမ်းမယ်”
ရုတ်တရက် စိမ်းပြာရောင် မီးလျှံများက ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။
အခြားရွေးချယ်စရာ မရှိသည့် ဇော့ချိုတောက်ယိမှာ သူ၏ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်ကို အသုံးပြုခဲ့ရသည်။
စိမ်းပြာရောင်မီးလျှံများ တိုးထွက်လာပြီးနောက် သွေးနီရောင်လျှပ်စီးက ရုတ်တရက် အရှိန်မြင့်ကာ ဇော့ချိုတောက်ယိရှေ့သို့ တစ်မုဟုတ်ချင်း ရောက်ရှိလာသည်။
သွေးနီရောင်လျှပ်စီးက စိမ်းပြာရောင် မီးလျှံများနှင့် တိုးတိုက်ခဲ့ပြီး အတိုင်းအဆမဲ့သော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း၌ စိမ်းပြာရောင် မီးလျှံများနှင့် သွေးနီရောင် လျှပ်စီးတို့က ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
စွမ်းအင်လှိုင်းများ ပျက်ပြယ်သွားချိန်တွင် ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များ အလုံးစုံ မှင်တက်မိသွားကြသည်။
ဇော့ချိုတောက်ယိမှာ မြေပြင်ပေါ် လဲကျနေခဲ့သည့်အပြင် သူ့တစ်ကိုယ်လုံးလည်း တူးချစ်နေခဲ့သည်။ သူက ပြင်းထန်သော ဒဏ်ရာများဖြင့် အတိပြီးနေခဲ့ပြီး ထရပ်ရန်ပင် ခွန်အားမရှိခဲ့ပေ။
ချူဖုန်းအတွက်မူ သူ လုံးဝ မထိခိုက်ခဲ့ပါချေ။
ချူဖုန်းက အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုဖြင့် အမှန်တကယ် အနိုင်ယူနိုင်ခဲ့သည်။
ထိုခဏ၌ တိတ်ဆိတ်မှုက ဒေသတစ်ခုလုံးကို ဖြည့်ဆည်းထားခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်အားလုံး ငေးကြောင်ကြောင် မျက်လုံးများဖြင့် တွေဝေနေခဲ့ကြသည်။
သူတို့၏ သခင်လေးတောက်ယိနှင့် ချူဖုန်းဟူသည့် လူငယ်တို့ အကြားတွင် ကွာဟချက်တစ်ခု ရှိနေခဲ့ကြောင်း သူတို့ သိထားသည့်တိုင် ထိုကွာဟချက်က ထိုမျှ ကြီးမားမည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
သူတို့၏ အသီးသီးသော အစွမ်းသတ္တိများကို အသုံးပြုခြင်းဖြင့် လူနှစ်ဦးစလုံးတွင် မဟာဦးသျှောင် အဆင့်လေး ကျင့်ကြံမှု ရှိနေခဲ့သည်။
သို့တိုင် ချူဖုန်းက သူတို့၏ သခင်လေးတောက်ယိ၏ အဆင့်လေး ဦးသျှောင်တားမြစ် သိုင်းကွက်တစ်ခုကို အင်မော်တယ်တားမြစ် သိုင်းကွက်တစ်ခုဖြင့် အမှန်တကယ် အနိုင်ယူနိုင်ခဲ့သည်။ ကွာဟချက်က ၎င်းကို သူတို့ လက်ခံနိုင်စွမ်း မရှိသည်အထိ ကြီးမားလွန်းခဲ့သည်။
နောက်ဆုံး၌ ချူဖုန်းက ပြောလာသည်။ သူ့လေသံမှာ ဇော့ချိုတောက်ယိအပေါ် အထင်သေးမှုဖြင့် ပြည့်နှက်နေခဲ့သည်။
“အခု ခင်ဗျား နားလည်ပြီလား”
“ခင်ဗျားကို ကျုပ် အနိုင်ယူနိုင်ခဲ့တာ ကျုပ်ရဲ့ သိုင်းကွက်တွေ ထူးထူးခြားခြား စွမ်းအားကောင်းပုံနဲ့ မပတ်သက်ဘူး … အဲဒီအစား ခင်ဗျား အားနည်းလွန်းလို့ပဲ”
“ကျုပ်တို့နှစ်ယောက်စလုံးရဲ့ ကျင့်ကြံမှုတွေ မဟာဦးသျှောင် အဆင့်လေးကို မြင့်မားလာခဲ့ပေမဲ့ ကျုပ်တို့ရဲ့ တိုက်ပွဲဝင်စွမ်းအားတွေက လုံးဝ အဆင့်မတူဘူး”
“ကျုပ်တို့ရဲ့ တိုက်ပွဲဝင်စွမ်းအားတွေ ကြားထဲမှာ ကွာဟချက်ကြီးလွန်းတယ် … အဲဒါက ကျင့်ကြံမှုအဆင့်တစ်ခု ကွာဟချက်နဲ့ အတူတူလောက် ရှိတယ်”
“အဲဒီလောက် ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေတဲ့အတွက် ခင်ဗျားသုံးတဲ့ သိုင်းကွက်တစ်ခု ဘယ်လောက် စွမ်းအားကောင်းပါစေ၊ အားလုံးက အသုံးဝင်မှာ မဟုတ်ဘူး”
“သောက်ရေးမပါတာ … မင်းမှာ ရတနာတစ်ပါး ရှိနေတာ မဟုတ်ရင် မင်းရဲ့ အစစ်အမှန် ကျင့်ကြံမှုကို ကွယ်ဝှက်ထားတာပဲ”
“မင်း နိုင်သွားတာကို ငါ ဝန်ခံပေမဲ့ မင်းရဲ့ ခွန်အားကို ဖုံးကွယ်ထားပြီး ငါ့ကို အရှက်ခွဲဖို့ တကယ် လိုအပ်လို့လား”
