“ချူဖုန်း၊ မင်း ဒီလိုလုပ်ဖို့ မလိုဘူး”
“သူတို့ကို ဒုက္ခမပေးပါနဲ့ … ဒီနေရာကနေ မင်း ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်စေရမယ်လို့ ငါ အာမခံတယ်”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ပြောလိုက်သည်။
“ခင်ဗျား မြန်မြန် ဆုံးဖြတ်သင့်တယ် … မဟုတ်ရင် သူတို့နှစ်ယောက်စလုံး သေရလိမ့်မယ်”
ထိုစကားများကို ချူဖုန်း ပြောပြီးနောက် ဓားရှည်နှစ်လက်က ဇော့ချိုတောက်ယိနှင့် ဇော့ချိုထျန်းချင်တို့ထံ နီးကပ်လာသည်။
မကြာမီ ဓားရှည်နှစ်လက်က သူတို့၏ ခန္ဓာကိုယ်များသို့ ထိုးဖောက်ခဲ့သည်။
ဤသည်ကို မြင်လျှင် ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ရပ်လိုက်”
“ခင်ဗျား ဆုံးဖြတ်ပြီးပြီလား”
ချူဖုန်းက မေးလိုက်၏။
ထိုခဏ၌ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ဇော့ချိုတောက်ယိထံ လှမ်းကြည့်လိုက်သည်။
“တောက်ယိ၊ အဖေက မင်းကို စိတ်ပျက်အောင် လုပ်မိခဲ့ပြီ … ဒါပေမဲ့ ငါတို့မျိုးနွယ်စုရဲ့ အနာဂတ်အတွက် အဖေ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး”
ထိုစကားများကို ကြားကြားချင်း ဇော့ချိုတောက်ယိမှာ မျက်ရည်ဖြိုင်ဖြိုင် ကျလာသည်။
သူ အလွန့်အလွန် ကြေကွဲနေခဲ့သည်။
သူနှင့် သူ့ညီတို့အကြား ရွေးချယ်ခွင့်ပေးချိန်၌ သူ့ဖခင်၏ မျက်နှာတွင် တုံ့ဆိုင်းမှုကို သူ တစိုးတစိမျှ မမြင်တွေ့ခဲ့ရပေ။
သူ့ဖခင်မှာ ဤဆုံးဖြတ်ချက်ကို ကြိုတင်၍ ချမှတ်ထားခဲ့ဟန် ရှိပေသည်။
သူ့ဖခင်၏ တောင်းပန်မှုက ၎င်း မည်သို့ ဆုံးဖြတ်ခဲ့ကြောင်း ပြသခဲ့ပြီးချေပြီ။
သူ့ဖခင် အရှင်ထားလိုခဲ့သူမှာ သူ မဟုတ်ဘဲ သူ့ညီ ဇော့ချိုထျန်းချင် ဖြစ်နေခဲ့သည်။
“အင်း၊ ကျုပ် နားလည်ပြီ”
ထိုစကားများကို အဆုံးသတ်ပြီးနောက် ချူဖုန်းက ဇော့ချိုညီအစ်ကိုထံမှ ဓားနှစ်လက်စလုံးကို ဆွဲထုတ်ကာ မြေပြင်သို့ လွှတ်ချလိုက်သည်။
သူ့လုပ်ရပ်များကြောင့် လူအများအပြား စိတ်ရှုပ်ထွေးသွားကြသည်။
ဇော့ချိုတောက်ယိနှင့် ဇော့ချိုထျန်းချင်တို့ အကြားတွင် တစ်ဦးတည်းသာ အသက်ရှင်နိုင်သည်ဟု သူပြောခဲ့သည် မဟုတ်ပေသလော။
ထို့ပြင် သူက ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ကို ဆုံးဖြတ်ချက်ချရန် ဖိအားပေးခဲ့သည်။
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင် ဆုံးဖြတ်ချက်ချလိုက်သည့် ယခုအချိန်တွင် ချူဖုန်းက မည်သည့်အတွက် ဇော့ချိုတောက်ယိကို ချက်ချင်း မသတ်ခဲ့ဘဲ၊ ထိုအစား အကြမ်းထည် ဦးသျှောင် စစ်လက်နက်များကို ဆွဲထုတ်ခဲ့သနည်း။
လူအုပ် စိတ်ရှုပ်ထွေးနေကြချိန်၌ ချူဖုန်းက ဘူးသီးခြောက်တစ်လုံးကို သူ၏ စကြဝဠာအိတ်မှ ထုတ်ယူလိုက်သည်။
ထို့နောက် သူက ဇော့ချိုထျန်းချင်ရှေ့သို့ ရောက်ရှိလာပြီး ၎င်း၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် ညှစ်ဖွင့်လိုက်၏။ ကျန်လက်ကို အသုံးပြုလျက် သူက ဘူးသီးခြောက်ကို ဖွင့်လိုက်ပြီး ၎င်းတွင် ပါဝင်သည့် အရာများကို ဇော့ချိုထျန်းချင်၏ ပါးစပ်တွင်းသို့ လောင်းထည့်လိုက်လေသည်။
ဘူးသီးခြောက်မှ အဝါရောင်အမွေးများနှင့် အနက်ရောင် ပိုးကောင်တစ်ကောင် တွားထွက်လာပြီး ဇော့ချိုထျန်းချင်၏ ပါးစပ်တွင်းသို့ ဝင်ရောက်သွားကြောင်း လူတိုင်း မြင်တွေ့နိုင်ကြပေသည်။
“အီးယား …”
ဇော့ချိုထျန်းချင်၏ ပါးစပ်တွင်းသို့ ပိုးကောင် တွားဝင်သွားပြီးနောက် သူ ချက်ချင်း စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်လာရသည်။
ထို့ပြင် သူက အဆက်မပြတ်လည်း အန်နေခဲ့သည်။ ပိုးကောင်ကို အန်ထုတ်ရန် သူ ကြိုးစားနေခဲ့ဟန် ရှိပေသည်။
သို့သော် သူ၏ ကြိုးစားမှုများမှာ အကျိုးမရှိခဲ့ပေ။ သူက ၎င်းကို အန်ထုတ်နိုင်စွမ်း မရှိခဲ့ပါချေ။
သူ့ခန္ဓာကိုယ်တွင် ပြောင်းလဲမှုတစ်ခု စတင် ပေါ်ပေါက်ခဲ့သည်။ သူ့အရေပြား မည်းနက်သွားခဲ့သည်။
သူ့အရေပြားမှ အဝါရောင်အမွေးများလည်း ပေါက်လာသည်။
သူ့ရုပ်သွင်မှာ စောစောပိုင်းက ပိုးကောင်အတိုင်း ပြောင်းလဲနေခဲ့သည်။
၎င်းကို ကြည့်ရှုရသည်မှာ ကြောက်စရာကောင်းသည့်အပြင် များစွာလည်း စက်ဆုပ်ဖွယ်ကောင်းလှသည်။
“မျိုးမစစ်ကောင် … ငါ့ကို မင်း ဘာလုပ်ခဲ့တာလဲ”
ဇော့ချိုထျန်းချင်မှာ သူ့တွင် ပေါ်ပေါက်ခဲ့သည့် ပြောင်းလဲမှုကို သဘောပေါက်ခဲ့ပြီး ချူဖုန်းထံ ဒေါသတကြီး အော်ပြောလိုက်သည်။
သူက ရုပ်ရည်သွင်ပြင်ကို အရေးအထားခဲ့ဆုံး ဖြစ်သည်။ ယခု သူ့ရုပ်သွင်မှာ ဤကဲ့သို့ ပြောင်းလဲခဲ့သည်။ ၎င်းက အမြဲတမ်း ဖြစ်သွားမည်ကို သူ ကြောက်လန့်မည်မှာ သဘာဝကျပေသည်။
“ဒေါသထိန်းစမ်းပါ”
ချူဖုန်းက ပြောလိုက်၏။