ဇော့ချိုတောက်ယိမှာ ချူဖုန်းကို မယုံကြည်ခဲ့ဘဲ ဒေါသတကြီး ကျိန်ဆဲခဲ့သည်။
အမှန်တွင်မူ ချူဖုန်း၏ ပြောဆိုချက်များကို သူ လက်ခံနိုင်စွမ်း မရှိခဲ့ခြင်း ဖြစ်သည်။ သူတို့၏ တိုက်ပွဲဝင်စွမ်းအားများ အကြားတွင် ထိုမျှ ကြီးမားသော ကွာဟချက်တစ်ခု ရှိနေခဲ့သည်ဟု သူ လက်မခံနိုင်ခဲ့ပါချေ။
နောက်ဆုံးတွင် သူက ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည် မဟုတ်ပါလော။ တူညီသော ကျင့်ကြံမှုအောက်တွင် သူ့ကို ရင်ဆိုင်နိုင်သူ နည်းပါးခဲ့သည်။
သူ၏ တိုက်ပွဲဝင်စွမ်းအားမှာ သူ၏ ကျင့်ကြံမှု အထွတ်အထိပ်တွင် ရှိနေသည်ဟု သူ မှတ်ယူထားခဲ့သည်။
အကယ်၍ သူ၏ တိုက်ပွဲဝင်စွမ်းအားသာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီးလျှင် သူ၏ တိုက်ပွဲဝင်စွမ်းအားနှင့် ချူဖုန်း၏ တိုက်ပွဲဝင်စွမ်းအားတို့ အကြားတွင် ထိုမျှ ကြီးမားသော ကွာဟချက်တစ်ခု မည်သို့ ရှိနေနိုင်သနည်း။
အမှန်အားဖြင့် ချူဖုန်း၏ ပြောဆိုချက်များကို သူတစ်ဦးတည်း မယုံကြည်ခဲ့ခြင်း မဟုတ်ပါချေ။ ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင်များလည်း ချူဖုန်းကို မယုံကြည်ခဲ့ကြပေ။
သို့သော် အပေါ်ဘက်တိမ်များရှိ နဂါးမျိုးနွယ်စုမှ အဘိုးအိုနှင့် မိန်းကလေးတို့မှာ သေချာသော အမူအရာများကို လှစ်ဟနေခဲ့ကြသည်။
“ဇော့ချိုကောင်းကင် မျိုးနွယ်စုရဲ့ ပါရမီရှင်နှစ်ယောက်က အရည်အချင်းရှိပေမဲ့ သူတို့ရဲ့ လက်ရှိ ကျင့်ကြံမှုတွေကို ရဖို့အတွက် ရတနာ အတော်များများကို အားပြုခဲ့ရပုံပဲ … အဲဒါကြောင့် သူတို့ရဲ့ ကျင့်ကြံမှုတွေ မတည်ငြိမ်ဘူး”
“ဒါပေမဲ့ ဟိုချူဖုန်းရဲ့ ကျင့်ကြံမှုက အရမ်း သန်မာတယ် … ပြီးတော့ သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအားက အစကတည်းက အရမ်း အံ့ဩဖို့ကောင်းတယ် … သူတို့နှစ်ယောက်ကြားမှာ အဲဒီလို ကြီးမားတဲ့ ကွာဟချက်တစ်ခု ရှိနေတာ အဲဒါကြောင့်ပဲ”
အဘိုးအိုက ပြောလိုက်သည်။
“ဒါပေမဲ့ ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ရဲ့ စွမ်းအားက ပျောက်ကွယ်တော့မယ့်ပုံ ရှိတယ်”
“အဲဒီနောက် သူ ဘာလုပ်မှာလဲ”
မိန်းကလေးက မေးလိုက်သည်။
“ဝှစ် …”
ရုတ်တရက် ချူဖုန်းက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ ဖိနှိပ်အားကို ထုတ်လွှတ်လိုက်သည်။
ထို့နောက် ဇော့ချိုတောက်ယိနှင့် သူ့ညီ ဇော့ချိုထျန်းချင်တို့မှာ ချူဖုန်း၏ ဖိနှိပ်အားကြောင့် ကန့်သတ်ခံရပြီး လေထဲသို့ ဆွဲယူခံခဲ့ကြရသည်။
ညီအစ်ကိုနှစ်ဦး ကိုင်ဆောင်ထားသည့် ဓားများလည်း ချူဖုန်း၏ ထိန်းချုပ်ခြင်း ခံထားခဲ့ရသည်။
ထိုခဏ၌ ဓားနှစ်လက်က ညီအစ်ကိုနှစ်ဦးထံ ဦးလှည့်နေခဲ့သည်။
“ချူဖုန်း၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
၎င်းကို မြင်မြင်ချင်း ဇော့ချိုဟန်ရွှင်နှင့် ကျန်ဇော့ချိုကောင်းကင် မျိုးနွယ်စုဝင် အများအပြားက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
သူတို့၏ ခြိမ်းခြောက်မှုများ မရပ်မနား ထွက်ပေါ်နေခဲ့သည်။
ချူဖုန်းက သူတို့၏ ပါရမီရှင် သခင်လေးနှစ်ဦးကို သတ်ဖြတ်လိမ့်မည်ဟု သူတို့ စိုးရွံ့နေခဲ့ကြသည်။
သို့သော် ချူဖုန်းမှာ သူတို့ကို အာရုံမစိုက်ခဲ့ပေ။ ထိုအစား သူက ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။
“ခင်ဗျားရဲ့ သားနှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်တယ် … ဘယ်သူဆိုတာ ခင်ဗျားဆုံးဖြတ်”
***