“ဒေါသထိန်း ဟုတ်လား … မင်းက ငါ့ကို အဲဒီလို ရွံစရာကောင်းတဲ့ အရာတစ်ခု ကျွေးခဲ့တာတောင် ဒေါသထိန်းစေချင်တယ်ပေါ့”
ဇော့ချိုထျန်းချင် ဒေါသတကြီး အံကြိတ်လိုက်မိသည်။ သို့သော် ဒေါသဖြင့် သူ တုံ့ပြန်မိလေလေ၊ သူ့ခန္ဓာကိုယ်တွင် အမွေးများ ပေါက်လာလေလေပင်။ ထို့ပြင် သူ၏ နာကျင်သော အော်သံများလည်း ပိုမို၍ပင် ပြင်းထန်လာသည်။
မကြာမီ နာကျင်မှုကို သူ ခံနိုင်ရည်မရှိတော့ဘဲ မြေပြင်သို့ လဲကျသွားခဲ့သည်။
“တကယ်လို့ အဲဒီလို နာကျင်မှုကို မခံစားချင်ရင် ခင်ဗျားရဲ့ ဒေါသနဲ့ ခံစားချက်တွေကို ထိန်းချုပ်ထား”
“မဟုတ်ရင်တော့ ခင်ဗျား သေရလိမ့်မယ်”
ချူဖုန်းက ပြောလိုက်သည်။
ထိုစကားများကို ကြားလျှင် သူ မည်မျှ ဆန္ဒမရှိစေကာမူ၊ ချူဖုန်းပြောသည့်အတိုင်း လိုက်လုပ်ရုံမှတစ်ပါး ဇော့ချိုထျန်းချင်တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်ခဲ့သည့် ပြောင်းလဲမှုကို သူ အာရုံခံနိုင်ခဲ့သည်။ ချူဖုန်း ဟာသလုပ်နေခဲ့ခြင်း မဟုတ်ကြောင်းလည်း သူ သဘောပေါက်ခဲ့သည်။
အကယ်၍ သူသာ ချူဖုန်းစကားကို မလိုက်နာခဲ့လျှင် သူ အမှန်တကယ် သေဆုံးရပေလိမ့်မည်။
သူ များစွာ အံ့ဩသွားရသည်မှာ သူ့ဒေါသကို ထိန်းချုပ်ပြီးနောက် နာကျင်မှု လျော့ပါးသွားသည့်အပြင် သူ့ခန္ဓာကိုယ်မှ ပေါက်လာသည့် အမွေးများလည်း ပြန်ဝင်သွားခြင်း ဖြစ်သည်။
ဤသည်ကို မြင်လျှင် ဇော့ချိုထျန်းချင်မှာ သူ၏ ခံစားချက်များကို ဆက်လက်၍ ထိန်းညှိခဲ့သည်။
ဤသို့ဖြင့် သူ့အခြေအနေ ဆက်လက်၍ တိုးတက်လာခဲ့သည်။ နာကျင်မှုအားလုံး ပျောက်ကွယ်သွားသည့်အပြင် သူ့ခန္ဓာကိုယ်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။
“ဒါက …”
“ချူဖုန်း၊ ငါ့ကို မင်း ဘာလုပ်ခဲ့တာလဲ”
ဇော့ချိုထျန်းချင်က မေးလိုက်သည်။
“စိတ်မပူပါနဲ့ … ခင်ဗျားကို ကျွေးခဲ့တာ ကျုပ် ဖန်တီးထားတဲ့ ကူအဆိပ်တစ်ခုပါ”
“မနေ့ညက အဲဒါကို ပြင်ဆင်ဖို့ ကျုပ် တစ်ညလုံး အချိန်ဖြုန်းခဲ့ရတယ်”
“ဒီကူအဆိပ်က ခင်ဗျားကို သတ်မှာ မဟုတ်သလို ညှဉ်းပန်းမှာလည်း မဟုတ်ဘူး”
“ခင်ဗျား ဒေါသမထွက်သရွေ့ ဒါမှမဟုတ် မကောင်းတဲ့ ကိစ္စတွေကို မတွေးသရွေ့ အဆင်ပြေလိမ့်မယ်”
“ဒါပေမဲ့ တခြား အခြေအနေတစ်ခု ရှိတယ်”
“အဲဒါ ခင်ဗျားအသက်က အခု ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ … တကယ်လို့ ကျုပ်က ခင်ဗျားကို သေစေချင်ရင် ခင်ဗျား သေချာပေါက် သေရလိမ့်မယ်”
“မင်း”
ထိုစကားများကို ကြားလျှင် အဖြစ်အပျက်ကို လူအုပ်တစ်ခုလုံး သဘောပေါက်သွားကြသည်။
ထိုအရာကို ဇော့ချိုထျန်းချင်အား ချူဖုန်း ကျွေးခဲ့သည်မှာ ဇော့ချိုထျန်းချင်၏ အသက်ကို အသုံးပြု၍ ဇော့ချိုကောင်းကင် မျိုးနွယ်စုကို ခြိမ်းခြောက်နိုင်စေရန် ဖြစ်သည်။ ထိုသို့ဖြင့် သူ၏ ဘေးကင်းမှုကို သေချာစေနိုင်ပေလိမ့်မည်။
“ဒါပေမဲ့ ခင်ဗျားအစ်ကိုလည်း ဒီနေရာကို ဝင်လာမယ်လို့ ကျုပ် မသိခဲ့ဘူး”
“အဲဒါကြောင့် ကျုပ်က ကူအဆိပ်တစ်ခုတည်းပဲ ပြင်ဆင်ထားခဲ့တယ် … ခင်ဗျားအဖေက ခင်ဗျားရဲ့ ဘေးကင်းမှုကို အရေးအထားဆုံးမို့ ကူအဆိပ်ကို ခင်ဗျားအပေါ်ပဲ သုံးရမှာပေါ့ … ခင်ဗျားအဖေကို ခင်ဗျား ကျေးဇူးတင်သင့်တယ်”
ထိုစကားများကို ကြားလျှင် ဇော့ချိုထျန်းချင်မှာ သွေးအန်မတတ် ဒေါသထွက်သွားခဲ့သည်။
သူ့အပေါ် သူ့ဖခင်၏ အရေးထားမှုက ထိုကဲ့သို့သော ဘေးဒုက္ခတစ်ခုကို ဖိတ်ခေါ်မိလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဒေါသထွက်နေခဲ့သည်မှာ သူတစ်ဦးတည်း မဟုတ်ပါချေ။ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်လည်း ဒေါသတကြီး အံကြိတ်ထားခဲ့သည်။
ပြီးခဲ့ချိန်ရှိ သူ၏ ဆုံးဖြတ်ချက်က ဇော့ချိုတောက်ယိကို ကြေကွဲစေခဲ့ကြောင်း သူ ကောင်းစွာ သိနေသည်။
ချူဖုန်းက သူ့သားကို အဆိပ်ခတ်ခဲ့သည့်အပြင် သူ့ကိုလည်း အကွက်ဆင်ခဲ့သည်။
“ချူဖုန်း၊ မင်းက ငါ့ကို ကူအဆိပ်တစ်ခုနဲ့ ခြိမ်းခြောက်ဖို့ တကယ် ရည်ရွယ်ထားတာလား”
“အစက မင်းကို သတ်ဖို့ ငါ မရည်ရွယ်ခဲ့ဘူး … ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ ကိစ္စက ငါ့ရဲ့ သည်းခံမှု အတိုင်းအတာကို ထိပါးနေပြီ”
“ငါ့သားရဲ့ ခန္ဓာကိုယ်ကနေ အဆိပ်ကို ချက်ချင်း ဖယ်ရှားလိုက် … မဟုတ်ရင် မင်းအသက်ကို ငါ ယူရလိမ့်မယ်”
“ကျုပ်ကို ခြိမ်းခြောက်နေတာလား”
ချူဖုန်းက သဘောမတူဟန်ဖြင့် ပြုံးလိုက်၏။
“ဝီး …”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်ထံမှ အတိုင်းအဆမဲ့သော ဖိနှိပ်အား ရုတ်တရက် တိုးထွက်လာသည်။
သူ၏ ဖိနှိပ်အားက မြင်နိုင်သော အသွင်တစ်ခုကို ဆောင်ယူခဲ့သည်။
သူ၏ အတိုင်းအဆမဲ့သော ဖိနှိပ်အားက ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်တစ်ခုလုံးကို အမှန်တကယ် ဖုံးလွှမ်းကာ ပိတ်ဆို့ထားခဲ့သည်။
“ချူဖုန်း၊ ဒီနေ့ ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”
“အဆိပ်ကို မင်း မဖယ်ရှားခဲ့ရင် မင်းရဲ့ တစ်မိသားစုလုံး၊ မျိုးနွယ်စုတစ်ခုလုံး မင်းနဲ့အတူ သေရမယ်သာမှတ်”
ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ဒေါသတကြီး အော်ပြောလိုက်သည်။
ချူဖုန်းကြောင့် သူ အမှန်တကယ် ဒေါသထွက်နေခဲ့သည်။
နောက်ဆုံးတွင် သူက ချူဖုန်းကြောင့် ယခုပင် လှည့်စားခံခဲ့ရသည် မဟုတ်ပါလော။
“အဟက် …”
“အဲဒီလိုလား … ဒါပေမဲ့ ခင်ဗျားမှာ ကျုပ်ကို သတ်ဖို့ အခွင့်အရေးမရှိမှာ စိုးရတယ်”
“ကျုပ်စကားတွေကို မှတ်ထား … ခင်ဗျား ကောင်းကောင်းနေ၊ ဒီလိုမှမဟုတ်ရင် .. ခင်ဗျားရဲ့ သားကို လုံးဝ အရှင်ထားနိုင်မှာ မဟုတ်ဘူး”
ပြောရင်းမှ ချူဖုန်းက အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်တွင် အလင်း လှုပ်ခတ်လာသည်။ မကြာမီ အလင်းက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံပြီးသည့် နောက်အခိုက်အတန့်၌ အလင်း ပျောက်ကွယ်သွားလေတော့သည်။
အလင်း ပျောက်ကွယ်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ လူအားလုံး စိတ်ရှုပ်ထွေးသွားကြသည်။
အကြောင်းမူ ချူဖုန်းက အလင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့၍ပင်။
“သူ ဘယ်ကို ထွက်သွားတာလဲ”
“အဘိုးပု၊ အဲဒီချူဖုန်း ဘယ်မှာလဲ”
“သူ့ကိုယ်သူ ကွယ်ဝှက်ထားခဲ့တာလား”
နဂါးမျိုးနွယ်စုမှ မိန်းကလေးတွင်ပင် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေခဲ့သည်။
“သူက အဝေးကြီးကို ရွှေ့ပြောင်းခဲ့တယ် … အရမ်း စွမ်းအားကောင်းတဲ့ တည်နေရာပြောင်း အဆောင်တစ်ခုကို သူ သုံးခဲ့တယ်”
နဂါးမျိုးနွယ်စုမှ အဘိုးအိုက ပြောလိုက်သည်။
“တည်နေရာပြောင်း အဆောင်လား”
“ဒါပေမဲ့ ဇော့ချိုကောင်းကင် မျိုးနွယ်စုခေါင်းဆောင်က ရှေးဟောင်း ကောင်းကင်လျှပ်စီး အစီအရင်ကို သူ့ရဲ့ ဖိနှိပ်အားနဲ့ ပိတ်ဆို့ထားခဲ့တယ် မဟုတ်ဘူးလား”
“အဲဒါ ဘယ်လောက် စွမ်းအားကောင်းတဲ့ တည်နေရာပြောင်း အစီအရင်တစ်ခု ဖြစ်ရမလဲ”
နဂါးမျိုးနွယ်စုမှ မိန်းကလေး အလွန့်အလွန် အံ့ဩသွားခဲ့လေသည်။
***